“ငါ တစ်လှမ်း နောက်ကျသွားတာပဲ”
ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်သော အနက်ရောင်လူရိပ်တစ်ခုသည် အမှောင်ရိပ်ထဲတွင် ရပ်လျက်၊ ပျက်စီးယိုယွင်းနေပြီဖြစ်သော မီမိသားစုစံအိမ်တော်ကို လှမ်းကြည့်နေသည်။
လေထုထဲတွင် သွေးညှီနံ့များ ထူထပ်စွာ ကျန်ရစ်နေဆဲပင်။ ပြင်းထန်လှသော ချီစွမ်းအင် လှုပ်ခတ်မှုများမှာ ဖြည်းညှင်းစွာ လွင့်ပြယ်သွားသော်လည်း ဤနေရာတွင် မည်မျှအထိ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ကို သက်သေပြနေဆဲ ဖြစ်သည်။
ကောင်းကင်ယံထက်တွင်မူ မကျေနပ်မှုနှင့် ဒေါသလှိုင်းများမှာ မပျောက်ကွယ်နိုင်သေးဘဲ ပဲ့တင်ထပ်နေသကဲ့သို့ပင် ရှိနေသည်။
အနက်ရောင်လူရိပ်သည် ခေါင်းကိုခါယမ်းကာ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်။ သူ တုန်တုန်ရီရီဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ သူ့အား သေချာစိုက်ကြည့်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
“ကျောက်စိမ်းအိုးဓားဂိုဏ်းက ဓားကျင့်ကြံသူလား”
ထိုသူ၏ မျက်လုံးများသည် အလွန်စူးရှလှပြီး မျက်ဝန်းထဲတွင် ဓားသွားပေါင်းသောင်းခြောက်ထောင် ကိန်းအောင်းနေသကဲ့သို့ပင်။ သို့သော် သူသည် အောက်မှ အနက်ရောင်လူရိပ်ကို ကြည့်ကာ ဝေခွဲမရဖြစ်နေပုံရသည်။
‘လူလား၊ ဒါမှမဟုတ် မိစ္ဆာလား’ ဟု သူတွေးနေသည်။
အောက်မှ အနက်ရောင်လူရိပ်က လက်အုပ်ချီကာ ဂါရဝပြုလိုက်ပြီး “ခင်ဗျားလည်း နောက်ကျသွားပြီပဲ” ဟု ဆိုကာ ညဉ့်အမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ယံရှိ ဓားကျင့်ကြံသူမှာ ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့သည်။
“ဒီလူကလည်း မီရှုဟွာရဲ့ စစ်ကူလား၊ တာဟဲစျေးမြို့တော်မှာ ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးပါဘူး”
သိသိသာသာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်သော်လည်း ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသည်။
“ထားလိုက်ပါတော့.... အကြီးအကဲ ပေးအပ်ထားတဲ့ တာဝန်က ပိုအရေးကြီးတယ်”
“နောက်ကျတယ် ဟုတ်လား”
“ငါကတော့ နောက်မကျသေးဘူး"
သူ အေးစက်စွာ ရယ်မောလိုက်ပြီး ဓားအလင်းနှင့်အတူ စိမ်းပြာရောင် သက်တံတစ်ခုနှယ် သူ အာရုံခံမိသော နေရာဆီသို့ ပျံသန်းသွားတော့သည်။
....
လခြမ်းတောင်ကြား အပြင်ဘက်တွင်မူ တိုက်ပွဲမှာ ပြင်းထန်နေဆဲပင်။
ရှန်းရှုနှင့် ကောင်းထင်ယွမ်တို့ သေဆုံးသွားပြီးနောက် အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားသည်။ လော့ချန်၊ မုရုံချင်းလျန်၊ တွမ်ဖုန်းနှင့် ကူချိုင်ယီတို့မှာ ခံစစ် အခြေအနေမှ တိုက်စစ်ဆင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
တာကျန်းဂိုဏ်းဘက်မှ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ ၃၀ ကျော်နှင့် အဆင့်လတ် ၆၀ ခန့် လွှတ်ထားသော်လည်း သူတို့၏ ခေါင်းဆောင်များ သေဆုံးသွားခြင်းနှင့် တွမ်ဖုန်း၏ ပါဝင်လာမှုတို့ကြောင့် တိုက်ပွဲအခြေအနေမှာ ပြောင်းပြန် ဖြစ်သွားရသည်။
“ခေါင်းဆောင်လော့.... အဆင်ပြေရဲ့လား”
“လော့ချန်.... ရှင် ဒဏ်ရာရသွားသေးလား”
လော့ချန် လှည့်ကြည့်လိုက်ရာ ကူချိုင်ယီ၊ ကျိုးယွမ်လီနှင့် အခြားသူများက သူ့အား စိုးရိမ်တကြီး ကြည့်နေကြသည်။ အစောပိုင်းက သူ၏ နာကျင်စွာ အော်ဟစ်သံမှာ စစ်မြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည် မဟုတ်ပါလော။ သူတို့ စိုးရိမ်နေကြသည်မှာ မဆန်းပေ။
လော့ချန် ပြုံးပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ကျန်တဲ့လူတွေကို သွားကူလိုက်ကြပါဦး”
မုရုံချင်းလျန်သည် မဆိုင်းမတွပင် မှော်လက်နက်ကို ထုတ်ကာ ရန်သူများကို သွားရောက်တိုက်ခိုက်တော့သည်။ ကူချိုင်ယီသည်လည်း ဝင်တိုက်ချင်သော်လည်း ချီစွမ်းအင်ကို လှုံ့ဆော်လိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်စွာ ညည်းတွားရင်း ခြေလှမ်းများ ယိုင်နဲ့သွားရသည်။
“သိဒ္ဓိဆေးလုံးရဲ့ အာနိသင် ကုန်သွားပြီပဲ....”
လော့ချန် သူမ၏ ပုခုံးကို အသာအယာ ဖိကာ ပြောလိုက်သည်။
“မိန်းကလေးချိုင်ယီ.... ဒီမှာပဲ နားပြီး ဒဏ်ရာတွေကို ကုလိုက်ပါ”
ထို့နောက် သူ ကျိုးယွမ်လီနှင့် လျိုချန်းတို့အား ကြည်လိုက်သည်။ ထိုနှစ်ဦးမှာ လော့ချန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသော်လည်း လှုပ်ရှားလိုက်သည့်အခါ သူတို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာသည်။
“ပြေလျော့သွားပြီ….”
“မရှိတော့ဘူး…."
လော့ချန်မှာ ထိုနှစ်ဦး၏ အမူအရာကြောင့် အံ့အားသင့်သွားရသည်။
“ဘာဖြစ်လို့လဲ"
ကျိုးယွမ်လီက မယုံနိုင်သလို ပြောလာသည်။
“ဂိုဏ်းချုပ်မီ ကျွန်တော့်ကိုယ်ပေါ်မှာ ထားခဲ့တဲ့ ထိန်းချုပ်မှု နည်းလမ်းတွေ ပျောက်သွားပြီ”
“ကျွန်တော့်ဆီမှာလည်း မရှိတော့ဘူး”
လျိုချန်းမှာလည်း ဖြူဖျော့သော မျက်နှာနှင့် ဝင်ပြောလိုက်သည်။
“ဂိုဏ်းချုပ်မီ တစ်ခုခု ဖြစ်သွားတာများလား"
သုံးဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ရင်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ စိုးရိမ်ထိတ်လန့်မှု သို့မဟုတ် စိတ်သက်သာရာရမှုတို့ ရောယှက်နေတော့သည်။
နောက်ဆုံးတွင် လော့ချန် လက်တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။
“အရင်ဆုံး တာကျန်းဂိုဏ်းက ခွေးသူတောင်းစားတွေကို သတ်လိုက်ဦး၊ သူတို့ ဒီနေ့ လုပ်တာတွေက လွန်လွန်းတယ်”
ကျိုးယွမ်လီနှင့် လျိုချန်းတို့ ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့အား ချည်နှောင်ထားသော စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ မရှိတော့သော်လည်း လော့ချန်၏ အမိန့်ကို အကျင့်ပါနေသည့်အတိုင်း လိုက်နာလျက် တိုက်ပွဲအတွင်းသို့ ပြန်ဝင်သွားကြသည်။
သူတို့ ပါဝင်လာသည့်အခါ တိုက်ပွဲမှာ သိသိသာသာပင် အနိုင်အရှုံး ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် လော့ချန် မြူသန့်စင်ဆေးလုံး နှစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဆေးအာနိသင်များ ပျံ့နှံ့လာသည်နှင့်အမျှ နွေဦးကျင့်စဉ်၏ အလိုအလျောက် စွမ်းအင်ပြန်ဖြည့်သည့် အစွမ်းကြောင့် ကုန်ဆုံးသွားသော ချီစွမ်းအင်များမှာ ဖြည်းဖြည်းချင်း ပြန်လည် ပြည့်ဝလာသည်။
သူသည် ကူချိုင်ယီ၏ အနားတွင် ရပ်နေရင်း သိန်းငှက်တစ်ကောင်ကဲ့သို့ တိုက်ပွဲကို စောင့်ကြည့်နေသည်။ တစ်ခါတစ်ရံတွင် ကျောက်စိမ်းစေ့ အကြွင်းအကျန်များ သို့မဟုတ် မီးလုံးများ၊ စိမ်းမြရတနာဓား တို့ကို သုံးကာ မိမိဘက်မှ ကျင့်ကြံသူများကို ကူညီပေးနေသည်။
သူ၏ အလစ်အငိုက် တိုက်ခိုက်မှုအောက်တွင် ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူများမှာ တစ်ချက်တည်းနှင့်ပင် ပြိုလဲကုန်ကြသည်။ ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူများမှာမူ ခံစစ်ပြင်နိုင်သော်လည်း အခြားသူများ၏ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း အားနည်းလာကြသည်။
မကြာခင်မှာပင် ရန်သူများမှာ အထိနာကာ ထွက်ပြေးကုန်ကြတော့သည်။
သို့သော် လော့ချန် လိုက်မတိုက်ရန် အမိန့်ပေးလိုက်သည်။ သူ၏ အကြည့်များမှာ လခြမ်းတောင်ကြားအတွင်းရှိ ဝိညာဉ်စိုက်ခင်းများဆီသို့ ရောက်နေသည်။
ထိုနေရာတွင် အစီရင်တစ်ခုက လယ်ကွင်းများအား ဝိုင်းရံထားသည်။ မင်လုံယွီ၏ ပုံရိပ်မှာ ထိုနေရာတွင် ဟိုဟိုဒီဒီ လှုပ်ရှားနေပြီး ရံဖန်ရံခါ တိုက်ကွက်များကို ထုတ်လွှတ်နေသည်။ သူ၏ သက်သောင့်သက်သာရှိမှုနှင့် နှိုင်းယှဉ်လျှင် အဘွားယွမ်မှာ အလွန်ပင် ရုန်းကန်နေရပုံရသည်။ သူမ၏ ကြိုးကြာနှုတ်သီးပေါက်တူးမှာ အလင်းများ မှိန်ဖျော့နေပြီဖြစ်ရာ အသက်အန္တရာယ် နီးကပ်နေပြီ ဖြစ်သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
‘တခြားလူတွေက ထားလိုက်ပါဦး၊ ဒီမင်လုံယွီက တကယ့်အန္တရာယ်ပဲ၊ ဟန်တန်တောင် သူ့လက်ချက်နဲ့ သေခဲ့ရတာ၊ အဘွားယွမ် ဒီလောက်အထိ တောင့်ခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး’
လော့ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံ၌ ပြင်းထန်လှသော ချီစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။
အချက်ပြမှုရသည်နှင့် တွမ်ဖုန်း လှုပ်ရှားလိုက်သည်။ သူသည် ကြီးမားလှသော ရေလှိုင်းကြီးများအား ပင့်တင်ကာ အောက်သို့ ဖိချလိုက်သည်။ ထို့နောက် ရေလှိုင်းများကြားတွင် ရပ်လျက် ဓားကို ဝှေ့ယမ်းလိုက်ရာ လှိုင်းလုံးကြီးများမှာ တစ်ဆင့်ပြီးတစ်ဆင့် ထပ်ကာထပ်ကာဖြင့် မင်လုံယွီရှိရာသို့ ဝါးမြိုပစ်မည့်အလား ကျဆင်းလာတော့သည်။
အစီရင်ထဲမှ မင်လုံယွီ၏ မျက်နှာပျက်သွားသည်။
“ငါ့အစီရင်ရဲ့ ဟာကွက်ကို ဒီလောက်မြန်မြန် ရှာတွေ့တာလား၊ အပြင်မှာ အစီရင်အတတ် နားလည်တဲ့လူ ရှိနေတာလား”
သူသည် မဆိုင်းမတွပင် လက်ထဲမှ အစီရင်ဗန်းကို ပြောင်းပြန်လှန်လိုက်ရာ ဝါးရောင်အလင်းများ ထွက်ပေါ်လာသည်။ သို့သော် ထိုအချိန်မှာပင် အစီရင်မှာလည်း ပြိုကွဲသွားရသည်။
မင်လုံယွီသည် ထပ်မံမတိုက်ခိုက်တော့ဘဲ အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်သည်။ အဘွားယွမ်မှာမူ အားအင်ကုန်ခမ်းလျက် သူမ၏ ပေါက်တူးကို လယ်ကွင်းထဲတွင် စိုက်ကာ မောဟိုက်နေသည်။
“ပြေးချင်လို့လား.... အဲဒီလောက် မလွယ်ဘူး”
သူမ၏ ရှုံ့တွနေသော လက်ချောင်းများမှာ အလွန်ပင် လျင်မြန်လှသော လက်ကွက်များကို ဖော်ဆောင်လိုက်သည်။ သူမ၏ ချီစွမ်းအင် လှုံ့ဆော်မှုအောက်တွင် လယ်ကွင်းထဲရှိ စပါးပင်များမှာ ရွှေရောင်အလင်းများ တောက်ပလာတော့သည်။ အသက်ရှူ သုံးကြိမ်ခန့်အကြာတွင် မှော်အတတ်မှာ အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။
အဘွားယွမ်၏ မျက်လုံးများ ရွှေရောင်လက်လာပြီး အော်ဟစ်လိုက်သည်။
“သွားစမ်း"
စပါးရွက်များစွာမှာ ရွှေရောင်ဓားငယ်လေးများအဖြစ် ပြောင်းလဲကာ လျှပ်စီးအလား မင်လုံယွီနောက်သို့ လိုက်ပါသွားတော့သည်။
“ရွှေရင်မှည့်ဓား” ဟု သူမ ဟိန်းဟောက်လိုက်သည်။
မင်လုံယွီသည် ကောင်းကင်ယံမှနေ၍ လှည့်ကြည့်လိုက်သည်။
“အဘွားကြီး.... ခင်ဗျားမှာ ဒီလိုလှည့်ကွက်ရှိနေမယ်လို့ မထင်ထားဘူး”
သူ လက်ထဲမှ အစီရင်ဗန်းကို အမြန်လှည့်လိုက်ရာ မီးလျှံများ ထွက်ပေါ်လာပြီး ရွှေရောင်ဓားငယ်များကို အရည်ပျော်သွားစေသည်။
ထို့ပြင် ထိုမီးလျှံများမှာ အဘွားယွမ်ဆီသို့ ပြန်လည်ဦးတည်လာတော့သည်။ ယခုအချိန်တွင် အဘွားယွမ်မှာ အားအင်ကုန်ခမ်းနေပြီဖြစ်ရာ မည်သည့်ကာကွယ်မှုမှ မလုပ်နိုင်တော့ပေ။ သူမ မျက်လုံးများကို မှိတ်ကာ သေခြင်းတရားကို အသာတကြည် စောင့်ကြိုနေလိုက်သည်။
သို့သော် ခေတ္တမျှကြာသည်အထိ ဘာနာကျင်မှုမှ မခံစားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။
သူမ၏ ခေါင်းပေါ်တွင် လေးရောင်ခြယ်ဆေးအိုးကြီး ဝဲပျံနေပြီး အလင်းတန်းများဖြင့် သူမအား ကာကွယ်ပေးထားသည်ကို တွေ့လိုက်ရသည်။
သူမ အားယူကာ ထရပ်ရင်း ကျေးဇူးတင်စကား ဆိုသည်။
“ခေါင်းဆောင်လော့....ဒီအဘွားကြီးက ကျေးဇူးတင်ပါတယ်”
အဘွားယွမ်သည် လော့ချန်ရှိရာသို့ လှည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
လော့ချန် လှည့်မကြည့်ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ကာ ဆိုသည်။
“ရပါတယ်၊ ကျွန်တော်နဲ့ ခင်ဗျားသားက ခင်နေတာပဲ၊ ဒါက ဘာမှမဟုတ်ပါဘူး”
သူ စကားပြောနေစဉ်မှာပင် ဆေးဖော်ဆောင်ထဲမှ လူရိပ်တစ်ခု ယိုင်နဲ့စွာ ပြေးထွက်လာသည်။
“အမေ.... အဆင်ပြေရဲ့လား.... ဘယ်နား ဒဏ်ရာရသွားသေးလဲ....”
“ခေါင်းဆောင်လော့.... ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်”
ယွမ်တုန်းရှန်းသည် တစ်ကိုယ်လုံး သွေးများပေကျံနေသော်လည်း မျက်ရည်များ ဝဲလျက် လော့ချန်အား ကျေးဇူးတင်စကား ဆိုနေရှာသည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ အာရုံမှာ တိုက်ပွဲဆီသို့သာ ရောက်နေသည်။
ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ နှစ်ဦး၊ ကျိုးယွမ်လီ၊ လျိုချန်းတို့ကဲ့သို့ ကျွမ်းကျင်သူများ၏ ဖိနှိပ်မှုအောက်တွင် တိုက်ပွဲမှာ လုံးဝ အသာစီးရသွားပြီ ဖြစ်သည်။ တာကျန်းဂိုဏ်းဝင်များမှာ သေဆုံးသူသေ၊ ထွက်ပြေးသူပြေး ကုန်ကြပြီ ဖြစ်သဖြင့် မကြာခင် တိုက်ပွဲ ပြီးဆုံးတော့မည် ဖြစ်သည်။
တာကျန်းဂိုဏ်းမှ ပါလာသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ၅ ဦးလုံးမှာ အဆင့်တူများကြားတွင် အစွမ်းထက်သူများ ဖြစ်ကြသည်။ တစ်ဦးတည်းသော အားနည်းသူမှာ လက်တစ်ဖက် ပြတ်နေသည့် ရှန်းရှုသာ ရှိခဲ့သည်။
ဤမျှ ပြင်းထန်သော အင်အားနှင့် လခြမ်းတောင်ကြားမှ လူအို၊ လူနာများကို တိုက်ခိုက်ခြင်းမှာ လွယ်ကူလှသည်ဟု ထင်ရသော်လည်း သူတို့သည် လော့ချန်အား လျှော့တွက်ခဲ့ကြသည်။
တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် လော့ချန်သည် ရှန်းရှုအား သတ်ကာ အင်အားမျှခြေ ပျက်သွားစေခဲ့သည်။ ထို့နောက် ကျောက်စိမ်းစေ့ သောင်းချီကို ဖောက်ခွဲကာ ကောင်းထင်ယွမ်အား ဒဏ်ရာရစေရုံသာမက ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူ ၇ ဦးကို တစ်ပြိုင်နက် သတ်ပစ်ခဲ့သည်။ ကောင်းထင်ယွမ် သေဆုံးသွားသည့်အခါ တိုက်ပွဲအခြေအနေမှာ လော့ချန်၏ လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားတော့သည်။
တွမ်ဖုန်း၏ စစ်ကူမှာ မထင်မှတ်ထားသော ဝမ်းသာစရာဖြစ်ပြီး၊ ထွက်ပြေးသွားသော လန်ထျန်းယွမ်အား သူ တိတ်တဆိတ် သတ်ဖြတ်ပေးလိုက်ခြင်းမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
ယခုအချိန်တွင် လခြမ်းတောင်ကြားတိုက်ပွဲမှာ လော့ချန် ဦးဆောင်သော ဆေးဖော်ဆောင်ဘက်မှ အပြတ်အသတ် အနိုင်ရသွားပြီဟု ကြေညာနိုင်ပြီ ဖြစ်သည်။
မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ လော့ချန် ပြုံးလိုက်သည်။
“ဒီနေ့ ရမယ့် ပစ္စည်းတွေကတော့ မနည်းလောက်ဘူး"
စစ်မြေပြင်မှ ပစ္စည်းများကို မည်သို့ခွဲဝေရမည်ဟု စဉ်းစားနေစဉ်မှာပင် သူ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားရသည်။
ဝေးလံသော ကောင်းကင်ယံမှ အလင်းတန်းနှစ်ခုမှာ လျှပ်စီးအလား ပြေးဝင်လာသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ပြင်းထန်လှသော စွမ်းအားများမှာ အကန့်အသတ်မရှိ ထွက်ပေါ်နေသည်။ ထိုအလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေပြင်းများ တိုက်ခတ်သွားသဖြင့် တိုက်ပွဲဝင်နေကြသော ကျင့်ကြံသူအားလုံးမှာ တိုက်ပွဲကို ရပ်တန့်လိုက်ရတော့သည်။
ရုတ်တရက် လူနှစ်ဦးမှာ လခြမ်းတောင်ကြား အပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။
လော့ချန် ထိုနှစ်ဦးကို တည်ငြိမ်စွာ လှမ်းကြည့်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ တိတ်တဆိတ် နောက်သို့ ဆုတ်နေသည်။ သို့သော် ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် သူ ရပ်လိုက်ရသည်။ အကြောင်းမှာ ထိုလူနှစ်ဦးလုံးက သူ့အား တစ်ပြိုင်နက် အာရုံစိုက် လိုက်သောကြောင့် ဖြစ်သည်။
“လော့ချန်….”
“တန်ချန်ဇီ….”
လော့ချန် အားယူကာ ပြုံးပြလိုက်သည်။
“ဂိုဏ်းချုပ်ဝမ်၊ အကြီးအကဲကျိုး.... ဒီကို လာလည်ကြတာလားဗျ”
“လာလည်တာ ဟုတ်လား”
ဝမ်ဟိုင်ချောင် ပြုံးကာ ဆိုသည်။
“အခုကစပြီး ဒီနေရာက တာကျန်းဂိုဏ်းရဲ့ နယ်မြေ ဖြစ်သွားပြီလေ၊ ဘယ်လိုလုပ် လာလည်တယ်လို့ ပြောလို့ရမှာလဲ”
အကြီးအကဲ ကျိုးက ရှေ့သို့ တစ်လှမ်း တက်လာသည်။
“တန်ချန်ဇီ.... လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်က မင်းကို ကြိုဆိုပါတယ်၊ အခုကစပြီး ငါတို့က မိသားစုဝင်တွေ ဖြစ်သွားပြီပေါ့”
သူတို့ စကားပြောနေစဉ် ပတ်ဝန်းကျင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။ လေတိုးသံ၊ ညည်းတွားသံနှင့် မီးတောက်သံများသာ ကြားနေရသည်။ လော့ချန် စကားပြောရန် ဟန်ပြင်သော်လည်း နောက်ဆုံးတွင်မူ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
‘ဝံပုလွေတွင်းက လွတ်တော့ ကျားတွင်းထဲ ရောက်ရပြန်ပြီပေါ့....’
“ဟူး....”
အဝေးတစ်နေရာမှ သက်ပြင်းချသံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
ဝမ်ဟိုင်ချောင် မျက်နှာပျက်သွားသည်။ အကြီးအကဲကျိုးသည်လည်း ရုတ်တရက် လှည့်ကြည့်လိုက်ရသည်။ လူရိပ်တစ်ခုသည် ဓားတစ်စင်းနှယ် ကောင်းကင်ယံမှ ဆင်းသက်လာသည်။
“ဟူး.... မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေပါလား"
“ဒါပေမဲ့ ဒီလခြမ်းတောင်ကြားက နာမည်အရဆိုရင် ငါတို့ ကျောက်စိမ်းအိုးဓားဂိုဏ်း ပိုင်တာ မဟုတ်လား"
တာဝန်ခံမြောင်သည် လခြမ်းတောင်ကြား အထက်တွင် တည်ငြိမ်စွာ ဆင်းသက်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။
“လာခဲ့တဲ့ နေရာကိုပဲ ပြန်ကြပါ”
“ကျေးဇူးပြုပြီး နှစ်ယောက်လုံး ထွက်သွားပေးကြပါ”
ဝမ်ဟိုင်ချောင် အံကြိတ်လိုက်သည်။ ထို့နောက် ပျက်စီးနေသော လခြမ်းတောင်ကြားကို ခါးသီးစွာ ကြည့်၍ ဝတ်ရုံလက်ကို ခါကာ ဝေးရာသို့ ပျံသန်း ပျောက်ကွယ်သွားတော့သည်။
တာကျန်းဂိုဏ်းဝင်များမှာလည်း သူတို့ ခေါင်းဆောင် ထွက်သွားသည်ကို မြင်သောအခါ တစ်ယောက်မှ မနေရဲတော့ဘဲ ငှက်ကလေးများအလား အလုအယက် လိုက်ပါသွားကြသည်။
အကြီးအကဲ ကျိုးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ သူ အနည်းငယ် အံ့သြနေပုံရသည်။
“မင်း မီရှုဟွာကို သွားမကယ်ဘူးလား”
တာဝန်ခံမြောင်၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။ သူ၏ အသံမှာ တည်ငြိမ်လှသည်။
“ကိုယ့်လမ်းကိုယ်ပဲ လျှောက်ရမှာ၊ ငါ သူ့ကို တစ်ခါ ကယ်ဖူးတယ်၊ ဒါပေမဲ့ တစ်သက်လုံးတော့ မကယ်နိုင်ဘူး၊ သူ့ရဲ့ အနာဂတ်က သူ့လက်ထဲမှာပဲ ရှိတယ်”
တာဝန်ခံမြောင်သည် တိုက်ရိုက် မဖြေဘဲ ဤစကားကိုသာ ပြောလိုက်သည်။ အကြီးအကဲကျိုးသည် ထိုစကားကို ကြားရသည့်အခါ စဉ်းစားဟန်ဖြင့် တစ်ချက်ကြည့်ကာ ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
လူအားလုံး ထွက်ခွာသွားပြီးနောက် တာဝန်ခံမြောင်သည် ဆေးဖော်ဆောင်သို့ ဆင်းသက်လာသည်။ သူသည် တောင်ကြားထဲမှ လော့ချန်ကို ကြည့်ကာ ဖော်ရွေစွာ ပြုံးပြရင်း ဖိတ်ခေါ်လိုက်တော့သည်။ လော့ချန် ခေတ္တမျှ စဉ်းစားပြီးနောက် ဆေးဖော်ဆောင်ထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
***