ဆိုင်မှာ သူတို့နှစ်ယောက် ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက်၊ ယောင်ဟွေးက ကန်စွန်းဥဖုတ် နှစ်လုံးနဲ့ ပလတ်စတစ်ဇွန်း နှစ်ချောင်း ယူလာပေးတယ်။ "သမီးတို့အရင် စားနှင့်ကြ။ မလောက်ရင် ဦးလေး ထပ်ယူလာပေးမယ်။ အခု အများကြီး ယူလာရင် အေးသွားပြီး စားမကောင်းတော့မှာ စိုးလို့"
အစားအသောက်တွေ ချပေးပြီးတာနဲ့ ယောင်ဟွေးက ကန်စွန်းဥ သွားရောင်းဖို့ အပြင်ထွက်သွားတယ်။ ဝမ်ချွန်းက မိန်းကလေးဖြစ်နေပြီး သူက လူကြီးတစ်ယောက် ဆိုတော့၊ သူရှိနေရင် လူငယ်တွေ စကားပြောရတာ အဆင်မပြေဖြစ်မှာစိုးလို့ အကြာကြီး မနေခဲ့တာ။
ဝမ်ချွန်းက အမြန်ပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ဦးလေး၊ ဒီလောက်ဆို လောက်ပါပြီ"
ဝမ်ယွန်းက ပြုံးပြီး ပြောတယ်။ "ကိုယ့်အိမ်လို သဘောထားပြီး အားမနာနဲ့နော်။ နင့်ဦးလေးက လူကသာ ခပ်ကြမ်းကြမ်းပေမယ့် သူဖုတ်တဲ့ ကန်စွန်းဥက တော်တော် စားကောင်းတာ။ ပူတုန်းလေး မြည်းကြည့်လိုက်ဦး"
"ဟုတ်ကဲ့" ကန်စွန်းဥကို တစ်ကိုက် ကိုက်စားပြီးနောက်၊ ဝမ်ချွန်းက မျက်လုံးလေးတွေ အရောင်လက်ကာ ပြုံးလိုက်တယ်။ "အရမ်း ချိုပြီး တအားစားလို့ ကောင်းတာပဲ"
"သမီး သဘောကျရင် အများကြီးစားနော်။ အန်တီ သမီးတို့အတွက် နို့လက်ဖက်ရည် နှစ်ခွက် သွားဖျော်လိုက်ဦးမယ်၊ ကန်စွန်းဥချည်းပဲ စားရင် နင်သွားလိမ့်မယ်" လို့ ဝမ်ယွန်းက ပြောတယ်။
"ယောင်ယောင်... နင့်အဖေနဲ့ အမေက တကယ် သဘောကောင်းတာပဲ" လို့ ဝမ်ချွန်းက ကြည်နူးစွာနဲ့ ပြောတယ်။ ထုန်ယောင်က ဘာလို့ ဒီလောက် သဘောကောင်းနေလဲ ဆိုတာကို သူ နားလည်သွားတယ်၊ ဒီလို မိသားစု ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာရတဲ့ ကောင်မလေး တစ်ယောက်က တကယ့်ကို ကံကောင်းတာပဲလို့ စိတ်ထဲကနေ တွေးလိုက်တယ်။
ထုန်ယောင်က ဝမ်ချွန်း တစ်ယောက်တည်း ကြားရုံ တိုးတိုးလေး ပြောပြတယ်။ "တကယ်တော့ ငါ ငယ်ငယ်တုန်းက နည်းနည်း ဆိုးတယ်။ သူငယ်ချင်းလည်း သိပ်မထားတတ်ဘူး။ အဲဒါကို ငါ့မိဘတွေက အရမ်း စိတ်ပူပြီး တခြားကလေးတွေကို ငါနဲ့ ကစားပေးဖို့ မုန့်တွေ တိတ်တိတ်လေး ပေးပြီး ချော့ရတာ။ အဲဒါကို ငါသိသွားတော့ အဲဒီကလေးတွေနဲ့ ရန်ဖြစ်ရောလေ။ ငါ့အဖေ ပြောပုံအရဆိုရင် ငါ ဒေါသထွက်ပြီဆို မြက်ခင်းပြင်က အရိုင်းစိုင်းဆုံး မြင်းရိုင်းထက်တောင် ယဉ်ပါးအောင် လုပ်ဖို့ ခက်တယ်တဲ့"
အရင်က ခေါင်းမာတဲ့ မြည်းတစ်ကောင်လို ခေါင်းမာခဲ့တာတွေကို ပြန်တွေးမိပြီး၊ အရင်က သူ့ကိုယ်သူ ပြန်ကန်ပစ်ချင်စိတ်တောင် ပေါက်သွားတယ်။ ဒါပေမဲ့ တရားမျှတအောင် ပြောရရင်၊ မူလပိုင်ရှင်က ဒေါသကြီးပေမယ့် သူ့ရဲ့ စံနှုန်းတွေကတော့ ဖြောင့်မတ်ပါတယ်။ သူ ဘယ်တော့မှ ပြဿနာ ဖန်တီးလေ့ မရှိဘူးလေ။
အဲဒါကြောင့်လည်း ယောင်ဟွေးက ကြမ်းတမ်းပုံပေါက်ပေမယ့် သမီးဖြစ်သူကို အမြဲတမ်း အလိုလိုက်ထားတာ။
ဝမ်ချွန်းက ရယ်လိုက်တယ်။ "တကယ် မထင်ရဘူးနော်၊ နင် ငယ်ငယ်က အဲဒီလောက် ဆိုးခဲ့တာလား။ နင်နဲ့ယှဉ်လိုက်တော့ ငါ့ဘဝကြီးက ရုတ်တရက် ပျင်းစရာ ကောင်းသွားသလိုပဲ။ ငါက ငယ်ငယ်ကတည်းက ဒီပုံစံအတိုင်းပဲ နေလာတာ၊ ပုန်ကန်ချင်တဲ့ အရွယ်ဆိုတာတောင် မရှိခဲ့ဘူး"
မိဘတွေ အမြင်မှာတော့ သူက လိမ္မာတဲ့ ကလေးတစ်ယောက်ပေါ့၊ ဒါပေမဲ့ ကျောက်ဝမ်ခိုင်ကို လက်ထပ်တာကလွဲပြီး တခြား စိတ်ဝင်စားစရာ ကောင်းတာ ဘာမှ မလုပ်ခဲ့ဖူးသလို၊ သူ့ကိုယ်ပိုင် အတွေးအခေါ်တွေလည်း သိပ်မရှိခဲ့ဘူးလို့ သူ ခံစားရတယ်။
ထုန်ယောင်က ပြောတယ်။ "ငါသာ နင့်လို အေးအေးဆေးဆေး နေတတ်ရင်၊ ငါ့မိဘတွေက သူတို့ ဘိုးဘွားတွေ ကောင်းချီးပေးလို့ပဲ ဆိုပြီး အရမ်း ဝမ်းသာသွားကြမှာပဲ"
"ငါ့မှာ ဂုဏ်ယူစရာဆိုလို့ ဒီအေးချမ်းတဲ့ စရိုက်လေးပဲ ရှိတာ၊ နင်က စီးပွားရေး လုပ်နိုင်ပေမယ့် ငါက ဘာမှ မလုပ်တတ်ဘူး။ မိသားစုနဲ့ အာခိုင်ကိုသာ ခွဲသွားရရင် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ထင်တယ်"
အရင်ကတော့ ဝမ်ချွန်းက ဒီအကြောင်းကို တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ထုန်ယောင်နဲ့ တွေ့ပြီးမှ သူ့ဘဝမှာ တစ်ခုခု လိုအပ်နေသလို တဖြည်းဖြည်း ခံစားလာရတာ။
အာခိုင့်ကိုပဲ ဗဟိုပြုနေရတဲ့ ဘဝက သူ တကယ် လိုချင်တဲ့ ဘဝမျိုး ဟုတ်ရဲ့လား။
"နင် တကယ် လုပ်ချင်တဲ့ အရာတစ်ခုခု ရှိလို့လား။ ရှိရင်တော့ အာခိုင်က သေချာပေါက် ထောက်ခံပေးမှာပါ" ကျောက်ဝမ်ခိုင်မှာ ပိုက်ဆံ ရှားတာမှ မဟုတ်တာ။ ဝမ်ချွန်း စီးပွားရေး လုပ်ချင်သရွေ့ သူက သေချာပေါက် ထောက်ပံ့ပေးမှာပဲလေ။
"ငါ ပန်းချီဆွဲရတာ ဝါသနာပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျကတည်းက စုတ်တံကို မကိုင်ဖြစ်တော့ဘူး"
ဝမ်ချွန်းက ပန်းချီဆွဲရင် အရမ်း အာရုံစိုက်တတ်ပြီး တစ်ခါတလေ တစ်နေ့လုံး ထိုင်ဆွဲနေတတ်တာ။ သူ့ကို ဂရုမစိုက်ဘူးလို့ ခံစားရလို့ ကျောက်ဝမ်ခိုင်က အကြိမ်အနည်းငယ် ညည်းတွားခဲ့ဖူးတယ်။ ဝမ်ချွန်းလည်း သူ့ကို အားနာသွားတာနဲ့ နောက်ဆုံးတော့ ပန်းချီဆွဲတာကို စွန့်လွှတ်ပြီး အာခိုင့်ကိုပဲ ရွေးချယ်လိုက်တာ။
ဝမ်ယွန်းက နို့လက်ဖက်ရည် နှစ်ခွက် ယူလာပေးရင်း၊ ဝမ်ချွန်းရဲ့ ပန်းချီဝါသနာ အကြောင်း ကြားတော့ ဝင်ပြောတယ်။ "ပန်းချီဆွဲတာက စိတ်တည်ငြိမ်စေဖို့အတွက် အရမ်းကောင်းတဲ့ ဝါသနာတစ်ခုပါ။ ယောင်ယောင် ငယ်ငယ်တုန်းကလည်း သင်ပေးမလို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ သူက ငြိမ်ငြိမ်မထိုင်နိုင်လောက်အောင် ဂနာမငြိမ်ဖြစ်လွန်းလို့ နောက်တော့ လက်လျှော့လိုက်ရတာ"
ထုန်ယောင် ပန်းချီဆွဲနေတဲ့ ပုံစံကို စိတ်ကူးကြည့်ပြီး ဝမ်ချွန်း ရုတ်တရက် ရယ်ချင်သွားတယ်။ တစ်ချိန်တည်းမှာပဲ ပန်းချီဆွဲဖို့ ကိစ္စကို သူ ပြန်စဉ်းစားမိတယ်။ ဒီနှစ်တွေအတွင်း သူ ပျင်းတိုင်း ပန်းချီဆွဲချင်စိတ် ပေါ်လာပေမယ့်၊ အာခိုင့်ကြောင့် အကြိမ်တိုင်း လက်လျှော့ခဲ့ရတာ။
အခု ပြန်တွေးကြည့်တော့ အချိန်ကို သေချာ စီမံနိုင်သရွေ့၊ ပန်းချီဆွဲတာက သူ့ဘဝကို ထိခိုက်စေမှာ မဟုတ်ဘူးလေ။
...
တရုတ်ပြက္ခဒိန် ဆယ့်နှစ်လပိုင်းကို ရောက်လာတော့ မနက်ခင်းတွေမှာ ကျိုတို တစ်မြို့လုံး မြူနှင်းတွေ ထူထပ်နေတယ်။ နှစ်မီတာ သုံးမီတာလောက်ပဲ မြင်ရပြီး ဘေးဘီဝဲယာမှာ လူတွေရဲ့ ခေါင်းတွေကိုပဲ မြင်နေရတာ။ လည်ပင်းမှာ မာဖလာ အထူကြီး ပတ်ထားတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံး အကြီးကြီး နှစ်လုံးပဲ မြင်ရတော့တယ်။ ထုန်ယောင်က လူအုပ်ကြားထဲ တိုးဝှေ့သွားပြီး အရောင်းရုံးကိုတောင် မရောက်သေးခင်မှာပဲ အိမ်တွေ အကုန် ရောင်းကုန်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။
ဒီရလဒ်ကို ကြိုမှန်းထားပြီးသား ဖြစ်ပေမယ့်၊ အိမ်မရလိုက်တာက ထုန်ယောင်ကို တော်တော်လေး စိတ်ပျက်သွားစေတယ်။ သူကိုယ်တိုင် မရလိုက်တာတင် မကဘူး၊ သူ့ကို အိမ်ဝယ်ပေးဖို့ ပိုက်ဆံပေးပြီး ငှားထားတဲ့ လူတောင်မှ မရခဲ့ဘူးလေ။ ထုန်ယောင်ရဲ့ စိတ်အားထက်သန်မှုတွေ ချက်ချင်း လျော့ကျသွားတယ်။
မြို့လယ်ခေါင်က ပထမအသုတ် အိမ်ရာတွေကို သူ မဝယ်နိုင်လိုက်တော့၊ ယွမ်သန်းတစ်ထောင်လောက် ဆုံးရှုံးသွားသလို သူ ခံစားလိုက်ရတယ်။
ဆစ်ချန် အလုပ်က ပြန်ရောက်လာတော့ ထုန်ယောင် စိတ်ပျက်လက်ပျက် ဖြစ်နေတာကို မြင်ပြီး ပြုံးကာ မေးလိုက်တယ်။ "အိမ်မရရင်လည်း ဖြစ်တယ်ဆိုပြီး ကြိုတွေးထားတာ မဟုတ်ဘူးလား။ ဘာလို့ အခုလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ"
ထုန်ယောင်က သူ့ကို ကြည့်လိုက်တယ်။ "ရင်နာလို့ပါ"
အနာဂတ်မှာ အိမ်ခြံမြေ ဈေးတွေ ဘယ်လောက်တောင် ထိုးတက်သွားမလဲ ဆိုတာကို သူ သိထားတဲ့အကြောင်း ရှင်းပြလို့မှ မရတာ။ ဒီနာကျင်မှုကို သူ တစ်ယောက်တည်းပဲ ကျိတ်ခံစားနေရတာလေ။
ဆစ်ချန် မျက်မှောင်လေး ကုတ်သွားပြီး၊ ထုန်ယောင် ဘေးမှာ ဝင်ထိုင်ကာ လေးလေးနက်နက် မေးလိုက်တယ်။ "တခြား နေမကောင်းတဲ့ နေရာ ရှိလို့လား" ပြောရင်းနဲ့ သူက ထုန်ယောင်ရဲ့ သွေးခုန်နှုန်းကိုတောင် စမ်းကြည့်လိုက်သေးတယ်။
ထုန်ယောင်က နှုတ်ခမ်းလေး တွန့်သွားပြီး သူ့လက်ကို ပြန်ရုပ်လိုက်တယ်။ "ခန္ဓာကိုယ်က ဘာမှမဖြစ်ပါဘူး။ အခွင့်အရေး လက်လွတ်သွားလို့ နှမြောနေတာပါ။ အိမ်ခြံမြေ ဈေးတွေက တအား တက်လာတော့မှာလေ။ နောင်ကျမှ တို့တွေ အိမ်ဝယ်ရင် သေချာပေါက် ဒီဈေးနဲ့ ရတော့မှာ မဟုတ်ဘူး"
"အိမ်ဝယ်လို့ မရမှတော့၊ တို့တွေ ဆင်ခြေဖုံးက မြေကွက် နှစ်ကွက်မှာ အိမ်စဆောက်ကြတာပေါ့။ အခု မြို့က ဆင်ခြေဖုံးဘက်ကို တဖြည်းဖြည်း တိုးချဲ့လာနေပြီ။ ပြီးတော့ ကျိုတိုကို လာတဲ့ လူတွေလည်း များလာတယ်။ နေစရာ အိမ်တွေ ရှားပါးနေပြီး လူသစ် တော်တော်များများက ဆင်ခြေဖုံးမှာပဲ အခြေချကြရတာ။ ကျိုတိုရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အရဆိုရင်၊ အဲဒီမှာ တို့တွေ အိမ်ဆောက်လိုက်တာနဲ့ အလွတ်ထားစရာ မလိုဘဲ ချက်ချင်း ငှားလို့ရမှာပဲ။ လူဆိုတာ လိုချင်တာ အကုန်ရဖို့ မဖြစ်နိုင်ဘူးလေ။ ဒီအိမ်တွေကို မဝယ်လိုက်ရတာက ကံဆိုးမသွားဘဲ ကံကောင်းသွားတာလည်း ဖြစ်နိုင်တာပဲ"
ဆစ်ချန်က လက်ရှိ အခြေအနေကို ပေါ့ပေါ့ပါးပါးလေး သုံးသပ်ပြလိုက်တော့ ထုန်ယောင် ဆွံ့အသွားတယ်။ ဆစ်ချန်က ဆေးပညာကိုပဲ အမြဲ အာရုံစိုက်နေတယ်လို့ ထင်ခဲ့တာ၊ ဒီကိစ္စတွေအပေါ် ဒီလောက်တောင် ထိုးထွင်းသိမြင်မှု ရှိနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဆစ်ချန်က ကုဟုန်ဝေလိုပဲ ဉာဏ်ထက်မြက်တယ် ဆိုတာကို ထုန်ယောင် ရုတ်တရက် သဘောပေါက်သွားတယ်။ သူတို့က ပုံမှန်ဆို စကားနည်းပေမယ့်၊ အမြဲတမ်း တိတိကျကျ တွက်ချက်နေတတ်ကြတာ။
တွေးကြည့်တော့လည်း ယုတ္တိရှိပါတယ်။ သူတို့ နှစ်ယောက်လုံးက အနာဂတ်မှာ အောင်မြင်မယ့်သူတွေ ဆိုတော့၊ သေချာပေါက် သူတို့ဆီမှာ အရည်အချင်းတွေ အများကြီး ရှိနေမှာပေါ့။ ဒီအချိန်က ပိုက်ဆံ လွယ်လွယ်ကူကူ ကောက်လို့ရတဲ့ အချိန်လို့ ပြောကြပေမယ့်၊ ကောင်းမွန်တဲ့ အသိဉာဏ် မရှိရင် ပိုက်ဆံ အများကြီး ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။
သူက အနာဂတ်ကနေ ရောက်လာလို့ အားသာချက် ရှိနေတာ၊ ဒါပေမဲ့ ဆစ်ချန်နဲ့ ကုဟုန်ဝေတို့ကတော့ သူတို့ကိုယ်ပိုင် အရည်အချင်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာလေ။ သေချာတာကတော့ သူတို့ရဲ့ အမြင်တွေက သူ့ထက် ကျဉ်းမြောင်းနေမှာ မဟုတ်ဘူး။
အဲဒီအချိန်ကျမှ ထုန်ယောင် သဘောပေါက်သွားတယ်၊ သူကသာ လူရွှင်တော် ဖြစ်နေတာကို။
ဒီနှစ်ယောက်က လူယောင်ဖန်ဆင်းထားတဲ့ မြေခွေးအိုကြီးတွေပဲ။
အချိန်တိုလေး အတွင်းမှာပဲ ထုန်ယောင်ရဲ့ မျက်နှာပေါ်မှာ မတူညီတဲ့ အမူအရာ တချို့ ဖြတ်ပြေးသွားတယ်။ ဆစ်ချန်က သူ့ကို ကြည့်ပြီး နှုတ်ခမ်းလေး ကွေးတက်သွားတယ်။ "ဘာတွေ တွေးနေတာလဲ"
သူ့ကို မြေခွေးအိုကြီးလို့ တွေးနေတာ ဆိုပေမယ့်၊ ထုန်ယောင်က အဲဒီလို တိုက်ရိုက်တော့ ဘယ်ပြောပါ့မလဲ။ အဲဒီအစား သူ့ကို ရေမြန်မြန် သွားချိုးဖို့ တိုက်တွန်းလိုက်တယ်။ "ကျွန်မ သတင်းကြည့်ချင်လို့၊ မြန်မြန် သွားရေချိုးတော့"
တီဗီ ဖွင့်လိုက်တော့ လူသတ်မှု သတင်းတစ်ခု လာနေတယ်။ ရဲတွေက အဲဒီအမှုနဲ့ ပတ်သက်တဲ့ မျက်မြင်သက်သေတွေကို လိုက်ရှာနေတာ။
သေဆုံးသူက အသက် လေးဆယ်အရွယ် ခပ်ဝဝ အမျိုးသမီး တစ်ယောက်။ သူ့အလောင်းကို ဆင်ခြေဖုံးက ခုံးကျော်တံတား အောက်မှာ စွန့်ပစ်ထားတာကို အိမ်ခြေရာမဲ့ တစ်ယောက်က တွေ့သွားတာ။ သေစေနိုင်တဲ့ ဒဏ်ရာက ခေါင်းမှာ ရထားတာ...
အပိုင်း ( ၃၇၄ ) ပြီးဆုံး
***