သူမယောက်ျား ဆေးရုံတက်ရကတည်းက သားဖြစ်သူက အရူးတစ်ယောက်လို ပြုမူနေပြီး၊ ရက်အနည်းငယ်ခြားတစ်ခါ နေမကောင်း ဖြစ်နေတော့တယ်။ သားဖြစ်သူရဲ့ လုပ်ရပ်တွေကြောင့် သူမကိုယ်တိုင်လည်း ဖျားချင်တဲ့အထိကို ပင်ပန်းနွမ်းနယ်နေရပြီ။
ကျောက်ဝမ်ယွီက စိတ်ပျက်လက်ပျက်နဲ့ ခြေဆောင့်လိုက်တယ်။ "အမေ... ဘယ်လိုလုပ် အဲဒီလောက် အေးဆေးနေနိုင်ရတာလဲ။ အခု ကျောက်ဝမ်ခိုင်က သူ့ရှယ်ယာတွေ ရောင်းလိုက်ပြီဆိုတော့ ကုမ္ပဏီကို အပြင်လူတွေက ကြီးစိုးသွားပြီ။ အဖေသာ သတိမရလာရင် ကုမ္ပဏီက ကျောက်မိသားစုနဲ့ ဘာမှသက်ဆိုင်တော့မှာ မဟုတ်ဘူး"
ဒီအကြောင်း ပြောရရင် ဖန်ရှုကျင်းလည်း မယုံနိုင်အောင် ဖြစ်နေတာ။ မနေ့ညက သတင်းမှာ မတွေ့လိုက်ရရင်၊ သူ့တူက ကုမ္ပဏီရှယ်ယာတွေ တကယ် ရောင်းလိုက်တယ်ဆိုတာ သူ သိမှာတောင် မဟုတ်ဘူး။
ဒီလောက် အရေးကြီးတဲ့ ကိစ္စကြီးကို၊ သူနဲ့ တိုင်ပင်တာမျိုး မရှိတဲ့အပြင် အရိပ်အမြွက်လေးတောင် မပြောခဲ့ဘူးလေ။
သူ့တူက မကောင်းတဲ့ အကြံအစည်တွေ ရှိနေတယ်ဆိုတာ ဖန်ရှုကျင်း သိပေမယ့်၊ ဘာမှတော့ မလုပ်တတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက စီးပွားရေး အမြင်မရှိတဲ့ စစ်မှန်တဲ့ အိမ်ရှင်မ တစ်ယောက် သက်သက်ပဲလေ။
"အခု တို့တွေ ဘာလုပ်ကြမလဲ"
ကျောက်ဝမ်ယွီ ဘာလုပ်ရမှန်း မသိတော့ဘူး။ အသက်ရှူစက်နဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျောက်ရုံဝေကို ကြည့်ပြီး သူက ညည်းတွားလိုက်တယ်။ "အဖေက အခု သေလည်းမသေ၊ ရှင်လည်းမရှင်တဲ့ အခြေအနေမျိုး ဖြစ်နေတာ။ ဘာမှလည်း ကိုင်တွယ်ဖြေရှင်းလို့ မရသလို၊ ရှယ်ယာတွေကိုလည်း ကျွန်တော့်နာမည် ပြောင်းမပေးသွားဘူး။ ကုမ္ပဏီက ရှယ်ယာရှင်တွေကလည်း ကျွန်တော့်ကို အရာမသွင်းကြဘူး။ သူတို့အမြင်မှာ ကျွန်တော်က ဘာမှမဟုတ်ဘူး"
ကျောက်ဝမ်ခိုင် ရှေ့မှာတော့ ကျောက်ဝမ်ခိုင်က သူ့ဝမ်းကွဲအစ်ကို ဖြစ်နေလို့ သူ ပြဿနာရှာရဲ၊ အော်ဟစ်ရဲတာပေါ့။ ဒါပေမဲ့ ကုမ္ပဏီက ရှယ်ယာရှင်တွေ အမြင်မှာကျတော့ သူက ဘာမှ အရေးမပါဘူးလေ။
အခုလောလောဆယ် စွန်းချန်ရွှယ်က ကုမ္ပဏီကို လွှဲပြောင်းရယူထားပြီး စာရင်းဇယားတွေကို ရှင်းလင်းနေတဲ့ အချိန်။
သူ့အတွက်တော့ ကုမ္ပဏီမှာ သူက အလကားနေတဲ့ သူတစ်ယောက်လိုပဲ။ သူ့မိသားစုက ရှယ်ယာအများဆုံး ပိုင်ရှင် ဖြစ်နေပေမယ့်လည်း၊ အငယ်တန်း ဝန်ထမ်းလေး တစ်ယောက်ကတောင် သူ့ကို တန်ဖိုးမထားကြဘူး။ ဘာလို့ သူက ဒီလို အရှက်တကွဲ ဖြစ်မှုကို ခံစားနေရမှာလဲ။
"ဒါပေမဲ့ နင့်အဖေက အခုလောလောဆယ် သတိရလာနိုင်ဦးမှာ မဟုတ်ဘူးလေ" စိုးရိမ်ပူပန်မှုတွေနဲ့ ဖန်ရှုကျင်းက ခေါင်းစားခံ စဉ်းစားပေမယ့် ဘာဖြေရှင်းနည်းမှ ထွက်မလာဘူး။
ကျောက်ဝမ်ယွီက ကျောက်ရုံဝေကို ကြည့်လိုက်တယ်။ သူ့ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာပေမယ့် အသံထွက်တော့ မပြောရဲဘူး။ ကုတင်ပေါ်မှာ လဲနေတဲ့သူက သူ့အဖေအရင်းလေ။ အခြေအနေတွေ အဲဒီလောက် ဆိုးရွားမသွားသရွေ့တော့ ဒီခြေလှမ်းကို သူ မလှမ်းချင်ဘူး။
အဲဒီအချိန်မှာ ကျောက်ရုံဝေကို အားဆေးသွင်းပေးနေတဲ့ လင်းမန်က တိတ်တိတ်လေး ဝင်ပြောလိုက်တယ်။ "သတိလစ်နေတဲ့သူ တစ်ယောက် သတိပြန်ရလာဖို့ ဖြစ်နိုင်ခြေက အရမ်းကို နည်းပါတယ်။ သတိရလာရင်တောင် အပြည့်အဝ ပြန်ကောင်းလာဖို့ မလွယ်ဘူး။ ဆေးပညာ မှတ်တမ်းတွေအရ သတိလစ်နေတဲ့သူတွေ ပြန်သတိရလာတဲ့အခါ၊ ယေဘုယျအားဖြင့် မှတ်ဉာဏ်ချို့ယွင်းသွားသလိုမျိုး ဖြစ်သွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် စောင့်ရှောက်နိုင်စွမ်း မရှိတော့ဘူး..."
ဒီစကားကို ကြားတော့ ဖန်ရှုကျင်း မျက်လုံးရှေ့မှာ ပြာဝေသွားပြီး သတိလစ်မတတ် ဖြစ်သွားတယ်။ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ သူမက မေးလိုက်တယ်။ "သမီး ဆိုလိုတာက၊ ငါ့ယောက်ျား သတိရလာရင်တောင် ကုမ္ပဏီကို ကိုင်တွယ်နိုင်တော့မှာ မဟုတ်ဘူးပေါ့"
"အဲဒီလို ဖြစ်ဖို့က ပိုများပါတယ်" လို့ လင်းမန်က ပြန်ဖြေတယ်။
ဒီသတင်းက ဖန်ရှုကျင်းတို့ သားအမိရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို လုံးဝ ရိုက်ချိုးပစ်လိုက်တာပဲ။ ကုတင်ပေါ်မှာ သတိလစ်နေတဲ့ ကျောက်ရုံဝေကို ကြည့်ရင်း ကျောက်ဝမ်ယွီက လက်သီးကို ဆုပ်ကာ သွားကြိတ်လိုက်တယ်။
"အမေ... အဖေ့အတွက် ဆေးကုသမှုကို ရပ်လိုက်ကြရအောင်" လို့ သူက အကြံပြုလိုက်တယ်။
ဒါကို ကြားတော့ ဖန်ရှုကျင်းက မသိစိတ်ကနေ ဒေါသတကြီး ပြန်အော်လိုက်တယ်။ "နင် ဘာတွေ အဓိပ္ပာယ်မရှိတာ လျှောက်ပြောနေတာလဲ။ နင့်အဖေအရင်းက ကုတင်ပေါ်မှာ လဲနေတာလေ။ တို့တွေ ပိုက်ဆံလိုနေတာမှ မဟုတ်တာ။ ဘယ်လိုလုပ် ဒီလို ပုန်ကန်တဲ့ အတွေးမျိုး တွေးရက်တာလဲ..."
"သူက ကျွန်တော့် အဖေအရင်းမှန်း သိပါတယ်။" ဒီဆုံးဖြတ်ချက်ကို ချရတာ ကျောက်ဝမ်ယွီအတွက် အရမ်းကို နာကျင်ရပေမယ့်၊ သူ့မှာ တခြား ရွေးချယ်စရာ မရှိဘူး။ "အသက်ရှူစက်နဲ့ အသက်ရှူနေရတာကလွဲရင် အခု အဖေနဲ့ သေနေတဲ့ လူတစ်ယောက်နဲ့ ဘာကွာတော့လို့လဲ။ သူ့ကို ကုလို့ရမယ်ဆိုရင် သေချာပေါက် ကောင်းစေချင်တာပေါ့။ ဒါပေမဲ့ ခုနက အမေ ကြားတဲ့အတိုင်းပဲ၊ သူ သတိရလာနိုင်ခြေက အရမ်း နည်းတယ်။ သတိရလာရင်တောင် သူက ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်နေဦးမှာပဲ"
ကျောက်ဝမ်ယွီက စကားပြောရင်းနဲ့ ဒေါသတွေ ပိုထွက်လာတယ်။ ဒေါသထွက်နေတဲ့ သားရဲတစ်ကောင်လို သူ့မျက်လုံးတွေက နီရဲနေတယ်။ "အခု ကုမ္ပဏီရဲ့ အခြေအနေကို အမေလည်း သိတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် သိပ်မကြာခင် ကုမ္ပဏီက တခြားသူ့လက်ထဲ ရောက်သွားတော့မယ်။ ဆေးကုသမှုကို စွန့်လွှတ်လိုက်မှသာ အဖေ့ရှယ်ယာတွေကို တရားဝင် အမွေဆက်ခံခွင့်ရပြီး ကုမ္ပဏီကို ပြန်လွှဲယူနိုင်မှာ"
သားဖြစ်သူ ပြောတာ အမှန်ဆိုတာကို ဖန်ရှုကျင်း သိတယ်။ ဒါပေမဲ့ သူ့ရဲ့ တွန့်ဆုတ်မှုက အိပ်ရာထဲ လဲနေတဲ့သူ၊ သူမနဲ့ အိမ်ထောင်သက် အနှစ်နှစ်ဆယ်ကျော် ရှိနေပြီဖြစ်တဲ့သူနဲ့ ပတ်သက်နေတာလေ။ သူ့ကို စွန့်ပစ်ဖို့ သူမ စိတ်မဒုံးဖြတ်နိုင်ဘဲ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောတယ်။
"နင့်အဖေမှာ ရှယ်ယာတွေ ရှိတယ်။ ကုမ္ပဏီကို တခြားသူတွေ စီမံခန့်ခွဲနေရင်တောင်၊ တို့တွေက နှစ်တိုင်း ပိုက်ဆံ အများကြီး ရနေဦးမှာပဲ။ ဥက္ကဋ္ဌ ရာထူးကို ရရ မရရ ဘာများ အရေးကြီးလို့လဲ..."
စိတ်ပျက်သွားတဲ့ ကျောက်ဝမ်ယွီက သူမ စကားကို ဖြတ်ပြောလိုက်တယ်။ "ကျောက်ဝမ်ခိုင်က ရုတ်တရက်ကြီး ရှယ်ယာတွေ ရောင်းလိုက်တာက၊ ကုမ္ပဏီက အကျိုးအမြတ်တွေကို သူ အကုန် စုပ်ယူသွားလို့ ဖြစ်နိုင်တယ်။ အခုချက်ချင်းသာ ကုမ္ပဏီကို ကျွန်တော် ပြန်မယူရင်၊ တို့တွေ အကြွေးပုံကြီးပိုက်ပြီး ကျန်ခဲ့ရလိမ့်မယ်"
အစကတော့ ကျောက်ဝမ်ယွီက ဒီအတွေးတွေကို ထုတ်ပြောဖို့ တွန့်ဆုတ်နေခဲ့တာ။ ဒါပေမဲ့ အခု စကားလွန်သွားပြီ ဆိုတော့ သူ စိတ်ပိုင်းဖြတ်လိုက်ပြီ။ ဆေးကုသမှုကို စွန့်လွှတ်ဖို့ သူ့အမေကို မဖြစ်မနေ ဖျောင်းဖျရမယ်။
မဟုတ်ရင် သူ့အဖေ သတိရလာပြီး ဆေးကုသမှုကို စွန့်လွှတ်ဖို့ သူ အကြံပြုခဲ့တယ် ဆိုတာကို သိသွားရင် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပဲ။
ဒီအချက်ကို တွေးမိတော့ ကျောက်ဝမ်ယွီက စိတ်ကို ခိုင်ခိုင်ထားပြီး ကျောက်ရုံဝေရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ချလိုက်တယ်။ "အမေက အဖေနဲ့ အမေ ဆက်ဆံရေး ကောင်းတယ်လို့ ထင်နေတာလား။ ရိုးရိုးသားသား ပြောရရင် သူက အမေ့အပေါ် ဘယ်တုန်းကမှ မကောင်းခဲ့ဘူး။ အမေကသာ မသိခဲ့တာ။ သူက ကုမ္ပဏီက အတွင်းရေးမှူးမနဲ့ ဖောက်ပြန်နေတာ။ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ။ အဲဒီတုန်းက အမေ့ကို ပြောပြချင်ပေမယ့် အမေ ခံနိုင်ရည် မရှိမှာစိုးလို့။ သူ အခု ယာဉ်တိုက်မှု ဖြစ်တာကလည်း အဲဒီမိန်းမကို သွားကြိုလို့ ဖြစ်တာ"
"သူက အမေ့ကွယ်ရာမှာ အဲဒီမိန်းမကို အဆင့်မြင့် နေရာတွေကို အမြဲ ခေါ်သွားပြီး ဖောက်သည်တွေနဲ့တောင် အတူတူ သွားတွေ့ကြသေးတယ်။ သူက အမေ့ကို လျှို့ဝှက်ထားတာ။ ကျွန်တော်သာ ကြီးပြင်းမလာခဲ့ရင်၊ သူ့ရဲ့ မိန်းမတွေက အခုဆို ကလေးတွေ အများကြီး ထပ်မွေးပြီးနေလောက်ပြီ"
"နင့်... နင့်အဖေက အပြင်မှာ မိန်းမထားတယ် ဟုတ်လား" ဖန်ရှုကျင်း ခြေထောက်တွေ ခွေယိုင်ကျသွားမတတ် တုန်လှုပ်သွားတယ်။
"အမေ့ကို ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ။ ကုမ္ပဏီက လူတိုင်း သိတယ်လေ။ အမေ တစ်ယောက်တည်းကသာ သူ့ကို ယုံကြည်ပြီး သူ့လုပ်ရပ်တွေကို သံသယ မဝင်ခဲ့တာ" ဒါတွေ အားလုံးက အမှန်တွေချည်းပဲ။ ကျောက်ဝမ်ယွီက ကျောက်ရုံဝေရဲ့ ဖိနှိပ်မှုကို အမြဲ ခံခဲ့ရတာ။ လုပ်ပိုင်ခွင့် နည်းပါးတော့ ဖခင်ရဲ့ ကိစ္စတွေကို သူ ဝင်မစွက်ဖက်ရဲခဲ့ဘူး။ အခု ဖခင်ဖြစ်သူ အိပ်ရာပေါ် လဲနေတော့မှ သူက အိမ်မှာ ဩဇာအာဏာ အရှိဆုံးသူ ဖြစ်လာတာ။
အခု ကျောက်ဝမ်ခိုင် မရှိတော့ဘူး ဆိုတော့၊ သူသာ ရှယ်ယာတွေကို ရလိုက်ရင် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီး ကုမ္ပဏီက လူတိုင်း သူ့အမိန့်ကို နာခံရတော့မှာ။
မိဘတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်က အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ကုမ္ပဏီကို စီမံအုပ်ချုပ်တဲ့ နေရာမှာ ကျောက်ဝမ်ခိုင်ထက် မညံ့ဘူးဆိုတာကို သက်သေပြဖို့ ကျောက်ဝမ်ယွီ မစောင့်နိုင်တော့ဘူး။
"ဒီအဘိုးကြီး၊ ငါက နင့်ကို ဒီလောက် ယုံကြည်ခဲ့တာကို၊ ငါ့ကွယ်ရာမှာ နင်က ဒီလိုကိစ္စတွေ လုပ်ခဲ့တယ်ပေါ့။ နင့်ကို ငါ ကျိန်စာတိုက်တယ်" ဒေါသထွက်သွားတဲ့ ဖန်ရှုကျင်းက ကျောက်ရုံဝေ လဲနေတဲ့ ကုတင်ကို ထုရိုက်တော့တယ်။ သူမက မိသားစု အဆင်ပြေအောင် မနားမနေ ကြိုးစားခဲ့ရတာကို သူက သူမကို လိမ်ညာရဲတယ်ပေါ့။
"အန်တီကျောက်... အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့" လင်းမန်က ဖန်ရှုကျင်းကို ဘေးကို အမြန်ဆွဲထုတ်လိုက်တယ်။
ကျောက်ဝမ်ယွီလည်း သူ့ကို ထူပေးဖို့ ရှေ့တိုးလာတယ်။ "အမေ... အခု အဖေ ဘယ်လိုလူမျိုးလဲ ဆိုတာကို အမေ သိသွားပြီ မဟုတ်လား။ ဒီလောကမှာ ကိုယ့်သားအရင်းကလွဲပြီး ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ကျွန်တော်တို့ကြားက သွေးသားတော်စပ်မှုက ဘယ်တော့မှ ဖြတ်တောက်လို့ မရဘူး။ ကျွန်တော်သာ အဖေ့ရှယ်ယာတွေကို အမွေဆက်ခံလိုက်ရင်၊ ကျွန်တော်တို့ ဘဝတွေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"
သူက ကုတင်ပေါ်က ကျောက်ရုံဝေကို တစ်ချက် ကြည့်လိုက်တယ်။ "အဖေက အမေ့အပေါ် အရင် မှားခဲ့တာ။ ကျွန်တော် အကုန် မြင်ခဲ့တယ်။ အဖေ သေသွားတဲ့ ကိစ္စတွေ ရှင်းလင်းပြီးသွားရင် အမေက တစ်ကိုယ်တည်း ဖြစ်သွားပြီ။ တို့မိသားစုက ပိုက်ဆံချမ်းသာတယ်။ အမေ ဘယ်လို အဖော်မျိုး ရှာလို့မရတာ ရှိလို့လဲ။ အဖေတောင် ငယ်ငယ်ချောချောလေးတွေ ရှာနိုင်တာ အမေက ဘာလို့ ရှာလို့ မရရမှာလဲ"
လင်းမန် အဲဒီမှာ ရှိနေသေးတာကို သတိထားမိသွားတော့ ဖန်ရှုကျင်းက သားဖြစ်သူကို ဒေါသတကြီး ရိုက်လိုက်ပြီး ဆူတယ်။ "နင် ဘာတွေ အဓိပ္ပာယ်မရှိတာ လျှောက်ပြောနေတာလဲ" သူ့ယောက်ျားက အသက်ရှင်နေသေးတာကို။
သားအမိ နှစ်ယောက်ရဲ့ စကားပြောဆိုမှု တစ်လျှောက်လုံးမှာ လင်းမန်က ဒီမိသားစုအပေါ် ရွံရှာတဲ့ ခံစားချက်ကလွဲပြီး ဘာမှ မခံစားရဘူး။ ကျောက်ဝမ်ခိုင်က ကျောက်ဝမ်ယွီကို ဒီလောက် လွယ်လွယ်ကူကူ ကစားနိုင်တာ မဆန်းပါဘူး။ ကျောက်ဝမ်ယွီရဲ့ ဉာဏ်ရည်အဆင့်အတန်းက ကျောက်ဝမ်ခိုင်ရဲ့ ဖိနပ်ကိုတောင် ကိုင်ပေးဖို့ မတန်ဘူးလေ။
ဒါက သူ ကျောက်ဝမ်ခိုင် နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ။ ဒီလို တုံးအတဲ့ ယောကျ်ားမျိုးနဲ့ တစ်သက်လုံး နေရမယ်ဆိုရင်၊ သူမ သီလရှင် သွားဝတ်တာကမှ ပိုကောင်းဦးမယ်။
သူမ ဘာအားစိုက်ထုတ်မှုမှ မလုပ်ရသေးခင်မှာပဲ၊ ကျောက်ဝမ်ယွီက ဆေးကုသမှုကို စွန့်လွှတ်ဖို့ အကြံပြုဖို့ အဆင်သင့် ဖြစ်နေပြီလေ။
အပိုင်း ( ၃၇၆ ) ပြီးဆုံး
***