“ပင်လယ်လှိုင်းဖြတ်သိုင်း.... တွမ်.... ချန်.... ခွန်း”
မီရှုဟွာ အံကြိတ်ကာ ထိုစကားလုံးများကို တစ်လုံးချင်း ခါးသီးစွာ ရေရွတ်လိုက်သည်။
သူ၏ လက်တစ်ဖက်မှာ လည်ပင်းကို အုပ်ကိုင်ထားသော်လည်း လက်ချောင်းများကြားမှ သွေးများမှာ တားမရဆီးမရ စီးကျနေဆဲပင်။
တောက်ပလှသော မီးရောင်အောက်တွင် အဘိုးအိုတစ်ဦး ပေါ်ထွက်လာသည်။ သူသည် အလွန်အိုမင်းလွန်းလှသဖြင့် လေထဲတွင် တုန်ရီနေသော ဖယောင်းတိုင်မီးအလား ထင်မှတ်ရသည်။
ထိုအဘိုးအို လက်ကို ဝှေ့ယမ်းလိုက်ရာ ပြာလဲ့သော ပျံသန်းဓားတစ်လက်မှာ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုဓားကို ဆုပ်ကိုင်ထားပုံမှာ တဝုန်းဝုန်းရိုက်ခတ်နေသော ပင်လယ်လှိုင်းတံပိုးကြီးများကို လက်ဝါးအတွင်း၌ ချုပ်ကိုင်ထားသည့်နှယ် အရှိန်အဝါ ကြီးမားလှပေသည်။
မီရှုဟွာ၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာကို ကြည့်ကာ တွမ်ချန်ခွန်း ခါးသက်စွာ ပြုံးလိုက်သည်။
“တောင်းပန်ပါတယ် မိတ်ဆွေကြီးရာ.... ငါ လူတစ်ယောက်ကို ကူညီပေးပါ့မယ်လို့ ကတိပေးထားမိလို့ပါ”
မီရှုဟွာသည် ဒေါသထွက်နေသော သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်သည်။
“လူတစ်ယောက် ဟုတ်လား.... ဘယ်သူလဲ.... အဲဒီလူက ကျုပ်တို့နှစ်ယောက်ရဲ့ ရာစုနှစ်ချီတဲ့ သံယောဇဉ်ထက်တောင် ပိုအရေးကြီးတာလား....ဟမ်”
ထိုစဉ် ပတ်ဝန်းကျင်၌ လေတိုးသံများ တဝုန်းဝုန်း မြည်ဟည်းလာပြီး ရင်းနှီးနေသော အသံတစ်သံ မီရှုဟွာ၏ နားထဲသို့ တိုးဝင်လာသည်။
“မိတ်ဆွေကြီးမီ.... မတွေ့ရတာ ကြာပြီနော်၊ နေကောင်းရဲ့လား”
သူ့ရှေ့တွင် ရပ်နေသူမှာ တစ်ချိန်က သူ့အား နွေးထွေးစွာ ကြိုဆိုခဲ့ဖူးသော အမြဲပြုံးနေတတ်သည့် မျက်နှာပိုင်ရှင်ပင်။
“အကြီးအကဲကျိုး….”
“ကျုပ် ခင်ဗျားတို့ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်ကို တစ်ခါမှ စော်ကားခဲ့တာ မရှိပါဘူး”
မီရှုဟွာ အေးစက်စွာ ပြောလိုက်သည်။
“ပြီးခဲ့တဲ့ အဆုံးအဖြတ်စင်မြင့်မှာ ဖိုရှန်းဂိုဏ်း နိုင်သွားခဲ့ပေမဲ့လည်း ကျုပ်က ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုတိုးမြှင့်ပေးခဲ့သလို ပစ္စည်းသွင်းဈေးကိုတောင် ၁၀ ရာခိုင်နှုန်း လျှော့ပေးခဲ့သေးတယ်လေ”
အကြီးအကဲကျိုး သက်ပြင်းချလိုက်သည်။
“မင်းရဲ့ စေတနာအပေါ်မှာတော့ ငါ တကယ် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကံဆိုးတာက ကုန်သည်အဖွဲ့ထဲက တခြားအကြီးအကဲတွေကတော့ သိပ်မကျေနပ်ကြဘူး ဖြစ်နေတယ်၊ နောက်ပြီးတော့....”
“နောက်ပြီးတော့.... သာမန်လူတစ်ယောက်မှာ အပြစ်မရှိပေမဲ့ ရတနာကို ပိုင်ဆိုင်ထားမိတာကတော့ အပြစ်တစ်ခုပဲလေ”
မှောင်မည်းနေသော ညဉ့်အမှောင်ထဲတွင် လှိုင်းတံပိုးများကို နင်းလျှက် နောက်ထပ် လူရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။
ထိုသူမှာ ဝမ်ဟိုင်ချောင် ဖြစ်သည်။ သူ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် လှမ်းပြောလိုက်သည်။
“ရွှေအမြုတေဂူသင်္ချိုင်းကနေ မင်းရခဲ့တဲ့ သိုလှောင်လက်စွပ်နဲ့ အထဲက ပစ္စည်းအားလုံးကို အခုချက်ချင်း လွှဲပေးလိုက်စမ်း”
မီရှုဟွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“အဲ့ထဲမှာ ရွှေအမြုတေ ဆေးလုံးမပါဘူး”
သူ အနောက်သို့ တရွေ့ရွေ့ ဆုတ်ခွာရင်း အတင်းအကျပ် ငြင်းဆိုနေတော့သည်။
ရုတ်တရက် သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။
အလွန်အမင်း အေးစက်သော စွမ်းအင်တစ်ခုသည် မီတာရာချီ ရှည်လျားသော ရေခဲတံတိုင်းကြီးအဖြစ် ပြောင်းလဲသွားကာ သူ၏ နောက်ပြန်လမ်းကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
“ပါလား မပါလားဆိုတာ မင်း ပြောရုံနဲ့ မပြီးဘူး၊ နတ်တစ္ဆေတောင်ကြားဂိုဏ်းက အကြီးအကဲရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရွှေအမြုတေ ဆေးလုံးမပါဘူးဆိုတာကိုတော့ ငါ လုံးဝ မယုံဘူး”
မီရှုဟွာ အံကိုတင်းတင်းကြိတ်ထားမိပြီး သူ၏ ဝိုင်းစက်စက် မျက်နှာကြီးမှာ ထိန်းမရအောင် တဆတ်ဆတ် တုန်ယင်နေတော့သည်။
နန်ကုန်းမိသားစု၏ အကြီးအကဲ နန်ကုန်းကျင်း....။
နန်ကုန်းကျင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ညှိနှိုင်းရန် လမ်းစမရှိတော့ကြောင်း မီရှုဟွာ သိလိုက်ပြီ ဖြစ်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ၏ ဒေါသများကို ဖိနှိပ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
“ခင်ဗျားတို့ လေးယောက်လုံး ပေါ်လာပြီဆိုမှတော့.... မိတ်ဆွေ လီရီရှန်းရေ ဆက်ပြီး ပုန်းမနေပါနဲ့တော့”
“အစ်ကိုကြီးမီရဲ့ အစွမ်းတွေက ထက်မြက်လွန်းတော့ ကျွန်တော်ကတော့ မျက်နှာမပြရဲသေးဘူးဗျ”
ညဉ့်ယံအမှောင်ထဲမှ ထွက်ပေါ်လာသော ထိုအသံသည် ဝေဝါးနေပြီး တစ္ဆေတစ်ကောင်နှယ် လွင့်ပျံနေသည်။
“ကျွန်တော် လိုချင်တာ သိပ်မများပါဘူး၊ ဖိုရှန်းဂိုဏ်းရဲ့ သားရဲခန်းမနဲ့ အရှေ့ပိုင်းလွင်ပြင် တောင်တန်းထဲကက ဘေးကင်းတဲ့ အမဲလိုက်စခန်း နှစ်ခုသုံးခုလောက်ပဲ လိုချင်တာပါ”
မီရှုဟွာ လှောင်ပြုံးပြုံးလိုက်သည်။
“ဒါလေးအတွက်နဲ့ ငါ့ကို လာတိုက်ရသလား”
“ဟူး.... မိသားစုအရေးအတွက်ဆိုတော့လည်း မတတ်သာဘူးလေ”
တစ္ဆေတစ်ကောင်နှယ် အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီးနောက် အသာအယာ ရယ်မောလိုက်ကာ ဆက်ပြောလိုက်သည်။
“ဒါနဲ့.... ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်တာ၊ ခင်ဗျားရဲ့ မိတ်ဆွေဟောင်းကြီး တွမ်ချန်ခွန်းလည်း အတူတူပဲ မဟုတ်လား”
မီရှုဟွာ မှင်သက်သွားကာ ဝိုင်းရံထားသူများအနက် အအိုမင်းဆုံး အဘိုးအိုကို ကြည့်လိုက်သည်။ တွမ်ချန်ခွန်း သက်ပြင်းကို လေးလံစွာ ချလိုက်သည်။
“လေလံပွဲကရတဲ့ အခြေခံတည်ဆေးလုံးက ငါ့ရဲ့ တွမ်မိသားစုက ပါရမီရှင်လေးကို အဆင့်တက်အောင် မကူညီနိုင်ခဲ့ဘူး၊ ငါ့ရဲ့ သက်တမ်းကလည်း ကုန်ခါနီးပြီဆိုတော့ မိသားစုအတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာအောင် မဖြစ်မနေ လုပ်ပေးရမယ်၊ ဒါကြောင့် မတတ်သာဘဲ မြေကမ္ဘာအမြစ် ကို အခကြေးငွေအဖြစ် ယူပြီး အကြီးအကဲကျိုးကို တစ်ကြိမ် ကူညီပေးဖို့ သဘောတူလိုက်တာပါ”
“ကျုပ်ဆီမှာလည်း အခြေတည်ဆေးလုံးရှိတယ်ဆိုတာ ခင်ဗျား သိရဲ့လား”
မီရှုဟွာ ဟိန်းဟောက်လိုက်သည်။
တွမ်ချန်ခွန်း ခေါင်းခါယမ်းကာ ဆိုသည်။
“မိတ်ဆွေဟောင်းကြီး.... ကိုယ့်ကိုယ်ကိုယ် လိမ်မနေပါနဲ့တော့၊ မင်းဆီက အကျိုးအမြတ်ကို ရဖို့ဆိုတာ ဘယ်လောက်ခက်သလဲ ငါသိတာပေါ့၊ အဲဒီအခြေတည်ဆေးလုံးကို မင်း ကစားကွက်တွေ အများကြီးနဲ့ အသုံးချနေတာ၊ ငါ့အလှည့် ဘယ်လိုလုပ် ရောက်မှာလဲ”
မီရှုဟွာ ဆွံ့အသွားသည်။ အတိတ်ကို ပြန်စဉ်းစားကြည့်မိသည့်အခါ သူ၏ နှုတ်ခမ်းထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ လှည့်ကွက်များစွာ သုံးခဲ့မိသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ပေါင်းလာခဲ့သော မိတ်ဆွေဟောင်းကြီးပင် သူ့အား မယုံကြည်တော့ပေ။
ရန်သူများ ဝိုင်းရံထားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးဦးက အရပ်မျက်နှာအသီးသီးကို ပိတ်ဆို့ထားကြသည်။ ကောင်းကင်သို့ ပျံတက်ရန် လမ်းမရှိသလို မြေထဲသို့ ငုပ်လျှိုးရန်လည်း မဖြစ်နိုင်ပေ။ မိမိကိုယ်ကိုယ် မသိလိုက်မီမှာပင် သေတွင်းထဲသို့ ကျရောက်နေပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
မီရှုဟွာ မျှော်လင့်ချက် အနည်းငယ်ဖြင့် အကြီးအကဲကျိုးကို ကြည့်လိုက်သည်။
“စီးပွားရေးသမားအချင်းချင်းပဲဗျာ.... ဘာလို့ ဒီလောက်အထိ လုပ်နေကြမှာလဲ၊ နောင်ကျရင် စီးပွားရေးလုပ်ငန်းတွေမှာ ကျုပ် နောက်ထပ် ၂၀ ရာခိုင်နှုန်း လျှော့ပေးမယ်၊ ဘယ်လိုလဲ.... မဟုတ်ဘူး.... ၃၀ ရာခိုင်နှုန်း”
အကြီးအကဲကျိုးသည် စိတ်ဝင်စားဟန်ဖြင့် သူ၏ မေးစေ့ကို ပွတ်လိုက်သည်။
“မိတ်ဆွေ နန်ကုန်း”
မီရှုဟွာ နောက်ဘက်သို့ လှည့်အော်လိုက်သည်။
“ခင်ဗျားတို့ မိသားစုက နှင်းကြာပန်းစျေးမြို့တော်ကနေ တာဟဲစျေးမြို့တော်ကို ပြောင်းလာတာဆိုတော့ သင့်တော်တဲ့ ဝိညာဉ်ကြော မရှိသေးဘူး မဟုတ်လား၊ ကျုပ်ရဲ့ မီမိသားစု တားမြစ်မြေအောက်မှာ ဝိညာဉ်ကြောခွဲတစ်ခု ရှိတယ်၊ အဲ့ဒါက ပင်မဝိညာဉ်ကြောတစ်ခုလောက်ကို အစွမ်းထက်တယ်၊ တကယ်လို့ ခင်ဗျား လိုချင်တယ်ဆိုရင် ကျုပ် လက်နှစ်ဖက်နဲ့ ဆက်သပါ့မယ်”
နန်ကုန်းကျင်း၏ မျက်ခုံးများ ပင့်တက်သွားကာ စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပြလာသည်။
“မိတ်ဆွေလီ၊ သားရဲခန်းမနဲ့ အမဲလိုက်စခန်းတွေအတွက်နဲ့ ချီစွမ်းအင်တွေ အကုန်ခံပြီး တိုက်ခိုက်နေဖို့ မတန်ပါဘူး၊ ငါ့ကိုသာ လွှတ်ပေးမယ်ဆိုရင် ဖိုရှန်းဂိုဏ်းက နှစ်ပေါင်းရာချီ စူးစမ်းရှာဖွေထားတဲ့ အရှေ့ပိုင်းလွင်ပြင်ရဲ့ အပြင်ဘက်ပိုင်း မြေပုံကို ပေးပါ့မယ်၊ မင်းတို့ စိတ်ကြိုက် သွားလာလို့ရတာပေါ့”
လီရီရှန်း မဖြေနိုင်သေးမီမှာပင် မီရှုဟွာ အသက်ပြင်းပြင်းရှူကာ တွမ်ချန်ခွန်းဘက်သို့ လှည့်လိုက်သည်။
“မိတ်ဆွေဟောင်းကြီး.... ကျုပ်တို့ ရိုးရိုးသားသားပဲ ပြောကြရအောင်၊ ကျုပ် ခင်ဗျားကို အခြေတည်ဆေးလုံး လက်ဆောင်ပေးမယ်၊ ခင်ဗျား တွမ်မိသားစုဆီ ပြန်လိုက်ပါ၊ ပြီးတော့ ကျုပ် သစ္စာဆိုပါတယ်၊ ခင်ဗျား ကွယ်လွန်သွားပြီးရင်တောင် ခင်ဗျားတို့ မိသားစုရဲ့ ပါရမီရှင်လေး အခြေခံတည်အဆင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ခင်ဗျားတို့မိသားစုကို ကျုပ် နောက်ထပ် နှစ်တစ်ရာလုံးလုံး စောင့်ရှောက်ပေးပါ့မယ်”
ကမ်းလှမ်းချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဝိုင်းရံထားသူ ငါးဦးအနက် လေးဦးမှာ စိတ်လှုပ်ရှားသွားကြပြီ ဖြစ်သည်။ မီရှုဟွာ၏ ကမ်းလှမ်းချက်များမှာ ဟန်ပြစကားများ မဟုတ်ဘဲ သူ အမှန်တကယ် လုပ်ဆောင်ပေးနိုင်သည့် အရာများ ဖြစ်နေသောကြောင့်ပင်။
ထိုစဉ် ရုတ်တရက် အေးစက်စက် အသံတစ်သံ လေထဲ၌ လွင့်ပျံလာသည်။
“ငါ့ကိုတော့ မင်း လုံးဝ ထည့်မတွက်တော့ဘူးပေါ့ ဟုတ်လား”
မီရှုဟွာ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။
“ကတိဖျက်တဲ့ လူယုတ်မာကများ.... မင်းနဲ့ ဆွေးနွေးစရာ ဘာမှမရှိဘူး”
ထိုခဏအတွင်း ဝမ်ဟိုင်ချောင် အနည်းငယ် ရှက်သေသေ သွားသည်။ အကြောင်းမှာ သူနှင့် မီရှုဟွာသည် အတိတ်တွင် ကတိကဝတ်များစွာ ပြုလုပ်ခဲ့ဖူးသလို၊ အဆုံးအဖြတ်စင်မြင့်မှ တိုက်ပွဲများ အပြီးနောက်တွင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အချင်းချင်း မကျူးကျော်ရန် စာချုပ်ချုပ်ဆိုထားခဲ့သည်။ ယခု တာကျန်းဂိုဏ်းက အခြားအင်အားစုများကို ဦးဆောင်ကာ ဖိုရှန်းဂိုဏ်းအား လာရောက်တိုက်ခိုက်ခြင်းမှာ ကတိပျက်ခြင်းဟု ဆိုနိုင်ပေသည်။
ကျန်သည့်သူများကလည်း ထူးဆန်းသော အကြည့်များဖြင့် ဝမ်ဟိုင်ချောင်ကို ကြည့်လိုက်ကြသည်။ မီရှုဟွာသည် ခန့်ညားတည်ကြည်သော လေသံဖြင့် ပြောဆိုနေသော်လည်း ရင်ထဲတွင်မူ တဒိန်းဒိန်း ခုန်နေလေသည်။
ထိုစဉ် အကြီးအကဲကျိုးက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ အားလုံး သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
“အကြီးအကဲကျိုး.... ဘာများ မကျေနပ်တာ ရှိသေးလို့လဲ”
အကြီးအကဲကျိုးက ခေါင်းခါယမ်းလိုက်ပြီး ဆိုသည်။
“မင်းရဲ့ ကမ်းလှမ်းချက်တွေက ကောင်းပါတယ်၊ ငါ့ကို ဆွဲဆောင်နိုင်တာ ဝန်ခံရမယ်၊ ဒါပေမဲ့ ငါသိချင်တာ တစ်ခုရှိတယ်၊ မင်း အဲ့တာတွေအားလုံးကို ပေးလိုက်ပြီးပြီဆိုမှတော့ မင်းမှာ ငါတို့ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်နဲ့ ဆက်ပြီး စီးပွားရေးလုပ်ဖို့ ဘာအင်အား ကျန်တော့မှာလဲ”
မီရှုဟွာ ဆွံ့အသွားသည်။ သူ အလောတကြီး ကမ်းလှမ်းခဲ့မိသဖြင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။
သူ အမြန် ပြန်ပြောလိုက်သည်။
“ကျုပ်က အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာရယ်၊ ကျုပ်မှာ သက်တမ်း နောက်ထပ် နှစ်တစ်ရာ ကျန်နေသေးတာရယ်နဲ့တင် လုံလောက်ပါတယ်”
“မလုံလောက်ဘူး”
“လော့ချန်.... ဟုတ်တယ်.... လော့ချန်ရှိသေးတယ်.... သူက လုံလောက်တယ်”
“ဪ....”
“တန်ချန်ဇီ.... လော့ချန်ရဲ့ တာအိုဘွဲ့က တန်ချန်ဇီပဲ၊ သူက ဆေးဖော်စပ်တဲ့နေရာမှာ နတ်ဘုရားတစ်ပါးလို ပါရမီပါတဲ့သူပဲ၊ အဆင့်လတ် ဆေးလုံးတွေကို ဖော်စပ်တဲ့နေရာမှာ သူရဲ့ အောင်မြင်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်၊ ဒီကလေးသာ ရှိနေရင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်က ကျောက်စိမ်းအိုးနယ်မြေမှာ ထိပ်တန်းကုန်သည်အဖွဲ့ ဖြစ်လာမှာ သေချာတယ်”
တန်ချန်ဇီ ဟူသော အမည်ကို ကြားလိုက်သည့်အခါ အကြီးအကဲကျိုး၏ မျက်လုံးများ တောက်ပသွားသည်။ ဤကမ်းလှမ်းချက်မှာ အမှန်တကယ်ပင် အကောင်းဆုံးဖြစ်ပြီး ငြင်းပယ်ရန် အလွန်ခက်ခဲလှသည်။
“ကောင်းပြီ.... မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံတယ်”
ထိုစကားသည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ခုကဲ့သို့ပင်။ မီရှုဟွာ လုံးဝ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သို့သော်လည်း နောက်ထပ် ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ ကျောက်ရုပ်နှယ် အေးခဲသွားရပြန်သည်။
“ဒါပေမဲ့.... ရွှေအမြုတေ အကြီးအကဲရဲ့ သိုလှောင်လက်စွပ်ကိုတော့ လွှဲပေးရမယ်၊ ပြီးတော့ မင်းရဲ့ မှော်ရတနာကိုလည်း လွှဲပေးရမယ်”
အကြီးအကဲကျိုးက ပုခုံးတွန့်ပြလိုက်ပြီး ဆိုသည်။
“မတတ်နိုင်ဘူးလေ.... ရွှေအမြုတေအဆင့် တက်မယ့် အခွင့်အရေးကိုတော့ ကျုပ်လက်မလွှတ်နိုင်ဘူး၊ ကျန်တဲ့ မိတ်ဆွေတွေလည်း ဒီလိုပဲ ဖြစ်မှာပါ”
မီရှုဟွာ၏ နှလုံးသားသည် ချက်ချင်းပင် ချောက်ကမ်းပါးအောက်သို့ ထိုးဆင်းသွားတော့သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝမ်ဟိုင်ချောင်၏ လှောင်ပြုံး၊ နန်ကုန်းကျင်း၏ လောဘဇောများနှင် တွမ်ချန်ခွန်း၏ ခေါင်းငုံ့ထားမှုများကို မြင်လိုက်ရသည်။
“ဟား.... ဟား.... ဟား....”
ကြေကွဲဝမ်းနည်းဖွယ် ရယ်မောသံတစ်သံ မီရှုဟွာထံမှ ထွက်ပေါ်လာသည်။
“ငါ့ရဲ့ ရတနာတွေကို အပ်လိုက်ရင် ငါက အသတ်ခံရမယ့် သိုးတစ်ကောင် ဖြစ်သွားမှာပေါ့၊ မင်းတို့က ငါ မီရှုဟွာကို အရူးများ မှတ်နေသလား”
“အဲဒီလိုလည်း မဟုတ်ပါဘူး.... ငါတို့ အရင်ဆုံး သစ္စာဆို....”
“နေဦး....”
အကြီးအကဲကျိုး၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားကာ တည်ကြည်ခက်ထန်သွားသည်။
“လက်နက်ထုတ်ကြ.... သူ အချိန်ဆွဲနေတာ”
စကားမဆုံးခင်မှာပင် မီးတောက်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး မှောင်မိုက်သော ညကြီးမှာ နေ့ခင်းဘက်အလား လင်းထိန်သွားတော့သည်။ ကျန်သည့် လေးဦးမှာလည်း ချက်ချင်းပင် သတိဝင်လာကြပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ မိမိတို့၏ အစွမ်းများကို အသီးသီး ထုတ်ဖော်လိုက်ကြတော့သည်။
ဤအချိန်တွင် မီရှုဟွာသည်လည်း ဟန်ဆောင်နေမှုများကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ စောစောက ပြောခဲ့သမျှ ကမ်းလှမ်းချက်များ၊ ဟန်ပန်များအားလုံးမှာ စစ်ကူလာမည့်အချိန်ကို ဆိုင်းငံ့နိုင်ရန် သူ၏ လှည့်ကွက်များသာ ဖြစ်ပေသည်။ ကံဆိုးသည်မှာ ထိုမျှလောက် အချိန်ဆွဲခဲ့သော်လည်း စစ်ကူများ ရောက်မလာခြင်းပင်။
“ထားလိုက်တော့”
“ဒါဆိုလည်း တစ်ပွဲတစ်လမ်းလောက် နွှဲကြည့်ကြတာပေါ့”
ရှူး.... ရှူး.... ရှူး....
ကောင်းကင်အနှံ့ ပျံသန်းနေသော ဘီးများသည် သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ဘေးပတ်ပတ်လည်သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာရာ ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာပင် အက်ကွဲပျက်စီးသွားတော့မည့်နှယ် ဖြစ်နေတော့သည်။
အမည်းနှင့် အဖြူရောင် ရောယှက်နေသော အလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်သည်။
တိုက်စစ်မှော်ရတနာ၊ ခံစစ်မှော်ရတနာ....။
ထိုမျှမကသေးဘဲ ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ချက်ချင်း မျိုချလိုက်ရာ သူ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းသွားတော့သည်။ သူ လက်ဟန်တစ်ခု ဖော်ဆောင်လိုက်ရာ လက်ဝါးအတွင်းမှ စေတီငယ်တစ်ဆူ ထွက်ပေါ်လာပြီး မြေပြင်သို့ အရှိန်ဖြင့် ဆင်းသက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစေတီငယ်မှာ ပေ ၃၀၀ ခန့် မြင့်မားသွားကာ မီမိသားစု စံအိမ်တော်၏ ထက်ဝက်ခန့်ကို အမှုန့်အဖြစ် ကြိတ်ချေပစ်လိုက်တော့သည်။
စေတီတော်၏ ထိပ်ဖျားပေါ်တွင် မတ်တတ်ရပ်လျက် မီရှုဟွာ ဟိန်းဟောက်လိုက်သည်။
“ကျုပ်ရဲ့ အသက်ကို လိုချင်တယ်ဆိုရင်တော့ ခင်ဗျားတို့လည်း တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မယ်”
***