" ငါးရံ့အိုင်" ရွာလေးမှာ ဆေးဆရာကြီးဦးရန်နောင်ဆိုရင် မသိသူမရှိ။ အင်မတန်စေတနာကောင်းသလို ရွာသူရွာသားတွေကလည်း ချစ်ခင်လေးစားကြတယ်။ ဦးရန်နောင်မှာ အလွန်ချောမောလှပတဲ့ 'လဲ့ကြည်ပြာ'အမည်ရှိ သမီးလေးတစ်ယောက်လည်းရှိတယ်။ ဆေးဆရာကြီးဦးရန်နောင်က ရွာထဲမှာတင်ဆေးကုတာမဟုတ်ပဲ နယ်လှည့်ပြီးလည်းဆေးကုတတ်တယ်။ အသပြာဆရာမဟုတ်တဲ့ စေတနာဆရာဆိုတော့ နယ်လှည့်ဆေးကုရင်း စေတနာရှင်တွေပေးလိုက်တဲ့ ရွှေငွေပစ္စည်းတွေ ပါပါလာတတ်တယ်။ ဆေးဆရာကြီးဦးရန်နောင်ရဲ့ တကယ့်အမှန်တရားကတော့ ဆေးလည်းကုသလို သိုက်လည်းတူးတဲ့ သိုက်ဆရာရန်နောင်ဆိုပြီးလည်း သိုက်တူးတဲ့နယ်ပယ်မှာထင်ရှားသေးတာ။ တစ်ရက်တော့ ဆေးဆရာကြီးရန်နောင်ဆီကို ဖီဒိုရာဦးထုပ်ကိုမျက်ခုံးနားအထိနှိမ့်ဆောင်းထားပြီး အနောက်တိုင်းကုတ်အင်္ကျီကို ကျနစွာဝတ်ဆင်ထားတဲ့လူတစ်ယောက်က အလုပ်လာအပ်တယ်။
"ဆရာရန်နောင်တို့အိမ်က ဒီအိမ်လားဗျ။"
"ဟုတ်ပါတယ်။ နောင်ကြီး။ ကျုပ်က ဆရာရန်နောင်ပါပဲ။ဘာကိစ္စများရှိလို့ပါလဲ။"
ကုတ်အင်္ကျီနဲ့လူက ဆရာရန်နောင်ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး လာရင်းကိစ္စကိုဆက်ပြောတော့တယ်။
"ကျုပ်ဒီကိုလာရတာက ဆရာရန်နောင်ကို အလုပ်တစ်ခုအပ်ချင်လို့ပဲဗျ။ ဒီမှာပြောလို့အဆင်ပြေပါ့မလား။"
" ရပါတယ်။နောင်ကြီး အဆင်ပြေသလိုပြောလို့ရပါတယ်။"
ဦးရန်နောင်က မျက်နှာရိပ်မျက်နှာကဲပြလိုက်တော့ သမီးဖြစ်သူ လဲ့ကြည်ပြာက ရေနွေးကြမ်းအိုးကိုချပေးပြီးတာနဲ့ အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။ လဲ့ကြည်ပြာ အိမ်ထဲကိုရောက်သွားချိန်မှာ အမည်မသိလူစိမ်းက သူအပ်ချင်တဲ့ အလုပ်ကိစ္စအကြောင်းကိုဆက်ပြောတော့တယ်။
" လာရင်းကိစ္စကတော့ ဒီလိုပါ။ အရိုးခေါင်းနန်းတော် ဆိုတာကိုဆရာရန်နောင်ကြားဖူးမလားတော့မသိဘူး။"
"ကျုပ်သတင်းသဲ့သဲ့တော့ကြားဖူးပါတယ်။ အဲ့ဒီနန်းတော်ထဲမှာ မပုပ်မသိုးပဲ ထာဝရရှိနေတဲ့ အလောင်းတစ်ခုရှိတယ်ဆိုလား။"
" ကျုပ်ကြားဖူးတဲ့ ဆရာရန်နောင်ဆိုတာလည်း ခေသူမဟုတ်ပေဘူးပဲဗျ။ သိပ်မှန်တယ်ဗျာ။ သိပ်ကိုမှန်တယ်။ ကျုပ်အဓိကလိုချင်တာက အဲ့ဒီရုပ်အလောင်းကိုဘယ်လိုဆေးနည်းပညာတွေနဲ့စီရင်ထားတာမို့ မပုပ်မသိုးပဲရှိနေရတာလဲဆိုတာကို ကျုပ်သိချင်တာဗျ။ အဲ့ဒီကိစ္စကို ဆရာရန်နောင် ဆောင်ရွက်ပေးနိုင်မလား။ဆရာရန်နောင်အတွက်လည်း အကျိုးမယုတ်စေရပါဘူးဗျာ။"
" နေပါအုံး။ ကျုပ်က သိုက်တွေကိုပဲအဓိကတူးတာလေဗျာ။ အခုဟာက ကြားဖူးနားဝပဲရှိတဲ့နေရာကိုသွားရမယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းမနေဘူးလား။"
"ကြားဖူးနားဝမဟုတ်ဘူး ဆရာရန်နောင်ရ။ ကျုပ်မှာ အဲ့ဒီနန်းတော်ကိုသွားလို့ရနိုင်တဲ့ လမ်းညွှန်တစ်ခုရထားတယ်။ ဒီမှာကြည့်ကြည့်အုံး။"
အမည်မသိလူစိမ်းကမ်းပေးလိုက်တဲ့ ညစ်ထေးထေးစာရွက်ထဲက စာတွေကို ဦးရန်နောင်ဖတ်ကြည့်လိုက်မိတယ်။ စာရွက်ထဲမှာရေးထားတဲ့စာတွေကတော့ အောက်ပါအတိုင်းပဲပေါ့။
" နေမင်းကွယ်ရာ၊ မြေပြင်မှာ၊
မှောင်ရိပ်ခိုကာ၊ လိုက်ခဲ့ပါ။
သစ်ပင်ခြောက်က၊ လက်ညှိုးထိုး၊
အဲဒီလမ်းက၊ မင်းသွားဖို့။
ခြေလှမ်းတိုင်းမှာ၊ အသံကြား၊
ကျွတ်ကျွတ်မြည်တာ၊ အရိုးမလား...။
မျက်ရည်မပါ၊ မြစ်ကိုသာဖြတ်လို့လာ
ဖြူဆွတ်ဆွတ်နဲ့၊ နန်းတော်ဆောင်၊
မေးရိုးမရှိ၊ တံခါးစောင့်။
အသားလည်းမပါ၊ သွေးမရှိ၊
အပြုံးလှလှ၊ ခေါင်းခွံဆီ။
သွားကြပေတော့အကုန်လုံး၊
မင်းတို့ခေါင်းလည်းအလှသုံး။
အပြန်လမ်းကို၊ ရှာမနေနဲ့၊
မင်းရဲ့အရိပ်အဲ့ဒီမှာထားခဲ့။ "
" အင်းဗျ။ ဒီစာရဲ့အဓိပ္ပါယ်ကိုဖော်နိုင်ဖို့ကလည်း အချိန်ကြာနိုင်တယ်။ ကျုပ်ဒီစာရဲ့အဓိပ္ပါယ်ကိုဖော်လို့ရပြီဆိုတာနဲ့ ချက်ချင်းဆက်သွယ်ပေးပါ့မယ်။ "
"ကောင်းပါပြီဗျာ။ ကျုပ်ဆရာရန်နောင်ဆီကလာမဲ့ သတင်းစကားကို စောင့်မျှော်နေပါ့မယ်။ ဒါနဲ့ တစ်ပါတည်းမိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည် 'ဒေါက်တာဘခက်' ။ အနောက်တိုင်းဆေးပညာနဲ့ သိပ္ပံနည်းကျအဖြေမရှာနိုင်သေးတဲ့ ဆေးပညာအကြောင်းတွေကိုလေ့လာနေသူတစ်ယောက်ပေါ့။ ဒါကတော့ ဆရာရန်နောင်လိုအပ်တာသုံးစွဲဖို့ စရံငွေပေးထားခဲ့တာ။ "
'ဒေါက်တာဘခက်' ဆိုသူက ဦးရန်နောင်လက်ထဲကို ငွေတွေအထပ်လိုက်ပေးထားခဲ့ပြီး လာရာလမ်းအတိုင်းလှည့်ထွက်သွားခဲ့တယ်။ လက်ထဲကငွေအထပ်လိုက်ကိုကိုင်ရင်း ကြောင်စီစီနဲ့ကျန်ခဲ့သူက ဆေးဆရာကြီးဦးရန်နောင်။ ဒီလိုနဲ့ တစ်လ နှစ်လ သုံးလကြာတဲ့အထိ အချိန်တွေကုန်လွန်ခဲ့ပြီ။ လမ်းညွှန်တေးကို အဓိပ္ပါယ်ဖော်ရင်း သုံးလကြာအပြီးနောက်ဆုံးမှာ အပြည့်အဝအဓိပ္ပါယ်ဖော်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ဆေးဆရာကြီးဦးရန်နောင်က ဒေါက်တာဘခက်ကိုဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ နောက်တစ်ရက်မှာ ဆေးဆရာကြီးဦးရန်နောင်ဆီကို ဒေါက်တာဘခက် ဒုတိယအကြိမ်ရောက်ရှိလို့လာပြန်တယ်။
" ကျုပ်ဆရာရန်နောင်ကို သိပ်အထင်ကြီးသွားပြီဗျာ။ သိပ်အထင်ကြီးသွားပြီ။ အနှစ်နှစ်အလလက ကျုပ်ရှာနေခဲ့တဲ့အဖြေကို ဆရာရန်နောင်က သုံးလတည်းနဲ့ အဓိပ္ပါယ်ဖော်နိုင်ခဲ့တယ်။ သိပ်ကိုလေးစားတယ်ဗျာ။"
"အဲ့လောက်လည်းမဟုတ်ပါဘူး ဒေါက်တာဘခက်ရာ။အင်မတန်ခက်ခဲလောက်မယ်ထင်ထားတာဗျ။ကျုပ်တို့နယ်ပယ်အတွင်းက စာတွေမို့လားတော့မသိဘူး။ ရိုးရိုးရှင်းရှင်းပဲ အဓိပ္ပါယ်ပြန်လိုက်တော့ အဖြေထွက်လာရောဗျို့။"
"ကျုပ်လည်း စိတ်ဝင်စားတယ်ဆရာရန်နောင်။ ရှင်းစမ်းပါအုံးဗျ။"
အဲ့လိုနဲ့ ဆေးဆရာကြီးဦးရန်နောင်က လမ်းညွှန်တေးကို အဓိပ္ပါယ်ဖွင့်ပြခဲ့တယ်။
"နေမင်းကွယ်ရာ၊ မြေပြင်မှာ၊
မှောင်ရိပ်ခိုကာ၊ လိုက်ခဲ့ပါ။"
"အဲ့ဒီစာပိုဒ်က ကျုပ်တို့ညအချိန်မှာပဲ အရိုးခေါင်းနန်းတော်ကိုသွားလို့ရမှာတဲ့ဗျ။"
" သစ်ပင်ခြောက်က၊ လက်ညှိုးထိုး၊
အဲဒီလမ်းက၊ မင်းသွားဖို့။"
"အဲ့ဒီစာပိုဒ်ကတော့ ကျုပ်တို့ဂမ္ဘီရနယ်ပယ်မှာ သစ်ခြောက်ဝါးခြောက်တွေရှိတဲ့နေရာက သုဿန်လို့မှတ်ယူကြတာကိုး။ သုဿန်ကတဆင့်သွားရမယ်တဲ့လေ။"
" ခြေလှမ်းတိုင်းမှာ၊ အသံကြား၊
ကျွတ်ကျွတ်မြည်တာ၊ အရိုးမလား...။"
"ဒီအပိုဒ်က ကျုပ်တို့သွားရမဲ့လမ်းတစ်လျောက် အရိုးတွေစီထားတယ်လို့ဆိုတာပဲဗျို့။"
"မျက်ရည်မပါ၊ မြစ်ကိုသာဖြတ်လို့လာ
အပြုံးလှလှ၊ ခေါင်းခွံဆီ။"
"ဒီအပိုဒ်မှာက အဓိကကျသွားပြီ။ အဲ့ဒီနန်းတော်ရဲ့ဝင်ပေါက်မှာရှိတဲ့အစောင့်အကြောင်းကိုဖော်ပြထားပြီး အဲ့ဒီနန်းတော်ထဲကို သာမန်အတိုင်းဝင်သွားလို့မရပဲ နာမ်ခန္ဓာနဲ့ဝင်ရမယ်လို့ဆိုထားပြန်တယ်။ အဲ့ဒိအစောင့်ကိုသာကျော်သွားနိုင်ရင် ကျုပ်တို့သွားချင်တဲ့ဆီကိုရောက်ပြီပဲဗျ။"
"သွားကြပေတော့အကုန်လုံး၊
မင်းရဲ့အရိပ်အဲ့ဒီမှာထားခဲ့။"
" ကျုပ်တို့ အချိန်မီပြန်မထွက်နိုင်ခဲ့ရင် ဒါမှမဟုတ် တံခါးအစောင့်ကို မကျော်ဖြတ်နိုင်ခဲ့ရင် ကျုပ်တို့ရဲ့ နာမ်ခန္ဓာဟာ အဲ့ဒီနန်းတော်ထဲမှာပဲ တဝဲလည်လည်နဲ့ လျောက်သွားနေရမဲ့သဘောရှိတယ်။ "
"အကြောင်းအရာတစ်ခုချင်းစီကို ချက်ကျလက်ကျရှင်းပြသွားလိုက်တာများ တကယ့်ပညာရှင်ပီသပါပေတယ်ဗျာ။"
ဒေါက်တာဘခက်ရဲ့ချီးကျူးစကားတွေကြောင့် ဆေးဆရာဦးရန်နောင်တစ်ယောက် ပြုံးဖြီးဖြီးဖြစ်သွားရတယ်။
"ဒါဖြင့် ဆရာရန်နောင်ဘယ်နေ့များခရီးထွက်မယ်စဉ်းစားထားတုန်းဗျာ။"
"ကျုပ် မနက်ဖြန်ပဲခရီးစထွက်မလို့စဉ်းစားနေတာဗျ။"
"ကောင်းတယ်ဗျာ။ ကျုပ်အတွက်ကတော့ မြန်လေကောင်းလေပဲဗျို့။ ဒါကတော့ ဆရာရန်နောင်ရဲ့ပညာကိုလေးစားတဲ့အနေနဲ့ ထပ်ပြီးပေးတာပါ။ လက်ခံပေးပါ။"
ဒေါက်တာဘခက်က ဆေးဆရာကြီးဦးရန်နောင်လက်ထဲကို ပိုက်ဆံတချို့အထပ်လိုက်ပေးခဲ့ပြန်တယ်။ ဆေးဆရာကြီးဦးရန်နောင်စိတ်ထဲမှာတော့ သူ့ကိုလေးစားလွန်းလို့ပေးခဲ့တယ်လို့ထင်မှန်နေတုန်းပေါ့။ ဒေါက်တာဘခက်ပြန်သွားပြီးနောက်ရက်မှာ ဆေးဆရာကြီးဦးရန်နောင်က အရိုးခေါင်းနန်းတော်ရှိရာကို ခရီးထွက်ခဲ့တော့တယ်။ သမီးဖြစ်သူ လဲ့ကြည်ပြာကိုတော့ နှစ်ရွာအကျော်က 'နတ်ရေကန်'ရွာမှာ လူနာသွားကုမှာဖြစ်ကြောင်း လိမ်လည်ကာ အရိုးခေါင်းနန်းတော်သွားရာ လမ်းညွှန်တေးအတိုင်းစတင်လုပ်ဆောင်ခဲ့တော့တယ်။
***