နောက်တစ်နေ့မနက်မှာ ဦးကြီးရန်နောင်နဲ့ ကိုဖိုးတေတို့ကို နှုတ်ဆက်ပြီး 'ငါးရံ့အိုင်'ရွာသုဿန်ဆီကိုတစ်ယောက်တည်းထွက်လာခဲ့လိုက်တယ်။ အရိုးခေါင်းနန်းတော်ဆီကို နာမ်ခန္ဓာနဲ့သွားရမှာမို့ ကျုပ်ရဲ့ရုပ်ခန္ဓာကိုထားခဲ့ဖို့ရာ နေရာကောင်းတစ်ခုကိုရှာရတယ်။ ဒီနယ်ဘက်တွေမှာလည်း အုတ်ဂူဖောက်သူတွေရှိတယ်ထင်ရဲ့။ ရှေးဟောင်းအုတ်ဂူကြီးတစ်လုံးကို ဖောက်ထွင်းထားတဲ့အရာတွေတွေ့ရတာမို့ အထဲကိုဝင်ခဲ့လိုက်ပြီး တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးကိုစုံမှိတ်ကာ ပညာစက်နဲ့ အာဏာစက်တွေကို ပြန်နှိုးရတယ်။
"ကောင်လေး။ စိတ်ချလက်ချသာသွား။ မင်းရဲ့ဒီခန္ဓာကိုယ်ဘာမှမဖြစ်စေရဘူးလို့ငါအာမခံတယ်။"
ဒီအသံက ဘယ်သူ့ရဲ့အသံလဲဆိုတာကျုပ်ကောင်းကောင်းကြီးသိနေတယ်။ ပညာစက်တွေနှိုးနေရင်း ကျုပ်ခန္ဓာကိုယ်ကြီးက တဖြေးဖြေးပူထူလာသလိုခံစားရတယ်။ ခဏကြာတော့လည်း ပြန်အေးသွားလိုက်နဲ့ ဘာဖြစ်နေမှန်းကိုမသိတော့ဘူး။ ကျုပ်ရဲ့ ပညာစက်တွေ အာဏာစက်တွေကို အပြည့်အဝအသုံးချလို့ရအောင်ပြုလုပ်ပြီးသွားချိန်မှာတော့ ညနေစောင်းလုပြီ။ မှောင်ရိပ်တို့ကကြီးစိုးလာပြီး နေလုံးကြီးက အနောက်အရပ်ဆီကို တိမ်းပါးသွားခဲ့ပြီ။ ကျုပ်ရဲ့ရုပ်နဲ့နာမ်ကိုခွဲထုတ်ဖို့အချိန်ကျလာပြီမို့ ရုပ်ခန္ဓာကို အစ်မတော်မဖဲဝါဆီမှာအပ်ခဲ့လိုက်ပြီး ကျုပ်ရဲ့နာမ်ခန္ဓာနဲ့ အရိုးခေါင်းနန်းတော်လမ်းညွှန်တေးကို အထပ်ထပ်အခါခါရွတ်ဆိုရင်း သုဿန်အလယ်ကိုရောက်အောင်လာခဲ့တယ်။ သုဿန်အလယ်ကိုရောက်တာနဲ့ထိုင်ချလိုက်ပြီး အရိုးခေါင်းနန်းတော်လမ်းညွှန်တေးကိုသာ မပြတ်ရွတ်ဆိုနေမိတယ်။ခဏအကြာမှာ မြေကြီးတွေအက်ကွဲလာပြီး အောက်ထဲကိုဆင်းသွားလို့ရတဲ့ အဖြူရောင်လှေကားထစ်တွေပေါ်လာခဲ့တယ်။ အကြောက်တရားကိုနောက်မှာထားရင်း ရပ်တန့်လို့မရတဲ့ခြေလှမ်းတွေနဲ့ လှေကားထစ်တွေအဆုံးထိတိုင် လျောက်လာခဲ့လိုက်တယ်။ အရာအားလုံးကိုဖြတ်ကျော်လာခဲ့ပြီးတဲ့နောက် အဖြူရောင်နန်းတော်ကြီးကို မျက်ဝါးထင်ထင်တွေ့လိုက်ရပြီ။ နန်းတော်ကြီးရဲ့ရှေ့မှာ အဖြူရောင်တောင်ဝှေးကိုကိုင်ဆောင်ထားတဲ့ အရိုးစုစစ်သည်တော်ကြီးတစ်ဦးကိုတွေ့လိုက်ရတယ်။ နန်းတော်ထဲကို ဝင်မယ်ဟန်ပြင်တုန်း အရိုးစုစစ်သည်တော်ကြီးက ဆရာရန်နောင်ကိုမေးသလိုမေးပါလေရော။
" နေအုံး။ အသင်ဟာသေလူလား။"
"သေလူတော့မဟုတ်ပါဘူး။ ဒီနန်းတော်ကြီးထဲကို ဝင်ချင်လွန်းလို့ ဝင်လာခဲ့တဲ့လူလို့ပဲဆိုပါတော့။ "
"ဒီနန်းတော်ကြီးက သင်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့အရာမဟုတ်ဘူး။"
"ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ သိချင်တာလေးတစ်ခုရှိလို့ ဝင်ကြည့်ရုံတင်ပဲ။ ကျုပ်သိချင်တာသိရရင် ကျုပ်ပြန်မယ်။"
"မလိုချင်ဘူး။ အခုချက်ချင်းလှည့်ထွက်သွားပေးပါ။"
အရိုးစုစစ်သည်တော်ကြီးရဲ့ပြတ်သားလှတဲ့အမိန့်သံက တိတ်ဆိတ်နေတဲ့ နန်းတော်တစ်ဝိုက် ဟိန်းထွက်သွားတယ်။ အရိုးစုစစ်သည်တော်ကြီးရဲ့စကားကိုနားမထောင်ပဲ နန်းတော်ကြီးထဲကို ဇွတ်အတင်းဝင်ရောက်လာခဲ့တယ်။
"ဟေ့ ငါမင်းကိုပြောနေတာမကြာဘူးလား။အခုချက်ချင်း လာရာလမ်းကိုလှည့်ပြန်ပါ။ မပြန်လို့ကတော့ ငါ့အဆိုးမဆိုနဲ့နော်။"
"ကျုပ်သိချင်တာသိရရင် ပြန်မယ်လို့ပြောနေတာကိုရော နားမလည်ဘူးလား။ ကျုပ်သိချင်တာသိရအောင်တော့ နန်းတော်ထဲကိုဝင်ရမှာပဲ။"
"ဒီလောက်ပြောရဆိုရခက်တဲ့ကောင် သေပေတော့။"
အရိုးစုစစ်သည်တော်ကြီးက လက်ထဲကအဖြူရောင်တောင်ဝှေးကို ဝှေ့ရမ်းလိုက်တဲ့အခါ ဖြူနီပြာဝါ ရောင်စုံစက်တန်းကြီးတစ်ခုထွက်ပေါ်လာပြီး ကျုပ်ရဲ့နောက်ကျောဘက်ဆီတိုးဝင်လာခဲ့တယ်။ ကျုပ်ရဲ့ပညာအဆင့်ကြောင့်မို့လားတော့မသိ။ အဲ့ဒီစက်တန်းကြီးက ကျုပ်အနားကိုမရောက်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့တယ်။
"ဟင် ဒါ ဒါဆို မင်းကသာမန်လူမဟုတ်ပေဘူးပဲ။ "
"ကျုပ်သိချင်တာလေးသိရရင် ပြန်မယ်လို့ပြောသားပဲ။ခင်ဗျားက ဘာလို့ကျုပ်ကိုတားနေရတာတုန်း။"
ကျုပ်ရဲ့အခြေအနေအမှန်ကိုနားလည်သွားတဲ့ အရိုးစုစစ်သည်တော်ကြီးက တအံ့တဩနဲ့စကားတစ်လုံးတောင်မပြောနိုင်ပဲဖြစ်သွားတော့တယ်။
"ကောင်းပြီလေ။ မင်းကိုလည်းငါမနိုင်ဘူးဆိုတော့ အထဲကိုဝင်သွားပေါ့။ အထဲမှာရှိတဲ့ သခင်မလေးကတော့ မင်းကိုနိုင်ရင် နိုင်မှာပါ။"
"ဒါဆို ကျုပ်အထဲကိုဆက်ဝင်သွားပြီနော်။"
အရိုးစုစစ်သည်တော်ကြီးက ကျုပ်ကိုမဟန့်တားတော့ပဲ အရိုးခေါင်းနန်းတော်ထဲကို ဝင်ခွင့်ပြုလိုက်တယ်။ နန်းတော်ထဲကိုဆက်ဝင်လာခဲ့ပြီး ခန်းမကျယ်ကြီးထဲမှာရှိတဲ့ အဖြူရောင်ကျောက်သားပုလ္လင်ကြီးပေါ်က ခေါင်းတလားကြီးတစ်လုံးကို မြင်လိုက်ရတယ်။ ဆရာရန်နောင်ပြုလုပ်ခဲ့သလို ကျောက်သားပုလ္လင်ကြီးပေါ်တက်ပြီးခေါင်းတလားကြီးကိုဖွင့်ကြည့်လိုက်တော့ အင်မတန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရတယ်။ နှာတံသွယ်သွယ် ၊ မျက်လုံး မျက်ခုံးကောင်းကောင်းနဲ့ မိန်းကလေးကို မျက်တောင်မခတ်တမ်းကြည့်မိနေတုန်းမှာ ရုတ်တရက် အိပ်ပျော်သလိုဖြစ်နေတဲ့ မိန်းမကလေးရဲ့ မျက်လုံးတွေဖျက်ကနဲပွင့်လာခဲ့တယ်။
" နင် သေရမယ်။ နင်သေရမယ်။ နင် သေကို သေရမယ်။"
မျက်လုံးပွင့်လာတဲ့ မိန်းကလေးရဲ့ပါးစပ်က သေရမယ်ဆိုတဲ့စကားကို ထပ်ခါထပ်ခါပြောရင်း ခေါင်းတလားအတွင်းကနေထလာပြီး ကျုပ်အနားကို ဖြေးဖြေးချင်းတိုးကပ်လာတယ်။ အဲ့ဒီမိန်းကလေးကျုပ်အနားကိုတိုးကပ်လာတဲ့အချိန်မှာ အမျိုးအမည်မသိရတဲ့ မွှေးရနံ့တစ်မျိုးက ကျုပ်နှာခေါင်းထဲကို စူးစူးနစ်နစ်ဝင်ရောက်လာခဲ့တယ်။ နောက်တော့ ကျုပ်ရှေ့ကအရာအားလုံးဝေဝါးလာပြီး ကျောက်သားပုလ္လင်ကြီးရဲ့ အစွန်ကနေ အောက်ကိုပြုတ်ကျသွားတော့တာပါပဲ။
"အား ကျွတ်ကျွတ်ကျွတ်။ နာလိုက်တာဗျာ။"
"ဟင် ကိုကြီးနိုးလာပြီလား။ ညီမလေးက ကိုကြီးကြိုက်တတ်တဲ့ ဝက်သားဟင်းကို ဆီပြန်လေးချက်ထားတယ်။ ပုန်းရည်ကြည်းလည်းသုပ်ထားသေးတယ်။ ရေမြန်မြန်ချိုးပြီး ထမင်းစားဖို့လာခဲ့တော့နော်။ အမေနဲ့ ညီမလေးတို့စောင့်နေမယ်။"
ဒီအသံ ဒီအသံက ကျုပ်ညီမလေး 'နန်းကလျာ'ရဲ့အသံပဲဆိုတာ ချက်ချင်းသိလိုက်တယ်။ ဒါဆိုစောနတုန်းက ကျောက်ပုလ္လင်ကြီးပေါ်ကနေပြုတ်ကျပြီး ဘယ်ကိုရောက်လာခဲ့တာလဲ။
"ကိုကြီးအခုပဲလာခဲ့မယ်နော်ညီမလေး။"
ကျုပ်ရဲ့စိတ်ဆန္ဒမပါပဲ ကျုပ်ပါးစပ်ကထွက်သွားတဲ့စကားလုံးတွေကြောင့် ကျုပ်ကိုယ်တိုင်တောင်နားမလည်နိုင်တော့ဘူး။ ကျုပ်ရဲ့ခန္ဓာကိုယ်ကြီးက ကျုပ်ရဲ့စိတ်အတိုင်းလှုပ်ရှားနေတာမျိုးမဟုတ်ပဲ သူ့အလိုလိုသက်ဝင်လှုပ်ရှားနေသလိုဖြစ်နေတာကိုး။ ချက်ချင်းပဲအိပ်ယာကနေထလိုက်ပြီး ညီမလေးနဲ့ အမေရှိရာကိုသွားလိုက်တယ်။ ထမင်းစားပွဲဝိုင်းမှာ အသင့်စောင့်နေကြတဲ့ အမေနဲ့ ညီမလေးကိုတွေ့လိုက်ရတော့ ကျုပ်ရင်ဘတ်ထဲတစ်မျိုးကြီးပဲ။ အလုံးကြီးတစ်လုံးက ရင်ဘတ်ထဲကနေစို့တက်လာပြီး မျက်လုံးအိမ်ထဲက မျက်ရည်စတွေ သူ့အလိုလိုကျလာခဲ့တာ။
"ဟဲ့ သား။ အမလေး။ ဘာတွေဒီလောက်တောင်ငေးနေရတာတုန်း။ ဒီမှာ ထမင်းပြင်ထားတယ်။ လာစားချည်လေ။"
"ဟုတ် အမေ။ ဟုတ်ဟုတ်။"
အတားအဆီးမရှိထွက်ကျလာတဲ့ မျက်ရည်စတွေကိုသုတ်ရင်း ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ နောက်တော့ ကျုပ်ညီမလေးလက်ရာ ဝက်သားဆီပြန်ဟင်းနဲ့ ထမင်းတွေ တစ်ဝကြီးစားပစ်လိုက်မိတယ်။ ထမင်းစားနေရင်းတောင် ကျုပ်ဟန်မဆောင်နိုင်တော့တာမို့ မျက်ရည်တွေကစီးကျနေတုန်းပဲ။
"ဟေ့ကောင် စိုင်းမောက်။ လူပျိုက အပျိုကိုရည်းစားစကားပြောတာ ဘာဆန်းသလဲကွ။"
ချက်ချင်းဆိုသလို ကျုပ်နားထဲမှာ သူကြီးသား စိုင်းထွန်းမင်းဆိုတဲ့ကောင်ပြောတဲ့စကားတွေကို ကြားယောင်လာမိတယ်။ ကျုပ်ဘေးပတ်ဝန်းကျင်ကအခြေအနေတွေကလည်း စောနကတဲ့မတူတော့ပဲ ကျုပ်နဲ့ ကျုပ်ညီမလေးကို သေကွဲကွဲရအောင်လုပ်ခဲ့တဲ့အချိန်ကို ပြန်ရောက်နေတာတွေ့ရတယ်။
"မင်းလိုကောင်မျိုးနဲ့ ငါ့ညီမကို သဘောတူစရာဘာအကြောင်းမှမရှိဘူးကွ။ လာညီမလေး။ ကိုကြီးတို့သွားကြမယ်။"
ကျုပ်ညီမရဲ့လက်ကိုဆွဲကာ သူကြီးသားစိုင်းထွန်းမင်းတို့လူတစ်စုကြားကနေ အတင်းရုန်းထွက်ခဲ့တယ်။ အဲ့ဒီအချိန် သူကြီးသားရဲ့လက်ပါးစေတွေထဲကတစ်ယောက်က ကျုပ်ရဲ့နောက်ကျောဘက်ဆီကနေ ဓားနဲ့ထိုးဖို့ကြံတော့တယ်။ ဒါကိုမြင်တဲ့ ကျုပ်ညီမလေးက ကျုပ်အစားဝင်ခံပေးရင်း အသက်ဆုံးခဲ့ရတယ်။
"အားးးးး။ ကိုကြီး ကိုကြီး လွတ်အောင်ပြေးပါနော်။ ကိုကြီး လွတ်အောင်ပြေးရမယ်နော်။"
"ဟာ ညီမလေးရာ။ ကိုကြီးဘယ်လိုစိတ်နဲ့ကိုယ်လွတ်ရုန်းရမလဲညီမလေးရဲ့။ ညီမလေး သတိထားအုံးလေ။ ညီမလေး။"
ကျုပ်ဒေါသတွေကို ကျုပ်မထိန်းနိုင်တော့ဘူး။အားပြင်းလွန်းတဲ့အငွေ့အသက်တွေက ကျုပ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုလိုက်ပြီး အမှန်းနဲ့အမှန်မခွဲခြားနိုင်တော့လောက်အောင်ကို ဒေါသတွေထွက်လာခဲ့မိတယ်။
"အော် ရှင်ကိုယ်တိုင်လည်းအတော်ကိုမှ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကိုကျော်ဖြတ်ခဲ့ရတာပဲနော်။"
သာယာတဲ့အသံတစ်သံကြောင့် ကျုပ်မျက်လုံးတွေဖွင့်ကြည့်လိုက်မိတယ်။ မြင်လိုက်ရတာက ခေါင်းတလားထဲက မိန်းကလေးကိုပေါ့။ သူမရဲ့ မျက်ဝန်းအိမ်မှာက မျက်ရည်စတွေအပြည့်နဲ့ ကျုပ်ကိုသနားတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေသေးတာ။ အဲ့ဒီအချိန်မှ သတိပြန်ဝင်လာခဲ့ပြီး သူမရဲ့ပေါင်ပေါ်ကနေ အမြန်ထလိုက်တယ်။
"ကျုပ်ဘာဖြစ်သွားတာလဲ။"
"ကျွန်မရဲ့ကျိန်စာကြောင့် ရှင့်ဘဝရဲ့ အနာကျင်ရဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်တွေကို ခဏတာပြန်မြင်လိုက်ရတာပါ။"
"ဒါ ဒါဆို ကျုပ်က အခုထိ အရိုးခေါင်းနန်းတော်ထဲမှာပဲရှိသေးတာပေါ့။"
"ဟုတ်ပါတယ်။ ရှင်က ကျွန်မရဲ့ နန်းတော်ထဲမှာပဲရှိနေသေးတာပါ။"
မိန်းကလေးက သူမရဲ့မျက်ရည်စတွေကို သုတ်ရင်းအခြေအနေတွေအားလုံးကိုရှင်းပြပေးတယ်။
" ကျွန်မက 'လှဒေဝီ' လို့ခေါ်တဲ့ မြို့စားမင်းရဲ့သမီးတော်တစ်ပါးပါ။ဒီနေရာကတော့ ကျွန်မရဲ့အဖေမြို့စားမင်းကြီးရဲ့ စီရင်မှုကြောင့်ဖြစ်ပေါ်လာတဲ့နန်းတော်ကြီးပေါ့။ အတ္တကြီးလွန်းတဲ့ကျွန်မရဲ့အဖေဟာ ကျွန်မကို အရမ်းချစ်လွန်းတာကြောင့်မို့ ကျွန်မသေသွားရင်တောင်မှ နဂိုမူလအတိုင်းရှိနေအောင် အစီအရင်တွေပြုလုပ်ပြီး ကျိန်စာတိုက်ခဲ့တာပါ။"
ခေါင်းတလားထဲက အမျိုးသမီးလေး 'လှဒေဝီ' ကသူမရဲ့အကြောင်းတွေကို ဝမ်းနည်းစွာနဲ့ ကျုပ်ကိုပြောပြရှာတယ်။
"ဒါဖြင့် အဲ့ဒီကျိန်စာကို ဘယ်လိုမှပယ်ဖျက်လို့မရနိုင်ဘူးပေါ့နော်။"
"ပယ်ဖျက်နိုင်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါအစ်ကိုရယ်။ ကျိန်စာတိုက်ပြီးသွားတဲ့အချိန်ကစလို့ ကျွန်မရဲ့အဖေက အစ်ကိုနန်းတော်အပေါက်ဝမှာမြင်ခဲ့ရတဲ့အတိုင်းဖြစ်သွားတော့တာပါပဲ။"
"ဒါဆို နန်းတော်အပေါက်ဝမှာအစောင့်ဖြစ်နေတဲ့ အရိုးစုစစ်သည်တော်ကြီးက ဒီကညီမ 'လှဒေဝီ'ရဲ့အဖေဖြစ်သူပေါ့။"
"ဟုတ်ပါတယ်။ အဲ့ဒီအရိုးစုမှော်ဆရာကြီးက ကျွန်မရဲ့အဖေ 'မြို့စားမင်းကြီးဦးစစ်ရန်နိုင်'ပါပဲ။"
"ညီမကရော အဖေဖြစ်သူကို အကျိုးအကြောင်းမပြောပြဘူးလား။"
"ညီမကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ ဒါပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးအစ်ကိုရယ်။"
" အင်း။ အစ်ကို့အနေနဲ့လည်း ဘယ်လိုစဉ်းစားပေးရတော့မလဲကိုမသိတော့ပါဘူးညီမရယ်။"
"ရပါတယ်အစ်ကိုရယ်။ ညီမလေ ဒီလိုဘဝလေးမှာပဲ နေပျော်နေပါပြီ။ဒီနန်းတော်ကြီးထဲမှာ တစ်ယောက်တည်းမို့ တစ်ခါတစ်ရံအထီးကျန်ရပေမဲ့ ညီမကိုချစ်တဲ့အဖေကစောင့်ရှောက်ပေးနေတယ်ဆိုတဲ့အသိနဲ့တင် ညီမဒီဘဝကြီးမှာနေရတာအရမ်းပျော်ပါတယ်။"
"ကောင်းပါပြီ။ ဒါဆိုရင်လည်း အစ်ကို့ကိုခွင့်ပြုပါအုံး။ ညီမအဖေစီရင်ခဲ့တဲ့ ကျိန်စာအကြောင်းကိုလည်း အစ်ကိုမမေးတော့ပါဘူး။"
"ညီမလေ အစ်ကို့ကိုတစ်ခုလောက်တောင်းဆိုလို့ရမလားဟင်။"
"ဘာများလဲငါ့ညီမရဲ့။ အစ်ကိုလုပ်ပေးနိုင်တာဆိုရင် လုပ်ပေးမှာပေါ့။ အားမနာနဲ့ပြောသာပြော။"
"ဟို ဟိုလေ အစ်ကိုအားတဲ့အချိန်လေးမှာ ညီမဆီကို မကြာမကြာလာလည်ပါလားဟင်။"
ဟုတ်တော့လည်းဟုတ်သား။ ဒီနန်းတော်ကြီးထဲမှာသူတစ်ယောက်တည်းမို့ တော်တော်ကို အထီးကျန်နေမှာ။ အဲ့ဒီတော့ မထူးတော့ပါဘူးဆိုပြီးပဲ 'လှဒေဝီ'ဆီကို အားလပ်တဲ့အခါတိုင်း မကြာမကြာလာလည်ပါ့မယ်ဆိုတဲ့ကတိကိုပေးခဲ့လိုက်တယ်။ အဲ့ဒီအချိန် 'လှဒေဝီ'က ကျုပ်ကို လက်စွပ်လေးတစ်ကွင်းပေးလိုက်တယ်။ ဒီလက်စွပ်နဲ့သာဆိုရင် အရိုးခေါင်းနန်းတော်ထဲကို လူပုံစံအတိုင်းနဲ့လည်း ဝင်ထွက်သွားလာလို့ရတယ်ဆိုပဲ။ အရိုးခေါင်းပုံစံလက်စွပ်လေးကိုမှ မျက်လုံးနေရာမှာက တောက်ပတဲ့ ပတ္တမြားနှစ်လုံးကို အနုစိပ်ပြီးထည့်သွင်းထားတာတွေ့ရတယ်။ အချိန်တွေလည်းကြာနေပြီမို့ 'လှဒေဝီ'ကို နှုတ်ဆက်ကာလာရာလမ်းအတိုင်း လှည့်ပြန်ခဲ့တော့တယ်။ နန်းတော်အပေါက်ဝကိုရောက်တြော အရိုးစုစစ်သည်တော်မှော်ဆရာကြီးကို သခင်မလေးဆီက အသိအမှတ်ပြုတဲ့အနေနဲ့ အရိုးခေါင်းလက်စွပ်လေးရခဲ့ကြောင်း လမ်းကြုံဝင်ကြွားခဲ့သေးတာ။
"တယ်ဟုတ်ပါလားကွ။ တို့သခင်မလေးက မင်းကိုအတော်သဘောကျသွားပြီထင်တယ်ဟေ့။"
"ကျုပ်လုပ်စရာကိစ္စတွေရှိသေးလို့ သွားပြီဗျာ။ နောက်များမှ ထပ်ပြီးဆုံကြသေးတာပေါ့။ 'ဦးစစ်ရန်နိုင်'။"
အရိုးခေါင်းနန်းတော်ကနေ ပြန်ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ 'ငါးရံ့အိုင်'ရွာသုဿန်က ကျုပ်ရဲ့မူလခန္ဓာရှိရာဆီပြန်လာခဲ့ပြီး ကိုဖိုးတေ ကိုမိုးကြိုးနဲ့ မကြည်ပြာတို့စောင့်နေရာကို တန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်တော့တယ်။
***