' ငါးရံ့အိုင်' ရွာလေးရဲ့သုဿန်ထဲမှာ ဗျာများနေတဲ့ ဆေးဆရာရန်နောင်ဟာ သူ့ရဲ့ရုပ်ခန္ဓာကို အုတ်ဂူတစ်ခုအတွင်းမှာ စည်းအထပ်ထပ်ချကာထားရစ်ခဲ့ပြီး နာမ်ခန္ဓာနဲ့ အရိုးခေါင်းနန်းတော်သွားရာလမ်းကိုရှာဖွေနေခဲ့တယ်။ ပါးစပ်ကလည်း အရိုးခေါင်းနန်းတော်လမ်းညွှန်တေးကို အကြိမ်ကြိမ်ရွတ်ဆိုရင်း တစ်ခုခုကို သတိပြုမိသွားဟန်ပဲ။ သုဿန်အလည်မှာထိုင်ပြီး လမ်းညွှန်တေးကို အဆက်မပြတ်ရွတ်ဆိုနေပြန်တယ်။ ခဏအကြာမှာတော့ မြေကြီးတွေကွဲအက်လာပြီး အတွင်းထဲကိုဆင်းသွားလို့ရတဲ့ လှေကားကြီးတစ်ခုပေါ်လာခဲ့တယ်။ ဆေးဆရာရန်နောင်ကလည်း ဒီလမ်းဟာဘယ်နေရာကိုရောက်သလဲသိနှင့်နေတာမို့ မကြောက်မလန့် အောက်ထဲကိုဆင်းလာခဲ့တော့တယ်။ လှေကားထစ်တွေက ဖြူဖွေးပြောင်လက်နေပြီး ဘေးတစ်ဖက်တစ်ချက်စီမှာလည်း အရိုးခေါင်းတွေများစွာစီရီချထားတာကိုတွေ့ရတယ်။ လှေကားအစကနေအဆုံးအထိ လင်းထိန်နေအောင်မြင်နေရတာဟာ လှေကားရဲ့တစ်ဖက်စီက ဦးခေါင်းခွံတွေဟာ မငြိမ်းနိုင်သောမီးလျှံတွေ တောက်လောင်နေတာကြောင့်ပေါ့။ လှေကားအဆုံးထိလျောက်လာပြီးချိန်မှာ ကြီးမားတဲ့တံခါးချပ်ကြီးကိုတွေ့မြင်လိုက်ရပြီး တံခါးကြီးရဲ့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့မဲမဲသဏ္ဍာန်လူပုံစံအရာကြီးကိုလည်းတွေ့လိုက်ရတယ်။ အဲ့ဒီအရာကြီးကို စိုက်ကြည့်နေရင်းနဲ့ ဘေးပတ်ဝန်းကျင်က အေးစိမ့်စိမ့်ဖြစ်လာသလို ခံစားလိုက်ရတယ်။ ဆေးဆရာရန်နောင်ဟာ အကြောက်အလန့်မရှိ ရှေ့ကိုဆက်တိုးခဲ့ပြန်တယ်။
"ရပ်လိုက်စမ်း။ အသင်ဟာ သေလူလား။"
အဲ့ဒီမဲမဲသဏ္ဍာန်လူပုံစံအရာကြီးက သူရှိရာလျောက်လာပြီး မေးခွန်းတွေမေးတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ဖြေခဲ့တယ်။
"ကျုပ်ကသေလူပါ။ ဒီနေရာကို မှားယွင်းပြီးရောက်လာခဲ့တဲ့ပုံပဲ။ ရှေ့ကိုဆက်သွားရမလား။ မသွားရဘူးလား။"
"အသင် ဒီနေရာကို မှားယွင်းပြီးရောက်လာတာမဟုတ်ဘူး။ ကံပါလို့ရောက်လာတာ။ အထဲကိုဝင်သွား။"
ဆေးဆရာရန်နောင်ဟာ အဲ့ဒီအရာကြီးပြောတဲ့အတိုင်း နန်းဆောင်ကြီးထဲကိုဆက်ဝင်လာခဲ့တယ်။ နန်းဆောင်ထဲကလူသွားလမ်းတစ်လျောက် စီချထားတဲ့ ဦးခေါင်းခွံတွေက မရေမတွက်နိုင်အောင်ကို များပြားလွန်းလှတယ်။ ဦးခေါင်းခွံတွေကို နင်းဖြတ်ခဲ့ပြီးတဲ့နောက် အလင်းရောင်တွေများစွာထွက်ပေါ်နေတဲ့ အခန်းကြီးတစ်ခုကိုမြင်လိုက်ရတယ်။ အဲ့ဒီအခန်းကြီးရဲ့အလည်က ပုလ္လင်လိုအရာမျိုးပေါ်မှာတင်ထားတဲ့ အဖြူရောင်ခေါင်းတလားကြီးကို ဆေးဆရာရန်နောင် မြင်လိုက်မိတယ်။ ပုလ္လင်ပေါ်ကိုတက် ခေါင်းတလားအဖုံးကိုဖွင့်လိုက်တော့ အထဲမှာက အင်မတန်ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးရဲ့ရုပ်အလောင်းကိုမပုပ်မသိုးတဲ့အခြေအနေနဲ့ ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ အစီအရင်တွေနဲ့လုပ်ထားတဲ့ခေါင်းတလားကြီးမို့ မပုပ်သိုးတာလားဆိုပြီး ခေါင်းတလားအနှံ့ရှာကြည့်ပေမဲ့ အစီအရင်ချထားတာနဲ့တူတာဆိုလို့ အင်းကွက်တစ်ကွက်တောင်ရှာမရခဲ့ဘူး။ လက်လျော့ပြီးပြန်မယ်အလုပ်မှာ စောနက မျက်လုံးမှိတ်လျက်သားဖြစ်နေတဲ့ မိန်းပျိုရဲ့အလောင်းဟာ ထူးဆန်းစွာ မျက်လုံးပွင့်နေတာကိုသတိထားမိလိုက်တယ်။ ပွင့်လျက်သားဖြစ်နေတဲ့ မျက်လုံးတွေကို လက်နဲ့သပ်ချပေးပြီး ပြန်ပိတ်ပေးမလို့လုပ်တုန်း အေးစက်တဲ့လက်တစ်ဖက်က ဆေးဆရာရန်နောင်ရဲ့လက်ကို ဖမ်းဆွဲထားတယ်။ အဲ့ဒီလက်က ခေါင်းတလားထဲက မိန်းမပျိုရဲ့လက်တစ်ဖက်ပေါ့။
"နင် သေလူမဟုတ်ဘူးမလား။ နင် နင် သေလူမဟုတ်ဘူး။"
ခေါင်းတလားထဲက မိန်းမပျိုကစူးရှအက်ကွဲတဲ့အသံကြီးနဲ့အော်ဟစ်လိုက်ချိန် ဆေးဆရာရန်နောင်ရပ်နေတဲ့နေရာမှာ မြေငလျင်လှုပ်သလို တုန်ခါလာခဲ့တယ်။
"လွှတ်စမ်း။ လွှတ်စမ်း။ ငါ့ကိုလွှတ်လိုက်စမ်း။"
"နင် ဒီမှာနေရမယ်။ ဒီနေရာမှာ နင်နေရမယ်။ဟားးးဟားးးးဟားးးးး။"
ခြောက်ခြားဖွယ်ရာအသံနက်ကြီးနဲ့အော်ဟစ်ရင်း ဆေးဆရာရန်နောင်ရဲ့လက်ကို အားကုန်ဖမ်းဆုပ်ထားတယ်။ မိန်းမပျိုရဲ့အော်သံကြောင့်လားတော့မသိဘူး။ နန်းဆောင်အဝင်ဝမှာတွေ့ခဲ့ရတဲ့ မဲမဲသဏ္ဍန်အရာကြီးက ဆေးဆရာရန်နောင်ရှိရာပြေးဝင်လာပြီး အဝေးရောက်သွားအောင်တွန်းလွှတ်လိုက်တယ်။
"အုံး...။ အင့်...။"
တွန်းလိုက်တဲ့အားကပြင်းလွန်းတာကြောင့်ပဲ ဆေးဆရာရန်နောင်ခမျာ နန်းဆောင်ကြီးရဲ့ထောင့်တစ်နေရာမှာ ခွေခွေလေးလဲကျသွားတော့တယ်။ နောက်တော့ မဲမဲသဏ္ဍန်အရာကြီးက ဆေးဆရာရန်နောင်အနားကိုကပ်လာပြီး အေးစက်တဲ့လက်တစ်ဖက်နဲ့ ရင်ဘတ်ကိုထိလိုက်တဲ့အချိန် လူ့ဘုံဘက်ခြမ်းမှာရှိတဲ့ ဆေးဆရာရန်နောင်ရဲ့ခန္ဓာကိုယ်ဟာ စတင်လှုပ်ရှားလာခဲ့တယ်။ အဲ့ဒီအချိန်ကနေစလို့ ဆေးဆရာကြီးဦးရန်နောင်ရဲ့ ပါးစပ်မှာ အရိုးခေါင်းနန်းတော်လမ်းညွှန်တေးကိုသာ အကြိမ်ကြိမ်အခါခါရွတ်ဆိုရင်း 'ငါးရံ့အိုင်'ရွာ ပတ်ဝန်းကျင်မှာ အရူးတစ်ယောက်ပမာ လှည့်လည်သွားလာနေတော့တယ်။
***