ဆစ်ရှောင်ဟွေးက တစ်ခုခုကို ရွံရှာသွားတဲ့အလား မျက်နှာကို ရှုံ့မဲ့ကာ နှာခေါင်းကို ပိတ်ထားလိုက်တယ်။ "နင့်ဆီက ဘာအနံ့တွေလဲ၊ ပျို့အန်ချင်စရာကောင်းလိုက်တာ။ အခုချက်ချင်း ငါ့အနားကနေ ထွက်သွားစမ်း၊ နင့်ကိုမြင်တာနဲ့ အန်ချင်လာပြီ။ ဒီရက်ပိုင်း အမှိုက်ပုံးဘေးမှာ သွားအိပ်နေတာလား"
"ရှောင်ဟွေး... ရှောင်ဟွေး ပြန်ရောက်ပြီလား" အပြင်ဘက်က ဆူညံသံကို ကြားတော့ ရှုကျားကျန်းက ဆစ်ရှောင်ဟွေးရဲ့ အခန်းထဲကနေ ထွက်လာတယ်။
"အစ်ကိုရှု... ဒီအရူးကို မောင်းထုတ်ပေးပါဦး။ သူက အရမ်း နံစော်နေတာပဲ၊ ကျွန်မ လုံးဝ သည်းမခံနိုင်တော့ဘူး" ဆစ်ရှောင်ဟွေးက ရှုကျားကျန်း ထွက်လာတာကို မြင်တာနဲ့ သူ့အနောက်ကို ချက်ချင်း ဝင်ပုန်းလိုက်တယ်။ ဆောင်ယုကို ကြည့်တဲ့ သူ့မျက်လုံးတွေထဲမှာ ရွံရှာမှုတွေချည်းပဲ ပြည့်နှက်နေပြီး အရင်က သံယောဇဉ်တွေ တစ်စက်မှ မကျန်တော့ဘူး။
"ရှောင်ဟွေး... သူက ဘယ်သူလဲ၊ ဘာလို့ နင့်အခန်းထဲကနေ ထွက်လာရတာလဲ" ဆောင်ယုမှာ ရှက်လွန်းလို့ မျက်နှာတွေ နီရဲလာပြီး မြေကြီးထဲသာ တိုးဝင်သွားချင်တော့တယ်။
ဆစ်ရှောင်ဟွေးရဲ့ အခန်းထဲကနေ ရှုကျားကျန်း ထွက်လာတာကို မြင်လိုက်ရတော့ သူ့ဒေါသတွေ ပေါက်ကွဲထွက်လာပြီး သူ့ကို ဖောက်ပြန်ခံလိုက်ရသလို ခံစားလိုက်ရတယ်။
ဆစ်ရှောင်ဟွေးက သူ့ကို အဲဒီလောက် မုန်းတီးနေပြီး အိမ်ထဲတောင် ပေးမဝင်တာ မဆန်းပါဘူး။ တကယ်တော့ သူက အိမ်မှာ ယောက်ျားတစ်ယောက်ကို ခိုးဝှက်ထားတာကိုး။
"သူက ဘယ်သူလဲဆိုတာ နင်နဲ့ ဘာဆိုင်လို့လဲ၊ နင့်အတွက် ဘာအရေးပါလို့လဲ။ အခု ငါ့အနားကနေ ထွက်သွားစမ်း။ နင့်ကို မြင်တာနဲ့တင် ငါ ပျို့အန်ချင်နေပြီ။ အစကတည်းက နင့်ကို ရွေးချယ်ခဲ့တာ ငါ မျက်ကန်းဖြစ်နေလို့ပဲ နေမှာ။ ဒီနှစ်တွေအတွင်း နင် အချောင်နှိုက်ခဲ့ရတာတွေကိုပဲ ကျေးဇူးတင်သင့်တယ်။ အတောမသတ် လောဘကြီးမနေနဲ့၊ တို့အိမ်ထောင်ရေးက ပြီးဆုံးသွားပြီ"
ဆစ်ရှောင်ဟွေးက ရှုကျားကျန်း အနောက်ကနေ ခေါင်းလေးပြူထွက်လာပြီး ဆောင်ယုကို အဆက်မပြတ် ဆဲဆိုတော့တာပဲ။ အခုချိန်မှာ ဆောင်ယုကို မြင်ရတာက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဦးလေးလေးသာ ဒီရက်ပိုင်း အလုပ်မရှုပ်ဘူးဆိုရင် ကွာရှင်းတဲ့ ကိစ္စတွေ လုပ်ဖို့ သူ ရွာကို ပြန်သွားနှင့်လောက်ပြီ။
ဦးလေးလေးရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် သူက ကျိုတိုက ဒေသခံ တစ်ယောက်ယောက်နဲ့ သေချာပေါက် လက်ထပ်နိုင်မှာပဲ။ သူက ထုန်ယောင်လောက် မလှပေမယ့် ကြည့်ပျော်ရှုပျော်တော့ ရှိတာပဲလေ။ သူက ရှုကျားကျန်းလို ရင့်ကျက်တဲ့ သူမျိုးနဲ့မှ ထိုက်တန်တာ။
"နင်... နင် အရှက်မရှိတဲ့ မိန်းမ။ တို့တွေ မကွာရှင်းရသေးခင်မှာပဲ အိမ်ထဲကို ယောက်ျား ခေါ်လာတယ်ပေါ့။ ဆစ်ရှောင်ဟွေး... နင် ဒီလောက် ဖောက်ပြန်တတ်မှန်း ငါ မသိခဲ့ဘူး။ နင်နဲ့ နင့်လင်ငယ် နှစ်ယောက်လုံးကို ငါ သတ်ပစ်မယ်"
ဆောင်ယုက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ လက်လာတယ်။ သူက နံရံနားက အုတ်ခဲတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ရှုကျားကျန်းကို ရိုက်မယ့်ပုံနဲ့ ချိန်ရွယ်လိုက်တာကြောင့်၊ လန့်သွားတဲ့ ဆစ်ရှောင်ဟွေးက အော်ဟစ်ရင်း အခန်းထဲကို ပြန်ပြေးဝင်သွားတယ်။
ရှုကျားကျန်းကလည်း ပြဿနာတွေထဲ ဝင်မပါချင်တာမို့ သူ့ကိုယ်သူ ချက်ချင်း ရှင်းပြလိုက်တယ်။ "ညီလေး... စိတ်အေးအေးထားပါ၊ ငါက ဒီမှာ အခန်းငှားနေတာပါ။ စောစောက အခန်းထဲမှာ တီဗီကြည့်နေရုံ သက်သက်ပါ။ မင်းမိန်းမနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။ မင်းတို့ နှစ်ယောက်ကြားက ပြဿနာ ဘာပဲရှိရှိ မင်းတို့ဘာသာ ဖြေရှင်းကြပါ။ ငါ့ကိုတော့ လာမဆွဲသွင်းနဲ့"
ဒီလိုပြောပြီးတာနဲ့ ရှုကျားကျန်းက သူ့အခန်းထဲကို အမြန် ပြေးဝင်သွားပြီး တံခါးကို ပိတ်ချလိုက်တယ်။ အပြင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သူ သိပ်ဂရုမစိုက်ပါဘူး။ သူ့အခန်းမှာ တီဗီ မရှိပေမယ့် ဆစ်ရှောင်ဟွေး အခန်းမှာတော့ ရှိတယ်။ သူက အလုပ်မရှိရင် အဲဒီမှာ တစ်ခါတလေ တီဗီ သွားကြည့်ရုံကလွဲပြီး သူတို့ကြားထဲမှာ ဘာမှ ပိုမဖြစ်ခဲ့ဘူး။
ဆစ်ရှောင်ဟွေးအပေါ် သူ စိတ်ကူးယဉ်ဖူးတာ မှန်ပေမယ့်၊ ဒါက ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်အပေါ် တွေးတတ်တဲ့ သာမန် အတွေးမျိုး သက်သက်ပါ။ သူ့ကို သဘောကျတာနဲ့ ဘာမှမဆိုင်ဘဲ၊ ဟိုဟိုဒီဒီ နောက်ပြောင်ချင်ရုံ သက်သက်ပါပဲ။
ဘာမှလည်း ပိုမဖြစ်လာခဲ့သလို၊ သူ့အတွက်နဲ့တော့ အသက်အန္တရာယ် အဖြစ်မခံနိုင်ဘူးလေ။
ရှုကျားကျန်းက တကယ်ပဲ အခန်းငှားနေသူ သက်သက် ဆိုတာကို သိလိုက်ရတော့ ဆောင်ယုရဲ့ မျက်နှာက နည်းနည်း ကြည်လင်သွားတယ်။ စောစောက သူ အရမ်း တုံ့ပြန်လွန်းသွားတယ် ဆိုတာကို သူ သဘောပေါက်လိုက်တယ်။ ဆစ်ရှောင်ဟွေးရဲ့ အခန်းထဲကနေ တခြား ယောကျ်ားတစ်ယောက် ထွက်လာတာကို မြင်လိုက်ရတော့ ဒေါသတွေကြောင့် သူ့ခေါင်းထဲမှာ ရှုပ်ထွေးသွားပြီး ဆစ်ရှောင်ဟွေးကိုပါ လန့်သွားစေခဲ့တာ။
သူ အုတ်ခဲကို ချထားပြီး ဆစ်ရှောင်ဟွေးကို သွားတောင်းပန်မလို့ လုပ်နေတုန်း၊ အနောက်ဘက်ကနေ ဆစ်ဝေမင်းရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာတယ်။ "ဆောင်ယု... မင်း ဘာလုပ်နေတာလဲ"
လန့်သွားတဲ့ ဆောင်ယုက အုတ်ခဲကို အမြန် ပစ်ချလိုက်ပြီး စိုးရိမ်တကြီးနဲ့ ရှင်းပြတယ်။ "ဦးလေးလေး... ဦးလေးလေး ထင်သလို မဟုတ်ပါဘူး။ စောစောက နားလည်မှု နည်းနည်း လွဲသွားလို့ပါ၊ ကျွန်တော်..."
"ဦးလေးလေး... ဆောင်ယု ရူးနေပြီ၊ သူ သမီးကို သတ်ချင်နေတာ။ သူ့ကို ဒီကနေ မောင်းထုတ်ပေးပါ၊ သမီး သူ့ကို မမြင်ချင်တော့ဘူး၊ အခုချက်ချင်း ကွာရှင်းချင်တယ်"
ဆစ်ဝေမင်း ပြန်ရောက်လာတာကို မြင်တော့ ဆစ်ရှောင်ဟွေးက တံခါးကို အမြန် ဆွဲဖွင့်ပြီး ပြေးထွက်လာကာ၊ ဆစ်ဝေမင်းကို ဆွဲထားရင်း အော်ဟစ်ငိုယိုတော့တယ်။ သူက ဆောင်ယုနဲ့ အခုချက်ချင်း ကွာရှင်းပေးဖို့ အတင်းပူဆာနေတာကြောင့် ဆောင်ယုမှာ ဘာလုပ်ရမှန်း မသိတော့ဘူး။
"ဦးလေးလေး... အဲဒါ နားလည်မှုလွဲတာပါ။ ကျွန်တော် ရှောင်ဟွေးကို မရိုက်ချင်ပါဘူး၊ ကျွန်တော်..."
ဆစ်ဝေမင်းရဲ့ မျက်နှာထားက တင်းမာနေတယ်။ သူက ဆောင်ယုကို ကြည့်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။ "အိမ်ပေါက်ဝမှာ ပြဿနာ လုပ်နေတာ ကြည့်မကောင်းဘူး။ အထဲအရင် ဝင်ခဲ့"
"ဦးလေးလေး... သူ့ကို ဘာလို့ အထဲပေးဝင်ရတာလဲ။ အဝေးကို မောင်းထုတ်လိုက်ရင် ရပြီ မဟုတ်ဘူးလား။ သူက အရူးတစ်ယောက်လိုပဲ၊ သမီးကို ထပ်ပြီး နာကျင်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ"
ဆစ်ရှောင်ဟွေးက ဒေါသတကြီးနဲ့ ခြေဆောင့်နေပေမယ့် ဆောင်ယုကတော့ သက်ပြင်းချနိုင်သွားတယ်။ ဆစ်ဝေမင်းက သူနဲ့ ဆစ်ရှောင်ဟွေး ကြားမှာ ဝင်ပြီး ဖြန်ဖြေပေးမယ်လို့ ထင်ပြီး၊ သူက ဆစ်ဝေမင်း နောက်ကနေ ခြံဝင်းထဲကို ဝမ်းသာအားရ လိုက်ဝင်သွားတယ်။
"ရှောင်ဟွေး... သွားအိပ်တော့လေ။ ဦးလေး ဆောင်ယုနဲ့ စကားနည်းနည်း ပြောစရာ ရှိတယ်" အထဲရောက်တော့ ဆစ်ဝေမင်းက ဆစ်ရှောင်ဟွေးကို လွှတ်လိုက်ပြီး ဆောင်ယုကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တယ်။ သူ့ရဲ့ အကဲခတ်နေတဲ့ အကြည့်တွေကြောင့် ဆောင်ယု လုံခြုံမှု မရှိသလို ခံစားလိုက်ရတယ်။
သူက ကိုယ့်အမှားကို ကိုယ်အရင် ဝန်ခံလိုက်တယ်။ "ဦးလေးလေး... ကျွန်တော် အရင်က သိပ်မသိတတ်ခဲ့ဘဲ တာဝန်ယူမှုလည်း မရှိခဲ့ဘူး။ အသက်ရှင်ဖို့ ဦးလေးလေးနဲ့ ရှောင်ဟွေး အပေါ်မှာပဲ အမြဲ မှီခိုနေခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော် သဘောပေါက်သွားပါပြီ။ ကျွန်တော်က ယောကျ်ား တစ်ယောက်ဖြစ်လို့ မိသားစု တာဝန်တွေကို ထမ်းဆောင်ပြီး ရှောင်ဟွေးကို ပျော်ရွှင်တဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးရမယ်။ ကျွန်တော် အလုပ်ရနေပါပြီ၊ ပိုက်ဆံရအောင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်နေပါတယ်"
"ဘာအလုပ်လဲ" ဆစ်ဝေမင်းက မေးလိုက်တယ်။
သူ့အလုပ်ကို ဦးလေးလေး စိတ်ဝင်စားပုံ ရတာကို မြင်တော့ မျှော်လင့်ချက် ရှိတယ်လို့ ဆောင်ယု ထင်သွားတယ်။ သူက အမြန် ပြန်ဖြေတယ်။ "ကျွန်တော် သူများအတွက် အိမ်အလှဆင်တဲ့ အလုပ် လုပ်နေတာပါ။ တစ်လကို ယွမ် လေးဆယ့်ငါး ရတယ်။ ပညာတွေ တတ်လာရင် လစာတိုးဦးမှာ။ သေချာ တတ်မြောက်သွားရင် ကိုယ်ပိုင်တောင် အလုပ်လုပ်လို့ ရသေးတယ်။ ဦးလေးလေး... အိမ်အလှဆင်တဲ့ အလုပ်က ပိုက်ဆံ တော်တော် ရတယ်"
ဆစ်ဝေမင်းက တစ်ခုခုကို စဉ်းစားနေတဲ့အလား မျက်နှာသေနဲ့ ခဏလောက် နေပြီးနောက် ပြောလိုက်တယ်။ "မင်း အိမ်အလှဆင်တဲ့ အကြောင်းကို တကယ် သင်ချင်တယ် ဆိုရင်၊ မင်း သင်ဖို့ နေရာတစ်ခု ငါ ထောက်ခံပေးမယ်။ မင်းက အဲဒီမှာ အလုပ်ကို သေချာလုပ်ဖို့ပဲ အာရုံစိုက်ထား။ သေချာ တတ်မြောက်သွားရင် မင်း ဆိုင်ဖွင့်နိုင်အောင် ငါ ကူညီပေးမယ်။ ရှောင်ဟွေး ကိစ္စကိုတော့ စိတ်မပူနဲ့၊ ငါ သူ့ကို ပြောပြထားလိုက်မယ်"
"ဦးလေးလေး... ကျွန်တော့်ကို တကယ် ကူညီပေးမှာလား" ဆောင်ယုက အရမ်း စိတ်လှုပ်ရှားသွားပြီး စကားတွေတောင် ထစ်သွားတယ်။ ဦးလေးလေးသာ ကူညီဖို့ ဆန္ဒရှိရင် ရှောင်ဟွေးနဲ့ ကိစ္စက အများကြီး ပိုလွယ်ကူသွားမှာလေ။
ဆစ်ဝေမင်းက သူ့ကို မကျေမနပ် တစ်ချက်ကြည့်လိုက်တယ်။ "အပြင်မှာ ခဏစောင့်နေဦး။ ငါ ဖုန်းဆက်ပြီး မင်းကို လာခေါ်ခိုင်းလိုက်မယ်"
"ဒီညပဲ သွားရမှာလား" ဆောင်ယု နည်းနည်း တွန့်ဆုတ်သွားတယ်။ "နည်းနည်းများ လောလွန်းနေသလားလို့"
"သူတို့ဆီမှာ လူလိုနေလို့လေ" ဆစ်ဝေမင်းက ပြောတယ်။
ဆောင်ယု တွန့်ဆုတ်နေပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောတယ်။ "ဒါပေမဲ့... ကျွန်တော့် အဝတ်အစားတွေက ငှားထားတာ။ အဲဒါတွေ ပြန်ပေးရဦးမယ်" ဆစ်ရှောင်ဟွေးနဲ့ ရန်ဖြစ်တုန်းက၊ သူ့ကို လီစီးတီး ပြန်သွားအောင် အတင်းအကျပ် လုပ်တဲ့အနေနဲ့ သူ့ကို အပြင်မောင်းထုတ်ပြီး သူ့ပစ္စည်းတွေကို အကုန် လွှင့်ပစ်ခဲ့တာလေ။ သူ့မှာ အပို အဝတ်အစား တစ်စုံတောင် မရှိဘူး။
သူ့ရဲ့ သနားစရာ အခြေအနေကို ကြည့်ပြီး အလုပ်သမား ခေါင်းဆောင်က အဝတ်အစားတွေ ငှားပေးခဲ့တာ။ အခု အလုပ်ထွက်တော့မယ့် အချိန်မှာ အလုပ်သမား ခေါင်းဆောင်ကို ဘာမှ မပြောဘဲ အဝတ်အစားတွေ ပြန်မပေးဘဲ ဒီတိုင်း ထွက်သွားလို့ မရဘူးလေ။
ဒီကာလအတွင်းမှာ အလုပ်သမား ခေါင်းဆောင်သာ သူ့ကို မကူညီခဲ့ရင်၊ သူ အရှုံးပေးပြီး လီစီးတီးကို ပြန်သွားလောက်ပြီ။
အဲဒီလိုသာဆိုရင် သူ ဘယ်လောက်တောင် ပြောင်းလဲသွားပြီလဲ ဆိုတာကို ဦးလေးလေး သိအောင် လုပ်ပြနိုင်မယ့် အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ အခု အခြေအနေတွေ ကောင်းလာပြီ ဆိုတော့၊ ဘာမှ မပြောဘဲ ဒီတိုင်း ထွက်မသွားဘဲ အလုပ်သမား ခေါင်းဆောင်ကို အနည်းဆုံးတော့ သူ့အစီအစဉ်တွေကို ပြောပြရမယ်။
"အဲဒီကိစ္စတွေကို ငါ ဖြေရှင်းပေးလိုက်မယ်။ မင်း ဘာမှ စိတ်ပူစရာ မလိုဘူး၊ အလုပ်လုပ်ဖို့ကိုပဲ အာရုံစိုက်ထား။ မင်းလည်း လူကြီး ဖြစ်နေပြီ၊ အသေးအဖွဲ ကိစ္စလေးတွေကို ဂျီကျမနေနဲ့။ ခြံထဲမှာ သွားစောင့်နေ။ ငါ ဖုန်းဆက်လိုက်ဦးမယ်" လို့ ဆစ်ဝေမင်းက ပြောတယ်။ သူက ဆောင်ယုကို ငြင်းဆန်ခွင့် မပေးတော့ဘဲ မျက်နှာထား မကောင်းစွာနဲ့ အပြင်ကို နှင်ထုတ်လိုက်တယ်။
ခဏကြာတော့ ဆစ်ဝေမင်း အိမ်ထဲကနေ ထွက်လာပြီး ဆောင်ယုကို ခေါ်ကာ အတူတူ အပြင်ထွက်သွားတယ်။ ဆောင်ယုက ဆစ်ရှောင်ဟွေးရဲ့ အခန်းကို နောက်ဆုံးအနေနဲ့ တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူ အထဲဝင်ပြီး နှုတ်ဆက်ချင်ခဲ့ပေမယ့် ဆစ်ဝေမင်းက အဲဒီအခွင့်အရေးကို မပေးခဲ့ဘူး။
အပိုင်း ( ၃၆၀ ) ပြီးဆုံး
***