"ဒီနေရာက ငါ့ဆိုင်ခွဲနဲ့ တော်တော်နီးတယ်။ နင့်ကို ကန်စွန်းဥဖုတ် သွားကျွေးမယ်။ အရမ်းစားကောင်းတာ၊ ငါ့အဖေကိုယ်တိုင် ဖုတ်တာလေ" ထုန်ယောင် မိဘတွေနဲ့ မတွေ့ရတာ ရက်အနည်းငယ် ရှိနေပြီဖြစ်လို့ သူတို့ကို လွမ်းနေတာ။
"ကောင်းသားပဲ" ဝမ်ချွန်းက ထုန်ယောင်ရဲ့ မိဘတွေနဲ့ မဆုံဖူးသေးတော့ လူကြီးတွေကို သွားကန်တော့ရင် လက်ဆောင်ပါတာ ပိုကောင်းမယ်လို့ တွေးလိုက်တယ်။ "သူတို့အတွက် လက်ဖက်ခြောက် ဒါမှမဟုတ် အားဆေး တစ်ခုခု ဝယ်သွားရမလား။ သူတို့နဲ့ ဆုံမယ်မှန်း မသိတော့ ငါ ဘာမှ ကြိုမပြင်ဆင်လာမိဘူးလေ"
"အို... ဘာမှ ဝယ်စရာ မလိုပါဘူး။ ငါ့မိဘတွေက အဲဒါတွေ ဂရုမစိုက်ဘူး။ ရှေ့ကလမ်းလေးထဲမှာ တို့ဆိုင်ရှိတယ်။ အဲဒီကို တန်းသွားကြတာပေါ့"
ထုန်ယောင်က ဝမ်ချွန်းကို ဆိုင်ဘက် အတင်းဆွဲခေါ်သွားတော့ ဝမ်ချွန်းက နည်းနည်း နေရခက်သွားတယ်။ လူကြီးတွေနဲ့ ပထမဆုံးအကြိမ် တွေ့တာကို လက်ဆောင်မပါဘဲ သွားတာက ရိုင်းရာကျတယ်လို့ သူ ထင်နေတာ။ ထုန်ယောင်က သူ့ကို ဘာမှ ပေးမဝယ်တာကို မြင်တော့ သူက မလိုချင်ဘဲ အလျှော့ပေးလိုက်ရပြီး တိုးတိုးလေး ပြောလိုက်တယ်။ "နောက်တစ်ခေါက်ကျရင်တော့ လက်ဆောင် သေချာပေါက် ဝယ်လာမှာနော်၊ အဲဒီကျရင် နင် တားလို့ မရဘူး"
ထုန်ယောင်က ပြုံးဖြီးဖြီးနဲ့ ပြန်ပြောတယ်။ "နောက်တစ်ခေါက်ကျ နင့်ကို ငါ့အိမ်ခေါ်သွားပြီး ထမင်းကျွေးမယ်၊ ငါ့အမေ ဟင်းချက်တာ အရမ်းကောင်းတာ"
"ကောင်းပြီလေ" ဝမ်ချွန်းက ခေါင်းညိတ် သဘောတူလိုက်တယ်။ ထုန်ယောင်လို သဘောကောင်းတဲ့ သူတစ်ယောက်ရဲ့ မိဘတွေဆိုတော့ သေချာပေါက် ပွင့်လင်းပြီး သဘောကောင်းတဲ့ လူတွေပဲ ဖြစ်ရမယ်။
ဆိုင်နားကို ရောက်ခါနီးလေးမှာပဲ၊ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ တောင်းရမ်းတဲ့ ခွက်ကိုင်ထားတဲ့ ယောကျ်ားတစ်ယောက်က ဝမ်ချွန်းရှေ့မှာ ပိတ်ရပ်လိုက်တယ်။ "ကျေးဇူးပြုပြီး ကူညီပါဦး၊ ပိုက်ဆံလေး နည်းနည်းလောက် ပေးပါဗျာ.။ ကျွန်တော် ဘာမှမစားရတာ နှစ်ရက်ရှိပြီ"
အဲဒီလူက ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ်ဖြစ်နေတာကို ထုန်ယောင် သတိထားမိလိုက်တယ်။ အပေါ်ယံ ကြည့်ရုံနဲ့ သူက တကယ် ဆင်းရဲပြီး ငတ်မွတ်နေတဲ့ပုံ မပေါ်တာမို့ သူက ပြောလိုက်တယ်။ "ခဏနေရင် ရှင်စားဖို့ ပေါက်စီ နှစ်လုံး လာပေးမယ်"
အဲဒီလူက မသိစိတ်ကနေ ချက်ချင်း ပြန်ဖြေတယ်။ "ကျွန်တော် ပေါက်စီ မစားချင်ဘူး"
ထုန်ယောင်က အလိမ်ရခက်မှန်း သိသွားတော့ သူက ဝမ်ချွန်းဘက် လှည့်ပြီး လက်ဖြန့်လိုက်တယ်။ "ကျေးဇူးပြုပြီး ကူညီပါ၊ ဘယ်လောက်ပဲဖြစ်ဖြစ် ရပါတယ်"
ထုန်ယောင်က လှောင်ပြုံးပြုံးလိုက်ပြီး ဝမ်ချွန်းကို ဆွဲခေါ်သွားဖို့ ကြိုးစားပေမယ့်၊ ဝမ်ချွန်းက အဲဒီလူရဲ့ သနားစရာ ပုံစံလေးကြောင့် စိတ်မကောင်း ဖြစ်သွားတယ်။ သူ့ကို ဒီအတိုင်း မထားခဲ့ရက်လို့ ပိုက်ဆံအိတ်ကို ဖွင့်ပြီး ယွမ်ငါးကျပ် ပေးလိုက်တယ်။ "ဒါနဲ့ စားစရာ တစ်ခုခု သွားဝယ်စားလိုက်လေ"
အဲဒီလူက ထွက်သွားမယ့်အစား ပိုက်ဆံကို ယူလိုက်ပြီး၊ ဝမ်ချွန်းရဲ့ ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်ကို မျက်လုံးလေး အရောင်လက်ကာ ဆက်ကြည့်နေတယ်။ "ကျွန်တော့်အိမ်မှာ အသက်ရှစ်ဆယ်အရွယ် အိပ်ရာထက် လဲနေတဲ့ အမေအိုကြီးရယ်၊ စိတ်ကျန်းမာရေး မကောင်းတဲ့ ချွေးမရယ် ရှိသေးလို့ပါ။ နောက်ထပ် နည်းနည်းလောက် ထပ်ပေးလို့ ရဦးမလားဗျာ"
အဲဒီလူက ကူညီတာကို ကျေးဇူးမတင်မှန်း သိတော့ ထုန်ယောင်က ဝမ်ချွန်းကို ဆွဲပြီး ထွက်သွားဖို့ လုပ်တယ်။ "သူ့ကို ဂရုစိုက်မနေနဲ့တော့၊ ယွမ်ငါးကျပ်ဆိုတာ သူ့မိသားစု တစ်နေ့လုံး ပေါက်စီစားဖို့ လုံလောက်နေပြီ"
ဝမ်ချွန်းက သူ့ကို ဒီအတိုင်း ထားရစ်ခဲ့ဖို့ မလုပ်ရက်ဘူး။ "ယောင်ယောင်... သူ့ကို ကြည့်ရတာ တကယ် သနားစရာလေးပါ။ နောက်ထပ် နည်းနည်းလောက် ထပ်ပေးလိုက်ရအောင်လေ"
ထုန်ယောင် စကားပြောမလို့ လုပ်တုန်းမှာပဲ၊ မမျှော်လင့်ဘဲ အဲဒီလူက ဝမ်ချွန်းရဲ့ ပိုက်ဆံအိတ်ကို လုပြီး ထွက်ပြေးသွားတော့တယ်။ ထုန်ယောင်လည်း မသိစိတ်ကနေ နောက်ကို လိုက်ပြေးပေမယ့်၊ သူ့ရှေ့မှာ လူတချို့လည်း လိုက်ပြေးနေတာကြောင့် အဲဒီလူက မျက်စိအောက်ကနေ ပျောက်ကွယ်သွားတယ်။
ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် ဝမ်ချွန်း မှင်သက်သွားပြီး၊ တောင်းရမ်းစားသောက်တဲ့ သူတစ်ယောက်က ဘာလို့ ပိုက်ဆံလုပြေးရတာလဲ ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ သူမက ပေးတာ နည်းလွန်းလို့လား၊ ဒါမှမဟုတ် ပေးတာ နှေးလွန်းလို့များလား။
သူမ လန့်နေတုန်းပဲ ဆိုတာကို မြင်တော့ ထုန်ယောင်က ကြောက်သွားတာလားလို့ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ "အာချွန်း... နင် အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်" ဝမ်ချွန်းက သတိပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်တယ်။ "ဒါပေမဲ့ သူက ဘာလို့ ငါ့ပိုက်ဆံအိတ်ကို လုသွားရတာလဲ"
သူ့ပိုက်ဆံအိတ်ထဲမှာ ယွမ် ရာဂဏန်းလောက် ပါသွားတာ။ သာမန်လူတွေအတွက်ကတော့ ဒါက တော်တော်လေး များတဲ့ ပမာဏ ဖြစ်ပေမယ့်၊ ဝမ်ချွန်းအတွက်ကတော့ သေးငယ်တဲ့ ပမာဏမို့ သူ သိပ်ပြီး နှမြောမနေဘူး။
သူမ နားမလည်နိုင်တာက အဲဒီလူက ဘာလို့ ကျေးဇူးကန်းတဲ့ လုပ်ရပ်မျိုးကို ရွေးချယ်သွားရတာလဲ ဆိုတာကိုပဲ။ သူမက နောက်ထပ် ပိုက်ဆံ ထပ်ပေးမလို့ စီစဉ်နေတာလေ။
ထုန်ယောင်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်။ "အဲဒီလူက အကောင်းကြီး၊ အလုပ်လုပ်နိုင်တဲ့ အရွယ်လေ။ သူ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် တောင်းစားစရာ မလိုဘူး။ ပေါက်စီ ဝယ်ကျွေးမယ် ပြောတော့ ပေါက်စီ မစားချင်ဘူးလို့တောင် အရှက်မရှိ ပြန်ပြောသေးတာ။ နင် စဉ်းစားကြည့်လေ။ နှစ်ရက်လောက် ဘာမှမစားရတဲ့ သူက အစားရွေးနေပါ့မလား။ သူက ပရော်ဖက်ရှင်နယ် တောင်းစားတဲ့သူ ဖြစ်မှာပါ။ နင်က သဘောကောင်းတဲ့သူမှန်း သိလို့ ပိုက်ဆံ ဆက်တောင်းနေတာလေ။ လုပြေးတဲ့ ကိစ္စကတော့၊ သူလုပ်သွားတာ အရမ်းကို ကျွမ်းကျင်နေတော့ ဒီလိုမျိုး အမြဲလုပ်နေကျ ဖြစ်မှာ"
ထုန်ယောင်ရဲ့ ထက်မြက်တဲ့ သုံးသပ်ချက်တွေကြောင့် ဝမ်ချွန်း အံ့သြလေးစားသွားတယ်။ "ယောင်ယောင်... နင် တကယ် ဉာဏ်ကောင်းတာပဲ"
ဝမ်ချွန်းရဲ့ ချီးကျူးမှုကြောင့် ထုန်ယောင် ရယ်လိုက်တယ်။ "ငါက ခန့်မှန်းကြည့်ရုံပါ၊ သူ နင့်ပိုက်ဆံအိတ် လုသွားတော့မှပဲ ငါ ထင်တာ မှန်တယ်ဆိုတာ သေချာသွားတာ"
အဲဒီအချိန်မှာပဲ ဝမ်ချွန်းရဲ့ သက်တော်စောင့်က ရုတ်တရက် လျှောက်လာတယ်။ "မမလေး... ဒါက အုပ်စုဖွဲ့ပြီး လုပ်သွားတာပါ။ တစ်ယောက်ယောက်က ကျွန်တော် လိုက်မဖမ်းနိုင်အောင် တမင် လာပိတ်ရပ်ထားလို့ သူ့ကို မမီလိုက်ဘူး"
ထုန်ယောင် ဝမ်ချွန်းရဲ့ သက်တော်စောင့်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ သူက အသက် သုံးဆယ်အရွယ် သာမန်ရုပ်ရည်ရှိပြီး၊ အသားမည်းမည်း တောင့်တောင့်တင်းတင်းနဲ့ ကိုယ်ခံပညာ တတ်မြောက်ထားမှန်း သိသာတယ်။ ဝမ်ချွန်းကို ကွယ်ရာကနေ စောင့်ရှောက်ဖို့ ဒီလို သက်တော်စောင့်မျိုး ရှာပေးထားတာဆိုတော့ ကျောက်ဝမ်ခိုင်က ဝမ်ချွန်းကို တကယ် ဂရုစိုက်တာပဲ။
ဝမ်ချွန်းက ညင်ညင်သာသာ ပြောတယ်။ "မမိလည်း ကိစ္စမရှိပါဘူး။ ပိုက်ဆံအိတ်ထဲမှာ ယွမ် ရာဂဏန်းလောက်ပဲ ပါသွားတာ။ အထဲမှာ ပါသွားတဲ့ မှတ်ပုံတင် ပြန်လုပ်ရမှာပဲ နည်းနည်း အလုပ်ရှုပ်မှာ။ ဒါက ငါ့အတွက် သင်ခန်းစာ ရသွားတဲ့ အတွေ့အကြုံ တစ်ခုပေါ့"
ထုန်ယောင် - ...
ယွမ် ရာဂဏန်းလောက်ပဲတဲ့လား။
ဟူး။
ဒါက ကြီးပြင်းလာရတဲ့ အသိုင်းအဝိုင်း မတူညီလို့ ဖြစ်လာတဲ့ ကွာဟချက်ပဲလေ။
"ဆိုင်ကိုသွားပြီး စိတ်ငြိမ်သွားအောင် ကန်စွန်းဥဖုတ်လေး သွားစားကြရအောင်"
ဆိုင်ကို ရောက်သွားတော့၊ ယောင်ဟွေးက ဆောင့်ကြောင့်ထိုင်ပြီး ကလေးတစ်ယောက်အတွက် ကန်စွန်းဥ ထုပ်ပေးနေတာ။ ထုန်ယောင်က တမင်သက်သက် အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။ "ဟေး သူဌေးကြီး... ကန်စွန်းဥဖုတ် နှစ်လုံးလောက် ပေးပါ"
"ခဏလေးနော်၊ ကျွန်တော်..."
ယောင်ဟွေးက မသိစိတ်ကနေ ပြန်ဖြေလိုက်ပေမယ့်၊ စကားတစ်ဝက်လောက်မှာ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားတယ်။ သူ ခေါင်းမော့ကြည့်လိုက်တယ်။ ထုန်ယောင်ကို မြင်တော့ သူက တမင် မျက်နှာကို တင်းမာဟန်ဆောင်လိုက်တယ်။
"ဒီကလေးမတော့"
ယောင်ဟွေး ကန်စွန်းဥ စရောင်းကတည်းက၊ လူငယ်တွေ ကလေးတွေ အများကြီးနဲ့ တွေ့ဆုံရတော့ တဖြည်းဖြည်းနဲ့ အရင်ကထက် ပိုပြီး တက်ကြွရွှင်လန်းလာတယ်။
ထုန်ယောင်က ဝမ်ချွန်းကို ရှေ့ဆွဲခေါ်လိုက်ပြီး ပြုံးကာ မိတ်ဆက်ပေးတယ်။ "ဖေဖေ... ဒါ သမီး အရင်က ပြောဖူးတဲ့ သူငယ်ချင်း အာချွန်းလေ"
"မင်္ဂလာပါ ဦးလေး" ဝမ်ချွန်းက ယောင်ဟွေးကို အမြန် နှုတ်ဆက်လိုက်တယ်။
သမီးဖြစ်သူက သူငယ်ချင်း ခေါ်လာတာကို မြင်တော့၊ ယောင်ဟွေးက ချက်ချင်းပဲ အမူအရာ ပြောင်းသွားပြီး ပြုံးကာ ခေါင်းညိတ်ပြတယ်။ "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ သမီးတို့ နှစ်ယောက် အထဲဝင်ပြီး ခဏ အနားယူကြလေ၊ ဖေဖေ ကန်စွန်းဥဖုတ်လေးတွေ ပြင်ပေးမယ်"
"ယောင်ယောင်" ဝမ်ယွန်းက သမီးဖြစ်သူ ရောက်လာတာကို မြင်တော့ ဆိုင်ထဲကနေ ထွက်လာတယ်။ ထုန်ယောင် မိတ်ဆက်ပေးတာကိုတောင် မစောင့်တော့ဘဲ ဝမ်ချွန်းကို ကြည့်ကာ မေးလိုက်တယ်။ "ယောင်ယောင်... ဒါ သမီး အရင်က ပြောဖူးတဲ့ အာချွန်းလား။ သူက တကယ် လှတာပဲ"
"မင်္ဂလာပါ အန်တီ" ဝမ်ချွန်းက သူ့ကို အမြန် နှုတ်ဆက်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဝမ်ချွန်းက အံ့သြတကြီးနဲ့ ပြောလိုက်တယ်။ "အန်တီက တအား နုတာပဲ"
ဝမ်ချွန်းက အလကား မြှောက်ပင့်ပြောနေတာ မဟုတ်ဘူး။ ရွယ်တူတွေနဲ့ ယှဉ်ကြည့်ရင် ဝမ်ယွန်းက တကယ်ကို နုပျိုပြီး ကျက်သရေရှိတယ်။ ပညာတတ်ပြီး ပြည့်စုံတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ အမျိုးသမီးမှန်း သိသာတယ်။
ဒါ့အပြင် သူ့ယောက်ျားက သူ့အပေါ် အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံလို့သာ ဝမ်ယွန်းက ဒီအသက်အရွယ်အထိ အခုလို ကျက်သရေရှိပြီး လှပနေတာ ဖြစ်ရမယ်။
အဲဒါကြောင့်လည်း ထုန်ယောင်က အဲဒီလောက် လှနေတာကိုး။
"ဒီကလေးမက စကားပြောတတ်တာပဲ" ဝမ်ယွန်းက ဝမ်းသာသွားပြီး ဝမ်ချွန်းကို ဆိုင်ထဲ ဖိတ်ခေါ်လိုက်တယ်။ "အထဲဝင်ထိုင်လေ။ အထဲက ပိုနွေးတယ်။ ဦးလေး ကန်စွန်းဥတွေ ယူလာပေးတာကို စောင့်နေကြနော်"
ယောင်ဟွေးက ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်။ သမီးတို့ နှစ်ယောက် အထဲဝင်ပြီး နားနေကြ၊ ဖေဖေ ကန်စွန်းဥ ယူလာခဲ့မယ်"
ထုန်ယောင်က ငယ်ငယ်ကတည်းက နည်းနည်း အလိုလိုက်ခံထားရပြီး သူငယ်ချင်းဆိုလို့ သိပ်မရှိခဲ့ဘူး။ အခုလို ယဉ်ကျေးပြီး အနေအထိုင် ကောင်းတဲ့ သူငယ်ချင်း တစ်ယောက် ရလာတော့၊ ဝမ်ယွန်းရော ယောင်ဟွေးကပါ ဝမ်ချွန်းကို ကလေးလေး တစ်ယောက်လို သဘောထားပြီး ဂရုတစိုက်နဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်။ သူ့ကို အားနာစရာ ဖြစ်သွားမှာကိုတောင် စိုးရိမ်နေကြတာ။
ဒါကို ကြည့်ပြီး ထုန်ယောင်က နည်းနည်းလေး မနာလို ဖြစ်သွားတယ်။
အပိုင်း ( ၃၇၃ ) ပြီးဆုံး
***