"ယဉ်ကျေးမှု အနှစ်သာရ မရှိရင်လည်း ဆက်မသောက်နဲ့တော့၊ နင့်ဉာဏ်ရည်ကိုပါ ထိခိုက်သွားလိမ့်မယ်"
ထုန်ယောင်က ဆစ်ရှောင်ဟွေး အနောက်ကို လျှောက်သွားပြီး သူ့လက်ထဲက နို့လက်ဖက်ရည်ခွက်ကို ဆွဲလုကာ အမှိုက်ပုံးထဲ ပေါ့ပေါ့ပါးပါးပဲ ပစ်ထည့်လိုက်တယ်။
ထုန်ယောင်ရဲ့ ရုတ်တရက် လုပ်ရပ်ကြောင့် ဆစ်ရှောင်ဟွေး လန့်ဖြတ်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ထုန်ယောင်ကို ဒေါသတကြီး စိုက်ကြည့်တယ်။ "နင် ဘယ်တုန်းက ပြန်ရောက်နေတာလဲ၊ အသံလေးဘာလေး ပေးပါလား။ ငါတောင် လန့်သွားတာပဲ"
ကံဆိုးချင်တော့ သူငယ်ချင်းကို ဒီနား ခေါ်လာလည်ရင်း ထုန်ယောင် ဆိုင်မှာမရှိတာ သေချာလို့ ဝင်လာတာကို၊ သိပ်မကြာခင်မှာပဲ ထုန်ယောင်က တစ္ဆေတစ်ကောင်လို ရုတ်တရက် ပေါ်လာတာလေ။
သူငယ်ချင်းရှေ့မှာ မျက်နှာပန်းလှအောင် နေချင်ခဲ့ပေမယ့်၊ အခုတော့ အကုန်ပျက်စီးသွားပြီး အရှက်ရော သိက္ခာပါ ကျသွားရပြီ။
ဒီလိုမှန်းသိရင် သူ လုံးဝ ဝင်လာခဲ့မှာ မဟုတ်ဘူး။
ထုန်ယောင်နဲ့ဆိုရင် သူ တစ်ခါမှ အသာစီး မရခဲ့ဖူးတော့ အခု သူ့ကို မြင်လိုက်ရတာနဲ့ ဆစ်ရှောင်ဟွေး နည်းနည်း လန့်သွားတယ်။
"မမယောင်ယောင်"
ထုန်ယောင်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရတော့ တိန့်ဝမ်ဝမ်က လက်ခုပ်တောင် တီးမိမတတ်ပဲ။ ဆစ်ရှောင်ဟွေး လက်ထဲက နို့လက်ဖက်ရည်ကို ဆွဲလုချင်နေတာ သူ ကြာလှပြီလေ။
အဲဒီမိန်းမက တအားကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။ ဆိုင်ထဲ ဝင်လာကတည်းက ဟန်ရေးပြနေပြီး ပြောတဲ့စကား တစ်ခွန်းမှ နားထောင်လို့ မကောင်းဘူး။
ဆစ်ရှောင်ဟွေး ရှိနေတာကို တိန့်ဝမ်ဝမ် ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းပဲ တိုင်တောတော့တယ်။ "မမယောင်ယောင်... သူက ဒေါက်တာဆစ်ရဲ့ ညီမဆိုပြီး နို့လက်ဖက်ရည်ဖိုး မပေးတဲ့အပြင်၊ ကျွန်မတို့ကိုလည်း အဆက်မပြတ် မကောင်းပြောနေတာ"
ဆစ်ရှောင်ဟွေးက ခေါင်းလှည့်ပြီး တိန့်ဝမ်ဝမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ခြိမ်းခြောက်တဲ့ လေသံနဲ့ ပြောတယ်။ "ငါက ဆစ်ချန်ရဲ့ ညီမအရင်းလေ။ ငါ ဒီမှာ နို့လက်ဖက်ရည် နှစ်ခွက်လောက် သောက်တာ ဘာမှားနေလို့လဲ။ ကိုယ့်အစ်ကိုဆိုင်မှာ သောက်တဲ့ ညီမကို ပိုက်ဆံတောင်းတာ နင် မြင်ဖူးလို့လား။ နင်ရော အိမ်ပြန်ပြီး ထမင်းစားရင် ပိုက်ဆံပေးရလို့လား"
ဒီအလုပ်သမား ကောင်မလေးက သူ့ကိုယ်သူ ဘာမှတ်နေလဲ မသိဘူး၊ သူ့မျက်နှာကို တည့်ကြည့်ပြီး ဆုံးမနေသေးတယ်။ ဆစ်ချန်နဲ့ ဘယ်လောက်ပဲ အဆင်ပြေပြေ၊ တိန့်ဝမ်ဝမ်က သူတို့မိသားစုဆီက လစာစားနေတဲ့ သူပဲလေ။
တိန့်ဝမ်ဝမ် ပြန်မပြောရသေးခင်မှာပဲ ထုန်ယောင် ဝင်ပြောလိုက်တယ်။ "ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထမင်းစားရင် ပိုက်ဆံပေးစရာ မလိုတာတော့ သေချာတာပေါ့။ ဒါပေမဲ့ ဒါက နင့်အိမ်လို့များ မှတ်နေလား။ ပြီးခဲ့တဲ့ တစ်ခေါက်က တို့တွေ ဘယ်လို ပြောထားခဲ့လဲ။ ဒါက ငါဖွင့်ထားတဲ့ ဆိုင်မို့လို့ နင့်ကို ထပ်မလာဖို့ ငါ ပြောထားတယ်လေ၊ နင် မေ့သွားပြီလား"
ဆစ်ရှောင်ဟွေးက ပြဿနာလာရှာတာဆိုတော့၊ သဘာဝကျကျပဲ ထုန်ယောင်က သူ့ကို ညင်ညင်သာသာ ဆက်ဆံမှာ မဟုတ်ဘူး။ မဟုတ်ရင် ဆစ်ရှောင်ဟွေးက သူ့ကို အထက်စီးကနေ နင်းချေပြီး၊ ဆိုင်ထဲမှာ ဧကရီမယ်တော်ကြီး တစ်ပါးလို ဩဇာလာညောင်းနေမှာပေါ့။
ဆစ်ရှောင်ဟွေးပဲဖြစ်ဖြစ်၊ လင်းဖန်ရင်းပဲဖြစ်ဖြစ်၊ ပြဿနာလာရှာရင်တော့ သူ ယဉ်ကျေးနေမှာ မဟုတ်ဘူး။
ထုန်ယောင်က သူ့သိက္ခာကို လုံးဝ ဂရုမစိုက်ဘဲ အပြင်လူဘက်ကနေ ပါနေတာကို သူ ယုံတောင် မယုံနိုင်ဘူး။ ဆစ်ရှောင်ဟွေး ဒေါသထွက်လွန်းလို့ သွားကြိတ်ပြီး ထုန်ယောင်ကို အော်လိုက်တယ်။ "စုတ်ပြတ်နေတဲ့ ဆိုင်လေးကိုများ ငါက ဂရုစိုက်မယ် ထင်နေလား။ ငါ ပြောလိုက်မယ်၊ ငါ့အမေ ဒီကိုရောက်လာတာနဲ့ ငါ့အစ်ကို့ကို နင်နဲ့ ကွာရှင်းခိုင်းမယ်။ လက်ထပ်ထားတာ ဒီလောက်ကြာနေပြီကို နင့်ဗိုက်က ကိုယ်ဝန်ရှိမယ့် အရိပ်အယောင်တောင် မပြသေးဘူး၊ တောမှာဆိုရင် နင် အရိုက်ခံရပြီး သေနေလောက်ပြီ"
ဆစ်ရှောင်ဟွေးက ထုန်ယောင်နဲ့ စကားများရာမှာ မယှဉ်နိုင်သလို၊ ကိုယ်ထိလက်ရောက်လည်း မချရဲဘူး။ ဒါကြောင့် ထုန်ယောင်ရဲ့ တစ်ခုတည်းသော အားနည်းချက်ကိုပဲ ထိုးနှက်ရတော့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ခေါက်ကလိုတော့ ထုန်ယောင်ကို ဥမဥတဲ့ ကြက်မ လို့ မခေါ်ရဲတော့ဘူး။
လက်ထပ်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာတဲ့အထိ ကလေးမရတာ၊ ဒီတစ်ချက်တည်းနဲ့တင် ထုန်ယောင်က ချွေးမကောင်း တစ်ယောက်လို့ သတ်မှတ်လို့ မရဘူးလေ။
သူ့အစ်ကိုကြီးမှာ ဒီလောက်ကောင်းတဲ့ မျိုးရိုးဗီဇတွေ ရှိတာကို၊ ထုန်ယောင်ဆီမှာ အလဟဿ အဖြစ်မခံနိုင်ဘူး။
ထုန်ယောင်က လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။ "နင်က အဲဒီလောက် စွမ်းနေရင်လည်း ဆောင်ယုအတွက် ကလေးတွေ သွားမွေးပေးလိုက်လေ"
ဆောင်ယု နာမည်ကို ကြားလိုက်ရတာနဲ့ ဆစ်ရှောင်ဟွေး မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူလျော့သွားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ "အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ဆောင်ယုနဲ့ ငါနဲ့ ကွာရှင်းဖို့ သဘောတူထားပြီးပြီ၊ နောက်နှစ်ကျရင် ကွာရှင်းစာချုပ် ရဖို့ ဦးလေးလေးက ကူညီပေးလိမ့်မယ်"
ကွာရှင်းတာက အစောကြီးကတည်းက ပြီးပြတ်နေသင့်ပေမယ့်၊ ဒီရက်ပိုင်း သူ့ဦးလေးလေးက အလုပ်ရှုပ်နေပြီး လီစီးတီးကို ပြန်ဖို့ အချိန်မရလို့လေ။
ထုန်ယောင်က ဆစ်ရှောင်ဟွေး စကားထဲက အဓိက အချက်ကို ဖမ်းမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်တယ်။ "ဒီရက်ပိုင်း ဆောင်ယုက နင်နဲ့ အတူမရှိဘူးလား"
"တို့တွေ ကွာရှင်းဖို့ သဘောတူထားတာ ကြာလှပြီကို၊ သူက ငါနဲ့ ဘယ်လိုလုပ် အတူရှိနေမှာလဲ"
ထုန်ယောင်က ဆောင်ယုအကြောင်းကို ဆက်တိုက် မေးနေတာကို မြင်တော့ ဆစ်ရှောင်ဟွေး ပြာယာခတ်လာတယ်။ ဆက်ပြီး ရန်ဖြစ်ချင်စိတ် မရှိတော့ဘဲ အမြန်ဆုံး ထွက်ပြေးဖို့လောက်ပဲ သူ တွေးနေတော့တယ်။ ဒါပေမဲ့ မထွက်သွားခင်မှာ ပြင်းထန်တဲ့ စကားတွေကို မနေနိုင်ဘဲ ချန်ထားရစ်ခဲ့သေးတယ်။
"စောင့်သာ ကြည့်နေလိုက်။ ငါ့အမေ ရောက်လာတာနဲ့ ငါ့အစ်ကို့ကို နင်နဲ့ ကွာရှင်းခိုင်းမယ်၊ နင့်ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ သိပ်မကျန်တော့ဘူး"
ဆောင်ယုနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ပြီးကတည်းက ဆစ်ရှောင်ဟွေးရဲ့ အမြင်တွေ ပြောင်းလဲသွားပြီး၊ ကွာရှင်းတယ် ဆိုတာက သိပ်ကြီးမားတဲ့ ကိစ္စ မဟုတ်ဘူးလို့ ထင်လာတယ်။ သူ့အစ်ကိုကြီးက အလုပ်အကိုင် တည်ငြိမ်ပြီး ကျိုတိုက ဆေးရုံကြီး တစ်ခုမှာ အလုပ်လုပ်နေတာဆိုတော့၊ နောင်ကျရင် ဘယ်လို မိန်းမမျိုးကိုမဆို ရှာလို့ရနိုင်တယ် မဟုတ်ဘူးလား။
အမေရောက်လာတာနဲ့ သူ့အစ်ကိုကြီးကို သေချာ ဂရုစိုက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖျောင်းဖျကာ ကွာရှင်းခိုင်းမယ်၊ ပြီးရင် ကလေးမွေးပေးနိုင်မယ့် မိန်းမ တစ်ယောက် ရှာပေးမှာပေါ့။
အဲဒီအချိန်ကျရင် သူ့အစ်ကိုကြီးက အရင်ကလို သူ့အပေါ် သေချာပေါက် ပြန်ကောင်းလာမှာ။ အခု သူ့အပေါ် ဆက်ဆံတဲ့ ပုံစံက ထုန်ယောင်ရဲ့ သွေးထိုးမှုကြောင့် ဖြစ်တာ သေချာတယ်။ သူ့အစ်ကိုကြီးက အရင်က သူ့အပေါ် အရမ်း ကောင်းခဲ့သလို၊ အစ်ကိုလတ်ကလည်း သူ့အပေါ် ကောင်းခဲ့တာပဲ။ သူက မိသားစုရဲ့ မင်းသမီးလေး ဖြစ်ပြီး လူတိုင်းက သူ့ကို အလိုလိုက်ခဲ့ကြတာ။ အရာအားလုံးက ထုန်ယောင် ရောက်လာပြီးမှ ပြောင်းလဲသွားတာလေ။
သူ့အစ်ကိုကြီးက ထုန်ယောင်နဲ့သာ ကွာရှင်းလိုက်ရင် အရာအားလုံးက အရင်ကလို ပြန်ဖြစ်သွားမှာပဲ။
"ရှောင်... ရှောင်ဟွေး၊ ငါ့ကို စောင့်ပါဦး" ဆစ်ရှောင်ဟွေးက ရုတ်တရက်ကြီး ထွက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့ ဝမ်ယွီယွီက ထုန်ယောင်ကို တစ်ချက်ကြည့်ပြီး ကြောက်ကြောက်နဲ့ အမြန် လိုက်သွားတော့တယ်။
ချမ်းသာတဲ့ လူတွေမှာ ပြဿနာတွေ အများကြီး ရှိတာပဲ။ ဆစ်ရှောင်ဟွေးကလည်း ဒေါသကြီးသလို ဒီမရီးဖြစ်သူကလည်း ဒေါသကြီးတော့၊ သူမ အရမ်းလန့်သွားပြီး တစ်ဝက်လောက် သောက်လက်စ နို့လက်ဖက်ရည်ကို ဆက်မသောက်ရဲတော့ဘူး။ ဒီလောက် အရသာရှိတဲ့ သောက်စရာလေး အလဟဿ ဖြစ်သွားတာပဲ။
ဆစ်ရှောင်ဟွေး ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး တိန့်ဝမ်ဝမ်က ဒေါသလည်းထွက် စိတ်လည်းပူသွားတယ်။ "မမယောင်ယောင်... ဒေါက်တာဆစ်ရဲ့ ညီမက ဘယ်လိုလုပ် အဲဒီလောက် အကျိုးအကြောင်း မသင့်ရတာလဲ။ သူက မမ ယောက္ခမရှေ့မှာ ကောလာဟလတွေ လွှင့်ပြီး ဒေါက်တာဆစ်နဲ့ မမ ဆက်ဆံရေးကို တကယ်ပဲ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူးနော်"
ဝမ်ချွန်းလည်း သတိပြန်ဝင်လာပြီး အံ့သြတကြီး ဝင်ပြောတယ်။ "ယောင်ယောင်... ဒေါက်တာဆစ်ရဲ့ ညီမက အကျိုးအကြောင်း နားလည်တဲ့သူ ပုံမပေါ်ဘူး။ နင်တို့ အိမ်ထောင်ရေး သာယာမှု မပျက်စီးရအောင် ဒီည အိမ်ပြန်ရောက်ရင် ဒေါက်တာဆစ်နဲ့ ဒီကိစ္စကို တိုင်ပင်သင့်တယ်"
ထုန်ယောင်နဲ့ သိလာတာ ကြာပြီဖြစ်ပေမယ့်၊ ထုန်ယောင် ရန်ဖြစ်တာကို ဝမ်ချွန်း ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ပုံမှန်ဆို ပွင့်လင်းပြီး သဘောထားကြီးတဲ့ ပုံစံရှိတဲ့ ထုန်ယောင်က ရန်ဖြစ်ရမှာကို မကြောက်တဲ့အပြင်၊ တော်တော်လေး တက်ကြွနေတာကို တွေ့လိုက်ရလို့ သူ အံ့သြသွားတယ်။
သူမနဲ့ မတူဘူး၊ သူမကတော့ ဘယ်လို ရန်ဖြစ်ရမလဲဆိုတာ မသိဘူးလေ။ ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် ဆွံ့အသွားတတ်တာ။
ထုန်ယောင်က ဆောင်ယုအကြောင်း တွေးနေတုန်း၊ သူတို့နှစ်ယောက်ရဲ့ စကားကို ကြားတော့ ခပ်ဟဟ ရယ်လိုက်တယ်။ "အာ... စိတ်ပူစရာ ဘာမှမရှိပါဘူး။ အာချန်က သူ့ကြောင့်နဲ့ ငါ့ကို ဒေါသထွက်မှာ မဟုတ်ဘူး။ သူက သူ့ညီမအကြောင်းကို ငါ့ထက် ပိုသိတာ။ ယောက္ခမကြီး လာရင်တောင် သူ ဝင်မပါဘူးလို့ အာချန်က ပြောထားပြီးသား။ ဘာပဲဖြစ်ဖြစ် ယောက္ခမကြီး လာတယ်ဆိုတာ တို့တွေကို လာကြည့်တာမှ မဟုတ်တာ၊ သူ့သမီးကို အဖော်ပြုပေးဖို့ လာတာလေ"
ထုန်ယောင် အစကတော့ ဒါကို နားမလည်ခဲ့ပေမယ့်၊ နောက်ပိုင်းကျတော့ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ဆစ်ရှောင်ဟွေးနဲ့ လင်းဖန်ရင်းအပေါ် ဆစ်ချန်ရဲ့ ဂရုမစိုက်မှုက သူ သွေးအေးလို့ မဟုတ်ဘူး။ သာမန်လူတိုင်းအတွက် ဒီလို အခြေအနေမျိုးကို လက်ခံနိုင်ဖို့ ခက်ခဲမှာပဲလေ။
အထူးသဖြင့် သူ့အဖေအရင်းက ဒီကိစ္စတွေကြောင့် ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရတာကိုး။
လင်းဖန်ရင်းက အသက်ကြီးနေပြီဖြစ်ပေမယ့် မျက်နှာကို ဂရုမစိုက်ဘဲ အချစ်ကိုပဲ စိတ်ရောကိုယ်ပါ လိုက်စားနေတော့၊ ဆစ်ချန်ရဲ့ သည်းခံနိုင်စွမ်း နောက်ဆုံးမျဉ်းကို တွန်းပို့လိုက်သလို ဖြစ်သွားတာ။ လင်းဖန်ရင်းနဲ့ သားအမိ အဆက်အသွယ် မဖြတ်လိုက်တာကပဲ သူ့ဘက်က ငဲ့ညှာပေးထားတာ ဖြစ်နေပြီကို၊ လင်းဖန်ရင်း စကားနားထောင်ပြီး သူက ဘယ်လိုလုပ် ကွာရှင်းမှာလဲ။
နောက်တစ်လှမ်းဆုတ်ပြီး တွေးကြည့်ရင်၊ ဆစ်ချန်က တကယ်ပဲ အဲဒီလိုလူမျိုး ဖြစ်နေမယ်ဆိုရင် သူတို့ အိမ်ထောင်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ တန်တဲ့အရာ ဘာမှ မရှိတော့ဘူးပေါ့။
တိန့်ဝမ်ဝမ်က စိတ်လှုပ်ရှားစွာနဲ့ ခုန်ဆွခုန်ဆွ လုပ်နေတယ်။ "ဒေါက်တာဆစ်လို ယောကျ်ားကောင်း တစ်ယောက်ကို မီးအိမ်ထွန်းပြီး ရှာရင်တောင် တွေ့ဖို့ ခက်တယ်။ ငါ့အဖေသာ ဒေါက်တာဆစ်လောက် အကျိုးအကြောင်း နားလည်ခဲ့ရင်၊ ငါ့အမေက သူ့ရဲ့ ငယ်ဘဝအကြောင်း ပြောတိုင်း သွားကြိတ်နေမှာ မဟုတ်ဘူး"
ဝမ်ချွန်းလည်း သက်ပြင်းချလိုက်နိုင်တယ်။ "ယောင်ယောင်... ဦးလေးယောင်ဟွေးက နင့်ကို တကယ် အလေးထားတာပဲ။ အဲဒါကြောင့်လည်း နင့်အတွက် ဒီလောက်ကောင်းတဲ့ ယောကျ်ားကို ကြိုးကြိုးစားစား ရှာပေးခဲ့တာပေါ့"
အပိုင်း ( ၃၈၀ ) ပြီးဆုံ
***