"ဒီကမောင်က ကျုပ် ဆရာရန်နောင်ကိုခိုင်းထားတဲ့အလုပ်ကိစ္စကို လုပ်ပေးမယ်ဆိုတော့ ဆရာရန်နောင်နဲ့ကဘယ်လိုပတ်သက်မှုရှိပါသလဲ။"
"ကျုပ်က နယ်လှည့်ပြီးဆေးကုပေးနေတဲ့ ဆေးဆရာတစ်ယောက်ပါ။ ဒီဘက်ကတော့ ကျုပ်ရဲ့တပည့်တွေဖြစ်ကြတဲ့ 'အာဋာဝကဖိုးတေ' နဲ့ 'ကိုးမှော်ရှင်မိုးကြိုး' တို့ပေါ့။"
"ဒါဆို ငါ့တူမောင်တို့ကလည်း ဆရာရန်နောင်လိုဆေးဆရာတွေပဲပေါ့။"
"အင်းပေါ့။ အဲ့သလိုပဲပြောရမှာပေါ့။ ဒါပေမဲ့ ကျုပ်တို့ခံယူချက်က သူများတွေနဲ့မတူပဲ ကွဲပြားပါတယ်။"
ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ ကျုပ်ရဲ့စကားကြောင့် ကျုပ်ဘယ်လိုလူလဲဆိုတာ 'ဒေါက်တာဘခက်' ရိပ်မိသွားဟန်ပဲ။ ကျုပ်အနားကို တိုးကပ်လာပြီး အလုပ်ကိစ္စအကြောင်းကိုပြောတော့တယ်။
"ကောင်းပြီလေ။ တူမောင်ကိုကြည့်ရတာလည်း စိတ်ချယုံကြည်ရမဲ့လူစားမျိုးပါပဲ။ ကျုပ်ခိုင်းထားတဲ့ အလုပ်ကိစ္စကတော့ ဆရာရန်နောင်ကိုသာမေးလိုက်ပါ။ ဒါကတော့ အလုပ်အတွက် လိုအပ်တာသုံးဖို့စွဲဖို့ ကြိုပေးခဲ့တဲ့ သဘောပေါ့။ တကယ်လို့ အလုပ်ကိစ္စသာ အောင်မြင်ခဲ့မယ်ဆိုရင် ကျုပ်ဒီ့ထက် သုံးဆပေးပါ့မယ်။"
ထုံးစံအတိုင်း အရာရာကိုငွေနဲ့တန်ဖိုးဖြတ်တတ်တဲ့ 'ဒေါက်တာဘခက်'က ကျုပ်ရှေ့မှာ ငွေတွေအထပ်လိုက်ချပေးလိုက်ချိန် ဝင်ပြောတော့မဲ့ ကိုဖိုးတေကို ကျုပ်တားလိုက်တယ်။ အဲ့ဒီနောက်တော့ 'ဒေါက်တာဘခက်'က လာရာလမ်းအတိုင်းလှည့်ပြန်သွားခဲ့တယ်။
"ဆရာ ဘာလို့ကျုပ်ကိုတားလိုက်တာလဲဗျာ။ အဲ့ဒီလူပြောသွားပုံက တစ်စက်ကလေးမှ အချိုးမပြေပါဘူးဗျာ။ သူပြောတဲ့စကားတွေက ကျုပ်နားထဲ ကန့်လန့်ကြီးဝင်ဝင်လာတာဆရာရ။"
"စိတ်ကိုလျော့စမ်းပါဗျာ။ ကျုပ် မနက်ဖြန်ည အရိုးခေါင်းနန်းတော်ရှိရာကိုသွားမယ်။ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့က ဦးကြီးရန်နောင်အိမ်မှာပဲ နေရစ်ခဲ့ကြ။ ကျုပ်သိချင်တာသိရပြီဆိုတာနဲ့ ကျုပ်အမြန်ပြန်လာခဲ့မယ်။စောနက 'ဒေါက်တာဘခက်'ပေးခဲ့တဲ့ ပိုက်ဆံတွေကို ကျုပ်ပြန်မလာခင် လိုအပ်တာရှိရင် သုံးထားစွဲထားကြပေါ့။ဟုတ်ပြီလား။"
"ဒါဆို ကျုပ်တို့က ဒီမှာနေခဲ့ရမှာပေါ့။ဟုတ်လားဆရာ။"
"ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့က ဦးကြီးရန်နောင်တို့သားအဖနဲ့ခဏနေခဲ့ကြဗျာ။ ဦးကြီးရန်နောင်ကလည်း သိပ်ကြီးအခြေနေကောင်းသေးတာမဟုတ်ဘူး။ မကြည်ပြာ တစ်ယောက်တည်းနဲ့ဆို အဆင်မပြေဖြစ်နေမှာစိုးလို့ပါ။"
"အင်း။ ဆရာကနေခဲ့ခိုင်းမှတော့ ကျုပ်တို့ဆရာပြန်အလာကိုစောင့်နေပါ့မယ်။"
"ဟင် အစ်ကိုတို့က ပြန်ကြတော့မလို့လား။ ရောက်တုန်းရောက်ခိုက် ရွာမှာ ပျော်သလောက်နေသွားကြပါအုံးလား။"
အချိန်ကိုက်ဆိုသလိုပဲ မကြည်ပြာတစ်ယောက် ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ပြီးပြန်လာချိန် ကျုပ်တို့ပြောနေတဲ့စကားတွေကို နားစွန်နားဖျားကြားသွားဟန်တူပါရဲ့။
" ကျုပ်တို့က ဒီမှာနေခဲ့မှာပါဗျာ။ ဆရာတစ်ယောက်တည်းပဲ အရေးကြီးကိစ္စတစ်ခုရှိလို့ ခရီးထွက်ရမှာရယ်။"
"ဟုတ်တယ်ငါ့ညီမရဲ့။ အရေးကြီးတဲ့ကိစ္စလေးတစ်ခုကြောင့် အစ်ကိုမနက်ဖြန်ပဲခရီးတစ်ခုထွက်ရလိမ့်မယ်။ အစ်ကိုမရှိခိုက် ဒီက အစ်ကို့တပည့်တွေက ငါ့ညီမတို့ကို ကူညီစောင့်ရှောက်ပေးပါလိမ့်မယ်။"
"ဒါဆိုလည်း အစ်ကိုပြန်အလာကို ညီမတို့မျှော်နေပါ့မယ်။"
မကြည်ပြာက စိတ်မကောင်းသွားဟန်နဲ့ စကားစဖြတ်ပြီး အိမ်ထဲကိုတန်းဝင်သွားတယ်။ အဲ့ဒီနောက် ကျုပ်လည်း မနက်ဖြန်အတွက် ဆေးဝါးတွေကြိုတင်ပြင်ဆင်ရတော့တာပေါ့။ ဘာမှလိုအပ်ချက်မရှိအောင်ပြင်ဆင်နေရတာနဲ့ ဘယ်လိုအချိန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး။ ကိုဖိုးတေက ညစာစားဖို့လာခေါ်တော့မှ မှောင်အတိကျသွားမှန်းသိတော့တယ်။ အဲ့ဒီညစာကိုလည်း အဆာပြေရုံစားပြီး စောစောအနားယူခဲ့လိုက်တယ်။
***