“အိုးထဲက လိပ်၊ ထောင်ချောက်ထဲက သားရဲ.... အလဟဿ ရုန်းကန်နေတာပဲ”
ရှန်းရှုသည် လက်ညှိုးတစ်ချောင်းဖြင့် ကောင်းကင်ကို ညွှန်လိုက်ရာ ပေ ၃၀ ခန့် ရှည်လျားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ရေခဲလှံကြီးတစ်စင်း ပေါ်ထွက်လာသည်။ သူ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
“သွားစမ်း”
ကျိုးယွမ်လီသည် မျက်နှာပျက်လျက် အစီရင်၏ အနားသတ်များတစ်လျှောက် အလုပ်ရှုပ်နေသည်။ သူသည် ရှေ့တည့်တည့်မှ ပြေးဝင်လာသော ရေခဲလှံကြီးကို ကြည့်ကာ စိတ်ထဲမှ တတွတ်တွတ် ဆုတောင်းနေမိတော့သည်။
‘တောင့်ခံထား.... ဘာပဲဖြစ်ဖြစ် တောင့်ခံထားရမယ်’
သူ၏ စိတ်ဆန္ဒမှာ ပြိုလဲတော့မည့် အစီအရင်ကို အင်အားဖြည့်ပေးနိုင်မည်ဟု သူ ထင်နေပုံရသည်။
နောက်တစ်ခဏတွင် ရေခဲလှံကြီးသည် မြေစောင့်အစီအရင်၏ ဝါကျင်ကျင် အကာအကွယ်နှင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်မိသွားသည်။ နားစည်ကို ဖောက်ထွက်မတတ် ကြောက်မက်ဖွယ်ကောင်းသော ပွတ်တိုက်သံကြီး ထွက်ပေါ်လာသည်။
ဂွမ်း.... ဂွမ်း.... ဂွမ်း....
စွမ်းအင်နှစ်ခုမှာ အချိန်အတော်ကြာ အားပြိုင်ပြီးနောက် နောက်ဆုံးတွင် ရေခဲလှံမှာ ပျက်စီးပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်၌ ရေခဲငွေ့များသာ ကျန်ရစ်ခဲ့သည်။
ဖိနှိပ်ခံထားရသော မြေဝါရောင် အလင်းကာရံမှာလည်း မူလအခြေအနေအတိုင်း ပြန်လည် တည်ငြိမ်သွားသည်။ ကြည့်ရသည်မှာ အချိန်မရွေး ပြိုလဲတော့မည့်ပုံ ပေါက်နေသော်လည်း အမှန်တကယ်တွင်မူ ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာနေဆဲပင်။
ထိုမြင်ကွင်းကို မြင်မှပင် ကျိုးယွမ်လီ သက်ပြင်းအကြီးကြီး ချနိုင်တော့သည်။
ဖုန်း.... ဖုန်း.... ဖုန်း....
သူ ငုံ့ကြည့်လိုက်ရာ ခြေရင်းရှိ ဝိညာဉ်ကျောက်တုံးပုံမှာ မီးခိုးရောင် ကျောက်မှုန့်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“လူတွေ လာကြဦး.... ဝိညာဉ်ကျောက်တုံးတွေ အမြန်ဖြည့်….”
ကျင့်ကြံသူအချို့ ပြေးဝင်လာပြီး ဝိညာဉ်ကျောက်တုံးသစ်များကို အစီအရင်၏ စွမ်းအင်ဗဟိုချက်များထဲသို့ အလုအယက် ထည့်သွင်းကြတော့သည်။
....
အစီရင်အပြင်ဘက်တွင်မူ....။
ရှန်းရှုသည် အမောဖြေရင်း လိပ်ခွံကဲ့သို့ မာကျောလှသော မြေကာကွယ်ရေး အစီအရင်ကို မကျေမချမ်း ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် ကောင်းထင်ယွမ်ဆီသို့ လျှောက်သွားလိုက်သည်။
“မင်းတို့ကောင်တွေ….”
သူ ရုတ်တရက် အော်ဟစ်လိုက်သည်။
“ငါတစ်ယောက်တည်းပဲ တိုက်နေရတာလား၊ ကျန်တဲ့လူတွေက ကြည့်ရုံပဲ ကြည့်နေကြတာလား….”
လန်ထျန်းယွမ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
“စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း၊ ဒုတိယအစ်ကိုကြီးကောင်းက မင်းကို ကူညီဖို့အတွက် ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူ ၆၀ ကျော် လွှတ်ပေးထားတာပဲ မဟုတ်လား”
“ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်စုလောက်နဲ့သာ ဖျက်ဆီးလို့ရရင် ဒီအစီရင်က ပထမအဆင့် အစီရင်တွေထဲမှာ ထိပ်တန်းလို့ အမည်တွင်ပါ့မလား”
ရှန်းရှုမှာမူ မကျေနပ်သေးပေ။ သူ၏ အကြည့်များမှာ ကောင်းထင်ယွမ်ထံသို့ ရောက်သွားသည်။ ကောင်းထင်ယွမ်မှာ ယခုအချိန်အထိ အမိန့်ပေးရုံသာ လုပ်နေပြီး ကိုယ်တိုင်လှုပ်ရှားခြင်း မရှိသဖြင့် ဟန်ပြလောက်သာ လုပ်နေသည်ဟု ရှန်းရှု ထင်နေမိသည်။
ကောင်းထင်ယွမ်သည် လန်ထျန်းယွမ်အား တွန်းဖယ်ကာ ရှေ့ဆုံးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် လခြမ်းတောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားသော ကြီးမားလှသည့် အလင်းကာရံကြီးကို မော့ကြည့်လိုက်သည်။
“ဒီလောက်ဆို တော်လောက်ပြီ”
ထို့နောက် နောက်ရှိလူတစ်ဦးထံသို့ လှည့်ကာမေးလိုက်သည်။
“မိတ်ဆွေမင်.... အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးပြီဆိုတော့ တစ်ခုခု ထူးခြားတာ ရှိပြီလား”
ရှန်းရှုမှာ အံ့အားသင့်သွားပြီး နောက်နားတွင် တိတ်ဆိတ်စွာ ရပ်နေသည့် အမျိုးသားကို လှည့်ကြည့်လိုက်သည်။ ထိုသူမှာ အစောပိုင်းက ကောင်းထင်ယွမ်နှင့် အသံလုံအစီအရင်ထဲတွင် သီးသန့်ဆွေးနွေးနေခဲ့သူ ဖြစ်သည်။
ယခုမှပင် အားလုံး ရှင်းသွားတော့သည်။ မိမိနှင့် အခြားချီသန့်စင်အဆင့်လတ် ကျင့်ကြံသူများ အစီရင်ကို တိုက်ခိုက်နေရခြင်းမှာ ဤလူအတွက် အစီရင်၏ အားနည်းချက်ကို ရှာဖွေပေးနေခြင်း ဖြစ်ပုံရသည်။
‘သူက အစီရင်ပညာရှင်လား....’
ရှန်းရှု သံသယဖြစ်နေစဉ််မှာပင် မင်လုံယွီက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ ဝတ်ရုံထဲမှ အဋ္ဌဂံပုံ အစီအရင်ဗန်းတစ်ခုကို ထုတ်လိုက်သည်။
“မြေစိုင်မြေခဲကို အကြောအဖြစ် သုံးထားပြီး တောင်ကြားရဲ့ မြေမျက်နှာသွင်ပြင်ကို အရှိန်အဝါအဖြစ် ယူထားတယ်”
“မြေစွမ်းအင်တွေ ယိုစီးလာတာနဲ့အမျှ တောင်ကြားကလည်း ပြိုလဲလာပြီဆိုတော့ ရွှေဓာတ်က အားကောင်းပြီး မြေဓာတ်က အားနည်းတဲ့ အခြေအနေကို ရောက်နေပြီ”
“ဒါကြောင့် ရွှေဓာတ်အားကောင်းတဲ့ အချိန်မှာ တိုက်ခိုက်ပြီး မြေဓာတ်အားနည်းတဲ့ အချိန်မှာ ဖြိုချရုံပဲ”
“ဒီအစီရင်ကို ငါ ဖြိုခွင်းလိုက်ပြီ”
သူ၏ ရယ်သံမှာ ပိုမို ကျယ်လောင်လာသည်။ လက်ထဲမှ အစီအရင်ဗန်းကို ကောင်းကင်သို့ မြှောက်တင်လိုက်ရာ ၎င်းမှာ မြေကာကွယ်ရေး အစီအရင်ကြီး၏ အပေါ်တွင် ဝဲပျံနေတော့သည်။ ရောင်စုံအလင်းတန်းများမှာ ထိုဗန်းထဲမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ အစီအရင်ကို ထိမှန်သည်နှင့် မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ရွှံ့နွံထဲသို့ နွားတစ်ကောင် နစ်ဝင်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။
ရှန်းရှု၊ ဖူကျန်း နှင့် အခြားသူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။
အစောပိုင်းက တိုက်ခိုက်မှုနှင့် ယှဉ်လျှင် ဤသည်မှာ အလွန်ပင် သိမ်မွေ့လှသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခု မှားနေကြောင်း သူတို့ ခံစားလာရသည်။ အလင်းတန်းများ အစီအရင်ထဲသို့ ပိုမို နစ်ဝင်လာသည်နှင့်အမျှ လခြမ်းတောင်ကြားနှင့် ပတ်ဝန်းကျင်တစ်ဝိုက်မှ တုန်ခါသံများ ထွက်ပေါ်လာတော့သည်။
ပထမတွင် အနည်းငယ်မျှသာဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်တောင်ကြားလုံး ပြင်းထန်စွာ တုန်ခါလာတော့သည်။ ကျောက်တုံးကြီးများ တောင်ပေါ်မှ လိမ့်ကျလာသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်သူက တက်၊ လေခွင်းအတတ် သုံးကာ မြေပြင်မှ ကြွသူက ကြွဖြင့် အလူးအလဲ ဖြစ်ကုန်ကြသည်။
“မကောင်းတော့ဘူး၊ အစီရင် ပျက်တော့မယ်”
မုရုံချင်းလျန် လွှတ်ခနဲ ပြောလိုက်မိသည်။
ကူချိုင်ယီသည် စိုးရိမ်တကြီးဖြင့် လော့ချန်၏ အင်္ကျီလက်ကို ဆွဲထားမိသည်။
“စစ်ကူတွေလည်း ရောက်မလာသေးဘူး၊ ရန်သူတွေကလည်း အင်အားကြီးတယ်၊ အစီအရင် ပျက်သွားရင် ကိုယ့်ကိုယ်ကိုယ် သေချာကာကွယ်နော်”
လော့ချန် ခေါင်းညိတ်ပြသော်လည်း မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူ ကူချိုင်ယီ၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူမ ခေတ္တမျှ မှင်သက်သွားသည်။ ထို့နောက် ဆေးလုံးလေးတစ်လုံး သူမ၏ လက်ထဲသို့ တိတ်တဆိတ် ရောက်ရှိလာသည်။ လော့ချန် သူမအား ခေါင်းညိတ်ပြလိုက်ပြီးနောက် မုရုံချင်းလျန်ကို လှမ်းခေါ်လိုက်သည်။
“ဒေါ်လေး.... တခြား ဆေးဖော်ခန်းက ဆေးအိုးတွေ သွားယူရအောင်”
‘ဒီလိုအချိန်မှာတောင် ဒါကို စဉ်းစားနေသေးတာလား....’
မုရုံချင်းလျန် ထိုသို့ တွေးရင်း သက်ပြင်းချလိုက်ကာ လော့ချန်နှင့်အတူ ဆေးဖော်ခန်းထဲသို့ လိုက်ဝင်သွားတော့သည်။
ဆေးဖော်ဆောင် အတွင်းရှိ ကျန်ရှိသော ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ အဘွားယွမ်က ရှေ့တွင်ရပ်ကာ သူမ၏ သားကြီးဖြစ်သူ ယွမ်တုန်းရှန်းအား တစ်ခုခု တီးတိုးမှာကြားနေသည်။
စီကုန်းရှို့ကျားမှာ မတည်မငြိမ်နှင့် လမ်းလျှောက်ရင်း တတွတ်တွတ် ဆဲဆိုနေတော့သည်။
ကျိုးယွမ်လီမှာမူ လျိုချန်း၊ တုန်းဖန်းလျန် နှင့် အခြားချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူများကို စုရုံးကာ အမိန့်များ ပေးနေသည်။
ဝုန်း....
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ မြေကာကွယ်ရေး အစီအရင် ပျက်စီးသွားပြီ ဖြစ်သည်။
လခြမ်းတောင်ကြားရှိ ကျင့်ကြံသူအားလုံး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကောင်းကင်တစ်ခုလုံးတွင် ရာနှင့်ချီသော ရန်သူကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။ တောက်ပလှသော အလင်းတန်းများမှာ မှောင်မည်းနေသော ညဉ့်ယံတွင်ပင် အထင်သား မြင်နေရပေသည်။
ရန်သူများ၏ ရှေ့ဆုံးမှ အမိန့်ပေးသံတစ်သံ ဟိန်းထွက်လာသည်။
“ဒီနေ့ တို့တာကျန်းဂိုဏ်းက လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်၊ ရွှမ်ယီအဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဖိုရှန်းဂိုဏ်းကို လာရောက်နှိမ်နင်းတာဖြစ်တယ်....”
“ဖိုရှန်းဂိုဏ်း ကျိန်းသေပေါက် ပျက်ဆီးရမယ်”
“မင်းတို့တွေ အကျိုးမရှိဘဲ အလဟဿ အသက်မသေချင်ရင် လက်နက်ချကြ၊ လက်နက်ချရင် အသက်ကို ချမ်းသာပေးမယ်၊ တို့ တာကျန်းဂိုဏ်းထဲ ဝင်မယ်ဆိုရင်လည်း တို့လူတွေနဲ့ တန်းတူဆက်ဆံပေးပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်နိုင်စေရမယ်”
ထိုစကားကို ကြားရသောအခါ ကြောက်ရွံ့တုန်ရင်နေကြသော အဆင့်နိမ့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဝေခွဲမရသော အရိပ်အယောင်များ ပေါ်လာသည်။
‘တကယ်ပဲ တန်းတူ ဆက်ဆံမှာလား....’
တစ်ခဏအတွင်းမှာပင် လူအများအပြားမှာ လက်နက်ချချင်စိတ် ပေါ်လာတော့သည်။
သူတို့စိတ်ထဲတွင် သံသယများဝင်ရောက်လာသည်။ ဖိုရှန်းဂိုဏ်းဆိုသည်မှာ ဂိုဏ်းကြီးတစ်ခု မဟုတ်ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသော အင်အားစုသာဖြစ်သဖြင့် အစဉ်အလာလည်းမရှိ၊ ဆရာသမားလည်းမရှိ၊ ဂုဏ်သိက္ခာလည်းမရှိရာ စည်းလုံးညီညွတ်မှုဆိုသည်မှာ ဝေလာဝေးပင်။
အချို့လူများ လက်နက်ချရန် ကြံရွယ်နေစဉ်မှာပင် အိုမင်းသော ဒေါသတကြီး အသံတစ်သံ ထွက်ပေါ်လာသည်။
“သူ့စကားတွေကို မယုံကြနဲ့….”
“တာကျန်းဂိုဏ်းနဲ့ ဖိုရှန်းဂိုဏ်း ကြားမှာ ရန်ငြိုးတွေ အများကြီးရှိတာ၊ အဆုံးအဖြတ်စင်မြင့်ပေါ်က သေခန်းပြတ် တိုက်ပွဲကို မင်းတို့ မေ့ကုန်ကြပြီလား….”
“အဲဒီ လူပုကောင် ပြောသမျှက အလိမ်အညာတွေချည်းပဲ…”
လူပုကောင်....။
ကျင့်ကြံသူအချို့မှာ ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရသည်။ ကောင်းထင်ယွမ်မှာ အမှန်တကယ်ပင် အရပ်အလွန်ပုရာ ကျင့်ကြံသူများအကြားတွင် ထူးခြားနေသူဖြစ်သည်။
ထိုစကားများကို ပေါ်တင် အော်ပြောလိုက်သူမှာ အခြားမဟုတ်။ စီကုန်းရှို့ကျားပင် ဖြစ်သည်။
စီကုန်းရှို့ကျား ဆက်တိုက် အော်ဟစ်ဆဲဆိုနေသည်။
“မင်းတို့ အခု လက်နက်ချလိုက်ရင် သူတို့က လွှတ်ပေးမယ်လို့ တကယ် ထင်နေကြတာလား….
“မင်းတို့ အသတ်မခံရရင်တောင် စုဆောင်းထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ၊ အဝတ်အစားတွေ၊ ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ မှော်လက်နက်တွေကို သူတို့က မယူဘဲ နေမှာတဲ့လား၊ အားလုံးပဲ.... ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို မယုံကြပါနဲ့”
ဤအော်ဟစ်သံကြောင့် လခြမ်းတောင်ကြားရှိ တိုက်ခိုက်လိုစိတ်များမှာ ပြန်လည် နိုးထလာတော့သည်။
ဖိုရှန်းဂိုဏ်းအတွက် မဟုတ်လျှင်တောင် မိမိတို့၏ အသက်ရှင်သန်ရေးနှင့် ပိုင်ဆိုင်မှုများအတွက် တိုက်ခိုက်ရမည် မဟုတ်ပါလော။ ရန်သူအများစုမှာ ချီသန့်စင် အလယ်အလတ်အဆင့်များသာ ဖြစ်ရာ မိမိတို့ဆီမှ ပစ္စည်းများကို မက်မောကြမည်မှာ သေချာလှသည်။
‘အဘိုးကြီး စီကုန်း ပြောတာ မှန်တယ်.... ဒါ ငါတို့ကို လှည့်စားနေတဲ့ စကားတွေပဲ’
လော့ချန်သည် မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့အကြားတွင် ရပ်နေပြီး သူ၏အနောက်တွင် ကျိုးယွမ်လီတို့အဖွဲ့က အဆင်သင့် ရှိနေကြသည်။ သူသည် ဒေါသတကြီး အော်ဟစ်နေသော စီကုန်းရှို့ကျားကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအဘိုးကြီးမှာ ဆူညံလှသော်လည်း အခြေအနေကို ကောင်းကောင်း မြင်နိုင်စွမ်း ရှိသည်။
တာကျန်းဂိုဏ်း၏ ကမ်းလှမ်းချက်မှာ အဆင့်နိမ့် ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူများကိုမူ သေချာပေါက် သတ်ဖြတ်ကြမည်သာ ဖြစ်သည်။ သို့မှသာ လာရောက်တိုက်ခိုက်သူများအတွက် ဝေစုရမည် မဟုတ်လော။
ထို့ကြောင့် အစီရင်ပျက်သွားသည့် ယခုအချိန်တွင် စီကုန်းရှို့ကျားမှာ အန္တရာယ် အရှိဆုံး ဖြစ်နေသည်။ သို့သော် ထိုအဘိုးကြီးသည် တောင်ကြားရှိ ကျင့်ကြံသူအားလုံးကို တိုက်ခိုက်ရန် လှုံ့ဆော်လိုက်ခြင်းအားဖြင့် အခြေအနေကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေပြီး ထိုရှုပ်ထွေးမှုကြားတွင် ကိုယ်လွတ်ရုန်းရန် ကြံစည်နေခြင်း ဖြစ်သည်။
အစီရင်အပြင်ဘက်တွင်မူ.... ။
ကောင်းထင်ယွမ်သည် သူ့နောက်မှ လူများကို လှည့်ကြည့်ကာ ‘ငါ တတ်နိုင်သလောက်တော့ လုပ်ပေးပြီးပြီ’ ဟူသော သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်။
ဖူကျန်းနှင့် လန်ထျန်းယွမ်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ ကောင်းထင်ယွမ် တမင်တကာ လျှော့လုပ်နေသည်ဟု သူတို့ သံသယဝင်နေကြသည်။ အမှန်ဆိုလျှင် စောစောက စီကုန်းရှို့ကျား၏ စကားကို ချက်ချင်း ဖြတ်ပြောနိုင်လျှင် တိုက်ပွဲမှာ ပိုလွယ်ကူသွားနိုင်သည် မဟုတ်ပါလော။
ရှန်းရှုကမူ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ အလောတကြီး မေးနေသည်။
“ဘယ်လောက် ကြာဦးမှာလဲ”
မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော မင်လုံယွီမှာ မလှုပ်မယှက်ပင်။ အစီအရင်ဗန်းကို ကျွမ်းကျင်စွာ ထိန်းကျောင်းနေရင်း သူ၏ နှုတ်ခမ်းထက်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။
“ရပြီ.... ရပြီ”
“ပျက်စီးစမ်း"
ရှူး.... ရှူး.... ရှူး....
အစီအရင်ဗန်းထဲမှ အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး မြေကာကွယ်ရေး အစီအရင်ကို ပြင်းထန်စွာ ထိမှန်တော့သည်။ ၈ ကြိမ်မြောက် တိုက်ခိုက်မှုအပြီးတွင် မင်လုံယွီ အကျယ်ကြီး ဟိန်းဟောက်လိုက်သည်။
“ဒီလောက် အစီအရင်အသေးအဖွဲလေးက ငါ့ကို တားနိုင်မယ် ထင်နေသလား၊ ငါ ဘယ်လို ဖျက်ဆီးပြမလဲဆိုတာ ကြည့်လိုက်စမ်း”
သူ ကောင်းကင်သို့ ခုန်တက်ကာ အစီရင်ဗန်းကို လက်ဖြင့် ဖိချလိုက်သည်။
ဂျောက်....
ယိမ်းယိုင်နေသော မြေကာကွယ်ရေး အစီရင်မှာ ထိုဖိအားအောက်တွင် ကောင်းကင်ပြိုကျသလိုပင် ပျက်စီးသွားတော့သည်။ မြေဝါရောင် အလင်းကာရံကြီး ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် လခြမ်းတောင်ကြားအတွင်းမှ ကျင့်ကြံသူ ရာကျော်မှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြတော့သည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ရှန်းရှုတစ်ယောက် ရှေ့ဆုံးမှ ဦးဆောင်တော့သည်။
“သတ်ကြစမ်း”
ကောင်းထင်ယွမ်၏ အကြည့်များမှာ လခြမ်းတောင်ကြားအတွင်းရှိ ဆေးဖော်ဆောင်နှင့် ကျင့်ကြံသူတစ်စု စုဝေးနေသည့် အလယ်ဗဟိုသို့ ရောက်သွားသည်။ သူ အရှေ့သို့ လှမ်းအထွက် သူ၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်။
“ထျန်းယွမ်”
“ဒုတိယအစ်ကိုကြီးကောင်း....”
လန်ထျန်းယွမ်က ကောင်းထင်ယွမ်အား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“လော့ချန်ကိုတော့ သတ်လို့ မရဘူး၊ ဒါ ဂိုဏ်းချုပ်ကြီးရဲ့ အထူးမှာကြားချက်ပဲ”
“မင်း ဘယ်တုန်းက ဝမ်ဟိုင်ချောင်ဘက် ပါသွားတာလဲ”
ကောင်းထင်ယွမ်၏ မျက်နှာမှာ မည်းမှောင်သွားသည်။
“ကျွန်တော်က ဒုတိယအစ်ကိုကြီးကောင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ ဒေါသကို မဆွမိစေချင်လို့ပါ၊ သူ့ဒေါသကို အစ်ကိုကြီး ခံနိုင်မှာ မဟုတ်ဘူး”
“ဖယ်စမ်း” ကောင်းထင်ယွမ် အော်ဟစ်လိုက်သည်။
“ကျွန်တော်....”
“အဓိပ္ပာယ်မရှိတာ၊ မင်း ဒီလို တုံ့ဆိုင်းနေရင် သူတို့ အကုန်လုံး ထွက်ပြေးကုန်တော့မှာပဲ၊ အဲဒီကျရင် မင်း ဝမ်ဟိုင်ချောင်ကို ဘယ်လို မျက်နှာပြမလဲ ကြည့်ရသေးတာပေါ့”
လန်ထျန်းယွမ် မှင်သက်သွားကာ လက်ကို လွှတ်လိုက်မိသည်။ ကောင်းထင်ယွမ် လေပေါ်ပျံတက်ကာ ပျံသန်းသွားတော့သည်။ အပြာရောင် ရေနဂါးတစ်ကောင်သည် ညဉ့်ကောင်းကင်ယံကို ဖြတ်သန်းသွားကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို အမှုန့်ကြိတ်ပစ်နေတော့သည်။
တောင်ကြားတစ်ခုလုံးတွင် အော်ဟစ်သံများ၊ နာကျင်စွာ ညည်းတွားသံများဖြင့် ပြည့်နှက်နေသည်။ ပေါက်ကွဲသံများလည်း တအုန်းအုန်းနှင့် ထွက်ပေါ်နေသည်။
လခြမ်းတောင်ကြားမှာ လရောင်အောက်တွင် သွေးရောင်လွှမ်းသွားချေပြီ။ ခုခံသူများအတွက် ကရုဏာဆိုသည်မှာ မရှိပေ။
သတ်ဖြတ်ခြင်းကသာ ယနေ့ည၏ အဓိက အကြောင်းအရာ ဖြစ်နေတော့သည်။
စီကုန်းရှို့ကျားသည် တွေဝေမနေဘဲ တောင်ကြားအစွန်းသို့ အစွမ်းကုန် အပြင်းနှင်တော့သည်။ သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ချီသန့်စင် အလယ်အလတ်အဆင့်ဖြစ်စေ၊ အဆင့် ၇ အဆင့် ၈ ဖြစ်စေ မည်သူကမျှ သူ့အား မတားဆီးနိုင်ပေ။
သို့သော် ထိုသို့ ထင်ရှားစွာ ထွက်ပြေးခြင်းကြောင့် ရန်သူ၏ အဓိက ပစ်မှတ် ဖြစ်သွားရသည်။
ရွှေရောင် စစ်တူရွင်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ ဖူကျန်း၏ အသံမှာ ဝင့်ကြွားစွာ ထွက်ပေါ်လာသည်။
“စီကုန်းရှို့ကျား.... ဖိုရှန်းဂိုဏ်းရဲ့ အကြီးအကဲ ၄ ယောက်ထဲမှာ ထိပ်ဆုံးကလူပဲ၊ မင်းကို သတ်လိုက်ရင် ငါတို့ ဖူမိသားစုရဲ့ နာမည်က ပိုကြီးသွားမှာပဲ”
“လူငယ်လေး.... ဘာလို့ ဒီလောက်အထိ ရက်စက်နေရတာလဲ”
စီကုန်းရှို့ကျားက တည်ငြိမ်စွာ ပြန်ဖြေရင်း အနက်ရောင် လိပ်ခွံတစ်ခုကို ထုတ်ကာ အနောက်မှ ကာကွယ်လိုက်ရာ ထိုတူကြီး၏ ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိသွားသည်။ ဖူကျန်းမှာ အံ့ဩသွားသော်လည်း နောက်ပိုင်းတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
“မင်း အခုထိ အသက်ရှင်နေတာ မဆန်းပါဘူး၊ ဒီလို မှော်လက်နက်ကောင်း ရှိနေတာကိုး”
ထို့နောက် သူ၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်လာတော့သည်။ ချီသန့်စင်အဆင့် ၉ ရှိသူ နှစ်ဦး၏ တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းစွာ စတင်သွားချေပြီ။ ထိုမြင်ကွင်းကို မြင်သည့်အခါ အဘွားယွမ်က လော့ချန်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မင်းတို့ အရင်သွားကြတော့”
မုရုံချင်းလျန်သည် အဘွားယွမ်၏ နောက်မှ အမျိုးသားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“တောင်ကြားထဲမှာ ကျန်နေတဲ့ အစီအရင်တွေက ဟိုကောင် မင်လုံယွီကို တားနိုင်မှာ မဟုတ်ဘူး”
“ကိစ္စမရှိဘူး.... ဒီအဘွားကြီးမှာလည်း နည်းလမ်းတွေ ရှိပါသေးတယ်”
အဘွားယွမ်က ကြင်နာစွာ ပြုံးပြပြီး သူမ၏သားကို ဆွဲကာ ဆေးဖော်ဆောင်ရှိရာသို့ ပျံသွားတော့သည်။
တောင်ကြားအတွင်း၌ လူတစ်ဦးမှာ ဝိညာဉ်စိုက်ခင်းများကြားတွင် အေးဆေးစွာ လမ်းလျှောက်နေသည်။ သူသည် ပတ်ဝန်းကျင်မှ တိုက်ပွဲများကို ဂရုမစိုက်ဘဲ စိုက်ခင်းများကြားရှိ အစီအရင်ငယ်လေးများကို စိတ်ဝင်တစား ကြည့်နေသည်။
အဘွားယွမ် သူ့ထံသို့ ပျံသန်းလာသည်ကို မြင်သည့်အခါ သူ မျက်မှောင်ကြုတ်လိုက်ပြီး အစီအရင်အလံ အချို့ကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ ရွှေရောင်အလင်းတန်းများမှာ အလံများ ကျရောက်သည့်နေရာတွင် ဝုန်းခနဲ ပေါ်ထွက်လာသည်။
ကောင်းကင်ယံထက်တွင်မူ....။
လော့ချန်သည် လူအုပ်ကြား၌နေ၍ တောင်ကြားအပြင်ဘက်သို့ ဦးတည်ပျံသန်းနေသည်။ သူတစ်ဦးတည်းသာဆိုလျှင် လွယ်ကူစွာ ထွက်ပြေးနိုင်မည် ဖြစ်သော်လည်း မိတ်ဆွေများအား သူ အဆုံးရှုံးမခံနိုင်ပေ။
“ခေါင်းဆောင်လော့.... ခဏနေရင် ကျွန်တော်တို့ ခေါင်းဆောင်လော့အတွက် လွတ်လမ်း ဖော်ပေးမယ်၊ ခေါင်းဆောင်လော့ရဲ့ အရှိန်က အရမ်းမြန်တာ ကျွန်တော်တို့ သိတယ်၊ အခွင့်အရေးရတာနဲ့ ချက်ချင်း ပြေးတော့နော်”
လော့ချန်သည် ရှေ့မှ ကျိုးယွမ်လီနှင့် လျိုချန်းတို့၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“အခုအချိန်မှာ တာဝန်တွေ ဘာတွေ ဘေးချိတ်ထားလိုက်၊ မင်းတို့ အသက်ရှင်ဖို့ပဲ အာရုံစိုက်ကြ”
ကျိုးယွမ်လီမှာ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ လျိုချန်းနှင့် တုန်းဖန်းလျန်တို့လည်း ထိုနည်းတူပင်။ လော့ချန် တစ်ခုခုကို သဘောပေါက်သွားသည်။
မိမိအား ကာကွယ်ရန် လွှတ်လိုက်သော ဤလူများမှာ မီရှုဟွာ ယုံကြည်ရသူများ ဖြစ်ရမည်။ သို့သော် ဤလူများမှာ မီရှုဟွာ လုံးဝ ယုံကြည်ရလောက်သည့် ပုံမျိုးမဟုတ်ပေ။
‘ဘာလို့ သူတို့ကို ဒီတာဝန် ပေးခဲ့တာလဲ၊ အန္တရာယ်ဖြစ်လာရင် ငါ့ကို ထားခဲ့ပြီး သူတို့ဘာသာ ထွက်ပြေးမှာကို မီရှုဟွာ မကြောက်ဘူးလား’
အဖြေမှာ တစ်ခုတည်းသာ ရှိသည်။
‘မီရှုဟွာက သူတို့ကို တစ်ခုခု လုပ်ထားတာ ဖြစ်ရမယ်၊ အဲ့ဒီအချက်ကြောင့်ပဲ သူတို့က အခုထိ ငါ့ကို ကာကွယ်ဖို့ ကြိုးစားနေကြတာပဲ’
သူ စဉ်းစားနေစဉ်မှာပင် လူရိပ်တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။
“တန်ချန်ဇီ.... အရင်က ပါးရိုက်ခံခဲ့ရတဲ့ အကြွေးကို ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ"
ထိုသူမှာ နှင်းကြာပန်းစျေးမြို့တော်မှ ရှန်းရှုပင် ဖြစ်သည်။ သူ၏ ခေါင်းပေါ်တွင် ဧရာမ ကပ်ကြေးမည်းကြီး တစ်လက် ဝဲပျံနေသည်။ ၎င်းမှာ ယခင်က လော့ချန်အား ချောင်းမြောင်း တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သော အဆင့်မြင့် မှော်လက်နက်ပင် ဖြစ်သည်။
ထိုစဉ်က ကျိုးယွမ်လီနှင့် လျိုချန်းတို့က ကာကွယ်ပေးခဲ့ရသည်။ ယခုလည်း ထပ်တူပင်။
“ဖယ်စမ်း” ရှန်းရှုက ဟိန်းဟောက်လိုက်သည်။
သို့သော် ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ လက်မလျှော့ဘဲ ရှန်းရှုအား ဝိုင်းတိုက်ကြတော့သည်။
“သွားကြစို့”
မုရုံချင်းလျန်က လော့ချန်ကို ဆွဲကာ ကူချိုင်ယီနှင့်အတူ ဘေးဘက်သို့ ပျံသန်းသွားသည်။ သူတို့ နောက်တွင်မူ ဖိုရှန်းဂိုဏ်းသား အများစုမှာ ရန်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရချေပြီ။
“အဲ့မှာ ရပ်နေလိုက်စမ်း”
လေးလံလှသော သက်ပြင်းချသံတစ်သံ လေထဲတွင် လွင့်ပျံ့လာသည်။ ပြာလဲ့သော ဝတ်စုံဝတ်ထားသည့် ကျင့်ကြံသူတစ်ဦးက သူတို့၏ လမ်းကို ပိတ်လိုက်သည်။
မုရုံချင်းလျန်၏ မျက်လုံးများမှာ အေးစက်သွားသည်။ သူမ လော့ချန်ကို လွှတ်လိုက်ပြီး အရင်ဆုံး တိုက်ခိုက်လိုက်သည်။
“ချိုင်ယီ.... လော့ချန်ကို ခေါ်ပြီး အခုချက်ချင်းပြေးတော့"
“ဟုတ်ကဲ့၊ အစ်မမုရုံ.... ဂရုစိုက်နော်”
ကူချိုင်ယီမှာ လော့ချန်၏ လက်မောင်းကို ဆွဲကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် လော့ချန်မှာ မလှုပ်မယှက်ပင်။
“ဘာဖြစ်လို့လဲ"
“သွားလို့ မရတော့ဘူး”
လော့ချန် တိုးတိုးလေး ရယ်မောလိုက်ရင်း သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာနေသော ရေနဂါးကြီးကို စိုက်ကြည့်လိုက်သည်။ ကူချိုင်ယီ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။ ရန်သူမှာ အလွန်ပင် လျင်မြန်လှသဖြင့် သူမ မတုံ့ပြန်နိုင်ခင်မှာပင် ရောက်ရှိလာချေပြီ။
‘ငါ ခေါ်သွားပါ့မယ်လို့ ကတိပေးခဲ့ပြီးမှ အခု သူ့ကို ငါ့ရှေ့တင် အသေခံရတော့မှာလား....’
အတွေးပေါင်းများစွာ သူမ၏ စိတ်ထဲတွင် လည်ပတ်နေစဉ်မှာပင် ကောင်းကင်မှ ရောင်စုံ အလင်းတန်းများ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
ဘုန်း....
လော့ချန်သည် ကူချိုင်ယီအား လက်တစ်ဖက်ဖြင့် ဆွဲကာ နောက်သို့ အမြန် ဆုတ်လိုက်သည်။ သူ၏ ဦးခေါင်းအထက်တွင် လေးရောင်ခြယ်ဆေးအိုးကြီးမှာ အရောင်လေးမျိုး ထွက်ပေါ်နေပြီး အလင်းမျှင်တန်းများဖြင့် အပြာရောင် ရေနဂါးကို ရစ်ပတ်တားဆီးထားလိုက်သည်။
ရုတ်တရက် ကူချိုင်ယီအား လော့ချန် တွန်းဖယ်လိုက်သည်။
“ဒေါ်လေးကို သွားကူပေးလိုက်”
ကူချိုင်ယီမှာ လွင့်ထွက်သွားစဉ် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ လော့ချန် တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အထက်တွင် ဆေးအိုးကြီး ဝဲပျံနေပြီး သူ၏ လက်ထဲတွင်မူ နီရဲသော လှံရှည်တစ်စင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူ့ရှေ့တွင်မူ ပုပုအိုအို လူတစ်ဦးမှာ အပြာရောင် လှံတိုနှစ်စင်းကို ကိုင်ကာ ရပ်နေသည်။
“အစ်ကိုကြီးကောင်း.... မတွေ့ရတာကြာပြီနော်”
လော့ချန် အသာအယာ ပြုံးလိုက်ရင်း လှံရှည်ကို စောင်း၍ ချိန်လိုက်ရာ လှံဦးဖျားမှာ တဖြည်းဖြည်း နီမြန်းလာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးကိုပင် အရည်ပျော်စေတော့မည့်နှယ် ပူပြင်းလှသော အပူရှိန်များ ထွက်ပေါ်လာတော့သည်။
***