“လော့ချန်.... ဒါတွေက ငါတို့သိမ်းဆည်းရမိတဲ့ ပစ္စည်းစာရင်းတွေပဲ၊ တစ်ချက်လောက်.... ကြည့်လိုက်ပါဦး” ဟု မုရုံချင်းလျန်က ပြောလိုက်သည်။
တစ်စုံတစ်ယောက်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည့် အသံကို လော့ချန် အထင်အရှား ကြားလိုက်ရသည်။ သူ မုရုံချင်းလျန်ကို လှမ်းကြည့်လိုက်သည့်အခါ သူမ၏ မျက်လုံးများ ရီဝေနေသည်ကို သတိထားမိလိုက်သည်။ စာရင်းမှတ်တမ်းကို ကမ်းပေးနေသော သူမ၏ လက်များမှာလည်း တုန်ရီနေသည်။
လော့ချန် ဝေခွဲမရဖြစ်သွားပြီး စာရင်းကို အမှတ်မထင် လှမ်းယူလိုက်သည်။ သို့သော် ပထမဆုံး မှတ်တမ်းတင်ထားသော ဂဏန်းကို မြင်လိုက်ရသည့် ခဏမှာပင် သူကိုယ်တိုင်လည်း မသိလိုက်ဘဲ တံတွေး မျိုချလိုက်မိတော့သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၇၀၀၀ နဲ့ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၉၈ တုံး”
လော့ချန် အံ့အားသင့်စွာဖြင့် အသံထွက်ဖတ်လိုက်မိသည်။
သူ ခေါင်းမော့လိုက်ပြီး “တွက်ချက်တာ မှားနေတာလား” ဟုသာ မေးလိုက်မိသည်။
မုရုံချင်းလျန်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြသည်။
“လုံးဝ မမှားပါဘူး၊ ငါတို့ သုံးခေါက်တောင် ပြန်စစ်ထားတာ”
လော့ချန် မှင်သက်နေဆဲမှာပင် သူမ ဆက်ပြောပြသည်။
“ဒီလောက် ဝိညာဉ်ကျောက်တုံး ပမာဏများတာက တကယ်တော့ ဖြစ်သင့်ပါတယ်၊ တိုက်ပွဲမှာ နှစ်ဖက်စလုံးက လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့တာလေ၊ အဲ့ဒီထဲမှာ ၃၀ က ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူတွေ”
“ပြီးတော့ ဒီကျောက်တုံးတွေထဲက သုံးထောင်က လန်ထျန်းယွမ်ရဲ့ သိုလှောင်အိတ်ထဲက ရတာ၊ ရှောင်တွမ် သူ့သဘောနဲ့သူ လာအပ်တာပါ၊ ဒါတွေကို ဘယ်လို ခွဲဝေမလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”
လော့ချန်၏ မျက်နှာမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့ဘဝတွင် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံး ပမာဏကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အမှန်အတိုင်းဆိုရလျှင် တစ်သောင်းကျော်တန်ဖိုးရှိသော အရောင်းအဝယ်မျိုးကို သူ သုံးကြိမ်သာ ကြုံဖူးသည်။ တစ်ကြိမ်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ လေလံပွဲတွင်ဖြစ်ပြီး ကျန်နှစ်ကြိမ်မှာ သူဖော်စပ်သော ကျောက်စိမ်းအမြုတေဆေးလုံးများနှင့် ပတ်သက်၍ ဖြစ်သည်။ သို့သော် ထိုစဉ်ကလည်း သူအမှန်တကယ် ရရှိသည့် အမြတ်မှာ တစ်ထောင် သို့မဟုတ် နှစ်ထောင်ခန့်သာ ရှိခဲ့သည်။
ယခုမူ သူသည် ဤပစ္စည်းပုံကြီးကို ခွဲဝေပေးရမည့်သူ ဖြစ်နေချေပြီ။
မုရုံချင်းလျန်၏ အသံကြောင့် သူ သတိ ပြန်ဝင်လာသည်။
“ဝိညာဉ်ကျောက်တုံးတွေအပြင် မှော်ရတနာတွေ၊ မှော်စာရွက်တွေ၊ ဆေးလုံးတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ ကျင့်စဉ်စာအုပ်တွေနဲ့ တခြား ထူးထူးဆန်းဆန်း ပစ္စည်းတွေလည်း အများကြီးပဲ၊ လော့ချန်.... မင်း ကြည့်လိုက်ပါဦး၊ ခွဲဝေမှုနဲ့ ပတ်သက်ရင် ငါတို့အားလုံးက မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာမှာပါ”
သူမ စကားဆုံးသည်နှင့် လူအုပ်ကြီးအတွင်း တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားသည်။
ဤသည်မှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။
ပုံမှန်ဆိုလျှင် တိုက်ပွဲမှရသော ပစ္စည်းများအား ကျင့်ကြံသူတစ်ဦးချင်းစီကသာ ပိုင်ဆိုင်လေ့ရှိသည်။ ယခုကဲ့သို့ ပစ္စည်းအားလုံးကို တစ်နေရာတည်းတွင် စုပုံထားခြင်းမှာ ရှားပါးလှသည်။ သို့သော် မနေ့ည တိုက်ပွဲမှာ သာမန်တိုက်ပွဲမျိုး မဟုတ်ခဲ့ပေ။
အဆင့်မြင့်ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ရပြီး အဆင့်နိမ့်ကျင့်ကြံသူများမှာ ဆယ်ယောက်လျှင် တစ်ယောက်ပင် မကျန်လောက်အောင် ပြုန်းတီးသွားခဲ့သည်။ အတွေ့အကြုံရှိသော အဆင့်လတ်ကျင့်ကြံသူ အနည်းငယ်သာ မြေအနေအထားကို အသုံးချ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
ထို့ကြောင့် နောက်ဆုံးတိုက်ပွဲ၏ အဓိက အောင်ပွဲခံသူများမှာ လော့ချန်နှင့် သူ၏ ရင်းနှီးသော သူငယ်ချင်းများသာ ဖြစ်သည်။ သူတို့ထဲတွင် စီကုန်းရှို့ကျားမှာ သေဆုံးခဲ့ပြီး၊ အဘွားယွမ်မှာလည်း မင်လုံယွီကို တိုက်ခိုက်သည်မှအပ အခြားနေရာတွင် သိပ်မပါဝင်နိုင်ခဲ့ပေ။
တိုက်ပွဲမြေပြင်တစ်ခုလုံးကို လော့ချန်နှင့် တွမ်ဖုန်းတို့ကသာ ဦးဆောင်ထိန်းကျောင်းခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲပြီးဆုံးချိန်တွင် ရရှိလာသော ပစ္စည်းပုံကြီးမှာ အဓိကအားဖြင့် ထိုနှစ်ဦးနှင့်သာ သက်ဆိုင်နေတော့သည်။
ထို့ကြောင့် ပစ္စည်းခွဲဝေရေးမှာ အရေးတကြီး ကိစ္စရပ် ဖြစ်လာသည်။ ထို့ပြင် လော့ချန်သည် တိုက်ပွဲအပြီးတွင် တာဝန်ခံ မြောင်နှင့် သီးသန့်ဆွေးနွေးရန် ဆေးဖော်ဆောင်ထဲသို့ ဝင်သွားခဲ့သည်။ သူ မရှိခိုက်တွင် တွမ်ဖုန်း၊ မုရုံချင်းလျန်နှင့် ကျိုးယွမ်လီတို့က ပစ္စည်းအားလုံးကို စုစည်းကာ လော့ချန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
အမှန်စင်စစ် လော့ချန်နှင့် မုရုံချင်းလျန်တို့မှာ ဆေးဖော်ဆောင်နှင့် ဆေးဝါးဆောင်တို့၏ အမည်ခံ ခေါင်းဆောင်များလည်း ဖြစ်ကြသည်။
လော့ချန်သည် စာရင်းစာမျက်နှာများကို လျင်မြန်စွာ လှန်လှောကြည့်လိုက်သည်။ ရှေ့ဆုံးမှ ဝိညာဉ်ကျောက်တုံး အရေအတွက်ကြောင့် မှင်သက်သွားရသော်လည်း ကျန်ရှိသော အရင်းအမြစ်များက သူ့အား ပို၍ပင် အာခေါင်ခြောက်သွားစေသည်။
ဒါ တကယ့်ကို ရတနာပုံကြီးပဲ....။
အကယ်၍ ဤပစ္စည်းအားလုံးကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်မည် ဆိုပါက စုစုပေါင်းတန်ဖိုးမှာ တစ်သိန်းနီးပါးအထိ ရှိသွားနိုင်သည်။
လူသတ် ပစ္စည်းလုခြင်းမှာ ကျင့်ကြံခြင်းလောက၏ အချမ်းသာဆုံး နည်းလမ်းပင် ဖြစ်နေလေသလော။ မည်သည့် ဆေးဆရာ၊ မည်သည့် လက်မှုပညာရှင်မျှ ဤမျှ များပြားသည့် ဓနဥစ္စာများအား တစ်ညတည်း ရှာနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ အံ့သြစရာ မဟုတ်ပေ။
ဆေးဖော်ဆောင်နှင့် ဆေးဝါးဆောင်မှ ကျဆုံးသူများမှာ များစွာ ချမ်းသာသူများ မဟုတ်ကြသော်လည်း၊ အဆင့်မြင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်နှင့် အကြီးအကဲ စီကုန်းရှို့ကျားတို့မှာ အသင့်အတင့် ချမ်းသာသူများ ဖြစ်ကြသည်။
သို့သော် ဓနဥစ္စာများမှာ တာကျန်းဂိုဏ်းသားများထံမှ ရရှိခြင်း ဖြစ်သည်။ သူတို့မှာ အဆင့်လတ်နှင့် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိပ်သီးကျင့်ကြံသူ ၅ ဦးက ဦးဆောင်လာခြင်း ဖြစ်သည်။ ဤသည်မှာ တာကျန်းဂိုဏ်း၏ အကောင်းဆုံး အထူးတပ်ဖွဲ့ ဖြစ်ပေလိမ့်မည်။
သူတို့ထဲမှ ထက်ဝက်ကျော်မှာ လခြမ်းတောင်ကြားတွင် ကျဆုံးခဲ့ရသည်။ တိုက်ပွဲအတွင်း ပစ္စည်းအချို့ ပျက်စီးသွားသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဘဝစုဆောင်းမှုများ ကျန်ရစ်ခဲ့သည်။
အမှန်တကယ် တန်ဖိုး တွက်ချက်ရာတွင် ထိုမျှ မလွယ်ကူလှပေ။
တန်ဖိုးအရှိဆုံးမှာ မှော်လက်နက်များ ဖြစ်သော်လည်း တစ်ပတ်ရစ် ပစ္စည်းများမှာ တန်ဖိုး အလွန်ကျဆင်းလေ့ရှိသည်။ စာရင်းအရ တစ်သိန်းနီးပါး ရှိသော်လည်း တန်ဖိုးလျှော့တွက်ခြင်းနှင့် ရောင်းချရန် အချိန်ယူရခြင်းတို့ကို ထည့်တွက်လျှင် သောင်းဂဏန်းအချို့ လျော့နည်းသွားနိုင်သည်။
သို့တိုင်အောင် ဤသည်မှာ မယုံနိုင်လောက်အောင် များပြားသည့် ပမာဏ ဖြစ်နေဆဲပင်။
လော့ချန် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး စာရင်းမှ မျက်နှာခွာလိုက်သည်။
သူ့ရှေ့တွင် မုရုံချင်းလျန်မှာ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် ရပ်နေသည်။ သူမအား ကြည့်ပြီး လော့ချန် စိတ်ကို ပြန်စုစည်းလိုက်သည်။
သူ အတွေးများကို ဖယ်ရှားကာ မေးလိုက်သည်။
“ဒေါ်လေး.... အဆင်ပြေရဲ့လားဗျ”
လော့ချန်၏ စိုးရိမ်မှုကို ကြားလိုက်ရသည့်အခါ ရှေ့ရှိ ရတနာပုံကြီးကိုပင် မေ့လျော့သွားပြီး မုရုံချင်းလျန်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။
“ငါ အဆင်ပြေပါတယ်၊ မနေ့က တိုက်ပွဲမှာ ဘာဒဏ်ရာမှ မရခဲ့ဘူး၊ လန်ထျန်းယွမ်က အစွမ်းထက်ပေမဲ့ မင်းက ချိုင်ယီနဲ့ ကျိုးယွမ်လီတို့ကို လွှတ်ပြီး ကူခိုင်းလိုက်လို့ ငါ ဘာမှ မဖြစ်ခဲ့တာပါ”
လော့ချန် ခေါင်းညိတ်လိုက်ရင်း “မိန်းကလေးချိုင်ယီကော” ဟု မေးလိုက်သည်။
“သူက အဘွားယွမ်ဆီမှာ ဆေးကုသမှု ခံယူနေတယ်၊ မင်း မသိသေးတာက အဘွားယွမ်က ဝိညာဉ်ဆေးပင် ကျွမ်းကျင်သူတင်မကဘူး၊ ဆေးပညာမှာလည်း တကယ့်ကို ထူးချွန်တဲ့သူပဲ” ဟု မုရုံချင်းလျန်က ပြန်ဖြေသည်။
လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ အဘွားယွမ်က မနေ့က မင်လုံယွီနဲ့ တိုက်ခဲ့တာလေ၊ သူရော ဘယ်လိုနေသေးလဲ"
“မင်လုံယွီက ငါတို့ထင်သလောက် အနိုင်ယူရ ခက်တဲ့သူ မဟုတ်ပါဘူး၊ အစီအရင်ပညာရှင်တွေက ပြင်ဆင်ချိန် ရမှသာ ကြောက်ဖို့ကောင်းတာ၊ လခြမ်းတောင်ကြားက ဆေးဝါးဆောင်ရဲ့ နေရာလေ၊ အဘွားယွမ်က အစကတည်းက အသာစီး ရထားတာ”
အဘွားယွမ်သည် တည်ငြိမ်စွာဖြင့် တောင်ကြားထဲသို့ ဆင်းကာ မင်လုံယွီကို ရင်ဆိုင်ခဲ့ပုံကို လော့ချန် ပြန်သတိရလိုက်သည်။
ထိုအခါမှ လော့ချန် နားလည်သွားတော့သည်။ စဉ်းစားကြည့်လျှင် နှလုံးစားကျား ဟန်တန်ပင် မင်လုံယွီလက်တွင် အလွယ်တကူ ရှုံးနိမ့်ခဲ့ဖူးသည်။ မနေ့ကလည်း မြေကာကွယ်ရေး အစီအရင်ကို အင်အားသုံး ဖောက်ထွက်ခဲ့ခြင်းကြောင့် မင်လုံယွီမှာ အနိုင်မရနိုင်သူကဲ့သို့ ထင်မှတ်ခဲ့ရသည်။
သို့သော် လက်တွေ့တွင်မူ အစီအရင်ပညာရှင်များသည် အားအကောင်းဆုံး ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့သည် မြေအနေအထားနှင့် ပြင်ဆင်မှုအပေါ်တွင်သာ များစွာ အမှီပြုကြရသည်။ ဤအချက်ကြောင့်ပင် ဆေးဝါးဆောင်မှ ဝါရင့် ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူဖြစ်သော အဘွားယွမ်က များစွာ အသာစီး ရနေခဲ့ခြင်း ဖြစ်သည်။
ထိုသို့သာ မဟုတ်ပါက အဘွားယွမ်အနေဖြင့် မင်လုံယွီအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
မင်လုံယွီ၏ လက်ထဲမှ အစီအရင်ဗန်းမှာ ဓာတ်ကြီးငါးပါး၏ အပြန်အလှန် ထိန်းကျောင်းမှုများကို ဖော်ဆောင်နိုင်ပြီး အဆင့်အတန်းလည်း အလွန် မြင့်မားနိုင်သည်။
ဆန့်ကျင်ဘက်အားဖြင့် အကြီးအကဲ စီကုန်းရှို့ကျားမှာမူ ကြောက်လန့်တကြား ထွက်ပြေးခဲ့သဖြင့် လခြမ်းတောင်ကြား၏ မြေအနေအထား အသာစီးကို စွန့်လွှတ်လိုက်မိသည်။ သူသည် အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သဖြင့် ဖူကျန်း၏ အကြမ်းပတမ်း တိုက်ခိုက်မှုအောက်တွင် သေဆုံးခဲ့ရသည်။
မနေ့က လော့ချန်တို့ မြင်ခဲ့ရသည်မှာ သူ့၏ ကြောက်လန့်နေသော မျက်နှာသာ ဖြစ်သော်လည်း၊ အဖြူရောင်အဝတ်စအောက်တွင်မူ စီကုန်းရှို့ကျား၏ ရင်ဘတ်အောက်ပိုင်းတစ်ခုလုံးမှာ စိစိညက်ညက် ကြေမွနေခဲ့သည်။
လော့ချန် စာရင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း နောက်ထပ်လူတစ်ဦးကို စိုးရိမ်တကြီး မေးလိုက်သည်။
“ဦးလေးချင်ကော၊ သူ သွေးတွေနဲ့ ပြန်ရောက်လာတာ တွေ့လိုက်ရတယ်၊ တော်တော် ကြောက်စရာကောင်းတဲ့ ပုံစံပဲ”
ချင်လျန်ချန်းအကြောင်း ပြောလိုက်သည်နှင့် မုရုံချင်းလျန်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
လော့ချန်မှာ လူကဲခတ် တော်သူတစ်ဦး ဖြစ်သဖြင့် ဤသည်ကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲဝယ် ဒိတ်ခနဲ ဖြစ်သွားရတော့သည်။
***