ကျောက်ဝမ်ယွီက ဒေါသတွေ ထွက်နေပေမယ့် သူ ဘာမှ မတတ်နိုင်ဘူး။ သူ့အဖေကို တခြားဆေးရုံ ပြောင်းချင်ပေမယ့် ဘယ်ဆေးရုံကမှ လက်မခံရဲကြဘူးလေ။
ကျောက်ရုံဝေရဲ့ အခြေအနေက သိပ်မကောင်းလှဘူး။ အသက်ရှင်နေသေးတယ် ဆိုပေမယ့် ဒီတစ်ပတ်အတွင်း သတိမရလာရင် အသက်ရှင်လျက်နဲ့ သတိမလည်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ခြေ တော်တော်များနေတယ်။
လူနာရဲ့ ဦးနှောက်ကို လှုံ့ဆော်နိုင်ဖို့အတွက် မိသားစုဝင်တွေအနေနဲ့ ကျောက်ရုံဝေကို စကားပိုပြောပေးဖို့ ဆရာဝန်တွေက အကြံပြုထားတယ်။ သူ့အဖေဆီက ဘာတုံ့ပြန်မှုမှ မရလို့ ကျောက်ဝမ်ယွီက ဒေါသထွက်ပြီး လူနာခန်းထဲမှာ ရမ်းကားကာ လင်းမန်အပေါ် ဒေါသပုံချတော့တာပဲ။
ဖန်ရှုကျင်းက ဝင်တားပေမယ့် ဘာမှ မထူးဘူး။ ကျောက်ဝမ်ယွီက ဒေါသတွေ ထွက်နေတုန်းဖြစ်ပြီး၊ လင်းမန်က ကျောက်ရုံဝေကို အားဆေးသွင်းပေးနေတုန်းမှာ သူ့ပါးကိုတောင် ဖြတ်ရိုက်လိုက်သေးတယ်။
ကျောက်ဝမ်ယွီက အားသန်တယ်။ အဲဒီပါးရိုက်ချက်ကြောင့် လင်းမန်ရဲ့ မျက်နှာတစ်ခြမ်း ရောင်ကိုင်းသွားတယ်။ လူနာခန်းထဲက ဆွေမျိုးတွေက အမြဲတမ်း ဆက်ဆံရခက်တော့၊ အာရုံစိုက်မခံရအောင် လင်းမန်က စကားကို တတ်နိုင်သမျှ နည်းနည်းပဲပြောပြီး သူ့အလုပ်ကို မြန်မြန်ပြီးအောင် လုပ်တတ်နေပြီ။ ဒါပေမဲ့ ကျောက်ဝမ်ယွီက သတိမပေးဘဲ သူ့ကို ရိုက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
အလစ်အငိုက် ပါးရိုက်ခံလိုက်ရလို့ လင်းမန်တင်မကဘဲ ဖန်ရှုကျင်းတောင် ကြက်သေသေသွားတယ်။ ဖန်ရှုကျင်း သတိဝင်လာတော့ လင်းမန်ကို ကမန်းကတန်း တောင်းပန်တယ်။ "တောင်းပန်ပါတယ်ကွယ်၊ ငါ့သားက သူ့အဖေအတွက် အရမ်းစိုးရိမ်နေလို့ပါ။ သူ့ကိုယ်စား အန်တီ တောင်းပန်ပါတယ်။ သမီးမျက်နှာ ရောင်နေပြီ၊ ဆေးလေး ဘာလေး လိမ်းလိုက်ဦး။ ဆေးဖိုးဝါးခ အကုန်လုံး အန်တီတို့ ပြန်ပေးပါ့မယ်။ တကယ် တောင်းပန်ပါတယ်ကွယ်"
သတိပြန်ဝင်လာတော့ လင်းမန်က ကျောက်ဝမ်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ အရင်က ဘယ်သူမှ သူ့ကို ဒီလို မရိုက်ရဲခဲ့ဘူးလေ။
အထူးသဖြင့် ဖန်ရှုကျင်းနဲ့ ကျောက်ဝမ်ခိုင်တို့ရှေ့မှာ ဒီလို အရိုက်ခံလိုက်ရတာက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက်၊ အရှက်ကွဲပြီး သူ့ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရတယ်။
ကျောက်ဝမ်ယွီက သူ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်အတွက် နောင်တရသွားပေမယ့်၊ ရိုက်ပြီးမှတော့ သူနာပြု တစ်ယောက်ကို သူ တောင်းပန်မှာ မဟုတ်ဘူး။ ဒေါသတကြီးနဲ့ သူက အော်လိုက်တယ်။ "ဘာကြည့်နေတာလဲ။ နောက်တစ်ချက် အထပ်မခံရခင် ထွက်သွားစမ်း" 'ငါလုပ်ချင်တာလုပ်မယ်' ဆိုတဲ့ ဟန်ပန်ကို အပြည့်အဝ ပြသနေတာပဲ။
ကျောက်ဝမ်ယွီ ဒီလောက် ရဲတင်းနေတာ မဆန်းပါဘူး။ အဲဒီခေတ်က ပါးရိုက်တယ်ဆိုတာ သေးငယ်တဲ့ ပြစ်မှုတစ်ခုလို့ပဲ သတ်မှတ်ထားပြီး ရဲတိုင်ရင်တောင် ဘာမှ ထူးမှာမဟုတ်ဘူး။ ဆေးရုံကလည်း ပြဿနာ မကြီးကျယ်ချင်တာနဲ့ပေါင်းလိုက်ရင်၊ လင်းမန်သာ ပြဿနာ ကြီးအောင်လုပ်လိုက်ရင် သူပဲ အလုပ်ဖြုတ်ခံရဖို့ များတယ်။
ဒါကြောင့် သူ့မှာ သည်းခံဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး။
လင်းမန်က သွားကြိတ်ထားပြီး ပုလဲလုံးလေးတွေလို မျက်ရည်တွေ ကျလာတယ်။ အသံထွက်မလာအောင် နှုတ်ခမ်းကို ကိုက်ထားပြီး သူ့ပစ္စည်းတွေကို သိမ်းကာ လူနာခန်းထဲကနေ ပြေးထွက်လာခဲ့တယ်။ လှေကားနား ရောက်တော့ သူ အဆက်မပြတ် ရှိုက်ငိုတော့တာပဲ။
ကျောက်ဝမ်ယွီက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ။ ပိုက်ဆံရှိတာနဲ့ပဲ ရိုက်ချင်တဲ့သူကို ရိုက်ပိုင်ခွင့် ရှိတယ်လို့ ထင်နေတာလား။
သူ ပုံမှန်တွေ့နေကျ လူနာတွေနဲ့ ဆွေမျိုးတွေက သူနာပြုတွေကို လေးစားကြပြီး အသံတောင် သိပ်မကျယ်ကြဘူး။ ကျောက်ဝမ်ယွီလို လူမျိုးက တော်တော်ရှားတယ်။ သူနဲ့ လာဆုံရတာ သူမရဲ့ ကံဆိုးမှုပဲ။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ လုပ်ငန်းခွင် အခက်အခဲတွေကို ခံစားရပြီးနောက် လင်းမန်က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ။ အလုပ်ထွက်ပြီး အရာအားလုံးကို ထားရစ်ခဲ့ချင်စိတ်တောင် ပေါက်သွားတယ်။
ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ သူ သိတယ်။ သူနာပြုအလုပ်က အရမ်း လိုချင်ကြတဲ့ အလုပ်ဖြစ်ပြီး၊ ဒီအလုပ်ရဖို့ သူ့အစ်ကိုရဲ့ အဆက်အသွယ်တွေနဲ့ ပိုက်ဆံတွေကို သုံးခဲ့ရတာလေ။ သူသာ ထွက်သွားရင် နောက်ထပ် သူနာပြုအလုပ်တစ်ခု ရှာဖို့က အဲဒီလောက် မလွယ်တော့ဘူး။
အလုပ်ရခဲ့ရင်တောင် လုပ်ငန်းခွင် အခြေအနေက ဒီလောက် ကောင်းမှာ မဟုတ်ဘူး။
ပထမဆေးရုံမှာ အလုပ်လုပ်ရတာက ဂုဏ်ရှိပြီး၊ သူ့ဆွေမျိုးတွေ သူငယ်ချင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြလို့ ရတယ်လေ။
ဒါ့အပြင် ဆစ်ချန်ကလည်း ဒီမှာ အလုပ်လုပ်နေတာကိုး။
"မင်း မျက်နှာ အဆင်ပြေရဲ့လား။ မျက်ရည်တွေ သုတ်လိုက်ဦး"
အသံတစ်သံက လင်းမန်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်တယ်။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ အဖြူရောင် လက်ကိုင်ပဝါလေး တစ်ထည်ကိုင်ပြီး သူ့အနောက်မှာ ရပ်နေတဲ့ ကျောက်ဝမ်ခိုင်ကို တွေ့လိုက်ရတယ်။
သူ ပါးရိုက်ခံရတုန်းက ကျောက်ဝမ်ခိုင်လည်း အဲဒီမှာ ရှိနေတယ်ဆိုတာကို သတိရသွားတော့ လင်းမန် မျက်နှာက ရှက်လွန်းလို့ နီရဲသွားတယ်။ လက်ကိုင်ပဝါလေးနဲ့ မျက်ရည်တွေကို သုတ်ရင်း သူက ပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ်"
ကျောက်ဝမ်ခိုင်က လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲ ထည့်ထားပြီး၊ လင်းမန်ကို ကြည့်ကာ ညင်သာတဲ့ အပြုံးလေးနဲ့ ပြောတယ်။ "ရပါတယ်။ ငါ့ညီဝမ်းကွဲက ဒေါသကြီးတယ်။ စောစောက သူလုပ်ခဲ့တာတွေအတွက် သူ့ကို ငါ ဆူထားပါတယ်။ သူ ကြောင့် ဒုက္ခရောက်သွားရတဲ့အတွက် တောင်းပန်ပါတယ်"
ဒီရက်ပိုင်းအတွင်းမှာ ကျောက်ဝမ်ခိုင်က ကျောက်ရုံဝေကို နေ့တိုင်း လာကြည့်တယ်။ သူတို့ စကားသိပ်မပြောဖြစ်ကြပေမယ့်၊ ပေါက်ကွဲလွယ်ပြီး အကြောင်းပြချက် မရှိတဲ့ ကျောက်ဝမ်ယွီနဲ့ မတူဘဲ၊ ကျောက်ဝမ်ခိုင်က ရင့်ကျက်ပြီး တည်ငြိမ်တယ် ဆိုတာကို လင်းမန် သိနိုင်တယ်။
သူ့စကားတွေကို ကြားတော့ လင်းမန်က မျက်ရည်တွေကို ဆက်မထိန်းနိုင်တော့ဘူး။ နှာရည်တွေ ရှုံ့ရင်း သူက ခပ်ပြတ်ပြတ် ပြန်ပြောတယ်။ "သူ့အဖေ အခြေအနေအတွက် စိုးရိမ်နေတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သူ့မှာ ကျွန်မကို ရိုက်ပိုင်ခွင့် မရှိဘူး။ ကျွန်မက သူနာပြုပါ၊ သူငှားထားတဲ့ အိမ်ဖော် မဟုတ်ဘူး။ ဘယ်အခွင့်အရေးနဲ့ သူ ကျွန်မကို ရိုက်တာလဲ"
"ငါ့ညီဝမ်းကွဲ မှားတာပါ။ သူက မလုပ်ခင် မစဉ်းစားတတ်ဘူး" ကျောက်ဝမ်ခိုင်က လင်းမန်ကို ကြည့်ပြီး ပြုံးယောင်ယောင်လေးနဲ့ ပြောတယ်။ "ဒီလောက် လှတဲ့ မျက်နှာလေးကို သူ ရိုက်ရက်တယ်။ သူက မိန်းမလှလေးတွေကို ညင်ညင်သာသာ ဆက်ဆံရမယ် ဆိုတာကို သိပ်နားမလည်ဘူး။ အခု မငိုနဲ့တော့နော်၊ ငိုနေရင် မလှတော့ဘူး။ သွား... မျက်နှာအတွက် ဆေးလေးဘာလေး သွားလိမ်းလိုက်။ အန်တီက ဆေးဖိုး ပြန်ပေးလိမ့်မယ်၊ ဒါမှမဟုတ် ငါ့ဆီ လာတောင်းလို့လည်း ရတယ်"
စကားဆုံးတာနဲ့ သူက အချိန်ဆွဲမနေဘဲ လှည့်ထွက်သွားတယ်။
သူ ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး လင်းမန်ရဲ့ ရင်ခုန်သံတွေ မြန်ဆန်လာကာ သူ့မျက်နှာက အရင်ကထက် ပိုပြီး နီရဲလာတယ်။
ဒါပေမဲ့ ဒီတစ်ခါတော့ ဒေါသထွက်တာ ဒါမှမဟုတ် မကျေမနပ် ဖြစ်တာကြောင့် မဟုတ်ဘဲ ရှက်သွားလို့ပါ။
သူက ထုန်ယောင်လောက် မလှပေမယ့် အရုပ်ဆိုးတဲ့သူတော့ မဟုတ်ပါဘူး။ သူ့ဆွေမျိုးတွေက သူ့ရှေ့မှာ ခဏခဏ ချီးကျူးတတ်ကြပေမယ့်၊ သူ့ကို တိုက်ရိုက် ချီးကျူးတဲ့ ယောက်ျားတွေကတော့ တော်တော်လေး ရှားတယ်။
ကျောက်ဝမ်ခိုင်ရဲ့ ချီးကျူးစကားတွေက ရှီယန်နဲ့ မတူဘူး။ တမင်သက်သက် မြှောက်ပင့်နေတာမျိုး မပါဘဲ၊ ဖော်ပြလို့မရတဲ့ ခံစားချက် တစ်ခုကို ဖြစ်ပေါ်စေတယ်။ အောင်မြင်တဲ့ ယောကျ်ားတစ်ယောက်ဆီက ချီးကျူးစကားက လင်းမန်ရဲ့ နှလုံးသားကို တည့်တည့် သွားမှန်တော့တာပဲ။
ကျောက်ဝမ်ခိုင် လူနာခန်းထဲ ပြန်ဝင်လာတော့ ဖန်ရှုကျင်းက ကျောက်ဝမ်ယွီကို ဆူနေတယ်။ "နင့်အဖေအတွက် စိုးရိမ်နေရင်တောင် လင်းမန်ကို သွားရိုက်လို့ မရဘူးလေ။ ဒီရက်ပိုင်းအတွင်း သူ နင့်အဖေကို သေချာ ဂရုစိုက်ပေးပြီး ပင်ပင်ပန်းပန်း လုပ်ပေးနေတာ။ သူ့ကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ သွားရိုက်ရက်ရတာလဲ။ သူ ဘာအမှားမှ မလုပ်ထားဘူး မဟုတ်လား"
"ကျွန်တော် အရမ်း စိတ်ရှုပ်နေလို့ပါ" ကျောက်ဝမ်ယွီက သူ့လုပ်ရပ်က ခွင့်လွှတ်စရာ အကြောင်းမရှိဘူး ဆိုတာကို ဝန်ခံတယ်။ အပြင်လူတွေ မရှိတော့ သူ့ရဲ့ စောစောက မာနထောင်လွှားမှုတွေ ပျောက်ကွယ်သွားပြီ။ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။ "အမေ... အဖေက အခုထိ သတိမရသေးဘူး။ ကျောက်ဝမ်ခိုင်က အခု ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်ထားပြီ။ အဖေ့ ပရောဂျက်တွေကို သူ သိမ်းယူလိုက်ပြီး အဖေ့အပေါ် သစ္စာရှိတဲ့ သူတွေကိုတောင် သူက မောင်းထုတ်နေတာ။ ဒီတိုင်းသာ ဆက်သွားရင် ကုမ္ပဏီက ကျွန်တော်တို့နဲ့ ဘာမှ ပတ်သက်တော့မှာ မဟုတ်ဘူး"
"ဝမ်ခိုင်က အမြဲတမ်း ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်လေ။ ကုမ္ပဏီက သူ့ဟာပဲ။ နင့်အဖေ ဆေးရုံမှာ ရှိနေတုန်း အခြေအနေလည်း သေချာ မသိရသေးတော့ သူက ကုမ္ပဏီကို စီမံခန့်ခွဲတာ သဘာဝကျပါတယ်ဟ။ တို့တွေဆီမှာ ကုမ္ပဏီ ရှယ်ယာတွေ ရှိတယ်။ နင် အလုပ်ထဲ ဝင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အမြတ်ဝေစု ရမှာပဲ။ ဒါတွေကို ဘာလို့ ခေါင်းထဲ ထည့်တွေးနေမှာလဲ။ နင်က ဆေးရုံမှာ နင့်အဖေကို ပြုစုပေးပြီး သူ သတိရလာဖို့ မျှော်လင့်ရင်း နေ့တိုင်း စကားပြောပေးသင့်တာ။ တခြား ဘာကိစ္စကိုမှ ဝင်မပူပါနဲ့" လို့ ဖန်ရှုကျင်းက ပြောတယ်။
စီးပွားရေးလောကရဲ့ လှည့်ကွက်တွေ၊ အကြံအစည်တွေကို ဖန်ရှုကျင်း နားမလည်ပါဘူး။ သူက အရင်ကတည်းက သူ့ယောက်ျားကို စောစော အနားယူပြီး ကုမ္ပဏီကို လူငယ်တွေ စီမံခန့်ခွဲဖို့ လွှဲပေးဖို့ အကြံပေးခဲ့တာ။ သူတို့ဆီမှာ ကုမ္ပဏီ ရှယ်ယာတွေ ရှိနေမှတော့ သူတို့ အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ပိုက်ဆံက အမြဲတမ်း ရနေမှာပဲလေ။
ဘာပဲဖြစ်ဖြစ်၊ သူတို့ အလုပ်မလုပ်လည်း ပိုက်ဆံက လျော့သွားမှာမှ မဟုတ်တာ။ အဲဒါကို ဘာလို့ ပူပန်နေရမှာလဲ။
ကံမကောင်းချင်တော့၊ သူ့ယောက်ျားရော သူ့သားပါ ဒါကို နားမလည်ကြဘူး။ သူတို့က နေ့တိုင်း ကုမ္ပဏီမှာ အလုပ်ရှုပ်နေကြပြီး အားအားယားယား မနေနိုင်ကြဘူးလေ။
"အမေက ဘာမှ နားမလည်ပါဘူး" ဘယ်လို ဆက်ရှင်းပြရမှန်း မသိတော့တဲ့ ကျောက်ဝမ်ယွီက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တယ်။
ကျောက်ဝမ်ခိုင်က အပြင်ကနေ အခန်းထဲ ဝင်လာပြီး ကျောက်ဝမ်ယွီကို တစ်ချက်ကြည့်ကာ ဖန်ရှုကျင်းဘက်ကို လှည့်လိုက်တယ်။
"အန်တီ... ဝမ်ယွီက ဦးလေးအတွက် စိုးရိမ်နေလို့ နည်းနည်း ဂနာမငြိမ် ဖြစ်နေတယ် ထင်တယ်။ သူ့အဖေနဲ့အတူ ဆေးရုံမှာ အချိန်ပိုပေးလိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။ ကုမ္ပဏီအတွက်တော့ စိတ်မပူပါနဲ့။ ကျွန်တော် ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်" လို့ ကျောက်ဝမ်ခိုင်က ပြောလိုက်တယ်။
အပိုင်း ( ၃၅၂ ) ပြီးဆုံး
***