ယနေ့ညသည် တာဟဲစျေးမြို့တော်၏ သမိုင်းတစ်လျှောက် အရှည်လျားဆုံးသော ညတစ်ည ဖြစ်ပေသည်။
ထောင်နှင့်ချီသော တစ်ကိုယ်တော်ကျင့်ကြံသူ များသည် မိမိအလိုအလျောက်ဖြစ်စေ၊ အတင်းအကျပ်ဖြစ်စေ ဤတိုက်ပွဲကြီးထဲတွင် ပါဝင်ပတ်သက်ခဲ့ကြရသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ တစ်ညတည်းနှင့် အရာအားလုံး ဆုံးရှုံးသွားသူ မည်မျှရှိမည်ကို မည်သူမှမသိနိုင်သလို၊ ကျင့်ကြံခြင်းလမ်းခရီးအတွက် လိုအပ်သော အထောက်အပံ့ကောင်းများ ရရှိကာ အောင်မြင်မှုခြေလှမ်းသစ် လှမ်းနိုင်ခဲ့သော ကံကောင်းသူ မည်မျှရှိမည်ကိုလည်း မခန့်မှန်းနိုင်ပေ။
လော့ချန် သိလိုက်သည်မှာ တိုက်ပွဲအရှိန်အဟုန် ငြိမ်သက်သွားပြီး ကောင်းကင်ယံတွင် အရုဏ်ဦးအလင်း ပေါ်လာချိန်၌ သူ၏ခြေရင်းတွင် အလောင်းများစွာ စီတန်းနေခြင်းပင်။
အချို့မှာ ရုပ်ပျက်ဆင်းပျက် မဖြစ်သေးသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်သော်လည်း၊ အချို့မှာမူ ဖိုရှန်းဂိုဏ်း၏ တံဆိပ်သာ မပါလျှင် မည်သူမှန်း သိနိုင်တော့မည်မဟုတ်ပေ။ အဆိုးဆုံးမှာကား မှော်အတတ်နှင့် မှော်လက်နက်များ၏ ဒဏ်ကြောင့် အရိုးပင် ရှာမရတော့ဘဲ ပြာဖြစ်သွားကြသူများ ဖြစ်သည်။
မျက်နှာဖြူဖျော့နေသော ကူချိုင်ယီ၊ တဟွတ်ဟွတ် ချောင်းဆိုးနေသော အဘွားယွမ်၊ လက်ပြတ်နေသော ချင်လျန်ချန်း၏ ရင်ခွင်ထဲတွင် ရှိနေသည့် မုရုံချင်းလျန်နှင့် ကျန်ရှိနေသော ကျင့်ကြံသူ ၂၀ ကျော်တို့၏ အကြည့်မှာ လော့ချန်ထံတွင်သာ ရှိနေသည်။
လော့ချန် ဒူးထောက်ထိုင်ချလိုက်ပြီး အလောင်းတစ်ခုကို ဖုံးအုပ်ထားသော အဖြူရောင်ပိတ်စကို လှန်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ထိုသူမှာ လူတိုင်းနှင့် ရင်းနှီးသောသူဖြစ်ပြီး သူ၏ အသံမှာ လေထဲတွင် ပဲ့တင်ထပ်နေသည်ဟုပင် ထင်ရလောက်သည်။ ထိုသူ၏ မျက်ဝန်းထဲမှ ထိတ်လန့်မှုနှင့် မကျေနပ်ချက်များမှာကား တစ်ညတာ ကုန်ဆုံးသွားသည့်တိုင်အောင် ကျန်ရစ်နေဆဲပင်။
“အကြီးအကဲ စီကုန်း.... အေးချမ်းစွာ အနားယူပါတော့....”
လော့ချန် လက်လှမ်းလိုက်ပြီး စီကုန်းရှို့ကျား၏ မျက်လုံးများကို ညင်သာစွာ ပိတ်ပေးလိုက်သည်။ သူ ပြန်အထမှာပင် ကျိုးယွမ်လီက အစီရင်ခံရန် ရှေ့သို့ တိုးလာသည်။
“မနေ့ညက တိုက်ပွဲမှာ ဆေးဖော်ဆောင် က ၃၁ ယောက်၊ ဆေးဝါးဆောင်က ၄၃ ယောက် ဆုံးရှုံးခဲ့ပါတယ်”
“ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ တစ်ယောက် ဆုံးရှုံးခဲ့တယ်.... အဲဒါ အကြီးအကဲ စီကုန်းရှို့ကျားပါ၊ သူ့ကို ဖူကျန်း သတ်လိုက်တာပါ"
“အဆင့် ၈ ကျင့်ကြံသူ ၅ ယောက် တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး၊ လျိုချန်းနဲ့ ကျွန်တော်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်”
“အဆင့် ၇ တွေကတော့....”
“ထွက်ပြေးသွားတဲ့ လူအနည်းငယ်ကို ဖယ်ရင် ဆေးဆောင်နှစ်ခုပေါင်းမှ ၃၆ ယောက်ပဲ ကျန်ပါတော့တယ်”
သေဆုံးသူ အရေအတွက်ကြောင့် လူတိုင်း အံ့အားသင့်သွားရသည်။ တက်ကြွလှုပ်ရှားနေခဲ့သော အသက်ပေါင်းများစွာမှာ ယခုမူ အေးစက်သော ကိန်းဂဏန်းများအဖြစ်သာ ကျန်ရစ်တော့သဖြင့် လက်ခံရန် ခက်ခဲလှပေသည်။
လော့ချန် တည်ငြိမ်စွာဖြင့် တာကျန်းဂိုဏ်း၏ အကျအဆုံးကို မေးလိုက်သည်။
“အလောင်း ၄၇ လောင်း တွေ့ရပါတယ်၊ ချီသန့်စင် အလယ်အလတ်အဆင့်တွေ များပါတယ်၊ အဆင့်မြင့် ကျင့်ကြံသူ ၁၀ ယောက်ကျော် ပါပါတယ်၊ အများစုက ခေါင်းဆောင်လော့နဲ့ တွမ်ဖုန်းတို့ လက်ချက်ကြောင့် သေတာပါ”
“အဆင့် ၉ ကျင့်ကြံသူ ၃ ယောက် သေပါတယ်.... ကောင်းထင်ယွမ်၊ လန်ထျန်းယွမ်နဲ့ ရှန်းရှုတို့ပါ”
ကျင့်ကြံသူ တစ်ရာကျော်၏ အသက်၊ အဆင့် ၉ ကျင့်ကြံသူ လေးဦး၏ သေဆုံးမှုတို့ဖြင့် ဤတိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လော့ချန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“တခြားခန်းမဆောင်တွေရဲ့ အခြေအနေကော ဘယ်လိုလဲ"
ကျိုးယွမ်လီက သက်ပြင်းချကာ ဆိုသည်။
“အဲဒါတော့ ကျွန်တော်လည်း မသိပါဘူး၊ အသံလွှင့်ကျောက်စိမ်းက ဂိုဏ်းချုပ်မီနဲ့ပဲ ဆက်သွယ်လို့ရတာ၊ သူကလည်း....”
သူ ဆက်မပြောတော့သော်လည်း ဆိုလိုရင်းကိုမူ လူတိုင်း ခန့်မှန်းနိုင်ကြသည်။
မီရှုဟွာ မရှိတော့ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးဖြစ်သော ဝမ်၊ ကျိုး နှင့် မြောင် တို့၏ စကားများအရ မီရှုဟွာ သေဆုံးသွားပြီမှာ သေချာသလောက်ပင်။ ကျိုးယွမ်လီနှင့် လျိုချန်းတို့တွင် ရှိနေသော ထိန်းချုပ်မှုများ ပြေလျော့သွားခြင်းကလည်း ဤသည်ကို အတည်ပြုပေးနေသည်။
“ခေါင်းဆောင်လော့.... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ကျိုးယွမ်လီ မေးလိုက်သည်။
လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ ကျိုးယွမ်လီသာမက အခြားသူများကလည်း သူ့အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
မနေ့ည တိုက်ပွဲတွင် လော့ချန် ပြသခဲ့သော ဆုံးဖြတ်ချက်နှင့် အစွမ်းမှာ အားလုံးကို ယုံကြည်မှု ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ကျောက်စိမ်းအိုးဂိုဏ်းမှ တာဝန်ခံ မြောင် နှင့် သူ လျှို့ဝှက် စကားပြောခဲ့ခြင်းကြောင့် သူတို့သည် လော့ချန်အား အားကိုးရာအဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
လော့ချန်သည် တာဝန်ခံမြောင်နှင့် ပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားကာ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ပြီး လူအုပ်ကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“ခင်ဗျားတို့ အဆင်ပြေမယ်ဆိုရင် လောလောဆယ် ကျွန်တော့်နောက်ကို လိုက်နိုင်ပါတယ်။ မနေ့ညက တိုက်ပွဲကရတဲ့ ပစ္စည်းတွေကို ကျွန်တော် မျှမျှတတ ခွဲဝေပေးမယ်”
“ဘာဆက်လုပ်မလဲဆိုတာကတော့ နောက်ထပ် ရက်အနည်းငယ်လောက် တာဟဲစျေးမြို့တော်ရဲ့ အပြောင်းအလဲကို စောင့်ကြည့်ရဦးမယ်၊ ကျွန်တော် ခင်ဗျားတို့ကို ဘာကတိမှ မပေးနိုင်ဘူး”
“တာဝန်ခံ မြောင် ပြောသလိုပဲ.... အသက်က ကံကြမ္မာအပေါ်မှာ မူတည်ပေမဲ့ အနာဂတ်ကတော့ ကိုယ့်ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်၊ အနာဂတ်က ခင်ဗျားတို့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တာမို့ ဘာဆက်လုပ်မလဲဆိုတာ ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့ သေချာ စဉ်းစားကြည့်ပါ”
ထိုစကားများ ပြောပြီးနောက် လော့ချန် နှုတ်ဆိတ်သွားသည်။ သူ ဘာကတိမှ မပေးသလို ဘေးကင်းလုံခြုံမှုကိုလည်း အာမမခံခဲ့ပေ။
အသက်ရှင်ကျန်ရစ်သူများမှာ ဘာပြောရမှန်း မသိဘဲ ဖြစ်သွားကြသည်။ လော့ချန်နောက် လိုက်လျှင် အခြေအနေ ပိုကောင်းလာမည်လော။ သူ၏ ဆေးဖော်အတတ်မှာ ထူးချွန်သော်လည်း ချီသန့်စင် အဆင့် ၈ တွင်သာ ရှိသေးသဖြင့် မီရှုဟွာလောက် လုံခြုံမှုမပေးနိုင်ဟု ထင်ကြသည်။ သို့သော် သူတို့အားလုံးမှာ လော့ချန်အား အားကိုးချင်နေကြဆဲပင်။
လော့ချန်သည် တိုက်ပွဲမှ ရရှိသော ပစ္စည်းများကို စစ်ဆေးရန် ကျောက်တုံးအိမ်ထဲသို့ ဝင်သွားသည်။
တွမ်ဖုန်းကမူ မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ရင်း မှော်ရတနာပုံကြီးကို စိတ်လှုပ်ရှားစွာ မွှေနှောက်နေသည်။
“လော့ချန်.... ဒီမှာ အကောင်းအတိုင်း ကျန်သေးတဲ့ အဆင့်မြင့် မှော်လက်နက် ၂၅ ခု ပါတယ်၊ အဆင့်လတ်နဲ့ အဆင့်နိမ့်တွေလည်း အများကြီးပဲ”
“ပျက်စီးသွားတဲ့ အရာတွေကလည်း အလကား မဖြစ်ပါဘူး၊ တချို့ကို ပြန်ပြင်လို့ရသလို တချို့ကိုတော့ အရည်ကျိုပြီး အဖိုးတန်ပစ္စည်းတွေ ပြန်ထုတ်လို့ရတယ်”
“ငါတို့တော့ ရွှေအိုးကြီး ကောက်ရတာပဲ”
တွမ်ဖုန်း ဤမျှ စိတ်လှုပ်ရှားနေသည်မှာ တွေ့ရခဲသည်။ မနေ့ည တိုက်ပွဲတွင်ပင် သူ ဤမျှ မပြုံးခဲ့ပေ။
လော့ချန်ကမူ ဘေးတွင် ထိုင်နေရင်း ပထမဆုံးအကြိမ်အဖြစ် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်နေသည်။ မနေ့ည တိုက်ပွဲမှာ လွယ်ကူသလို ထင်ရသော်လည်း အမှန်စင်စစ် သူ့ခန္ဓာကိုယ်အပေါ် ဒဏ်အတော်ပိခဲ့သည်။
မီးတောက်လှံ၊ လေးရောင်ခြယ်ဆေးအိုး၊ ဝိညာဉ်ဖျက်သံမှို၊ စိမ်းမြရတနာဓားများ သုံးခဲ့ရုံမက ကျောက်စိမ်းစေ့ တစ်သောင်းကျော်ကိုပါ ဖောက်ခွဲခဲ့ရသည်။ တိုက်ကွက်တိုင်း၏ ချီစွမ်းအင် သုံးစွဲမှုမှာ အလွန်ပင် များပြားခဲ့သည်။ အထူးသဖြင့် ကောင်းထင်ယွမ်နှင့် တိုက်ခိုက်စဉ်က ချီစွမ်းအားကို အတင်းအကျပ် သုံးခဲ့ရသဖြင့် ယခုထိ ဦးနှောက်ထဲတွင် အနည်းငယ် နာကျင်နေဆဲ ဖြစ်သည်။
“လော့ချန်.... အဆင်ပြေရဲ့လား"
တွမ်ဖုန်းမှာ လော့ချန် ပင်ပန်းနေမှန်း သတိထားမိသွားသည်။
လော့ချန် ခေါင်းညိတ်ကာ စိတ်ကို ပြန်စုစည်းလိုက်ပြီး ရှေ့ရှိ မှော်ရတနာပုံကြီးနှင့် သိုလှောင်အိတ်များကို ကြည့်လိုက်သည်။ ပစ္စည်းများမှာ တောင်ပုံကြီးလို ဖြစ်နေသည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သည်အထိ ကျင့်ကြံနိုင်လောက်သည့် ပမာဏပင်။
သို့သော် လော့ချန် ဤပစ္စည်းများကို ယူ၍ ထွက်မပြေးနိုင်ပေ။ သတ္တိမရှိသောကြောင့် မဟုတ်ဘဲ လမ်းပိတ်နေသောကြောင့် ဖြစ်သည်။ အနောက်ဘက်တွင် သားရဲများ ပြည့်နှက်နေသည့် တောရိုင်းကြီး၊ အရှေ့ဘက်တွင် ကျောက်စိမ်းအိုးဓားဂိုဏ်း ထိန်းချုပ်ထားသည့် နယ်မြေကြီး။ ထိုမျှသာမက တာဝန်ခံ မြောင်မှာ ထိုဂိုဏ်းမှ တပည့် ဖြစ်နေသည်။
မနေ့ည တာဝန်ခံမြောင် ပြောခဲ့သော စကားများနှင့် ပေးခဲ့သော ကတိများအရ လော့ချန်တွင် ထွက်ပြေးရန် အစီအစဉ် မရှိပေ။ ဤနေရာတွင် နေခြင်းက အခြားနေရာတွင် တစ်ကိုယ်တော်ကျင့်ကြံသူ သွားလုပ်နေခြင်းထက် ပိုသာသည်။
သူနှင့် ရင်းနှီးပြီးဖြစ်သော နယ်မြေဖြစ်သလို သူငယ်ချင်းများလည်း ရှိသည်။ ထိုမျှသာမက အင်အားကြီး ကျောထောက်နောက်ခံများလည်း ရှိနေပြီ ဖြစ်သည်။
တွမ်ဖုန်း သူ့အား ပြန်ခေါ်လိုက်မှ လော့ချန် စိတ်ကူးယဉ်နေရာမှ နိုးလာသည်။ သူ ခေါင်းကို ခါယမ်းလိုက်ပြီး ဆိုသည်။
“အဆင့်မြင့် မှော်လက်နက်တွေနဲ့ သိုလှောင်အိတ်တွေကို အရင် စုထားလိုက်ပါ၊ ကျန်တာတွေကိုတော့ ဒေါ်လေး မုရုံချင်းလျန်နဲ့ ကျိုးယွမ်လီတို့ကို ခွဲခိုင်းလိုက်ပါ၊ ပြီးတော့ ပစ္စည်းတချို့ကို သီးသန့်ဖယ်ထားဦး၊ ကျွန်တော့်မှာ အရေးကြီးတဲ့ အစီအစဉ် ရှိတယ်”
ထိုသို့ ပြောပြီးနောက် ယိုင်တိယိုင်တိုင်နှင့် သူ၏ အခန်းထဲ ပြန်ဝင်သွားတော့သည်။ ထို့နောက် အစီအရင်ကို အသက်သွင်းလိုက်ပြီး ကုတင်ပေါ် လှဲချလိုက်တော့သည်။ တွမ်ဖုန်းကမူ အပြင်မှ စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
မကြာခင်မှာပင် မုရုံချင်းလျန်တို့ ရောက်လာကြသည်။ လော့ချန်၏ အခန်းအား ကာကွယ်ထားသည့် အပြာရောင် အစီအရင်ကို ကြည့်ရင်း လူတိုင်း ကိုယ့်အတွေးနဲ့ကိုယ် ရှိနေကြသည်။
လော့ချန် တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ အပြင်တွင် မိတ်ဆွေများ စောင့်နေသလို အစီအရင်လည်း ရှိနေသောကြောင့် သူ စိတ်အေးလက်အေး အနားယူနိုင်ခဲ့သည်။
အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် လော့ချန် နိုးလာခဲ့သည်။ သူ့ တစ်ကိုယ်လုံး လန်းဆန်းနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည့်အခါ သူ့ရဲ့ စိတ်မှာ ယခင်ထက် ပို၍ ကြည်လင်၊ ထက်မြက်နေသည်ကို သတိထားမိလိုက်သည်။
“ငါ့ရဲ့ ဝိညာဉ်အခြေခံက ပိုခိုင်မာသွားတာလား၊ ဒါမှမဟုတ် စိတ်စွမ်းအား ပိုတိုးလာတာလား”
ချီသန့်စင် အဆင့် ၈ တွင် ရှိနေသဖြင့် အတိအကျ မပြောနိုင်သေးသော်လည်း သူ စိတ်ကျေနပ်မိသည်။ ထို့နောက် သိုလှောင်အိတ် နှစ်အိတ်ကို သူ ထုတ်လိုက်သည်။ တစ်အိတ်မှာ ကောင်းထင်ယွမ်၏ အိတ်ဖြစ်ပြီး နောက်တစ်အိတ်မှာ ရှန်းရှု၏ အိတ်ဖြစ်သည်။
ရှန်းရှု၏ အိတ်ထဲတွင်မူ ဘာမှ သိပ်မရှိပေ။ ဝိညာဉ်ကျောက်တုံး ၅ တုံးနှင့် ကတ်ကြေးအမည်းကြီး တစ်လက်သာ ပါလာသည်။
“ဒီကောင် တော်တော် မွဲတာပဲ၊ ထွက်ပြေးနေရလို့ ပစ္စည်းတွေ ကုန်နေတာ ဖြစ်မယ်”
လော့ချန်သည် ကောင်းထင်ယွမ်၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအထဲတွင် ကျောက်စိမ်းပြားများ၊ မှော်လက်နက်များ၊ ဆေးလုံးများနှင့် စာအုပ်အချို့ကို တွေ့ရသည်။ သူ စာအုပ်တစ်အုပ်ကို ကောက်ယူကြည့်လိုက်ရာ ၎င်းမှာ ကူယွဲ့၏ မှတ်တမ်းများ ဖြစ်နေသည်။
“ကူယွဲ့၏ မှတ်တမ်းများ”
“ကိုယ်ရေးမှတ်တမ်းလား၊ ကူယွဲ့ ဆိုတာ ဘယ်သူလဲ"
လော့ချန် စာအုပ်ကို လှန်လှော ဖတ်ကြည့်လိုက်တယ်။
ထိုစာအုပ်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ကူယွဲ့ ဟုခေါ်သော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအကြောင်း ရေးသားထားသည်။ ထိုသူသည် ကျင့်ကြံခြင်းလမ်းခရီးတွင် အလွန်ပင် ခက်ခဲရုန်းကန်ခဲ့ရသူ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ချီစွမ်းအင်မှာ မပြည့်စုံခဲ့ပေ။ သို့သော် သူ လက်မလျှော့ဘဲ ထူးဆန်းသော လမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
“စိတ်ဝိညာဉ်သန့်စင်ခြင်း လမ်းစဉ်”
လော့ချန် မျက်မှောင်ကြုတ်ကာ ဆက်ဖတ်လိုက်သည်။ စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ကူယွဲ့ ရူးသွပ်စွာ ရေးသားထားသည်မှာ ....
“အောင်မြင်ပြီ၊ ငါ အောင်မြင်ပြီ၊ ဝိညာဉ်ပေါင်း ၉၉၉ ခုကို ဖမ်းယူပြီး ငါ့ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်တာ နောက်ဆုံးတော့ ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီ၊ ဟားဟားဟား....”
လော့ချန် ဤစာကို ဖတ်ပြီးနောက် ရင်ထဲတွင် တုန်လှုပ်သွားသည်။ ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ခန္ဓာကိုယ်၊ ချီစွမ်းအင်နှင့် စိတ်ဓာတ်ဟူသော တံခါးသုံးချပ်ကို ဖြတ်ကျော်ရသည်။
သို့သော် ဤ ဝိညာဉ်လမ်းစဉ်ဖြင့် အခြေတည်ခြင်းမှာ ထိုအရာများ မလိုအပ်ဘဲ အခြားကျင့်ကြံသူများ၏ ဝိညာဉ်များကို စုပ်ယူကာ မိမိကိုယ်ကိုယ် အားဖြည့်ခြင်းပင် ဖြစ်သည်။
“ဒါက မိစ္ဆာကျင့်စဉ်ပဲ"
လော့ချန် တွေးလိုက်မိသည်။ ကောင်းထင်ယွမ်၏ မျက်လုံးများ စိမ်းဖန့်ဖန့် ဖြစ်သွားခဲ့ခြင်းမှာ ဤကျင့်စဉ်ကို လေ့ကျင့်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
လော့ချန် ကျန်သည့် စာအုပ်များအား အသည်းအသန် မွှေနှောက် ရှာဖွေလေသည်။ သို့သော် သူ မည်မျှပင် ရှာဖွေပါစေ ထိုကျင့်စဉ်အား ရှာမတွေ့ခဲ့ပေ။
“တိုက်ပွဲတုန်းက ပျက်စီးသွားတာလား၊ ဒါမှမဟုတ် ကောင်းထင်ယွမ်က ယူမလာခဲ့တာလား....”
လော့ချန် စိတ်ပျက်လက်ပျက်နှင့် ပစ္စည်းများ သိမ်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ လက်မှာ မည်းနက်နေသည့် သစ်သားတံဆိပ်တစ်ခုအား ထိမိသွားသည်။ သူ၏ မျက်လုံးများမှာ ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး ထိုတံဆိပ်ကို စိုက်ကြည့်လိုက်တော့သည်။
***