ဖန်ရှုကျင်းက တွန့်ဆုတ်နေပြီး ဆုံးဖြတ်ချက် မချနိုင်သေးတာကို မြင်တော့ ကျောက်ဝမ်ယွီက တိုက်တွန်းတော့တယ်။ "မေမေ... ဝေခွဲမရ ဖြစ်မနေပါနဲ့တော့။ အဖေကို အရင် အိမ်ပြန်ခေါ်သွားပြီး သူ့ကို ပြုစုဖို့ ကလေးထိန်း တစ်ယောက် ငှားလိုက်ကြရအောင်။ နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ သူ့ကံတရားအတိုင်းပဲပေါ့"
သူ အသက်ရှင်မလား၊ သေမလား ဆိုတာက သူ့ကံအပေါ်မှာပဲ မူတည်တယ်။ ဆေးရုံမှာ အတင်းအကျပ် အသက်ဆက်ခိုင်းထားတာကလည်း နှိပ်စက်တာ တစ်မျိုးပါပဲလေ။
ဖန်ရှုကျင်းက ကျောက်ရုံဝေကို ခဏလောက် စိုက်ကြည့်နေပြီး၊ သားဖြစ်သူ ခုနက ပြောသွားတဲ့ စကားတွေကို ပြန်တွေးကာ ဒေါသတကြီးနဲ့ သွားကြိတ်ပြီး ပြောလိုက်တယ်။ "ကောင်းပြီ... ဒီကိစ္စကို နင့်အလိုအတိုင်းပဲ လုပ်တော့"
သူ့ယောက်ျား မတော်တဆဖြစ်ကတည်းက ဖန်ရှုကျင်းက ကုတင်ဘေးမှာ နေ့တိုင်း မနားမနေ ပြုစုပေးခဲ့တာ၊ ဇနီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ အကုန်လုံးကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ယောက်ျားက အတွင်းရေးမှူးမနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ အချက်ကို သိလိုက်ရတော့ သူ လုံးဝ အေးစက်သွားခဲ့ပြီ။ သူ့အားအင်တွေ အကုန်လုံး အစုပ်ထုတ်ခံလိုက်ရသလို ခံစားရပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့တာပဲ။
ဒီဆေးရုံမှာ နောက်ထပ် တစ်စက္ကန့်လေးတောင် သူ ဆက်မနေချင်တော့ဘူး။
သူ့သား ပြောတာ မှန်ပါတယ်။ သူ့ယောက်ျားသာ သတိရလာရင်လည်း ကုတင်ပေါ်မှာ လဲနေတဲ့ သူ့ကို သူကပဲ တစ်နေကုန် ပြုစုနေရဦးမှာလေ။ အဲဒီအစား သေသွားတာကမှ ပိုကောင်းဦးမယ်။ ဒီယာဉ်တိုက်မှုက သူ့အတွက် ဝဋ်လည်တာလည်း ဖြစ်နိုင်တာပဲ။
ဆေးကုသမှုကို စွန့်လွှတ်ဖို့ ဖန်ရှုကျင်း သဘောတူလိုက်တာကို ကြားတော့ ကျောက်ဝမ်ယွီ စိတ်အေးသွားပြီး လင်းမန်ကိုတောင် ကြည့်ရတာ အရင်ကထက် ပိုအဆင်ပြေသွားသလို ခံစားလိုက်ရတယ်။ သူက မေးစေ့ကို မော့ပြီး ပြောလိုက်တယ်။ "စကားပြောတတ်သားပဲ"
"ကျွန်မက အမှန်တရားကိုပဲ ပြောတာပါ" လင်းမန်က သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီး လူနာခန်းထဲကနေ ထွက်သွားတယ်။
အခန်းထဲမှာ ကျောက်ဝမ်ယွီ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ကုတင်ပေါ်မှာ လဲနေတဲ့ ကျောက်ရုံဝေကို ကြည့်ပြီး သူ ရုတ်တရက် ကြောက်စိတ် ဝင်လာကာ ထွက်ပြေးချင်စိတ် ပေါက်သွားတယ်။ သူ့အဖေက သူတို့ စောစောက ပြောခဲ့တဲ့ စကားတွေကို ကြားနေရသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်ကြီး ခံစားနေရတာလေ။
သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။ "အဖေ... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ကျွန်တော်လည်း ဆေးကုသမှုကို မရပ်ချင်ပါဘူး။ ဒါပေမဲ့ အခု အခြေအနေကို အဖေလည်း သိတာပဲ။ ဒီအတိုင်းသာ အချိန်ဆွဲနေရင် ကုမ္ပဏီက ပြိုကွဲသွားတော့မှာ။ တို့တွေ ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းကြီး ပျက်စီးသွားတာကို အဖေလည်း မလိုလားဘူး မဟုတ်လား။ အဖေ ကျွန်တော့်စကားကို ကြားနေရတယ်ဆိုရင် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ အမြန်ဆုံးပဲ လူပြန်ဝင်စားလိုက်ပါတော့။ နောင်ကျရင် အဖေ့အတွက် စက္ကူပိုက်ဆံတွေ အများကြီး သေချာပေါက် အမျှဝေပေးပါ့မယ်၊ ပြီးတော့ အဖေ့အတွင်းရေးမှူးမလို စက္ကူအရုပ်လေး တစ်ရုပ်လည်း ထည့်ပေးလိုက်မယ်လေ။ အဖေ အဲဒီကောင်မလေးကို တကယ် သဘောကျမှန်း ကျွန်တော် သိပါတယ်"
ကိုယ့်ဘာသာ စကားတွေ အကြာကြီး ပြောနေပေမယ့် ကျောက်ဝမ်ယွီရဲ့ ကြောက်စိတ်က ပြေမသွားဘူး။ လူနာခန်းတစ်ခုလုံးက နိမိတ်မကောင်းသလိုနဲ့ ခြောက်ခြားစရာ ကောင်းနေတယ်လို့ သူ ခံစားနေရတာ။ ဆက်မနေရဲတော့တာနဲ့ ကျောက်ရုံဝေကို ဆေးရုံက ဆင်းဖို့အတွက် လိုအပ်တာတွေကို အမြန် သွားလုပ်တော့တယ်။
ကျောက်ဝမ်ယွီက ကျောက်ရုံဝေကို ဆေးရုံက ဆင်းချင်တယ်ဆိုတာ သိတော့ ဆစ်ချန် မအံ့သြပါဘူး။ ဒီလို ချမ်းသာတဲ့ မိသားစုတွေအတွက်ကတော့ သူတို့ရဲ့ ဆွေမျိုးတွေအတွက် ကိုယ်ပိုင် ဆရာဝန် ငှားတာမျိုးက လုံးဝ ဖြစ်နိုင်တဲ့ ကိစ္စလေ။ အခု လူနာက အခြေအနေ တည်ငြိမ်နေပြီဆိုတော့ အိမ်ပြန်ပြီး ပြုစုလို့ ရနေပါပြီ။ ဘာပဲဖြစ်ဖြစ် သူ ဘယ်တော့ သတိရလာမလဲ ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ဘူးလေ။
သူက ဆေးရုံဆင်းပြီးနောက် သတိထားရမယ့် အချက်တွေနဲ့ ကျောက်ရုံဝေရဲ့ လက်ရှိ အခြေအနေကို ကျောက်ဝမ်ယွီကို သတိပေးပေမယ့်၊ စကားမဆုံးသေးခင်မှာပဲ ကျောက်ဝမ်ယွီက စိတ်မရှည်စွာနဲ့ ဖြတ်ပြောလိုက်တယ်။ "ခင်ဗျားမှာ တကယ် အရည်အချင်း ရှိရင် ငါ့အဖေကို သတိရလာအောင် လုပ်ပြလေ။ သတိရလာအောင် မလုပ်ပေးနိုင်ရင်တော့ အစွမ်းထက်တဲ့ ဆရာဝန်ကြီးလို ဟန်ဆောင်မနေနဲ့။ သူ့ကို ပြုစုဖို့ ပိုတော်တဲ့ ဆရာဝန်တစ်ယောက် ငါ ရှာလိုက်မယ်။ ခင်ဗျားအတွက်ကတော့ ငါ တရားမစွဲတာကိုပဲ ကျေးဇူးတင်လိုက်ဦး"
အဲဒီလို ပြောပြီးတာနဲ့ သူက ဆစ်ချန်ကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်သွားတယ်။
စုတ်ပြတ်သတ်နေတဲ့ ဆေးရုံ၊ ညံ့ဖျင်းတဲ့ ဆရာဝန်နဲ့ ကုသခံခဲ့ရတာပဲ။ တခြားဆေးရုံ ပြောင်းဖို့ ကျောက်ဝမ်ခိုင် အကြံပေးတုန်းက နားထောင်ခဲ့သင့်တာ။ ဆေးရုံပြောင်းတာ နောက်ကျလို့ အဖေသာ အဲဒီနေ့က သေသွားခဲ့ရင် အခုလို ကိစ္စတွေ ရှုပ်ထွေးနေမှာ မဟုတ်ဘူး။
အခု အဖေကို အိမ်ပြန်ခေါ်သွားရင်တောင်မှ အဖေက ဘယ်လောက်ကြာကြာ ခံဦးမလဲ သူ မသိဘူး။ ရှယ်ယာတွေကို လွှဲယူဖို့ကလည်း လွယ်တာ မဟုတ်ဘူးလေ။
ကျောက်ဝမ်ယွီက ကျောက်ရုံဝေအတွက် ဆေးရုံဆင်းတဲ့ ကိစ္စတွေ ပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ၊ လင်းမန်ကလည်း အလုပ်ထွက်စာ တင်ပြီး အိမ်ပြန်သွားတယ်။ လမ်းမှာ သူက ကျောက်ဝမ်ခိုင်ရဲ့ ကုမ္ပဏီကို ဖုန်းဆက်ပြီး ကျောက်ရုံဝေ ဆေးရုံက ဆင်းသွားတဲ့ အကြောင်း သတင်းပို့လိုက်တယ်။
ကျောက်ဝမ်ခိုင်ကတော့ ဒီသတင်းကို ကြားရတာ မအံ့သြတဲ့ပုံပဲ။ သူ့နှုတ်ခမ်းထောင့်မှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာတယ်။ "ကောင်းပြီ။ အိမ်မှာ ရက်နည်းနည်းလောက် အနားယူလိုက်ဦး။ မင်းအတွက် အလုပ်ကို ငါ စီစဉ်ပေးပါ့မယ်"
လင်းမန် စိတ်မအေး ဖြစ်သွားတယ်။ "ကျွန်မ ရှင့်ကုမ္ပဏီမှာ ဘယ်တော့ အလုပ်ဝင်လို့ ရမလဲဟင်" သူက အလုပ်ကလည်း ထွက်လိုက်ပြီ၊ ကျောက်ဝမ်ခိုင် ခိုင်းတဲ့ အလုပ်ကိုလည်း ပြီးမြောက်အောင် လုပ်ပေးခဲ့ပြီလေ။ အခု သူ့မှာ အသုံးချစရာ တန်ဖိုး မရှိတော့သလို သူ ခံစားနေရတာ။ ကျောက်ဝမ်ခိုင်သာ သူ့ကို အခု ဖယ်ထုတ်ပစ်လိုက်မယ် ဆိုရင် သူ လုံးဝကို အားကိုးရာမဲ့သွားမှာ။
သူက ဝမ်ချွန်းဆီ သွားပြီး ပြဿနာရှာရင်တောင်မှ သူ့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ကျောက်ဝမ်ခိုင်ကလည်း သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးလေ။
ကျောက်ဝမ်ခိုင်ကို ထိန်းချုပ်နိုင်မယ့် ဘာလက်နက်မှ သူ့မှာ မရှိဘူးဆိုတာ လင်းမန် သဘောပေါက်သွားတယ်။
ကျောက်ဝမ်ခိုင်က မေးခွန်းတစ်ခုနဲ့ ပြန်ဖြေတယ်။ "မင်း ဘာလို့ တတိယဆေးရုံကနေ ထွက်ပြီး ပထမဆေးရုံကို ပြောင်းလာတာလဲ"
လင်းမန် ခဏလောက် ပြာယာခတ်သွားပြီး လိမ်ပြောမလို့ လုပ်ပေမယ့်၊ ကျောက်ဝမ်ခိုင်က အရင်ဦးအောင် ပြောလိုက်တယ်။ "ဆစ်ချန်ကြောင့် မဟုတ်လား"
ထုန်ယောင်က လင်းမန်ရဲ့ ဝမ်းကွဲညီမမှန်း သိက္ကတည်းက၊ ကျောက်ဝမ်ခိုင်က ရှီယန်နဲ့ ပတ်သက်ခဲ့တဲ့ ကိစ္စတွေ အပါအဝင် လင်းမန်ရဲ့ အတိတ်တွေကို လိုက်စုံစမ်းထားတာလေ။
လင်းမန် မျက်နှာ သွေးဆုတ်သွားတယ်။ "မစ္စတာကျောက်... ဆစ်ချန်က အရင်က ကျွန်မကို ကယ်ဖူးလို့ပါ။ ပြီးတော့ ကျွန်မက ထုန်ယောင်နဲ့ အမြဲတမ်း အဆင်မပြေခဲ့ဘူးလေ။ သူတို့ကို ကလဲ့စားပြန်ချေချင်ရုံ သက်သက်ပါ။ ဆစ်ချန်ကို တကယ် သဘောကျနေတာ မဟုတ်ပါဘူး"
"မင်း ဆစ်ချန်ကို သဘောကျတာ၊ မကျတာ ငါ ဂရုမစိုက်ဘူး။ မင်းကို ငါ့အတွက် နောက်ထပ် ကိစ္စတစ်ခု လုပ်ပေးစေချင်တယ်" ကျောက်ဝမ်ခိုင်ရဲ့ နှုတ်ခမ်းတွေက ခပ်ဖျော့ဖျော့ ပြုံးနေပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတယ်။ "ငါက အငြိုးအတေး ထားတတ်တဲ့ လူစားမျိုး။ ဆစ်ချန်က ငါ့ကို စော်ကားခဲ့တယ်။ သူ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသွားရမှာကို ငါ မလိုလားဘူး။ မင်း ဆစ်ချန်ရဲ့ အမေနဲ့ အဆက်အသွယ် ရှိတယ် မဟုတ်လား။ အဲဒီလင်မယားမှာ ကလေး မရှိသေးဘူးလေ။ အဲဒီကနေ စပြီး သူတို့ မိသားစုကြားမှာ ပြဿနာတွေ ဖြစ်လာအောင် သွေးထိုးပေးလိုက်။ ဒါကို မင်း သေချာ လုပ်နိုင်ရင် မင်းကို တိုက်ခန်း တစ်ခန်း ပေးမယ်"
အသွားရှိရင် အပြန်ရှိရမယ်ဆိုတာ ကျောက်ဝမ်ခိုင်ရဲ့ ထုံးစံပါပဲ။ သူ့ကို စော်ကားတဲ့သူတိုင်း တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်လေ။
လင်းမန်ရဲ့ ရင်ထဲမှာ ဝမ်းသာအားရ ခုန်သွားတယ်။ "ဒါဆို... သူတို့ မိသားစုဘဝ ပျက်စီးသွားအောင် လုပ်ရုံပဲလား" သူက ထုန်ယောင်ကို မုန်းနေပြီးသားလေ။ အခု ထုန်ယောင်နဲ့ ဆစ်ချန်ကို ကွဲအောင်လုပ်ဖို့ ခိုင်းတဲ့အပြင် ဆုလာဘ် အနေနဲ့ တိုက်ခန်း တစ်ခန်းတောင် ရဦးမှာ ဆိုတော့ သူ ဘာလို့ မလုပ်ဘဲ နေပါ့မလဲ။
ကျောက်ဝမ်ခိုင်အတွက် သူ ကလေး မမွေးပေးနိုင်လို့ နောက်ပိုင်း အကန်ထုတ်ခံရရင်တောင်မှ၊ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ရှိနေတာက တန်ဖိုးရှိနေတုန်းပဲလေ။
ကျောက်ဝမ်ခိုင်က ခနဲ့လိုက်တယ်။ "ဘာလဲ... မင်း သူတို့ကို သတ်ပစ်ဖို့များ စဉ်းစားနေတာလား"
လင်းမန် လန့်သွားပြီး မသိစိတ်ကနေ ငြင်းလိုက်တယ်။ "ကျွန်မက ဘယ်လိုလုပ် လူသတ်ဖို့ စဉ်းစားမှာလဲ"
သူ ထုန်ယောင်ကို မုန်းတယ်၊ မနာလိုဖြစ်တယ် ဆိုတာ မှန်ပေမယ့် သတ်ပစ်ချင်တဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။
ကျောက်ဝမ်ခိုင်က စကားကို အဆုံးသတ်လိုက်တယ်။ "မင်းက ပါးနပ်ပါတယ်။ ဘာလုပ်ရမလဲ ဆိုတာ မင်း သိပါတယ် မဟုတ်လား။ သူတို့သာ ကွာရှင်းသွားရင် အဲဒီအိမ်က ချက်ချင်း မင်းအပိုင် ဖြစ်လာလိမ့်မယ်"
"နားလည်ပါပြီ"
ဖုန်းချပြီးနောက် လင်းမန်က ဖုန်းဘောက်စ်ထဲမှာ ခဏလောက် ရပ်နေပြီးမှ လင်းဖန်ရင်းရဲ့ အိမ်ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်။ လင်းဖန်ရင်းက လင်းမန်ဆီက ဖုန်းမရတာ ကြာပြီဖြစ်လို့၊ လင်းမန်ရဲ့ အသံကို ကြားရတော့ သူ အရမ်း ဝမ်းသာသွားတယ်။
စကားနည်းနည်း ပြောပြီးတာနဲ့ လင်းမန်က စကားလမ်းကြောင်းကို ထုန်ယောင်ဘက် လွှဲလိုက်တယ်။ ထုန်ယောင်က သူ့ရဲ့ ဝမ်းကွဲညီမမှန်း ခုမှ သိလိုက်ရသလိုမျိုး ဟန်ဆောင်ပြီး သူမရဲ့ အခြေအနေကို စိုးရိမ်တဲ့ပုံနဲ့ စမေးတော့တယ်။
"အန်တီလင်း... ကျွန်မညီမလေးက ကလေးမရနိုင်တာ ကြာပြီနော်။ ဆရာဝန်တွေနဲ့ ပြနေတာလည်း လဝက်လောက် ရှိပြီကို ဘာမှ ထူးမလာဘူး။ ကျွန်မ ထင်တာတော့ ဆေးကုတာအပြင် တခြား နည်းလမ်းလေးတွေလည်း စမ်းကြည့်သင့်တယ်လို့ ထင်တယ်"
ကလေးယူမယ့် ကိစ္စအကြောင်း ပြောလာတော့ လင်းဖန်ရင်းက သက်ပြင်းချလိုက်တယ်။ "ယောင်ယောင့်ဆီကို ရိုးရာဆေးနည်း တစ်ခု ငါ ပို့ပေးလိုက်သေးတယ်။ ဒီမှာတော့ အဲဒီဆေးသောက်ပြီး ပျောက်သွားတဲ့သူတွေ အများကြီးပဲ။ ဒါပေမဲ့ ယောင်ယောင်က မသောက်ချင်ဘူးလေ။ ဆစ်ချန်ကတောင် ငါ့ကို ဖုန်းဆက်ပြီး ဒီကိစ္စထဲ ဝင်မပါဖို့ လာဆူသေးတယ်။ အခု နှစ်သစ်ကူးလည်း နီးနေပြီဆိုတော့ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ သူတို့ မကြာခင် ပြန်လာကြလိမ့်မယ်လို့ ကြားတယ်၊ အဲဒီကျမှပဲ အေးအေးဆေးဆေး ပြန်ပြောကြတာပေါ့"
အပိုင်း ( ၃၇၇ ) ပြီးဆုံး
***