"ဆရာ။ မနေ့ညက ကျုပ်တို့နဲ့တွေ့ခဲ့ရတဲ့ ဖိုးခွားဆိုတဲ့လူသုံးတာက ဘယ်လိုပညာမျိုးလဲဗျ။"
" အဲ့ဒီလူသုံးတာက သွေးအင်းပညာကိုဖိုးတေရ။ အဲ့ဒီပညာရပ်ကြီးပျောက်ကွယ်သွားတာ အတော်ကိုမှကြာခဲ့ပြီ။ အဲ့လူဘယ်ကဘယ်လိုသင်ယူခဲ့လဲဆိုတာတော့ကျုပ်လည်းမသိဘူး။"
'အိမ်မွှေးရွာ'သုဿန်ဆီကခရီးဆက်ခဲ့ကြတဲ့လမ်းမှာ ကိုဖိုးတေက သူသိချင်တာတွေကျုပ်ကိုမေးပါလေရော။
" ဒါဆို ဆရာကသူ့ကိုပညာချင်းမယှဉ်နိုင်ဘူးလား။"
"ကိုဖိုးခွားနဲ့ ကျုပ်က ပညာအဆင့်အတူတူလောက်ပဲလို့ပြောလို့ရတယ်ကိုမိုးကြိုး။ သူသုံးတာက သွေးအင်းပညာဆိုတော့ မူလအင်းပညာကို တစ်မျိုးဆန်းပြီးသုံးတဲ့သဘောပေါ့လေ။ မနေ့ညက သူဆွဲတဲ့အင်းက မိစ္ဆာလက်ပါးစေအင်းလို့ခေါ်တယ်ဗျ။ အဲ့ဒီသွေးအင်းပညာကိုသုံးတဲ့လူဟာ သေနေ့မစေ့ပဲ သေတတ်တယ်။ ဘာလို့ဆို သွေးအင်းပညာက အင်မတန်မှ အန္တရာယ်များလို့ပေါ့။"
လမ်းလျောက်လာရင်းက ကိုမိုးကြိုးနဲ့ ကိုဖိုးတေတို့မေးသမျှ ဒိုင်ခံဖြေလာရတော့ မောတောင်လာပြီ။
"ဘယ်လိုဖြစ်လို့ အန္တရာယ်များတာလဲဆရာရဲ့။ ရှင်းစမ်းပါအုံးဗျ။"
"ဘယ်လိုအန္တရာယ်များတာလဲဆိုတော့ သူဆွဲတဲ့အင်းချပ်တွေက သူ့ရဲ့သွေးနဲ့မှမဟုတ်ရင် အသက်မဝင်ဘူးဗျ။ နောက်ပြီး ခဏခဏသုံးနေမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လည်းမကောင်းဘူးလေ။ နောက်ပိုင်းမှာ အားအင်ချိနဲ့လာပြီး မလှုပ်နိုင် မကိုင်နိုင်ဖြစ်မယ်။ အဲ့နောက်တော့ သူ့အနားမှာလူတစ်ယောက်ရှိမနေဘူးဆိုရင် သူ့ကိုဘယ်သူကပြုစုစောင့်ရှောက်ပါတော့မလဲ။အဲ့ဒီအခါမှာ သူတတ်ထားတဲ့ပညာကပဲ သူ့ကိုပြန်ပြီးဒုက္ခရောက်စေတာပေါ့ဗျာ။"
"ဟေး လူစိမ်းတို့ သေချာနားထောင်ကြစမ်း။
နေမင်းကွယ်ရာ၊ မြေပြင်မှာ၊
မှောင်ရိပ်ခိုကာ၊ လိုက်ခဲ့ပါ။
သစ်ပင်ခြောက်က၊ လက်ညှိုးထိုး၊
အဲဒီလမ်းက၊ မင်းသွားဖို့။
ခြေလှမ်းတိုင်းမှာ၊ အသံကြား၊
ကျွတ်ကျွတ်မြည်တာ၊ အရိုးမလား...။
မျက်ရည်မပါ၊ မြစ်ကိုသာဖြတ်လို့လာ
ဖြူဆွတ်ဆွတ်နဲ့၊ နန်းတော်ဆောင်၊
မေးရိုးမရှိ၊ တံခါးစောင့်။
အသားလည်းမပါ၊ သွေးမရှိ၊
အပြုံးလှလှ၊ ခေါင်းခွံဆီ။
သွားကြပေတော့အကုန်လုံး၊
မင်းတို့ခေါင်းလည်းအလှသုံး။
အပြန်လမ်းကို၊ ရှာမနေနဲ့၊
မင်းရဲ့အရိပ်အဲ့ဒီမှာထားခဲ့။
ဟား... ဟား... ဟား...။"
ရုတ်တရက် သစ်ပင်အကွယ်ဆီက ဆံပင်ဖရိုဖရဲနဲ့လူတစ်ယောက်ထွက်လာပြီး ကျုပ်တို့ကိုကြည့်ကာ အထက်ပါတေးကို ဟန်ပါပါ မာန်ပါပါနဲ့ သီဆိုသွားတယ်။ ကျုပ်တို့သုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိတယ်။
"ဒီ ဒီမယ်နောင်ကြီး။ နောင်ကြီး စောနကဆိုလိုက်တဲ့ တေးက ဘယ်လိုတေးလဲဗျာ။"
"မင်းကြည့်ရတာ လည်မလိုနဲ့ တယ်အသကိုးကွ။ သေချာနားထောင်နော်။ အဲ့ဒီတေးက 'အရိုးခေါင်းနန်းတော်လမ်းညွှန်တေး' လို့ခေါ်တယ်။ သာမန်လူတွေကြားလိုက်ရုံနဲ့ အကြောက်တရားတွေကအရိုးထဲထိစိမ့်ဝင်ပြီး ကြက်သီးဖြန်းဖြန်းထစေတာကွ။ မင်းတို့က ကြက်သီးဖြန်းဖြန်းလည်းမထဘူးဆိုတော့ သာမန်လူတွေမဟုတ်ဘူးမလား။ ဟား ဟား။"
အရူးကြီးပြောတဲ့စကားထဲမှာပါတဲ့ 'အရိုးခေါင်းနန်းတော်'ဆိုတာကို ကျုပ်စိတ်ဝင်စားသွားမိတာအမှန်ပဲ။
"ကိုဖိုးတေ။ သူ့ကို ကျုပ်တို့နဲ့ခေါ်ခဲ့ဗျာ။ စောနကသူပြောတဲ့ 'အရိုးခေါင်းနန်းတော်'ဆိုတာကို ကျုပ်စိတ်ဝင်စားမိလို့ပါ။"
အရူးကြီးအနားကိုကပ်သွားပြီးစကားပြောနေတဲ့ကိုဖိုးတေကို အရူးကြီးကို ကျုပ်တို့နဲ့တစ်ပါတည်းခေါ်လာဖို့ပြောလိုက်တယ်။ ကိုဖိုးတေက အရူးကြီးနဲ့အတူ ကျုပ်တို့အနားကိုရောက်လာတဲ့အချိန် အရူးကြီးအတွက်စားစရာတွေထုတ်ကျွေးပြီး ကျုပ်သိချင်တာတွေမေးလိုက်တယ်။
"စားဗျာ။ အကြိုက်သာစား။ စားပြီးရင် ကျုပ်သိချင်တာလေးတွေမေးမယ်နော်။"
"မေး မေး။ မင်းတို့က ငါ့ကိုမုန့်တွေကျွေးထားတာပဲ။ ကြိုက်တာသာမေး။ ဟီးးဟီးး။"
" စောနက ဦးကြီးရွတ်တဲ့ 'အရိုးခေါင်းနန်းတော်လမ်းညွှန်တေး'ဆိုတာလေ။ အဲ့ဒီနန်းတော်က တကယ်ရှိတာလား။"
" ဟ တကယ်ရှိတာပေါ့ဟ။ မင်းတို့က မယုံဘူးလား။မင်းတို့မယုံရင် ငါနဲ့လိုက်ခဲ့။ အဲ့ဒီနန်းတော်ဝင်ပေါက်နေရာကိုငါသိတယ်။"
အရူးကြီးက ပလုပ်ပလောင်းစားနေရင်းက ရုတ်တရက်ထသွားတာမို့ ကျုပ်တို့သူ့နောက်က အမီလိုက်သွားရတယ်။ စောနကသူထွက်လာတဲ့ သစ်ပင်ကြီးရဲ့နောက်မှာ လူသွားလမ်းလေးတစ်ခုရှိနေတာကိုတွေ့လိုက်တယ်။ အဲ့ဒီလမ်းလေးအတိုင်းသွားလိုက်ကြပြီး မျက်စိရှေ့မှာ သုဿန်တစ်ခုကိုတွေ့လိုက်ကြရတယ်။ အုတ်ဂူအပြိုအပျက်တွေများစွာကြားထဲကိုတိုးဝင်ရင်း သုဿန်ရဲ့အလယ်နေရာကိုရောက်လာခဲ့ပြီ။
"ကဲ ရောက်ပြီဗျာ။ ဒီနေရာက 'အရိုးခေါင်းနန်းတော်'ရဲ့ဝင်ပေါက်နေရာပဲ။"
အရူးကြီးပြောစကားအရ နှံ့နေအောင်လိုက်ရှာကြည့်ပေမဲ့ ဝင်ပေါက်နဲ့တူတာဆိုလို့တစ်ခုတောင်မတွေ့ရဘူး။
"ဆရာ ဒီအရူးကြီးလျောက်ပြောနေတာနေမှာပါဗျာ။ လာပါဗျာ။ ကျုပ်တို့သူ့ကိုထားခဲ့ပြီး ခရီးဆက်ရအောင်ပါ။ သူလုပ်တာနဲ့ပဲအချိန်တွေနှောင့်နှေးကုန်ပြီ။"
"နေစမ်းပါအုံးကိုဖိုးတေရ။ သူလည်းဒီလမ်းညွှန်တေးကို အကြောင်းမရှိပဲ ပါးစပ်ကတဖွဖွရွတ်နေပါ့မလား။ အဲ့ဒီနန်းတော်ကို သူကိုယ်တိုင်ရောက်ခဲ့ဖူးတာလဲ ဖြစ်နေနိုင်တာပဲလေ။"
စိတ်မရှည်တော့တဲ့ကိုဖိုးတေက အရူးကြီးကိုတစ်ယောက်တည်းထားခဲ့ပြီး ခရီးဆက်ဖို့ကိုပဲ တတွတ်တွတ်ပြောနေတော့တယ်။
"အဘရေ။ အဘ။ ဘယ်တွေလျောက်သွားပြန်ပြီလဲအဘရယ်။ အဘရေ။ "
ကျုပ်တို့ဆရာတပည့်နှစ်ယောက်စကားများနေခိုက် မိန်းကလေးအသံတစ်သံကြားလိုက်ရတာမို့ အသံပြုလိုက်ကြတယ်။
"ဟေးးး။ ညီမရေ။ ဒီဘက်မှာဟေ့။"
အုတ်ဂူပျက်တွေကြားထဲကထွက်လာတဲ့ လှပလွန်းတဲ့မိန်းကလေးတစ်ယောက် ကျုပ်တို့ရှိရာလာနေတယ်။
"ဟို ဒီကအစ်ကိုတို့ကိုမေးစရာလေးရှိလို့။ ဆံပင်ဖရိုဖရဲပုံစံနဲ့လူတစ်ယောက်ကိုများတွေ့မိသေးလားလို့ပါ။"
"ဒီကငါ့နှမပြောတာ ဟိုးမှာထိုင်နေတဲ့လူလား။"
ကိုမိုးကြိုးနားမှာထိုင်နေတဲ့အရူးကြီးကို လက်ညှိုးထိုးပြလိုက်တော့ အဲ့ဒီမိန်းကလေးကအမောတကောပြေးသွားတယ်။
" အဘရယ်။ ဘယ်တွေလျောက်သွားနေတာလဲ။ သမီးအပြင်ခဏသွားပြီး အိမ်ပြန်ရောက်တော့ အဘကိုမတွေ့တာနဲ့ ရွာထဲမှာလည်း နေရာစုံအောင်လိုက်ရှာလိုက်ရတာ။"
"ဒီကနှမက ဒီဦးကြီးရဲ့သမီးလား။"
"ဟုတ် ဟုတ်ပါတယ်အစ်ကိုတို့ရယ်။ ညီမက ဟော့ဒီက အဘ'ဦးရန်နောင်'ရဲ့သမီး 'လဲ့ကြည်ပြာ'လို့ခေါ်ပါတယ်။ အစ်ကိုတို့လို စိတ်ကောင်းရှိတဲ့သူတွေနဲ့တွေ့လို့သာပေါ့။ မဟုတ်ရင် အဘကိုဘယ်မှာလိုက်ရှာရမလဲမသိဘူး။"
'လဲ့ကြည်ပြာ'က ဝမ်းနည်းသွားဟန်နဲ့ ပြောပြနေရှာတယ်။
"စပ်စုတယ်တော့မထင်ပါနဲ့။ ဦးကြီးက ဘယ်လိုဖြစ်ပြီးအခုလိုဖြစ်သွားရတာလဲဆိုတာ ကျုပ်တို့ကိုပြောပြပေးနိုင်မလား။"
"ဒါ ဒါဆို အစ်ကိုတို့က ဆေးဆရာတွေပေါ့နော်။ ညီမရဲ့အဘကို ဆေးကုပေးနိုင်တယ်ပေါ့။ဟုတ်လားဟင်အစ်ကို။"
ဒီတစ်ခါတော့ကိုဖိုးတေ မမေးခင် ကျုပ်ကအရင်ဦးအောင်မေးလိုက်ချိန် 'လဲ့ကြည်ပြာ'ရဲ့မျက်လုံးအစုံက အရောင်လက်သွားပြီး ကျုပ်တို့ကိုအားကိုးတကြီးနဲ့ကြည့်နေရှာတယ်။
" ဆေးဆရာတွေဆိုတာတော့ မှန်ပေမဲ့ ကျုပ်တို့ကုသလို့ရနိုင်၏ ၊ မရနိုင်၏ ဆိုတာလည်းရှိသေးတယ်လေငါ့ညီမရဲ့။ အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ပေးပါ့မယ်လို့ ကတိပေးပါတယ်။"
"ညီမနားလည်ပါတယ်အစ်ကိုရယ်။ အဘဒီလိုဖြစ်နေတာ အတော်ကိုကြာခဲ့ပြီ။ ကဲပါလေ ဒါတွေကိုညီမတို့အိမ်ရောက်မှပဲ အေးဆေးပြောကြတာပေါ့။"
"ငါ့ညီမတို့အိမ်မှာက ဦးကြီးနဲ့ငါ့ညီမနှစ်ယောက်တည်းနေတာမို့လား။ ကျုပ်တို့ဆရာတပည့်သုံးယောက်လိုက်လာခဲ့လို့ အဆင်ပြေပါ့မလား။"
"ရပါတယ်အစ်ကိုရယ်။ အစ်ကိုတို့က ညီမတို့ရဲ့ကျေးဇူးရှင်တွေပဲ။လိုက်လာခဲ့ကြပါနော်။"
"ကဲ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ အဲ့ကဦးကြီးကိုသေချာလေးပြန်ခေါ်ခဲ့ကြနော်။"
"ဟုတ်ပြီဆရာရေ။ ကျုပ်တို့တာဝန်သာထားလိုက်ဗျာ။"
စောနက ကျုပ်တို့ကျွေးတဲ့မုန့်တွေစားပြီးတချိုးတည်းအိပ်ပျော်နေတဲ့ ဦးကြီးကို ကိုဖိုးတေက ထမ်းခေါ်ခဲ့လိုက်တယ်။ 'လဲ့ကြည်ပြာ'ခေါ်ဆောင်ရာနောက်ကို လိုက်လာခဲ့ကြရင်း အလွန်နေချင့်စဖွယ်ကောင်းတဲ့ရွာလေးတစ်ရွာကိုမြင်လိုက်ရတယ်။ ရွာပတ်လည်မှာ လယ်ကွင်းတွေအပြည့်နဲ့မို့ စိမ်းစိမ်းစိုစိုရှိလှတယ်။ ရွာကိုလှမ်းမြင်နေရကတည်းက ရွာစောင့်ပုဂ္ဂိုလ်ကို မနောနဲ့အသိလှမ်းပေးထားရတယ်။ မဟုတ်ရင် ကျုပ်တို့ကိုရွာထဲအဝင်မခံပဲဖြစ်နေမှာစိုးလို့ပေါ့။
"ငါ့တူမ ကြည်ပြာ။ ညည်းအဖေကိုပြန်တွေ့ခဲ့ပြီလား။"
"တွေ့ခဲ့ပြီ ဦးကြီးရွှေရေ။ ဒီကအစ်ကိုတို့နဲ့တွေ့လို့တော်သေးတာပေါ့။ မဟုတ်ရင် ဘယ်မှာသွားရှာရမလဲကိုမသိတော့ဘူး။"
"ဒီကငါ့တူတို့ကို ကျေးဇူးတင်ပါတယ်ကွယ်။ ကြည်ပြာတို့သားအဖက အဖေတစ်ခု သမီးတစ်ခု ဘဝမို့ ရွာထဲကလူတွေက ချစ်ကြခင်ကြတယ်။ရွာထဲမှာရောက်တုန်း အေးဆေးနေသွားကြအုံးနော်။ ဦးကြီးသွားပြီဟေ့။"
ရွာထဲကိုဝင်လိုက်တာနဲ့ ဆုံရတဲ့ ဦးကြီးတစ်ယောက်က ကြည်ပြာတို့သားအဖအကြောင်းကို ပြောပြသွားတယ်။ နောက်တော့ အဲ့ဒီဦးကြီးက ရွာအပြင်မှာရှိတဲ့ လယ်ကွင်းစိမ်းစိမ်းစိုစိုတွေရှိရာဘက်ကို လှည့်ထွက်သွားတော့တယ်။ ရွာထဲကိုဆက်ဝင်လာခဲ့ကြပြီးမကြာခင်မှာပဲ ကြည်ပြာတို့အိမ်ကိုရောက်လာခဲ့ကြတယ်။ ကျုပ်တို့ကိုအိမ်ရှေ့က ကွပ်ပျစ်လေးမှာ နေရာထိုင်ခင်းပေးပြီး တောရဲ့သဘာဝ ရေနွေးကြမ်းအိုးနဲ့လက်ဖက်ခွက်ကလေးချပေးရှာတယ်။ ကိုဖိုးတေ ထမ်းခေါ်လာတဲ့ ဦးကြီးကိုတော့ အခန်းတစ်ခုအတွင်းမှာ အေးဆေးအနားယူစေတယ်။
"အစ်ကိုတို့ ထမင်းမစားရသေးဘူးမလား။ မွန်းလွဲတောင်ကျော်နေပြီ။ ကြည်ပြာ ထမင်းပြင်လိုက်မယ်နော်။"
" နေပါစေတော့ မကြည်ပြာ။ ကျုပ်တပည့်တစ်ယောက်ကို ပြင်ခိုင်းလိုက်ပါ့မယ်။ "
တောသူတောင်သားတို့ရဲ့အကျင့်အတိုင်း ကျုပ်တို့ကို ထမင်းဝိုင်းပြင်ပြီး ဧည့်ခံမယ်ပြောနေတာမို့ ကိုဖိုးတေကိုပဲ အစစအရာရာပြင်ဆင်ခိုင်းလိုက်တော့တယ်။ ကျုပ်နဲ့ ကိုမိုးကြိုးကတော့ ကွပ်ပျစ်လေးမှာထိုင်ရင်း မကြည်ပြာနဲ့စကားကောင်းနေကြတာပေါ့။
" မကြည်ပြာရဲ့အဖေ အခုလိုဖြစ်သွားတာ ဘယ်လောက်ကြာပြီလဲဟင်။"
"သိပ်တော့ မကြာသေးဘူးအစ်ကို။ လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဖြစ်သွားတာရယ်။ ဖြစ်ပုံက ဒီလိုအစ်ကိုရေ။ လွန်ခဲ့တဲ့ ၆ လလောက်က ဟိုဘက်နှစ်ရွာအကျော်က 'နတ်ရေကန်'ဆိုတဲ့ရွာမှာ လူနာသွားကုမယ်ဆိုပြီးထွက်သွားတာ တစ်ပတ်လောက်ကြာတယ်။ အဲ့ဒီနောက် အဖေနဲ့လုံးဝအဆက်အသွယ်မရခဲ့ဘူး။ တစ်လလောက်ကြာတဲ့အထိ အိမ်ကိုပြန်ရောက်မလာတော့ ညီမလည်းစိတ်ပူပြီး နေရာအနှံ့လိုက်ရှာမိတယ်။ အဲ့ဒီမှာ ညီမတို့ရွာရဲ့ သုဿန်ထဲမှာ အဖေ့ကိုအခုလိုအခြေအနေနဲ့ပြန်တွေ့ရတာပါပဲ။ "
ညှိုးငယ်နေတဲ့မျက်နှာလေးနဲ့ ကျုပ်တို့ကိုရှင်းပြနေခိုက် ဦးကြီးရန်နောင်အိပ်ယာကနိုးလာတာကိုမြင်လိုက်ရတယ်။ ဒီအခြေအနေနဲ့သာ ဦးကြီးရန်နောင်ကိုမြင်လိုက်ရင် မကြည်ပြာဝမ်းသာသွားမလားပဲ။
"သမီး။ ဘယ်ကဧည့်သည်တွေရောက်နေတာတုန်းကွဲ့။"
"အော် အဘရယ်။ အဘကို ကယ်ခဲ့တဲ့လူတွေကိုတောင် အဘမမှတ်မိတော့ဘူးလား။"
ဦးကြီးရန်နောင်ပါးစပ်ကထွက်လာတဲ့ သမီးဆိုတဲ့ခေါ်သံဟာ မကြည်ပြာအဖို့ အထူးအဆန်းဖြစ်လို့နေတယ်။
" အ အဘ။ သမီးလို့ခေါ်လိုက်တာလားဟင်။"
"ဟေ။ အထူးအဆန်းလုပ်လို့ ငါ့သမီးမို့ သမီးခေါ်တာပေါ့ဟ။"
"ဝမ်းသာလိုက်တာအဘရယ်။ သမီးလေ ဒီတစ်သက်အဘကို အကောင်းပကတိပုံစံနဲ့မမြင်ရတော့ဘူးထင်နေတာ။သိလားအဘရဲ့။"
"နေ နေ နေကြပါအုံး။ အဘနားလည်အောင်လည်းရှင်းပြကြပါအုံး။"
"ဒီလိုဦးကြီးရေ။ ဖြစ်ပုံက ဒီလို။"
အဲ့ဒီလိုနဲ့ပဲ ကျုပ်တို့ ဦးကြီးရန်နောင်နဲ့တွေ့ဆုံခဲ့ပုံတွေ နောက်ပြီး ဦးကြီးရန်နောင်ရွတ်ဆိုနေကျ အရိုးခေါင်းနန်းတော်လမ်းညွှန်တေး အကြောင်းတွေနဲ့ ဦးကြီးရန်နောင်စားမဲ့မုန့်တွေထဲမှာ နတ်ဆေးဂမုန်းအမြစ်တွေပါထည့်ပေးလိုက်တာမို့ အခုလိုလူကောင်းပကတိပြန်ဖြစ်သွားရတဲ့အကြောင်းတွေကို လုံးစေ့ပတ်စေ့ရှင်းပြရတော့တယ်။ကျုပ်လည်း အရာအားလုံးရှင်းပြပြီးတဲ့နောက် အာခြောက်တာလာမို့ရေနွေးကြမ်းတစ်ခွက်ကို တစ်ကျိုက်တည်းမော့ချပစ်လိုက်မိတယ်။
"အေး။ဟုတ်တယ်။ ဟုတ်တယ်။ မင်းပြောမှပဲ အကုန်လုံးကိုပြန်မှတ်မိသလိုရှိလာပြီ။ ငါ ငါမှားခဲ့တာ။ တကယ်က ငါမှားခဲ့တာ။ အဲ့ဒီနန်းတော်ထဲကိုဝင်ခဲ့မိတဲ့ ငါအမှားကြီးမှားခဲ့တာ။"
ဦးကြီးရန်နောင်စကားပြောနေရင်း ဇောချွေးတွေက နဖူးတဝိုက် စို့တက်လာတယ်။ သေချာတာတစ်ခုကတော့ အဲ့ဒီနန်းတော်ထဲမှာ အင်မတန်အန္တရာယ်များတဲ့ တစ်ခုခုရှိနေပြီ။
"ဒါဖြင့်ဦးကြီးရာ ကျုပ်တို့ကို အဲ့ဒီနန်းတော်ထဲမှာဦးကြီးကြုံခဲ့ရတာတွေကို မှတ်မိသလောက်ပြောပြပါလားဗျာ။"
"ဟေ အေးအေး။ ငါ့တူတို့ သိချင်ရင်ပြောပြပေးမှာပေါ့။ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး။ အေးဆေးမှပြောပြမယ်ကွာ။အခုက ဦးကြီးနားချင်နေသေးလို့။"
"ဆရာရေ။ ထမင်းတွေအဆင်သင့်ဖြစ်ပြီနော်။"
ဦးကြီးရန်နောင်ကလည်းအနားယူချင်သေးတာမို့ နားခိုင်းလိုက်ပြီး ကျုပ်တို့ကတော့ ကိုဖိုးတေပြင်ပေးထားတဲ့နေ့လည်စာကို အားရပါးရစားလိုက်ကြတယ်။ ထမင်းစားပြီးသွားတော့ ထန်းလျက်ခဲလေးနဲ့အချိုတည်းရင်း အိမ်ရှေ့ကွပ်ပျစ်လေးမှာပဲထိုင်နေခဲ့ကြတယ်။ အရိုးခေါင်းနန်းတော်ကြီးထဲမှာရှိနေတာကဘယ်လိုအရာမျိုးလဲဆိုတာစဉ်းစားရင်း မှေးကနဲအိပ်ပျော်သွားမိတယ်။
"ကောင်လေး။ ကောင်လေး။ ထတော့ကွ။ ငါ့သမီးရွာထဲခဏသွားတုန်း မင်းတို့သိချင်တာတွေအမြန်ပြောပြပေးမယ်။"
အိပ်ပျော်နေရင်း ဦးကြီးရန်နောင်က လှုပ်နှိုးလိုက်တာမို့ ကမန်းကတန်းထထိုင်လိုက်မိတယ်။ အရိုးခေါင်းနန်းတော်ဆီသွားခဲ့တုန်းက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ဦးကြီးရန်နောင်က ပြန်လည်ပြောပြခဲ့ပါတော့တယ်။
***