"ဦးကြီးရဲ့အဖြစ်ကတော့ အဲ့ဒါပါပဲငါ့တူတို့ရယ်။"
ဦးကြီးရန်နောင်က သူကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြပြီးတာနဲ့ ရေနွေးကြမ်းတစ်ခွက်ကို တစ်ကျိုက်တည်းမော့သောက်ချလိုက်တယ်။
" ဒါနဲ့ဦးကြီးသတိပြန်ဝင်လာတုန်းမှာ ဘယ်လိုခံစားရလဲ။"
"အေးကွ။ အဲ့ဒါကိုပြောဖို့မေ့ကျန်ခဲ့တယ်။"
ဦးကြီးရန်နောင်က သောက်လက်စရေနွေးကြမ်းခွက်ကို ချလိုက်ပြီး ဆက်ပြောပြပါသေးတယ်။
" ဒီလိုကွ။ အဲ့လိုမျိုးအရူးကြီးတစ်ယောက်လို လျောက်သွားနေတဲ့ ငါ့ကိုယ်ငါပြန်မြင်နေရတယ်ဟေ့။ လွယ်လွယ်ပြောရရင်တော့ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့သူက တကယ့်အစစ်အမှန်ငါမဟုတ်တော့ဘူးပေါ့။ ငါ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ ငါပြန်ဝင်လိုက်တိုင်းရင်ဘတ်နေရာက စူးကနဲအောင့်အောင့်လာတယ်။ နောက်ပြီး ငါ့ကိုအဝေးတစ်နေရာတွန်းပို့လိုက်သလိုခံစားရတယ်။ ငါ့တူပေးတဲ့ မုန့်တွေစားပြီးတဲ့နောက် ငါ့ရဲ့နာမ်ခန္ဓာက အရင်လိုမဟုတ်တော့ပဲ ထူးခြားလာတာကိုသတိထားမိပြီး ငါ့ရဲ့မူလခန္ဓာကိုယ်ထဲကို ပြန်ဝင်ဖို့ကြိုးစားကြည့်လိုက်တာ အောင်မြင်သွားတယ်ဆိုပါတော့။"
"အင်းဗျာ။ ဒီအကြောင်းတွေကြားရတော့လည်း ထူးတော့ထူးဆန်းသားဗျ။ "
ဘေးကနားထောင်နေတဲ့ကိုဖိုးတေက စကားဝိုင်းထဲကိုဝင်ရောက်မှတ်ချက်ပြုပြီး ကိုမိုးကြိုးကတော့ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ရင်း တစ်ခုခုကိုစဉ်းစားနေတယ်။
"အဘတို့ကစကားကောင်းနေကြတာကိုး။ သမီးပြန်လာတာကိုတောင် သတိမထားမိကြဘူး။"
အသံမပေးဘာမပေးနဲ့ လဲ့ကြည်ပြာပြန်ရောက်လာတော့ ထိတ်ထိတ်ပြာပြာဖြစ်သွားတဲ့ ဦးကြီးရန်နောင်ကိုသတိထားလိုက်မိတယ်။ အဓိကကတော့ သူဟာ သိုက်တွေကိုလိုက်လံတူးဖော်နေတဲ့ သိုက်ဆရာတစ်ယောက်ဆိုတာ သမီးဖြစ်သူသိစေချင်ပုံမပေါ်ဘူး။
"ဟုတ်ပါ့ငါ့ညီမရာ။ ဦးကြီးက အစ်ကိုတို့ကို ကျေးဇူးတင်စကားတွေပြောနေတာလေ။"
"ဟုတ် ဟုတ်တာပေါ့သမီးရယ်။ အဘကို ကယ်တင်ပေးခဲ့တဲ့ ဒီကတူတော်မောင်တွေကိုကျေးဇူးတင်လို့မဆုံးတဲ့အကြောင်းပြောပြနေတာကွဲ့။"
ဒီလိုအခြေအနေမျိုးဆိုရင် အားကိုးရတဲ့ ကိုဖိုးတေရဲ့ စကားလမ်းကြောင်းလွှဲမှုကြောင့် ဦးကြီးရန်နောင် အသက်ရှူချောင်သွားခဲ့တယ်။
" ဟုတ်ကဲ့ပါအဘရယ်။ အဘကိုလေ ဒီလိုကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရတာ သမီးဖြင့်သိပ်ဝမ်းသာတာပဲသိလား။"
"အင်းပါသမီးရယ်။ အဘလေ သမီးစိတ်ပူရမဲ့အလုပ်တွေမလုပ်တော့ဘူးနော်။"
"ဟုတ်ကဲ့အဘ။ ဒါနဲ့လေ ရွာထဲက ကိုမိုးကြီးတို့က ဟင်းစားပေးတာနဲ့ တစ်တွဲယူလာခဲ့လိုက်တယ်။ အဲ့ဒါအဘတို့အတွက် ဒီညတော့ ဟင်းကောင်းပြီ။"
"သမီးကြိုက်သလိုသာစီစဉ်ပါကွယ်။ အဘကတော့ သမီးလက်ရာဆို ဘာနေနေအကုန်ကြိုက်ပြီးသားပဲ။"
"ဟုတ်ဟုတ်အဘ။ဒါဆိုသမီးဟင်းချက်ဖို့ ပြင်ဆင်လိုက်အုံးမယ်နော်။"
" အေးအေးသမီး။ သမီးလက်ရာကိုစားရဖို့ စောင့်နေမယ်နော်။"
ဦးကြီးရန်နောင်ရဲ့သမီးက ကျုပ်တို့အတွက်ချက်ပြုတ်ပြင်ဆင်ပေးပြီးတာနဲ့ ဆရာတပည့်သုံးယောက်သား လက်ရည်တစ်ပြင်တည်း စားသောက်လိုက်ကြတယ်။ နောက်တော့ စောစောအနားယူခဲ့လိုက်ကြတာပေါ့။နောက်တစ်နေ့မနက်မှာတော့ မနက်စာစားပြီး အိမ်ရှေ့ကွပ်ပျစ်လေးမှာ ထိုင်ရင်း အရိုးခေါင်းနန်းတော်မှာရှိတဲ့ မပုပ်သိုးတဲ့အလောင်းအကြောင်းကို စဉ်းစားမိနေတုန်း အိမ်ထဲကို သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ လူတစ်ယောက်ဝင်လာတယ်။
" ဒီကငါ့တူက ဘယ်သူလဲမသိဘူး။ ဆရာရန်နောင်ရောရှိလား။"
တည်ကြည်လေးနက်တဲ့အသံပိုင်ရှင်ကိုကြည့်လိုက်တော့ ဦးကြီးရန်နောင်ပြောပြဖူးတဲ့ ပုံပန်းသဏ္ဍာန်ကိုပြေးမြင်မိတယ်။ ဒီလူဟာ ဦးကြီးရန်နောင်ကို အရိုးခေါင်းနန်းတော်ရှိရာစေလွှတ်ခဲ့တဲ့ 'ဒေါက်တာဘခက်'ဆိုတာ ကျုပ်တန်းသိနေခဲ့တာပေါ့။
"ဟုတ်ကဲ့။ဦးကြီးက အထဲမှာရှိပါတယ်ဗျ။ ခဏထိုင်ပါအုံးနော်။"
'ဒေါက်တာဘခက်'အတွက်နေရာပြင်ပေးပြီး ဦးကြီးရန်နောင်ကို အသိပေးလိုက်တယ်။ မနက်စောစောအချိန်မို့ လဲ့ကြည်ပြာတစ်ယောက် ဆွမ်းချိုင်းသွားပို့နေတဲ့အချိန်နဲ့ ကွက်တိရောက်လာပေလို့ပေါ့။ မဟုတ်ရင် ဦးကြီးရန်နောင်လုပ်ထားခဲ့တဲ့ကိစ္စတွေက ဘူးပေါ်သလိုပေါ်သွားနိုင်တယ်။ ကျုပ်နဲ့အတူ ဦးကြီးရန်နောင်၊ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ တစ်ပါတည်းလိုက်ပါလာကြတယ်။
"ဟာ ဒေါက်တာဘခက်။ ဘယ်ကဘယ်လို။"
"ကျုပ် ဆရာရန်နောင်ရဲ့သတင်းကိုလိုက်ပြီးစုံစမ်းနေခဲ့တာအတော်ကြာပြီဗျ။ ကျုပ်ပိုက်ဆံတွေယူပြီး ကျုက်ကိုမလိမ့်တပတ်လုပ်သွားပြီလားလို့ စိတ်ပူနေမိတာတော့အမှန်ပဲ။ လုပ်ပါအုံး။ ဘယ်ကဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျုပ်သိအောင်ပြောပြကြပါအုံး။"
"အင်း။ ရှင်းရှင်းပြောရရင်တော့ ကျုပ်ဒီအလုပ်ကိုလက်မခံချင်တော့ဘူး ဒေါက်တာဘခက်ရာ။ ကျုပ်မှာ သမီးလေးရှိသေးတယ်လေ။"
"ဟ အဲ့လိုတော့မဖြစ်ဘူးလေဗျာ။ ကျုပ်က ခင်ဗျားကိုယုံကြည်အားကိုးလို့ ဒီအလုပ်ကိုအပ်ခဲ့တာဗျ။"
"ကျုပ် ကျုပ်သိပါတယ်။ ဒါပေမဲ့...။"
"အဲ့ဒီအလုပ်ကိုဦးကြီးရန်နောင်အစား ကျုပ်လုပ်ပေးပါရစေ။"
ကျုပ်ပါးစပ်ကထွက်လာတဲ့ စကားကြောင့် တိတ်ဆိတ်နေကြတဲ့လူတွေအကုန် ကျုပ်ရှိရာမျက်နှာမူလာကြတယ်။
***
ကျုပ်'စိုင်းမောက်' တစ်ယောက် အရိုးခေါင်းနန်းတော်ထဲကို ဝင်သွားနိုင်ပါ့မလားဆိုတာကို နောက်တစ်ပိုင်းမှာ ဆက်လက်စောင့်မျှော်ကြပါအုံးနော်။
ပြီး။
မှတ်ချက်။ ။စိတ်ကူးယဉ်ရေးသားထားသောဇာတ်လမ်းဖြစ်ပါသဖြင့် အမှားများပါခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းအား
ဦးထိပ်ထားလျက်
လေးစားစွာဖြင့်
မောင်ပိုင်(ပုလဲ)