“ချီသန့်စင်အဆင့် ၈ ပါလား”
ကောင်းထင်ယွမ်၏ အသံမှာ ဒေါသနှင့် မယုံကြည်နိုင်မှုတို့ကြောင့် တုန်ရီနေသည်။ သူသည် လော့ချန်အား စူးစိုက်ကြည့်ရင်း ဤစကားလုံးများကို အံကြိတ်ကာ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
သူ့ရှေ့တွင်မူ လော့ချန်မှာ မျက်ခုံးတစ်ချက် ပင့်လိုက်ရုံသာရှိသေးသော်လည်း သူ၏ ချီစွမ်းအင် အတက်အကျမှာ ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ပြင်းထန်လာချေတော့သည်။ သူ၏ ချီဖုံးကွယ်မှော်အတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော်လည်း ယခုကဲ့သို့ အစွမ်းကုန် ထုတ်သုံးနေချိန်တွင်မူ သူ၏ အစစ်အမှန် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားရန် မစွမ်းသာတော့ပေ။
သူသည် အစောပိုင်းက အဆင့် ၇ ကျင့်ကြံသူအဖြစ် ဟန်ဆောင်ကာ ရန်သူကို အလစ်အငိုက်တိုက်ရန် ကြံရွယ်ခဲ့သော်လည်း ကောင်းထင်ယွမ်က ရိပ်မိသွားကာ ရက်စက်ပြတ်သားစွာ တုံ့ပြန်ခဲ့သဖြင့် လှည့်စားရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။
ကောင်းထင်ယွမ်သည် လော့ချန်အား အကဲခတ်နေရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။
အဆင့်မြင့် တိုက်စစ်မှော်လက်နက်၊ အဆင့်မြင့် ခံစစ်မှော်ရတနာ၊ ဝတ်ဆင်ထားသည့် ဝတ်စုံမှာလည်း အဆင့်မြင့် ဝတ်စုံ....။
လော့ချန်၏ ပိုင်ဆိုင်မှုမှာ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းကိုပင် မနာလိုဖြစ်စေနိုင်လောက်သည်။
‘လော့ချန် ကျင့်ကြံတာ ဘယ်လောက်တောင် ကြာသေးလို့လဲ’
‘ဒါကြောင့် ဝမ်ဟိုင်ချောင်က သူ့ကို အပိုင်လိုချင်နေတာကိုး၊ ဒီလောက် အချိန်တိုအတွင်းမှာ ဒီလိုပိုင်ဆိုင်မှုတွေရတာ ဆေးဖော်ဆရာ ဖြစ်လို့ပဲ နေမှာ၊ သူ့ကို ဝမ်ဟိုင်ချောင်လက်ထဲ အရောက်မခံနိုင်ဘူး၊ မဟုတ်ရင် ငါ့ညီအတွက် လက်စားချေခွင့် ရမှာ မဟုတ်တော့ဘူး’
အတွေးနှင့်အတူ ကောင်းထင်ယွမ်၏ လက်ထဲမှ လှံတိုနှစ်စင်းမှာ ဝိညာဉ်အလင်းတန်းများ တောက်ပလာသည်။ သို့သော် လော့ချန်မှာ သူထက်ပို၍ လျင်မြန်နေသည်။ လှံဖျားမှ မီးတောက်များမှာ ကောင်းကင်တစ်ခုလုံးတွင် မိုးရွာသကဲ့သို့ ပွင့်အံလာသည်။
ကောင်းထင်ယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ ပုလဲလုံးတစ်လုံးကို ထုတ်လိုက်ရာ ၎င်းမှာ အလင်းကာရံတစ်ခုအဖြစ် ပြောင်းလဲကာ သူ့အား ကာကွယ်ထားလိုက်သည်။
မီးမိုးများမှာ အလင်းကာရံပေါ်သို့ ကျရောက်ကာ ရှူးရှူးရှဲရှဲ အသံများ မြည်ဟည်းနေတော့သည်။ ပူပြင်းသော ရေငွေ့များကြောင့် ကောင်းထင်ယွမ်၏ အမြင်အာရုံမှာ ဝေဝါးသွားရသည်။
“တစ်ခုခုတော့ မှားနေပြီ....”
ရှူး....
ကောင်းထင်ယွမ် နားစွင်းကာ ဘေးသို့ အမြန်ရှောင်လိုက်သည်။ သူ လက်ကို ဝှေ့ယမ်းကာ သူ့ရှေ့မှ မီးတောက်များနှင့် ရေငွေ့များကို ဖယ်ရှားလိုက်သည်။ သို့သော် ရှေ့တွင် လော့ချန် မရှိတော့ပေ။
“ဒီလောက်တောင် မြန်တာလား၊ ဘယ်ရောက်သွားတာလဲ”
ရုတ်တရက် သူ နောက်သို့ လှည့်ကြည့်လိုက်သည်။ လူရိပ်တစ်ခုမှာ အဆင့် ၈ ကျင့်ကြံသူ နှစ်ဦးအား အမှောင်အလင်းတန်းများဖြင့် ဖိနှိပ်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
“ရှန်းရှု.... သတိထား”
ရှန်းရှုမှာ တုန်လှုပ်သွားပြီး အနောက်သို့ လှည့်ကြည့်ရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။ ထူးဆန်းသော ခေါင်းလောင်းသံတစ်သံ ရုတ်တရက် မြည်လာသည်။
ထိုအသံလှိုင်းက နားထဲသို့ စီးဝင်လာသဖြင့် သူ၏ လှုပ်ရှားမှုမှာ ခဏမျှ တုံ့ဆိုင်းသွားသည်။ သေရေးရှင်ရေး တိုက်ပွဲတွင် ခဏတာ တုံ့ဆိုင်းမှုမှာပင် အသက်နှင့် လဲရတတ်သည်။
“ဒါ.... လုဟွိုက်ပင်းရဲ့ ခေါင်းလောင်းပဲ”
ရှန်းရှု သတိပြန်ဝင်လာသည့် အချိန်တွင် သူ၏ မျက်လုံးထဲ၌ အနက်ရောင် အလင်းတန်းတစ်ခု ညဉ့်အမှောင်ထဲမှနေ၍ လျှပ်စီးအလား ပြေးဝင်လာသည်ကိုသာ မြင်လိုက်ရတော့သည်။ သူသည် ဝတ်စုံပေါ်မှ ခံစစ်အလင်းကာရံကိုသာ အမြန်လှုံ့ဆော်နိုင်လိုက်ပြီး ကျန်သည့် တုံ့ပြန်မှုများကိုမူ လုပ်ဆောင်ရန် အချိန်မရှိတော့ပေ။
“ဒါက....”
ရှန်းရှု ငုံ့ကြည့်လိုက်ရာ မိမိ၏ ရင်ဘတ်ရှိ နှလုံးသားနေရာတွင် ရှည်လျားသော သံမှိုအမည်းကြီးတစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ သူ ချီစွမ်းအင်ဖြင့် ထိုသံမှိုကို ပြန်ထုတ်ရန် ကြိုးစားသော်လည်း စွမ်းအင်များမှာ လှုံ့ဆော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြိုကွဲကုန်တော့သည်။
ဝိညာဉ်ဖျက်သံမှို.... ဝိညာဉ်ရှုပ်ထွေးဆေးမှုန့်....။
လော့ချန် အသာအယာ ပြုံးလိုက်ပြီး စိမ်းမြရတနာဓားကို ဝှေ့ယမ်းလိုက်ရာ ရှန်းရှု၏ ခေါင်းမှာ ပြတ်တောက်ကာ သူ၏လက်ထဲသို့ ရောက်ရှိလာတော့သည်။
“ဒေါ်လေးမုရုံကို သွားကူလိုက်ကြ၊ အဲဒီ အပြာရောင်ဝတ်ထားတဲ့လူကို အရင်သတ်”
လော့ချန်သည် မျက်နှာဖြူဖျော့နေသော ကျိုးယွမ်လီတို့နှစ်ဦးအား အမိန့်ပေးလိုက်ပြီးနောက် ရှန်းရှု၏ ခေါင်းကို ကိုင်ကာ ကောင်းထင်ယွမ်ဘက်သို့ လှည့်လိုက်သည်။
“အစ်ကိုကြီးကောင်း.... အရင်က ဒီရှန်းရှု လူလွှတ်ပြီး ကျွန်တော့်ကို လုပ်ကြံခဲ့တာမှာ ခင်ဗျားရဲ့ လက်ချက်လည်း ပါမှာပဲနော်”
မျက်လုံးအပြူးသားနှင့် သေဆုံးနေသော ရှန်းရှု၏ ဦးခေါင်းကို မြင်လိုက်ရသည့်အခါ ကောင်းထင်ယွမ်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။
သူ စကားပြောရန် ဟန်ပြင်စဉ်မှာပင် သူ၏အကြည့်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော ရှန်းရှု၏ အလောင်းဆီသို့ ရောက်သွားသည်။ ရင်ဘတ်ပေါ်မှ အနက်ရောင် သံမှိုကြီးမှာ အလွန်ပင် ထင်ရှားနေပေသည်။
“ဝိညာဉ်ဖျက်သံမှို.... ဝိညာဉ်ဖျက်သံမှို”
သူ၏ အသံမှာ တုန်ရီနေပြီး ဒေါသနှင့် ဝမ်းနည်းမှုတို့က သူ၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေသည်။
“မင်းပဲ.... မင်းပဲ ငါ့ညီလေးကို သတ်ခဲ့တာ"
လော့ချန် မျက်တောင်တစ်ချက်ခတ်ကာ ဆွဲငင်ခြင်းအတတ်ဖြင့် ထိုသံမှိုကို ပြန်ခေါ်လိုက်သည်။ အမှန်ပင် ထိုစဉ်က ဤအဆင့်မြင့် မှော်လက်နက်ဖြင့် ကောင်းထင်အယ်၏ ခံစစ်ကို ဖောက်ထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မှော်လက်နက် တစ်ခုတည်းနှင့် ကောင်းထင်ယွမ် သိသွားရသလော။
ကောင်းထင်ယွမ်၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေပြီး ထိန်းမရသော စွမ်းအားများ ထွက်ပေါ်လာသည်။
“ငါ့ညီမှာ စတုတ္ထအဆင့် မြေသားအကာအရံ ရှိတယ်၊ သာမန်အဆင့်မြင့် မှော်လက်နက်တစ်ခုက သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖို့ မဖြစ်နိုင်ဘူး၊ သူ အကူအညီတောင်းဖို့ အချိန်ရမှာပဲ”
“ဝိညာဉ်ဇီဝိန်ချုပ်အရှင် ကိုယ်တိုင် ဖန်တီးထားတဲ့ ဒီ ဝိညာဉ်ဖျက်သံမှိုတစ်ခုတည်းကသာ ဓာတ်ကြီးငါးပါး ခံစစ်တွေကို ဂရုမစိုက်ဘဲ ရန်သူကို အတင်းအကျပ် ထိုးနှက်နိုင်တာ”
“အရင်က ငါနဲ့ လီတာတို့ ဝိညာဉ်ဇီဝိန်ချုပ်အရှင်ရဲ့ ဂူကို ဝင်စီးတုန်းက ပစ္စည်းအများစုကို ရခဲ့ပေမဲ့ ဒီသံမှိုကတော့ ပျောက်နေခဲ့တာ၊ နောက်မှ သိရတာက လီဇီရှုံ နဲ့ ချန်ရှောင်တို့အဖွဲ့က ခိုးယူသွားတာတဲ့”
“ငါသိသလောက်တော့ သူတို့အားလုံး ဝမ်ယွမ် လက်ချက်နဲ့ သေကုန်ကြပြီ”
“ဒါပဲ.... ဒါပဲပေါ့”
ကောင်းထင်ယွမ်သည် ပြောရင်းပြောရင်းနှင့် ပို၍ ရူးသွပ်လာပုံရသည်။ သူ၏ ရင်ထဲ၌ ရှိနေသော သံသယများမှာ ဆည်ကျိုးသကဲ့သို့ အလုံးစုံ ပွင့်ထွက်လာတော့သည်။
“မင်းနဲ့ ဝမ်ယွမ်က ရင်းနှီးကြတာပဲ၊ သာမန်အဆင့်မြင့် မှော်လက်နက်ဆိုရင် အဲ့ဒီတုန်းက မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သုံးနိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဝိညာဉ်ဖျက်သံမှိုကတော့ တစ်ခါပစ်ရင် တစ်ခါထိတာပဲ၊ ထိန်းချုပ်ဖို့ အများကြီး စဉ်းစားနေစရာ မလိုဘူး၊ မင်းမှာ ဒီရတနာရှိနေမှတော့ ငါ့ညီလေးကို သတ်ဖို့က လက်ဖျောက်တီးသလောက်ပဲ ဖြစ်မှာပေါ့"
“ပြီးတော့ ကျင့်ကြံမှုအဆင့်…."
ကောင်းထင်ယွမ်သည် လော့ချန်အား စိုက်ကြည့်ကာ သူ၏ အရှိန်အဝါများကို မြှင့်တင်လိုက်သည်။
“မင်း ကျင့်ကြံမှုအဆင့် ဖုံးကွယ်ထားခဲ့တာပဲ၊ တစ်နှစ်အတွင်းမှာ ချီသန့်စင် အဆင့် ၃ ကနေ အဆင့် ၈ ကို ရောက်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး”
“ဆိုလိုတာက မင်းမှာ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတဲ့ နည်းလမ်းရှိတာပဲ၊ အဲဒီတုန်းကလည်း မင်း အဆင့်ကို ဖုံးကွယ်ထားပြီး ငါ့ညီလေးကို အလစ်အငိုက် သတ်ခဲ့တာပေါ့”
“မင်းလို တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်က အဲ့ဒီလို ဝေးလံတဲ့နေရာမှာ တစ်ယောက်တည်း နေရဲတာ မဆန်းပါဘူး၊ တကယ်တော့ မင်းမှာ အစွမ်းရှိလို့ သတ္တိရှိနေတာပဲ”
ဤစကားများကို ကြားရသည့်အခါ လော့ချန်၏ နှုတ်ခမ်းများ တွန့်သွားမိသည်။ ရှေ့မှ ယူဆချက်တွေများမှာ မှန်သလောက် ရှိသော်လည်း ဤအဆင့်ဖုံးကွယ်ထားသည် ဟူသော အချက်မှာမူ အတော်လေး ချဲ့ကားလွန်းနေပြီ ဖြစ်သည်။ ထိုစဉ်က သူသည် ချီသန့်စင်အဆင့် ၄ သာ ရှိသေးသော်လည်း ကောင်းထင်ယွမ် ထင်နေသကဲ့သို့ မဟာစွမ်းအားရှင်ကြီးတော့ မဟုတ်ပေ။
“လော့ချန်.... သက်သေတွေက အထင်အရှားပဲ၊ မင်း ဝန်ခံမလား၊ မခံဘူးလား"
ကောင်းထင်ယွမ် ဟိန်းဟောက်လိုက်သည်။
လော့ချန် သက်ပြင်းချလိုက်ပြီး ဆိုသည်။
“အခုအချိန်မှာ ဒါတွေကို ပြောနေတာက အဓိပ္ပာယ်ရှိဦးမှာလား.... ပြီးတော့....”
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မသိလိုက်မီမှာပင် ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူ ခုနစ်ဦးမှာ သူ့အား ဝိုင်းရံထားကြပြီ ဖြစ်သည်။
“အစ်ကိုကြီးကောင်းက ဘယ်ဆိုးလို့လဲ၊ မသိမသာနဲ့ ကျွန်တော့်ကို ထောင်ချောက်ဆင်လိုက်တာပေါ့”
ဝိုင်းထားပြီးဖြစ်ကြောင်း မြင်ရမှပင် ကောင်းထင်ယွမ် သက်ပြင်းချနိုင်တော့သည်။ သူ၏ ရင်ထဲတွင် ဒေါသများ ဝေနေသော်လည်း တည်ငြိမ်အောင် ထိန်းလိုက်သည်။
“မင်းရဲ့ အရှိန်ကို မြင်ပြီးကတည်းက ငါ ဒါကို ပြင်ဆင်ထားခဲ့တာပဲ၊ ဒီနေ့ မင်းကို ငရဲကို ပို့ပြီး ငါ့ညီအတွက် လက်စားချေမယ်”
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူ ခုနစ်ဦးလုံးမှာ မိမိတို့၏ မှော်လက်နက်များကို လော့ချန်ဆီသို့ တစ်ပြိုင်နက် ပစ်လွှတ်လိုက်ကြတော့သည်။ ပြင်းထန်လှသော ချီစွမ်းအင်များကြောင့် ညဉ့်ကောင်းကင်ယံကြီးမှာ ထိန်ထိန်လင်းသွားလေတော့သည်။
လော့ချန် အသက် ပြင်းပြင်းရှူထုတ်လိုက်ပြီး မီးတောက်လှံကို ကိုင်ကာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် ကောင်းကင်သို့ ပျံတက်သွားသည်။ ကောင်းထင်ယွမ်က ဤမြင်ကွင်းကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
‘ပျံဦးပေါ့.... မင်း ဘယ်လောက်အထိ ပျံနိုင်မလဲ ကြည့်ရသေးတာပေါ့’
လေတိုးသံများနှင့်အတူ တိမ်တိုက်ဖြူတစ်စု ပေါ်ထွက်လာပြီး လော့ချန်အား ပင့်တင်ထားလိုက်သည်။ ကောင်းထင်ယွမ် မျက်လုံးပြူးသွားသည်။
‘လေဟုန်စီးတာလား.... ဒါက အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူတွေရဲ့ အတတ်မဟုတ်လား’
နောက်တစ်ခဏတွင် ကောင်းထင်ယွမ် ထိတ်လန့်သွားရသည်။ သူသည် ရင်ဘတ်မှ ပုလဲလုံးအား အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ခံစစ်အလင်းအကာအရံကို တိုးမြှင့်လိုက်ရသည်။
“အမြန်ဆုတ်ကြ....”
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ လော့ချန်သည် တိမ်တိုက်ပေါ်တွင် ရပ်လျက် လက်နှစ်ဖက်ကို ဖိချကာ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
“ပေါက်ကွဲစမ်း”
လော့ချန်နှင့် အနီးဆုံးရှိ ချီသန့်စင်အဆင့် ၇ ကျင့်ကြံသူတစ်ဦးမှာ သူ့ရှေ့ရှိ အစိမ်းရောင် ကျောက်စိမ်းစေ့လေးများကို အံ့ဩတကြီး ကြည့်နေမိသည်။
‘စိမ်းစိုနေပြီး ကျောက်စိမ်းတွေလိုပဲ၊ ဒါက ဘာလဲ’
နောက်တစ်ခဏတွင် ထိုဆေးလုံးမှာ သူ၏ မျက်စိရှေ့မှာပင် ပေါက်ကွဲသွားတော့သည်။ ထိုကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ချီစွမ်းအင်ဖြင့် ကာကွယ်ရန် ကြိုးစားလိုက်သည်။
‘ဒီလောက် အစွမ်းလေးပဲလား’
သို့သော် ထိုအတွေး မဆုံးခင်မှာပင် ပြင်းထန်လှသော လှိုင်းတံပိုးကြီး တစ်ခုက အရပ်မျက်နှာ အသီးသီးမှ လိမ့်ဝင်လာတော့သည်။ ပြင်းထန်လှသော ပေါက်ကွဲမှုဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အမှုန့်အဖြစ် ပြောင်းလဲသွားရတော့သည်။
ထိုကျောက်စိမ်းစေ့များမှာ လော့ချန် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်စဉ်က မအောင်မြင်ခဲ့သော စွန့်ပစ်ဆေးလုံးများ ဖြစ်သည်။ ဆေးဖော်စပ်မှု တစ်ကြိမ် မအောင်မြင်တိုင်း စွန့်ပစ်ဆေးလုံး ၂၀ ခန့် ထွက်ရှိတတ်သည်။
လော့ချန် ဆေးဖော်လာသမျှ ကာလတစ်လျှောက် ရှုံးနိမ့်ခဲ့သည့် အကြိမ်ရေမှာ ရေတွက်၍ပင် မရနိုင်တော့ပေ။ အစောပိုင်းကာလများတွင် မအောင်မြင်နှုန်း အလွန်မြင့်မားခဲ့သလို ယခု ပါရမီရှင်အဆင့်သို့ ရောက်နေချိန်တွင်လည်း ၅၀ ရာခိုင်နှုန်းခန့် ရှုံးနိမ့်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း လော့ချန်၏ မအောင်မြင်သော အကြိမ်ရေမှာ ထောင်နှင့်ချီ ရှိခဲ့သည်။ ဆိုလိုသည်မှာ သူ၏ လက်ထဲတွင် ထိုစွန့်ပစ်ဆေးလုံးပေါင်း သောင်းနှင့်ချီ ရှိနေခြင်းပင်။
အစောပိုင်းက ကောင်းထင်ယွမ်တစ်ယောက် စကားလုံးများဖြင့် လော့ချန်၏ စိတ်ကို နှောင့်ယှက်ကာ ထောင်ချောက်ဆင်နေစဉ် လော့ချန်သည်လည်း တိတ်တဆိတ် ပြန်လည် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။ကောင်းကင်နတ်သမီးပန်းကြဲခြင်းအတတ်ဖြင့် ညဉ့်အမှောင်ထုကို အသုံးချကာ သောင်းနှင့်ချီသော ဤအကြွင်းအကျန် ကျောက်စိမ်းစေ့များကို ပတ်ဝန်းကျင်၌ တိတ်တဆိတ် ဖြန့်ကျက်ထားခဲ့ခြင်းပင်။
ယခုမူ ထောင်ချောက်မှာ ပြီးပြည့်စုံသွားလေပြီ။
နောက်ဆုံးအဆင့်မှာမူ အလွန်လွယ်ကူလှပေသည်။ သူ၏ ရှေးဦးပုလဲစွမ်းအားဖြင့် ၎င်းတို့ကို ဖောက်ခွဲလိုက်ရုံသာ ဖြစ်သည်။
လော့ချန်၏ “ပေါက်ကွဲစမ်း” ဟူသော အော်ဟစ်သံနှင့်အတူ ကျောက်စိမ်းစေ့ တစ်သောင်းကျော်မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတော့သည်။ တစ်လုံးချင်းစီ၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်သော်လည်း သောင်းနှင့်ချီသော ကျောက်စိမ်းစေ့များ တစ်ပြိုင်နက် ပေါက်ကွဲသည့်အခါတွင်မူ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
လော့ချန်ကိုယ်တိုင်ပင် ထိုပေါက်ကွဲမှု အရှိန်ကြောင့် မိုင်ပေါင်းများစွာ ဝေးရာသို့ လွင့်ထွက်သွားရသည်။ အကယ်၍ လေးရောင်ခြယ်ဆေးအိုးကြီးသာ ကာကွယ်မပေးထားလျှင် ဤပေါက်ကွဲမှုကို စတင်ခဲ့သော သူကိုယ်တိုင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
သို့သော် ဤအရာမှာ ထိုက်တန်လှသည်။
ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းတံပိုးများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ဖုန်မှုန့်များမှာ တောက်လောင်နေသော မီးလျှံများအဖြစ် ပြောင်းလဲသွားကာ တောင်ကြားတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။ မိုင်ပေါင်းရာချီသော ကျင်းကြီးတစ်ခုမှာ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။
တိုက်ပွဲအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအား အခြေခံတည်ဆောက်ခြင်း အဆင့်အောက် မည်သူကများ ခံနိုင်ရည်ရှိပါမည်နည်း။
‘ဒါက ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက် သုံးနိုင်တဲ့ အတတ်မှ မဟုတ်တာ’
‘ဆေးဖော်ဆောင်ရဲ့ ခေါင်းဆောင် လော့ချန်က ဒီလောက်တောင် အစွမ်းထက်တာလား’
ဂလု....
တိတ်ဆိတ်နေသော ညဉ့်ယံတွင် တံတွေးမြိုချသံမှာပင် အထင်သား ကြားနေရသည်။
လော့ချန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။ ကျောက်စိမ်းစေ့များစွာကို တစ်ပြိုင်နက် ဖောက်ခွဲလိုက်ခြင်းကြောင့် ချီစွမ်းအင် ကုန်ဆုံးမှုမှာ သူထင်ထားသည်ထက် ပိုများသွားသည်။
သူသည် ကျောက်စိမ်းစေ့တိုင်းကို မထိန်းချုပ်နိုင်သော်လည်း ကျောက်စိမ်းစေ့တစ်ရာတိုင်းတွင် ချီစွမ်းအင် တစ်စွန်းတစ်စစီ ထားခဲ့ကာ ဆင့်ကဲပေါက်ကွဲစေသော နည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်သည်။
“ဒါက တကယ်တော့ တာဟဲ ကနေ ထွက်ပြေးရင် သားရဲတွေကို တိုက်ခိုက်ဖို့ ပြင်ထားတဲ့ အစီအစဉ်ပဲ၊ ဒီလူတွေအပေါ် သုံးလိုက်ရမယ်လို့တော့ မထင်ခဲ့ဘူး၊ ကံကောင်းတာက အစွမ်းကတော့ စိတ်မပျက်စေပါဘူး”
လော့ချန် သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ တိုက်ခိုက်မှုအောက်တွင် ကောင်းထင်ယွမ်ပင်လျှင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့သော် ရုတ်တရက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
“အစ်ကိုကြီးကောင်း.... ဘယ်ကို ပြေးမလို့လဲဗျ”
ဖုန်မှုန့်များကြားမှ အပြာရောင် ရေနဂါးတစ်ကောင်သည် ပုပုအိုအို လူတစ်ဦးကို ရစ်ပတ်ကာ အဝေးသို့ ယိုင်တိယိုင်တိုင်နှင့် ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည်။ လော့ချန်သည် တိမ်တိုက်ကို ဖျက်သိမ်းလိုက်ပြီး လေခွင်းအတတ်ဖြင့် ကောင်းကင်ယံမှ သိန်းငှက်တစ်ကောင်အလား ထိုးဆင်းလိုက်သည်။
လက်ထဲမှ မီးတောက်လှံမှာ မြည်ဟည်းလျက် မီးဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲကာ ပြေးထွက်သွားတော့သည်။ ထို့ပြင် ဝိညာဉ်ဖျက်သံမှို နှစ်ချောင်းမှာလည်း အနက်ရောင် အလင်းတန်းများအဖြစ် တိမ်တိုက်များကို ခွဲကာ ပြေးဝင်သွားသည်။
မီးဖီးနစ်က အရင်ရောက်ကာ အပြာရောင် နဂါးကို ဖျက်ဆီးပစ်လိုက်သည်။ ကောင်းထင်ယွမ်၏ ရင်ဘတ်မှ ပုလဲလုံးမှာလည်း အက်ကွဲကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
လှံဦးဖျားသည် အဆင့်မြင့်ဝတ်စုံကို ထိုးဖောက်ကာ ကောင်းထင်ယွမ်၏ ကျောပြင်ပေါ်တွင် ရပ်တန့်သွားသော်လည်း အနက်ရောင် အလင်းတန်း နှစ်တန်းကမူ သူ၏ ရင်ဘတ်ကို တစ်ပြိုင်နက် ထိုးဖောက်သွားတော့သည်။
ဖုန်း.... ဖုန်း....
ကောင်းထင်ယွမ် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူ အားယူကာ ထရပ်လိုက်ပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်ကာ လော့ချန်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။
“လော့ချန်.... မင်း ငါ့ကို တကယ်ပဲ အသေတိုက်မှာလား”
“ဟုတ်တယ်”
လော့ချန် ချီစွမ်းအင်ကို ထပ်မံလှုံ့ဆော်လိုက်ရာ မြေပြင်ပေါ်ရှိ မီးတောက်လှံမှာ ကောင်းထင်ယွမ်ဆီသို့ တည့်တည့်ပြေးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။ သူသည် ရင်ဘတ်ပေါ်မှ အပေါက်ကြီးကို အံ့ဩတကြီး ကြည့်ရင်း လဲကျသွားတော့သည်။
ဤတွင်မှ လော့ချန်၏ ရင်ထဲမှ အပူလုံးကြီး ကျသွားတော့သည်။ ရှန်းရှုနှင့် ကောင်းထင်ယွမ်တို့ သေပြီ ဖြစ်ရာ ယခု တာဟဲမှ ထွက်သွားလျှင်ပင် ဘာရန်ငြိုးမှ ကျန်ခဲ့မည် မဟုတ်တော့ပေ။
“ဒါနဲ့ အစ်ကိုကြီးကောင်း.... ခင်ဗျား ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး ၅ တုံး ကြွေးတင်နေသေးတယ်နော်၊ အဲ့တော့ ခင်ဗျားရဲ့ သိုလှောင်အိတ်ကိုတော့ ကျွန်တော် သိမ်းလိုက်တော့မယ်”
သူသည် ကောင်းထင်ယွမ်၏ အလောင်းနှင့် အတော်လှမ်းလှမ်းတွင် ရပ်ကာ မီးခိုးရောင် သိုလှောင်အိတ်ကို ကြည့်နေမိသည်။
ရုတ်တရက် သူ၏ မျက်နှာပျက်သွားပြီး တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ သေပြီဟု ထင်ထားသော ကောင်းထင်ယွမ်မှာ ရုတ်တရက် ပြန်ထထိုင်လာသည်။ သူ၏ စိမ်းဖန့်ဖန့် မျက်လုံးများမှာ လော့ချန်အား စိုက်ကြည့်နေသည်။
အကွာအဝေးမှာ ဝေးသော်လည်း ထိုမျက်လုံးများ၏ အကြည့်အောက်တွင် လော့ချန် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
‘တောက်.... ဒါ ဘာမှော်အတတ်လဲ’
လော့ချန် စိတ်ထဲမှ အော်ဟစ်နေမိသည်။ သူ၏ ခန္ဓာကိုယ်ကို သူ လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
သူ၏ အမြင်အာရုံထဲတွင် ကောင်းထင်ယွမ်မှာ သူ့အား စိုက်ကြည့်ရင်း ထိုနေရာ၌ ထိုင်နေဆဲပင်။ နှစ်ဦးသား တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း မလှုပ်မယှက် ဖြစ်နေကြသည်။
‘ဝိညာဉ်ကို တိုက်ခိုက်တဲ့ မှော်အတတ်လား’
လော့ချန် ချက်ချင်း တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ ဘာမှ ထူးထူးခြားခြား မခံစားရပေ။ လှုပ်ရှား၍မရခြင်းသာ ဖြစ်သည်။ ထို့ပြင် သူ မလှုပ်ရှားနိုင်သလို ကောင်းထင်ယွမ်မှာလည်း မလှုပ်ရှားနိုင်ပေ။
“ခင်ဗျား ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့၊ ပြီးတော့ ကျွန်တော့်မှာလည်း နည်းလမ်းမရှိတာ မဟုတ်ဘူး"
သူ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကို အလိုလို အသက်သွင်းလိုက်ရာ သူ၏ အတွင်းပိုင်းမှ ပြင်းထန်သော စိတ်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားမှာ ဝိညာဉ်တစ်ခုလောက် မကြီးမားသေးသော်လည်း သူ၏ သွေးကြောများအတွင်းရှိ ချီစွမ်းအင်များကို လှုပ်နှိုးရန် လုံလောက်လှသည်။
သူ၏ ခန္ဓာကိုယ်ရှိ အဓိက အကြောမှတ် ၃၆ ခုမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးမှ ပြင်းထန်လှသော နာကျင်မှုကြီးမှာ ချက်ချင်း ပေါ်ထွက်လာတော့သည်။
“အား....အား....”
လော့ချန် နာကျင်စွာ အော်ဟစ်လိုက်ရင်း နောက်သို့ ယိုင်တိယိုင်တိုင်နှင့် ဆုတ်လိုက်ရသည်။ သူ့ရှေ့ရှိ ကောင်းထင်ယွမ်မှာမူ ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပုံရသည်။ သူ၏ နှုတ်ခမ်းများမှာ တုန်ရီနေပြီး စကားပြောရန် ကြိုးစားသော်လည်း နောက်ဆုံးတွင်မူ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
လော့ချန်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေသည်။ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းအား အစွမ်းကုန် ထုတ်သုံးရသည့် နာကျင်မှုမှာ သာမန်လူတစ်ယောက် ခံနိုင်ရည်ထက် ကျော်လွန်လှသည်။ သူ အောင်မြင်အောင် သုံးနိုင်ခဲ့သည်မှာ အကြိမ်အနည်းငယ်သာ ရှိသေးသည်။ ယခုကဲ့သို့ တိုက်ပွဲမျိုးတွင် သုံးရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ ခံစားခဲ့ရသော အချိန်မှာ အလွန်ကြာသည်ဟု ထင်ရသော်လည်း ပြင်ပကမ္ဘာတွင်မူ ခဏတာမျှသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။
“ဒီကောင်းထင်ယွမ်မှာ လှည့်ကွက်တွေ အများကြီးပဲ၊ ငါ သိပ် သတိမထားမိခဲ့ဘူး”
လော့ချန်သည် မိမိကိုယ်ကိုယ် သတိရှိလှပြီဟု ထင်သော်လည်း ကောင်းထင်ယွမ်မှာ အမှန်ပင် ဇွဲကောင်းလှသည်။ သံမှိုနှစ်ချောင်းနှင့် လှံတစ်စင်း ထိုးဖောက်ထားသည့်တိုင်အောင် နောက်ဆုံးတစ်ချက် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည် မဟုတ်ပါလော။ ကိုယ်ပွားသာ ရှိနေလျှင် သတ်ရန် အတော်လေး ခက်ခဲဦးမည် ဖြစ်သည်။
လော့ချန် လက်ကို ဝှေ့ယမ်းလိုက်ရာ လှံဦးဖျားတွင် ကပ်ပါလာသော ကောင်းထင်ယွမ်၏ သိုလှောင်အိတ်မှာ သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။ ထို့နောက် မီးလုံးတစ်လုံးဖြင့် ကောင်းထင်ယွမ်၏ အလောင်းကို မီးသင်္ဂြိုဟ်ပေးလိုက်သည်။
“ဒုတိယအစ်ကိုကြီး….”
ဝမ်းနည်းကြေကွဲလှသော အော်ဟစ်သံတစ်သံ လေထဲတွင် ဟိန်းထွက်လာသည်။
လော့ချန် မှင်သက်သွားသည်။
‘အဲ့ဒီ အပြာရောင်ဝတ်စုံနဲ့လူက အသက်ရှင်နေသေးတာလား’
သူ ကြည့်လိုက်ရာ မုရုံချင်းလျန်၊ ကူချိုင်ယီ၊ ကျိုးယွမ်လီနှင့် လျိုချန်းတို့ လေးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ထိုအပြာရောင်ဝတ် ကျင့်ကြံသူမှာ အားယူကာ ခုခံနေဆဲပင် ဖြစ်သည်။
“ဒေါ်လေးမုရုံတို့ကပဲ သိပ်အားနည်းတာလား၊ ဒါမှမဟုတ် ဒီလူကပဲ သိပ်အစွမ်းထက်နေတာလား”
လော့ချန် တွေးတောနေစဉ်မှာပင် သူ၏လက်ထဲသို့ စိမ်းပြာရောင် အလံကြီးတစ်လက် ရောက်ရှိလာသည်။ ထိုအလံမှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် အငွေ့အသက်ကြောင့် အပြာရောင်ဝတ် ကျင့်ကြံသူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။ သူသည် လော့ချန်အား ရန်လိုသော အကြည့်ဖြင့် ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
သူ မှော်စာရွက်တစ်ခုကို ထုတ်လိုက်ရာ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး သူ့အား ဝိုင်းထားသူ ၄ ဦးလုံးကို နောက်သို့ လွင့်ထွက်သွားစေသည်။
သူ လွတ်လမ်းရှာကာ ထွက်ပြေးရန်ပြင်လိုက်သော်လည်း သူ၏ အကြည့်များမှာမူ လော့ချန်ထံမှ မခွာပေ။
“ဒီရန်ငြိုးကို ငါ လန်ထျန်းယွမ် မှတ်ထားမယ်"
သူ အရှိန်မြှင့်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏမှာပင် ဓားဖျားတစ်ခုမှာ ဟာလာဟင်းလင်း ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ လှိုင်းတံပိုးများ ရိုက်ခတ်သံမှာလည်း ပဲ့တင်ထပ်သွားတော့သည်။
လန်ထျန်းယွမ်သည် ထိတ်လန့်တကြားနှင့် သူ၏ လည်ပင်းကို အုပ်ကိုင်ကာ ကောင်းကင်ယံမှ ဇောက်ထိုး ပြုတ်ကျသွားတော့သည်။
“တောင်းပန်တယ်ကွာ.... ငါ နည်းနည်း နောက်ကျသွားတယ်”
ဓားတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေသော လူရိပ်တစ်ခု လော့ချန်၏ ဘေးတွင် ဆင်းသက်လာသည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ပျံလွှားဓားတစ်စင်းမှာ သူ၏လက်ထဲသို့ ပြန်လည် ရောက်ရှိလာတော့သည်။
လော့ချန်သည် တွမ်ဖုန်းအား ကြည့်ကာ ပြုံးလိုက်သည်။
“မနောက်ကျပါဘူး.... ဒီမှာ အမဲလိုက်စရာတွေ အများကြီး ကျန်နေသေးတာပဲ”
***