"ဟာ ဆရာပြန်လာပြီ။ ကိုဖိုးတေရေ ဒီမှာ ဆရာပြန်လာပြီဗျ။"
" ငါ့တူကြီးပြန်လာပြီကိုး။ ဘယ့်နဲ့လဲကွ။ အဆင်ပြေပြေရှိရဲ့လား။"
" ဆရာ ဘာမှမဖြစ်ဘူးနော်။ လာ လာ ဆရာ။"
အိမ်ပေါက်ဝမှာ မတ်တပ်ရပ်လိုက်တာနဲ့ ကျုပ်ကိုမြင်တဲ့ ကိုမိုးကြိုးက ကိုဖိုးတေနဲ့ ဦးကြီးရန်နောင်တို့ကိုအသိလှမ်းပေးတယ်။ အိမ်ထဲကထွက်လာကြတဲ့ ကိုဖိုးတေတို့ကလည်း ကျုပ်ကိုမြင်တော့ ဝမ်းသာအားရကြိုဆိုကြတယ်။
"ငါ့တူကြီးလာဟေ့။ မင်းကြုံခဲ့ရတာတွေကို ဦးကြီးတို့ကိုပြန်ပြီးဖောက်သည်ချပါအုံးကွ။"
ခရီးဦးရောက်မဆိုက် ဦးကြီးရန်နောင်က အရိုးခေါင်းနန်းတော်မှာ ကျုပ်ကြုံတွေ့ခဲ့ရတာတွေကိုပြောပြခိုင်းတော့တယ်။ အဲ့ဒါနဲ့ပဲ ကျုပ်ကြုံတွေ့ခဲ့ရသမျှတွေကို မချွင်းမချန်ပြောပြလိုက်တယ်။
"သိပ်ကိုထူးဆန်းတာပါ့ပဲလားကွာ။ အဲ့ဒီနန်းတော်ကြီးရှေ့မှာ ဦးကြီးမြင်ခဲ့ရတာက အရိပ်မဲမဲကြီးကိုပဲမြင်ခဲ့ရတာ။ ငါ့တူကြီးက အကောင်အထည်လိုက်မြင်ခဲ့ရတယ်ဆိုတော့ တော်တော်ကိုမှပညာအဆင့်မြင့်လို့ပဲဖြစ်ရမယ်။"
"ပညာအဆင့်မြင့်ဆို ကျုပ်ဆရာက သာမန် ဝမ်းတွင်းကဝေမဟုတ်တော့ဘူးလေ။ အခုဆို အောက်ဝိဇ္ဇာစိုင်းမောက်ဖြစ်နေပြီဗျ။"
ကိုဖိုးတေပါးစပ်ကလွှတ်ကနဲထွက်သွားတဲ့စကားလုံးကြောင့် ကိုမိုးကြိုးနဲ့ ဦးကြီးရန်နောင်တို့ရဲ့မျက်လုံးတွေက ကျုပ်ကိုပြိုင်တူကြည့်လိုက်ကြတယ်။
"အင်း။ ကိုဖိုးတေပြောသလိုပဲဆိုပါတော့ဗျာ။"
"ဆရာကလည်း ကျုပ်တို့က တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာကို ဒီအကြောင်းကိုတော့ပြောပြသင့်ပါတယ်။"
"ကျုပ်လည်း အခါအခွင့်သင့်ရင်ပြောပြမလို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် မပြောပြဖြစ်နေတာ။"
"အောက်ဝိဇ္ဇာအဆင့်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ဘူးငါ့တူရေ။ အသက်ကိုလိုသလိုဆွဲဆန့်လို့ရနိုင်တဲ့ ထုံကူးခြင်းအတတ်ကို မျက်တောင်ခတ်သလို လွယ်လွယ်ကူကူလုပ်နိုင်တဲ့ ပညာရှင်မျိုးကိုမှ အောက်ဝိဇ္ဇာလို့ခေါ်ကြတာ။"
"ကဲပါ ဒါတွေအသာထားပါအုံး။ ဒီတော့ ကျုပ်တို့က ဒေါက်တာဘခက်ကိုဘယ်လိုအကြောင်းပြန်ကြမလဲ။"
"အမှန်အတိုင်းပြောပြပြီး သူရချင်တာကို မရခဲ့တဲ့အကြောင်းပြောပြရမှာပေါ့ငါ့တူရာ။"
"ဟယ် အစ်ကိုပြန်ရောက်နေပြီလား။ ဒါဆိုအတော်ပဲ ညီမလည်း ရွာထဲက ဟင်းစားဆွဲလာတယ်။"
ကျုပ်တို့လေးယောက်သား စကားကောင်းနေခိုက် အိမ်ထဲကိုဝင်လာတဲ့ မကြည်ပြာက ကျုပ်ကိုမြင်ပြီး ဝမ်းသာအားရနှုတ်ဆက်တော့တယ်။
"ဟုတ်တယ်မကြည်ပြာ။ ကျုပ်အခုပဲ ပြန်ရောက်တယ်။"
" အဘတို့ကလည်း အစ်ကိုပြန်ရောက်ရောက်ချင်းနားပါစေအုံးလား။ ခရီးကပြန်ရောက်တာနဲ့ စကားပြောနေကြတော့ အစ်ကိုဘယ်လိုလုပ်ပြီးအနားယူချိန်ရှိပါတော့မလဲ။"
"ရပါတယ်မကြည်ပြာရယ်။ ကျုပ်တို့ကလည်း အရေးကြီးတဲ့ကိစ္စလေးကို ဆွေးနွေးနေကြတာမို့ပါ။"
"ဒါဆို ညီမလည်း နောက်ဖေးမှာ ဟင်းသွားချက်လိုက်အုံးမယ်။ အဆင်သင့်ဖြစ်ရင် လှမ်းခေါ်လိုက်မယ်နော်။"
"ကျုပ်ပါကူပေးမယ်မကြည်ပြာရေ။ "
ဦးကြီးရန်နောင်ရဲ့သမီးဖြစ်သူ မကြည်ပြာက ထမင်းဟင်းချက်ဖို့ဝင်သွားတော့ ကူညီလုပ်ကိုင်ပေးဖို့ ကိုဖိုးတေလည်းအတူလိုက်သွားတော့တယ်။ ဒေါက်တာဘခက်ကိုတော့ အကျိုးအကြောင်းပြောပြပြီး သူရချင်တဲ့အရာကိုမရခဲ့ကြောင်း သေချာလေးပြောပြရမှာပေါ့လေ။ ကျုပ်ပြန်ရောက်တဲ့နေ့က အေးဆေးအနားယူချင်တာနဲ့မို့ ဘာကိုမှမလုပ်နိုင်တော့ပဲ ကောင်းကောင်းကြီးအနားယူခဲ့တယ်။ ဘယ်ကဘယ်လိုသိသွားတယ်တော့မသိဘူး။ နောက်တစ်ရက်မှာပဲ ဒေါက်တာဘခက်က ကျုပ်တို့ဆီကိုပြန်ရောက်လာခဲ့တယ်။
"ဆရာရန်နောင်။ ဆရာရန်နောင်ရှိလားဗျာ။"
"ဟာ ဒေါက်တာဘခက်ပါလား။ လာဗျာ။ ထိုင်အုံး။ ကျုပ်ပြောစရာတွေရှိသေးတယ်။"
အိမ်ရှေ့က ဒေါက်တာဘခက်ရဲ့အသံကိုကြားတော့ ကျုပ်လည်းအိမ်ခန်းထဲကထွက်လာခဲ့တယ်။ အိမ်ခန်းထဲကထွက်လာတဲ့ ကျုပ်ကိုမြင်တော့ တအံ့တဩနဲ့ငေးကြည့်နေတဲ့ ဒေါက်တာဘခက်ကို သတိပြန်ဝင်အောင် လုပ်ရသေးတာ။
"ဒေါက်တာဘခက် ဒေါက်တာဘခက်ကို ကျုပ် ပြောစရာတွေရှိသေးတယ်ဗျာ။ "
" ဟမ် ပြော ပြောလေတူမောင်ရာ။ ကျုပ်လိုချင်တဲ့ပစ္စည်းရော ရခဲ့လား။"
"ကျုပ်လည်း အဲ့ဒီအကြောင်းကိုပြောမလို့ပါပဲ။ ဒေါက်တာဘခက်လိုချင်တဲ့ပစ္စည်းကို ကျုပ်ယူလို့မရခဲ့ဘူး။ အဲ့ဒီအတွက်လည်း ကျုပ်တောင်းပန်ပါတယ်။"
"ဟာ ဒါ ဒါဆို ကျုပ်လိုချင်တဲ့ပစ္စည်းက အဲ့ဒီနန်းတော်ကြီးမှာမရှိဘူးပေါ့။ "
"ပြောရရင်တော့ဗျာ။ အဲ့ဒီနန်းတော်ကြီးထဲမှာရှိတဲ့ မပုပ်သိုးတဲ့အလောင်းက ကျိန်စာအစွမ်းတစ်ခုကြောင့် မပုပ်သိုးပဲရှိနေတာ။ကျောက်ခေါင်းတလားထဲက အလောင်းကိုမပုပ်သိုးရလေအောင်အစီအရင်ပြု ကျိန်စာတိုက်ဝိညာဉ်ချုပ်ပြီး ထားထားတာတဲ့လေ။ အဲ့ဒီကျိန်စာကိုစီရင်သူကလည်း အတိတ်ဘဝကမှတ်ဉာဏ်တွေကို ပြန်မမှတ်မိလေတော့ ဘယ်လိုနည်းလမ်းမျိုးကိုသုံးခဲ့လဲဆိုတာ မသိခဲ့ရဘူး။"
"သွားပါပြီဗျာ။ ကျုပ်အိပ်မက်တွေတော့ သွားပါပြီ။"
မျက်စိမျက်နှာပျက်သွားတဲ့ ဒေါက်တာဘခက်ကို အကဲခတ်ရင်း ဘယ်လိုအကြောင်းကြောင့် ဒီလိုကျိန်စာသင့်နေတဲ့ပစ္စည်းကိုလိုချင်ရတာလဲဆိုတာ မေးရမြန်းရတာပေါ့။
"ကျုပ်မေးပါအုံးမယ်။ ဒေါက်တာဘခက်လို သိပ္ပံနည်းကျလေ့လာနေတဲ့ ဆေးပညာရှင်တစ်ယောက်က ဘာကြောင့်များ ဒီလိုကျိန်စာသင့်ပစ္စည်းကိုလိုချင်နေရတာလဲ။"
"ကျုပ်လုပ်နေတာတွေအားလုံးက ကျုပ်မိန်းမအတွက်ပါပဲဗျာ။ ကျုပ်သိပ်ချစ်ရတဲ့ ကျုပ်မိန်းမအတွက်ပါ။"
"ဘယ်လိုဗျ။ ဒေါက်တာဘခက်ရဲ့မိန်းမအတွက်ဟုတ်လား။ ဒါဆိုဒေါက်တာဘခက်ရဲ့မိန်းမဖြစ်သူက ဘယ်လိုဝေဒနာကိုခံစားခဲ့ရလို့ အရိုးခေါင်းနန်းတော်က ကျိန်စာသင့်ပစ္စည်းကိုလိုချင်နေရတာလဲ။"
"လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းကစပြီး ကျုပ်မိန်းမက အရင်ကနဲ့မတူတော့ပဲ စတင်ပြောင်းလဲလာခဲ့တယ်။ ခွေးလေးတွေ ကြောင်လေးတွေအပေါ်မှာ ကြင်နာပြီးအရမ်းချစ်တတ်တဲ့ ကျုပ်မိန်းမက သူချစ်လွန်းလို့မွေးထားတဲ့ ခွေးလေးနဲ့ ကြောင်လေးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်။ အဲ့ဒါတင်ပြီးသွားလားဆိုတော့ မဟုတ်သေးဘူး။ သေကြောင်းကြံစည်တာကလည်း အကြိမ်ကြိမ်ပဲ။ ကျုပ်အသိမြန်ခဲ့လို့သာ သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတာ။ ကျုပ်လိုဆေးသုတေသနလုပ်နေတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ သိပ္ပံနည်းကျအဖြေရှာပေမဲ့ ဘယ်လိုမှအဖြေရှာလို့်မရခဲ့ဘူး။ ၂ နှစ်လောက်ဆက်တိုက်အဖြေရှာကြည့်ပေမဲ့ တစ်ခုမှတိုးတက်မလာခဲ့ဘူး။ ဒီလိုနဲ့ပဲ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းက ပယောဂဆရာတွေပင့်ပြီးကုခိုင်းလို့ ကုသကြည့်ပေမဲ့ အခြေအနေက တိုးတက်မလာပဲ အရင်ကထက်ပိုဆိုးလာခဲ့တယ်။ နောက်ဆုံးတော့ နှလုံးခုန်သံနဲ့အသက်ရှူသံသဲ့သဲ့ကြားနေရပြီး ခန္ဓာကိုယ်က မလှုပ်မလျက်နဲ့ အိပ်ယာပေါ်မှာလဲနေခဲ့တာ ၂ နှစ်ကျော်တောင်ကြာခဲ့ပြီ။အဲ့ဒီ ၂ နှစ်အတွင်းမှာ ဆေးပညာအရ တစ်ခုခုလုပ်လို့ရမလားဆိုပြီးလည်း အဖြေရှာကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒါပေမဲ့ဗျာ ကျုပ်သူ့ကိုမကယ်နိုင်ခဲ့ဘူး။"
ဒေါက်တာဘခက်က ဇနီးဖြစ်သူရဲ့အဖြစ်ဆိုးကို ရင်နင့်ဖွယ်ပြောပြရင်း မျက်ဝန်းအိမ်အတွင်းက မျက်ရည်စတွေစီးကျလာခဲ့တယ်။
"အဲ့လိုထူးခြားမှုတွေကြုံတွေ့ရပြီး ဒေါက်တာဘခက်ရဲ့အိမ်မှာ တစ်ခုခုပြောင်းလဲလာတာမျိုးတွေမတွေ့ရဘူးလား။ "
" မှတ်မှတ်ရရ ကျုပ်မိန်းမအဲ့လိုဖြစ်ပြီးနောက်ပိုင်း အိမ်ခြံဝန်းအတွင်းက သစ်ပင်တွေအကုန်သေကုန်ကြတာပဲ။ ဘယ်လိုနည်းလမ်းနဲ့ပဲပြန်စိုက်ပါစေ လုံးဝကို မရှင်သန်နိုင်ဖြစ်ပြီး သေသွားကြတာချည်းပဲ။"
"ဒေါက်တာဘခက်ကို မနာလိုမုန်းထားတဲ့သူတွေဘာတွေရောရှိတယ်လို့ကြားမိလား။"
"အဲ့သလိုတော့မရှိဘူးဗျ။ ကျုပ်တို့က အစိုးရတာဝန်အောက်မှာ ဆေးသုတေသနလုပ်ကြတဲ့အဖွဲ့အစည်းဆိုတော့ အကုန်လုံးက တန်းတူညီမျှပါပဲ။ ကျုပ်ကိုမနာလိုမုန်းထားရအောင်ကလည်း ကျုပ်က အရမ်းကြီးအောင်မြင်နေတာတော့မဟုတ်ပါဘူး။"
"ဒါဆိုရင်တော့ ကျုပ်ဒေါက်တာဘခက်ရဲ့ဇနီးဖြစ်သူကို လိုက်ပြီးကြည့်ပေးချင်တယ်ဗျာ။ ခွင့်ပြုပေးမလား။"
"ကျုပ်မိန်းမသာ အရင်လိုပြန်ဖြစ်နိုင်မယ်ဆိုရင်ဘာပဲလုပ်ရလုပ်ရ ကျုပ်လုပ်မှာပါ။တူမောင်တို့က ကြိုးစားပေးမယ်ဆိုတော့ ကျုပ်ပိုလို့တောင်ဝမ်းသာရပါသေးတယ်။"
"ကိုင်း ဒါဖြင့်အချိန်ဆွဲမနေတော့ပဲနဲ့ အခုပဲသွားလိုက်ရအောင်ဗျာ။"
"ဟာ ဆရာ ခဏတော့ နားနားနေနေနေပါအုံးလားဗျာ။"
"အခုချိန်မှာ နားနေလို့မဖြစ်ဘူးကိုဖိုးတေရ။ လုပ်လုပ် ကျုပ်တို့ပစ္စည်းတွေယူပြီး ဒေါက်တာဘခက်ရဲ့အိမ်ကိုလိုက်သွားရအောင်။"
အရိုးခေါင်းနန်းတော်ကပြန်လာတာမကြာသေးတဲ့ ကျုပ်ကို အနားယူစေချင်သေးတဲ့ ကိုဖိုးတေက နားခိုင်းပေမဲ့ ဒေါက်တာဘခက်ရဲ့ဇနီးဖြစ်သူကို အမြန်ကယ်နိုင်ဖို့ ချက်ချင်းပဲလိုက်သွားဖို့ပြင်ဆင်ခဲ့တယ်။ ဦးကြီးရန်နောင်နဲ့ မကြည်ပြာတို့ကို နှုတ်ဆက်ခဲ့ပြီး 'ငါးရံ့အိုင်ရွာ'ကို ကျောခိုင်းခဲ့ကြတာပေါ့။ ဒေါက်တာဘခက်ရဲ့ ဂျစ်ကားပေါ်မှာထိုင်ရင်း မျက်စိတစ်ဆုံးရှိနေတဲ့ လယ်ကွင်းတွေကို တစ်ဝကြီးငေးကြည့်နေမိတယ်။ကျုပ်တို့စီးလာတဲ့ဂျစ်ကားလေးက ရွာလေးတွေကိုကျော်ဖြတ်ပြီးတဲ့နောက် အဝေးပြေးလမ်းမကြီးပေါ်ကို တက်လာခဲ့ပြီး အတော်ကြာအောင်မောင်းခဲ့ရသေးတာ။ အဝေးပြေးလမ်းမကြီးရဲ့တစ်နေရာကလမ်းခွဲတစ်ခုအရောက်မှာတော့ 'သာမညမြို့'ဆိုတဲ့ ဆိုင်းပုဒ်ညွှန်ရာဘက်ကို ချိုးဝင်ခဲ့ကြတယ်။ တိုးတက်ကာစနယ်မြို့လေးတစ်မြို့မို့ထင်ပါရဲ့။ လမ်းတွေဆိုတာလည်း အသစ်စက်စက်ခင်းထားတာကိုတွေ့ရတယ်။ မြို့လယ်ခေါင်က ခြံဝန်းအကျယ်ကြီးရှေ့ကိုရောက်တော့ ဂျစ်ကားလေးကထိုးရပ်လိုက်ပြီး ကားဟွန်းသံပေးလိုက်တယ်။ ခြံထဲက အစောင့်ဦးလေးကြီးထွက်လာပြီး ခြံတံခါးကိုလာဖွင့်ပေးတယ်။ ဂျစ်ကားလေးကခြံထဲကိုစဝင်လိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့အငွေ့အသက်တွေကိုခံစားလိုက်ရတာမို့ ခြံဝန်းအတွင်းကို မျက်စိကစားပြီးလိုက်ကြည့်မိသေး။ကျုပ်နောက်မှာပါလာကြတဲ့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ကတော့ ဘာမှသိပုံမပေါ်ဘူး။ ခြံဝန်းထဲကိုရောက်တာနဲ့ ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးရဲ့ရှေ့မှာ ကားကိုရပ်လိုက်ပြီး ကျုပ်တို့ဆရာတပည့်သုံးယောက်ကို အိမ်ထဲကိုဖိတ်ခေါ်တာပေါ့။
"တူမောင်တို့လာကြကွ။လာကြ။ ကျုပ်မိန်းမကအပေါ်ထပ်က သူ့အခန်းထဲမှာရှိနေပါတယ်။ ခရီးပန်းလာတော့ ရေမိုးချိုးပြီး နားရင်လည်းနားကြအုံး။"
ဒေါက်တာဘခက်နေထိုင်ရာမြို့လေးနဲ့ 'ငါးရံ့အိုင်'ရွာလေးက အတော်ကိုမှအလှမ်းဝေးတာ။ စထွက်လာတုန်းက မနက်ခင်းအချိန် ကျုပ်တို့ဒီကိုရောက်တော့ ညနေတောင်စောင်းလုပြီ။ ဒေါက်တာဘခက်စီစဉ်ပေးတဲ့အခန်းထဲမှာ ရေမိုးချိုးပြီးအေးဆေးအနားယူနေချိန် ကျုပ်တို့ဆရာတပည့်သုံးယောက်ကိုညနေစာစားဖို့ လာခေါ်တော့တယ်။ အိမ်ကြီးအိမ်ကောင်းမှာနေရတဲ့ခံစားချက်က ကျုပ်တို့တောမှာနေရသလိုတော့ ဘယ်လွတ်လပ်ပါ့မတုန်း။
"တူမောင်တို့ လာကြကွာ။ ဘာကြိုက်တတ်မှန်းမသိလို့ အကုန်စီစဉ်ခိုင်းထားတယ်။ အားမနာတမ်းသာ စားကြပေတော့။"
ကြီးမားတဲ့ ထမင်းစားပွဲဝိုင်းကြီးပေါ်မှာ နေရာလပ်မကျန်ခင်းကျင်းထားတဲ့ ဟင်းပွဲတွေက မနည်းမနောပဲ။ ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ဘဲသား ၊ ဆိတ်သား အို စုံစိနေရောပါပဲ။ ဒီလိုမျိုးသာဆိုလို့ကတော့ ကိုဖိုးတေက ခေါင်းမဖော်တမ်းကိုဆော်တော့တာပေါ့။ ကျုပ်နဲ့ ကိုမိုးကြိုးကတော့ အေးအေးဆေးဆေးပဲ စားရင်းသောက်ရင်း ဒေါက်တာဘခက်နဲ့ စကားစမြည်ပြောဖြစ်ကြသေးတယ်။
"အဓိကပြဿနာကိုရှာလို့မတွေ့ရင် ကျုပ်တို့ ဒေါက်တာဘခက်ရဲ့ဇနီးကို ကယ်ဖို့နည်းလမ်းရှာတွေ့မှာမဟုတ်ဘူးဗျ။"
"ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်လည်းအတော်ကိုပင်ပန်းနေပါပြီဗျာ။"
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ဒေါက်တာဘခက်ကိုကြည့်ရင်း ကျုပ်ဘာဆက်ပြောရမလဲမသိတော့ဘူး။ စားလို့သောက်လို့ပြီးသွားတော့ ကိုဖိုးတေနဲ့ကိုမိုးကြိုးက အခန်းထဲမှာနားရင်း စောစောစီးစီးပဲ အိပ်ပျော်သွားကြတယ်။ ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့မို့ ခြံထဲကိုဆင်းပြီးလမ်းလျောက်ရင်း ဒေါက်တာဘခက်ရဲ့ဇနီးသည်ဖြစ်နေတဲ့အခြေအနေကိုဘယ်လိုကိုင်တွယ်ရမလဲစဉ်းစားနေမိတယ်။
"ငါ့တူကြီးက ဆေးကုတဲ့ဆရာလားကွဲ့။"
"ဟုတ်ကဲ့အဘ။ ကျုပ်က နယ်လှည့်ပြီးဆေးကုနေတဲ့ဆေးဆရာတစ်ယောက်ပါ။ ဒါနဲ့ဘာကိစ္စများရှိလို့လဲ။"
အသံလာရာကိုကြည့်လိုက်တော့ လက်ထဲမှာအရက်ပုလင်းကိုင်ရင်း ကျုပ်ရှိရာလာနေတဲ့ခြံစောင့်ဦးလေးကြီးကိုမြင်လိုက်ရတယ်။
"အေးကွယ်။ ဒေါက်တာဘခက်က ဒါမျိုးတွေအယုံအကြည်မရှိတော့ ပြောရဆိုရတယ်ခက်သကိုး။ ငါ့တူတို့ကိုတောင် ဘယ်သူကအတင်းဇွတ်ပြောလို့ အိမ်ခေါ်လာတယ်မသိဘူး။"
"ဒါဆိုအဘက ဒီအိမ်မှာဘာတွေဖြစ်နေလဲဆိုတာသိနေတာလား။"
"သိတာပေါ့ငါ့တူရာ။ တကယ်တော့ ဒီအိမ်ဆောက်ထားတဲ့မြေနေရာက မသန့်ဘူးကွ။ အရင်တုန်းက ဒီနေရာက ဖုန်းဆိုးမြေကြီးဖြစ်ခဲ့တာ။ လွယ်လွယ်ပြောရရင် သုဿန်ကြီးတစ်ခုလို့ပဲဆိုပါတော့ကွာ။ နောက်တော့ ဒီမြို့လေးက တိုးတက်လာတာနဲ့အမျှ သုဿန်မြေနေရာကိုရှင်းလင်းပြီး အိမ်ဝန်းလုပ်လိုက်ကြတယ်။ အဲ့ဒါကို ဒေါက်တာဘခက်က ဝယ်ယူပြီး အိမ်ဆောက်လိုက်တာပေါ့။ အရင်တုန်းက အဘကလည်း ဒီသုဿန်မှာစောင့်နဲ့ သုဘရာဇာကြီးပေါ့ကွယ်။ဒေါက်တာဘခက်ကို ဒီနေရာကို မဝယ်ဖို့ အတန်တန်တားတဲ့ကြားက ရအောင်ဝယ်ပြီး အဘကိုပါ ခြံစောင့်အလုပ်ပေးထားတာ။အေ့။"
အရက်သောက်ရင်းကျုပ်ကိုအကြောင်းစုံပြောပြနေတာမို့ လေကတက်လိုက်သေး။
"ဒါဆိုဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျုပ်သိပြီအဘ။ ရော့အဘ ဒါကအဘအတွက်အရက်ဖိုး။"
ခြံစောင့်ဦးလေးကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ အင်္ကျီအိတ်ထဲက ပိုက်ဆံတချို့ပေးခဲ့လိုက်ပြီး ကျုပ်တို့အနားယူရာအခန်းကို ပြန်လာခဲ့လိုက်တယ်။
***