မုရုံချင်းလျန်သည် လော့ချန်၏ လက်အောက်ဝယ် လော့ထျန်းအဖွဲ့ ၏ ယုံကြည်ရဆုံးသော လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ချေပြီ။
ဤသို့သော ယုံကြည်မှုမျိုးကား အလိုအလျောက် ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ဘဲ နေ့စဉ်ထိတွေ့ဆက်ဆံမှုများကြားမှ တစ်ဆင့်ချင်း တည်ဆောက်ယူခဲ့ရခြင်း ဖြစ်သည်။
ထိုညက တိုက်ပွဲပြင်းထန်နေစဉ်အတွင်း မုရုံချင်းလျန်သည် ရန်သူ လန်ထျန်းယွမ်ထံသို့ တစ်ကိုယ်တော် စီးနင်းတိုက်ခိုက်ရင်း “ချိုင်ယီ.... လော့ချန်ကို ခေါ်ပြီး အခုချက်ချင်းပြေးတော့” ဟူသော နောက်ဆုံးစကားကို အသက်နှင့်လဲ၍ ချန်ထားခဲ့ပုံကို လော့ချန် ဘယ်တော့မှ မေ့လျော့နိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်၌ လော့ချန် သဘောပေါက်လိုက်သည်မှာ သူ၏ ဒေါ်လေးသည် သူ့အပေါ်၌ စစ်မှန်သော စေတနာထားရှိခဲ့သည်ဟူ၍ပင်။ ထို့ကြောင့်လည်း လော့ထျန်းအဖွဲ့၏ အရေးအပါဆုံးသော ခန်းမကြီးကို သူမအား ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ခြင်း ဖြစ်သည်။
ဤကုသိုလ်ဆောင်အား ထိန်းချုပ်ခွင့်ရရှိခြင်းမှာ တစ်နည်းအားဖြင့် လော့ထျန်းအဖွဲ့ရှိ ကျင့်ကြံသူတိုင်းကို ထိန်းချုပ်ခွင့်ရခြင်းနှင့် အလားသဏ္ဌာန်တူလှပေသည်။ အဖွဲ့ဝင်များ၏ အမည်စာရင်းများ၊ တာဝန်ဝတ္တရားများနှင့် ခံစားခွင့် လစာရိက္ခာများမှာ သူမ၏ လက်တွင်း၌သာ ရှိနေတော့မည် ဖြစ်ရာ ကုသိုလ်ဆောင် ခေါင်းဆောင်၏ ရာထူးအာဏာမှာ လော့ချန်ပြီးလျှင် ဒုတိယအရှိဆုံးပင် ဖြစ်တော့သည်။
“နောက်တစ်ခုကတော့ ရွှေခန်းမဆောင် ပဲ”
လော့ချန်၏ နှုတ်ခမ်းထောင့်ဝယ် အပြုံးတစ်ခု ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်ရှိသူများမှာမူ စပ်စုလိုစိတ်တို့ ပြင်းပြလျက် ရှိနေကြပြီ ဖြစ်သည်။
‘ရွှေခန်းမဆောင်ရဲ့ တာဝန်က ဘာဖြစ်မလဲ၊ ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့လား....’
“ဟုတ်တယ်.... ခင်ဗျားတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ၊ ရွှေခန်းမဆောင်က ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့အတွက် တည်ရှိတာပါ” ဟု လော့ချန် အတည်ပြုပေးလိုက်သည်။
“ကျွန်တော် ဆေးလုံးတွေ ဘယ်လောက်ပဲ ဖော်စပ်နိုင်ပါစေ၊ တစ်ယောက်ယောက်ကတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားပေးရမှာပဲ၊ အဲ့ဒီတော့မှ ကျွန်တော်တို့အားလုံး ဝိညာဉ်ကျောက်တုံးတွေ ရကြမယ်၊ ကိုယ်နဲ့ ကိုက်ညီတဲ့ ကျင့်ကြံရေးပစ္စည်းတွေကို ဝယ်နိုင်ကြမယ်၊ ဒါပေမဲ့ ဆေးလုံးရောင်းတာကလည်း အတတ်ပညာ တစ်ခုပဲဗျ”
“ဂိုဏ်းချုပ်ဟောင်း မီရှုဟွာက အမြင်ကျယ်ပေမဲ့ အသေးစိတ် ကိစ္စတွေမှာတော့ အားနည်းခဲ့တယ်၊ အဖွဲ့အစည်းတစ်ခုကို ဘယ်လို လည်ပတ်မလဲဆိုတာကိုတော့ နောက်မှ အသေးစိတ် ပြောပြမယ်၊ ဒီနေ့ကတော့ ခန်းမခေါင်းဆောင်ပဲ ခန့်အပ်ပါဦးမယ်”
ပြောရင်းနှင့် လော့ချန်၏ အကြည့်မှာ ငြိမ်ငြိမ်လေး နားထောင်နေသော ကူချိုင်ယီ ထံသို့ ကျရောက်သွားသည်။
ကူချိုင်ယီမှာ ခဏမျှ ကြောင်အသွားရပြီးမှ လက်ညှိုးလေးဖြင့် သူမကိုယ်သူမ ပြန်လည်ညွှန်ပြရင်း “ကျွန်မလား....” ဟု မဝံ့မရဲ မေးလိုက်သည်။
“ဟုတ်တယ်.... ခင်ဗျားပဲပေါ့၊ ကျွန်တော်တို့ရဲ့ အလှဆုံးနဲ့ အထက်မြက်ဆုံး ကူချိုင်ယီလေး၊ ကျွန်တော်တို့ရဲ့ မိန်းကလေးကူ ပေါ့ဗျာ” ဟု လော့ချန် စနောက်၍ ပြောလိုက်သည်။
သူ၏ စနောက်စကားကြောင့် လူတိုင်း ရယ်မောလိုက်ကြသဖြင့် လေထုမှာ အနည်းငယ် ပေါ့ပါးသွားသည်။ လွန်ခဲ့သော နှစ်ညက သွေးချောင်းစီးခဲ့ရသည့် ကြောက်မက်ဖွယ် အမှတ်တရများမှာလည်း အနည်းငယ် မှေးမှိန်သွားသယောင် ရှိတော့သည်။
ကူချိုင်ယီမှာမူ မျက်နှာလေး နီမြန်းသွားပြီး အနေရခက်သွားရှာသည်။ သူမသည် ရှက်တတ်သော မိန်းကလေးမျိုး မဟုတ်ပေ။ ထျန်ရှန်းမျှော်စင်၌ ရှိစဉ်က ဤထက် ပိုမိုဆိုးရွားသော အခြေအနေများကိုပင် ကြုံတွေ့ဖူးခဲ့သည် မဟုတ်ပါလော။
သူမအား အနေခက်စေသည်မှာ လူအများရှေ့၌ လော့ချန် သူမအား အတိအလင်း ချီးကျူးလိုက်ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် မုရုံချင်းလျန်နှင့် အဘွားယွမ်တို့မှာ သူမ၏ အရင်းနှီးဆုံးသော မိတ်ဆွေများ ဖြစ်နေကြသည် မဟုတ်ပါလော။
‘နေပါဦး....’
ကူချိုင်ယီ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
‘ငါ့ကို ဘာလို့ သူမကို ရွှေခန်းမဆောင် ခေါင်းဆောင် လုပ်ခိုင်းရတာလဲ’
“မိန်းကလေးကူဟာ အရင်က ကျွန်တော့်ရဲ့ ဆေးဖော်ဆောင်မှာ အငယ်တန်း အုပ်ချုပ်သူအဆင့်ပဲ လုပ်ခဲ့ရတာဟာ တကယ်တော့ သူမရဲ့ အရည်အချင်းကို ဖြုန်းတီးပစ်ခဲ့တာနဲ့ အတူတူပါပဲ” ဟု လော့ချန် လေးနက်စွာ ပြောလိုက်သည်။
“မိန်းကလေးကူရဲ့ တကယ့် အရည်အချင်းက လူမှုဆက်ဆံရေးမှာ ရှိတာ၊ ဧည့်သည်တွေကို ကြိုဆိုတာ၊ ပါးနပ်စွာ ကိုင်တွယ်တာ၊ ဈေးဆစ်တာနဲ့ မိတ်ဆွေဖွဲ့တာတွေမှာ မွေးရာပါ ပါရမီပါတယ်၊ အသစ်တည်ထောင်လိုက်တဲ့ ရွှေခန်းမဆောင်ဟာ မိန်းကလေးကူရဲ့ အရည်အချင်းတွေကို အစွမ်းကုန် ပြသနိုင်မယ့် နေရာပဲ”
လော့ချန်သည် ကူချိုင်ယီအား အပိုအမွှမ်းတင်၍ မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။ သူမနှင့်အတူ ဖြတ်သန်းခဲ့သည့် အချိန်ကာလတစ်လျှောက်လုံးတွင် သူမ၏ ထက်မြက်လှသော အရည်အချင်းများကို လက်တွေ့မျက်မြင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
သူမသည် ထျန်းရှန်းမျှော်စင်ကဲ့သို့သော အရပ်၌ အချိန်အတော်ကြာ ကျင်လည်ခဲ့ရသော်လည်း မိမိ၏ သိက္ခာတရားကို အစွမ်းကုန် ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်သကဲ့သို့၊ နောက်ဆုံးတွင်လည်း ထိုအရပ်မှ ပြတ်သားစွာ ထွက်ခွာနိုင်ခဲ့သူ ဖြစ်သည်။
သူမ၏ လူမှုဆက်ဆံရေး နယ်ပယ်၌ ကျွမ်းကျင်လိမ္မာမှုမှာမူ မည်သူမျှ ငြင်းချက်ထုတ်၍ မရနိုင်လောက်အောင်ပင် ထူးခြားလှသည်။
ဝေးဝေး ကြည့်ရန်ပင်မလို။ လော့ချန် မြို့တွင်းသို့ စတင်ပြောင်းရွှေ့လာစဉ်က သူနှင့် အရင်းနှီးဆုံးဖြစ်အောင် ဦးစွာပထမ လုပ်ဆောင်နိုင်ခဲ့သူမှာ ကူချိုင်ယီပင် မဟုတ်ပါလော။
သူမနှင့် စိမ်းသက်လှသော ဆေးဖော်ဆောင် သို့ ရောက်ရှိလာသည့် အခါတွင်လည်း ကူချိုင်ယီသည် သူမ၏ အားသာချက်များကို ထိရောက်စွာ အသုံးချလျက် လော့ချန်အတွက် ယုံကြည်စိတ်ချရသော လူယုံများရရှိအောင် စည်းရုံးပေးနိုင်ခဲ့သည်။
ထို့ပြင် ကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်းနှင့် ဆေးဝါးဆောင်မှ ကျင့်ကြံသူများနှင့် ရင်းနှီးကျွမ်းဝင်မှုရအောင် လုပ်ဆောင်ပေးခြင်းတို့တွင်လည်း သူမ၏ အခန်းကဏ္ဍမှာ များစွာအရေးပါခဲ့သည်။
ကူချိုင်ယီသည် တိုက်ခိုက်ရေးအပိုင်း၌ ထူးချွန်သူတစ်ဦး မဟုတ်သော်လည်း အခြားသော စီမံခန့်ခွဲမှု နယ်ပယ်များတွင်မူ ထူးခြားသော ပါရမီရှင်တစ်ဦးပင် ဖြစ်တော့သည်။
လော့ချန်၏ ရှင်းလင်းချက်ကို ကြားရသောအခါ လူတိုင်း သဘောပေါက်သွားကြပြီး တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံကြကုန်သည်။ ကူချိုင်ယီ တစ်ဦးတည်းသာလျှင် ရင်ထဲ၌ လှိုက်ဖိုသွားသလို ခံစားလိုက်ရရှာသည်။
နောက်ဆုံးတွင်မူ သူမ မတ်တပ်ရပ်လိုက်ပြီး ပြတ်သားသော လေသံဖြင့် ဆိုသည်။
“ရွှေခန်းမဆောင်က နောင်မှာ ဘယ်လိုလည်ပတ်မလဲဆိုတာ အခုထိတော့ ကျွန်မ အသေအချာ မသိသေးပါဘူး.... ဒါပေမဲ့ ကျွန်မ အစွမ်းကုန် ကြိုးစားသွားမှာပါ။ လူတိုင်းကို စိတ်မပျက်စေရပါဘူး”
ဤသည်မှာ စစ်မြေပြင်သို့ မထွက်ခွာမီ ကျိန်ဆိုလိုက်သော အဓိဋ္ဌာန်တစ်ခုနှင့်ပင် တူလှပေတော့သည်။
သူမနှင့် မျက်နှာချင်းဆိုင်ရှိ လော့ချန်လည်း ကူချိုင်ယီအား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး နှစ်ဦးသား နားလည်မှုရှိရှိ ပြုံးလိုက်ကြသည်။
“ခေါင်းဆောင်လော့.... တိုက်ပွဲခန်းမဆောင်ကော ဘယ်လိုလုပ်မှာလဲ”
တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။
လော့ချန်၏ အမြင်၌မူ ခန်းမဆောင်လေးဆောင်အနက် ဆေးဖော်ဆောင်မှာ အမာခံအုတ်မြစ်၊ ကုသိုလ်ခန်းမဆောင်မှာ အသက်သွေးကြော၊ ရွှေခန်းမဆောင်မှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်သော်လည်း တိုက်ပွဲခန်းမဆောင်မှာမူ အဆင့်အနိမ့်ဆုံး၌သာ ရှိနေသည်။
သို့သော်လည်း သာမန်ကျင့်ကြံသူတို့၏ အမြင်တွင်မူ တိုက်ခိုက်ရေးစွမ်းရည်ဆိုသည်မှာ ကျင့်ကြံဆင့် ပြီးလျှင် ဒုတိယအရေးကြီးဆုံးသော အရာပင် ဖြစ်သည်မဟုတ်ပါလော။
ဖိုရှန်းဂိုဏ်း၏ ဖွဲ့စည်းပုံ၌ပင် ဤအချက်မှာ ထင်ရှားလှသည်။ ခန်းမဆောင်ကိုးဆောင်အနက် သုံးဆောင်မှာ တိုက်ခိုက်ရေးအတွက် သီးသန့်ဖြစ်ပြီး ထိုနေရာ၌ရှိသောသူများမှာ မီရှုဟွာ အယုံကြည်ရဆုံးသော လက်ရုံးများ ဖြစ်ကြသည်။
ယခု လော့ထျန်းအဖွဲ့ မှာမူ ပျက်စီးသွားသော ဖိုရှန်းဂိုဏ်းကို ယှဉ်ပြိုင်ရန်ဝေးစွ။ တကယ်တမ်း တိုက်ခိုက်နိုင်စွမ်းရှိသော ကျင့်ကြံသူ အရေအတွက်မှာ လက်ချိုးရေ၍ ရနိုင်လောက်အောင်ပင် နည်းပါးလှသည်။ ထို့ကြောင့် တိုက်ပွဲခန်းမဆောင်ဆိုသည်မှာ အမည်နာမသက်သက် အခွံလွတ်ကြီး ဖြစ်နေသည်မှာ မဆန်းလှပေ။
လော့ချန် အဖြေကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပေသည်။
“တိုက်ပွဲဆောင် ကိစ္စကိုတော့ ကျွန်တော် အခု ဆက်ပြောမယ့် အချက်နဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်သွားမှာပါ”
“ခင်ဗျားတို့ သိကြတဲ့အတိုင်း လော့ထျန်းအဖွဲ့ဟာ အခုလောလောဆယ် အခွံလွတ်ကြီးပါပဲ၊ ကျွန်တော်တို့မှာ အရင်းအနှီး ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ရှိသေးသလို လူအင်အားကလည်း ရွေးချယ်စရာ မရှိသလောက်ပါပဲ၊ နာမည်တပ်ထားတာသာ ရှိတာ.... ကုသိုလ်ခန်းမဆောင်နဲ့ ရွှေခန်းမဆောင်ဆိုတာ ဒေါ်လေးနဲ့ မိန်းကလေးချိုင်ယီတို့ တစ်ယောက်ချင်းစီပဲ ရှိကြသေးတာ”
“ဒါကြောင့် လူအင်အား တိုးချဲ့ဖို့က လော့ထျန်းအဖွဲ့ရဲ့ အဓိက လုပ်ငန်းစဉ်ပါပဲ”
“လူသစ်စုဆောင်းမယ်.... မဟုတ်ဘူး၊ အမိန့်စာ ထုတ်ပြန်မယ်”
လော့ချန် လူတိုင်းအား လေးလေးနက်နက် စိုက်ကြည့်ရင်း ဆိုသည်။
“ဖိုရှန်းဂိုဏ်း ပျက်စီးသွားပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ အများကြီး အသက်ရှင် ကျန်ပါသေးတယ်၊ ကျွန်တော် စကားလုံးလှလှလေးတွေနဲ့ အချိန်မဖြုန်းချင်ပါဘူး၊ အခု ကျွန်တော်တို့ လုပ်ရမှာက တန်ချန်ဇီ ဆိုတဲ့ ကျွန်တော့် နာမည်နဲ့ မီလီရဲ့ နာမည်ကို သုံးပြီး ပြန့်ကျဲနေတဲ့ ကျင့်ကြံသူတွေကို ပြန်လည်စုစည်းဖို့ပဲ”
လော့ချန်၏ တန်ချန်ဇီ ဟူသော နာမည်ကို အသုံးပြုပါက လူအချို့ ပြန်လည်ရောက်ရှိလာနိုင်သည်။ အကြောင်းမှာ သူသည် နာမည်ကျော် ဆေးဖော်ဆရာတစ်ဦး ဖြစ်သောကြောင့်ပင်။
သို့သော် မီလီ၏ နာမည်ကို အသုံးပြုခြင်းမှာမူ ထင်သလောက် ထိရောက်မှု ရှိနိုင်မည် မဟုတ်ပေ။ မီရှုဟွာ ကွယ်လွန်သွားပြီ ဖြစ်ရာ ဖိုရှန်းဂိုဏ်းအပေါ် မည်သူက သံယောဇဉ်ကြီးမားစွာဖြင့် ပြန်လာလိုကြတော့မည်နည်း။
မုရုံချင်းလျန်က တွန့်ဆုတ်စွာ မေးလိုက်သည်။
“အဲ့ဒီလူ ရှိနေတာကို ငါတို့ ထုတ်မပြောကြဘူးလား”
သူမ ပြောသည့် လူမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မြောင်ဝမ် ဖြစ်သည်။
လော့ချန် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
“သူက လော့ထျန်းအဖွဲ့ရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိနေရင် ရပါပြီ၊ ဒါပေမဲ့ သူ့နာမည်ကိုတော့ လုံးဝ ထုတ်ဖော် အသုံးမပြုရဘူး”
လော့ချန် အသေးစိတ် ရှင်းလင်းခြင်း မပြုသော်လည်း လူတိုင်း အနည်းနှင့်အများ သဘောပေါက်ထားကြသည်။ မြောင်ဝမ်သည် တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ဘဲ ဂိုဏ်းဝင်တစ်ဦး ဖြစ်ပေရာ သူ့တွင် ခိုင်မာသော နောက်ခံရှိသည်။
သူသည် လော့ထျန်းအဖွဲ့နှင့် လော့ချန်ကို အသုံးချကာ ဘေးပန်းအမြတ် ရှာဖွေနေခြင်းကို လူသိရှင်ကြား လုပ်ဆောင်၍ မဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ပါက သူသည် မိမိ၏ ဂိုဏ်းအား မည်သို့မျှ ရှင်းပြနိုင်မည် မဟုတ်သောကြောင့်ပင်။
ဤလျှို့ဝှက်ချက်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ ပြင်ပသို့ ထုတ်ဖော်ပြောဆိုရဲကြမည်မဟုတ်ပေ။ တာဟဲစျေးမြို့တော်သည် ဂိုဏ်း၏အုပ်ချုပ်မှုအောက်တွင် ရှိနေသော်ငြား ဂိုဏ်း၏ဗဟိုဌာနချုပ်နှင့်မူ မိုင်ပေါင်းသောင်းချီ၍ ဝေးကွာလှပေသည်။ ဤနယ်မြေတွင် မြောင်ဝမ်သည် ဒေသခံဧကရာဇ်တစ်ပါးကဲ့သို့ အရှိန်အဝါကြီးမားသူဖြစ်ရာ မည်သူက သူ့အား ရန်စဝံ့ပါမည်နည်း။
“ဒါပေမဲ့ ဒီလိုဆိုရင်တော့.... လူတွေ အများကြီး ပြန်လာဖို့ မလွယ်ဘူး ထင်တယ်” ဟု မုရုံချင်းလျန်က စိုးရိမ်တကြီး ပြောလိုက်သည်။
လော့ချန် ခေါင်းခါရင်း ဆိုသည်။
“ရပါတယ်.... ပြန်လာတဲ့သူ ရှိရင်ကို ကျွန်တော်တို့အတွက် အမြတ်ပဲ၊ အခုလောလောဆယ် လူအများကြီးကိုလည်း ကျွန်တော်တို့ တင်မကျွေးနိုင်သေးဘူး၊ ပြီးတော့....”
လော့ချန် လူအုပ်ကြီးကို ဝေ့ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“အရေးကြီးဆုံးက တကယ် လိုအပ်တဲ့သူတွေကို ပြန်ခေါ်ဖို့ပဲ”
‘လိုအပ်တဲ့သူ....’
လူတိုင်း၏ စိတ်ထဲဝယ် နာမည်တစ်ခု ချက်ချင်း ပေါ်လာသည်။
ဝမ်ယွမ်....။
လူတိုင်း သူ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်ကို မြင်သောအခါ လော့ချန် ဤကိစ္စကို အကျယ်တဝင့် မဆိုတော့ပေ။
သူသည် လော့ထျန်းအဖွဲ့ ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အချို့ကို ဆက်လက်ရှင်းပြလိုက်သည်။
ယခုတည်ထောင်ထားသော ခန်းမဆောင်လေးဆောင်မှာ အုတ်မြစ်မျှသာရှိသေးပြီး နောင်တွင် အဆောင်သစ်များ ထပ်မံတိုးချဲ့သွားဦးမည်ဖြစ်ကြောင်း၊ ခန်းမခေါင်းဆောင်များ၏ အထက်တွင် အကြီးအကဲ ရာထူးများကို မထားရှိဘဲ ခန်းမခေါင်းဆောင်များ၏ လက်အောက်တွင်သာ ထားရှိမည်ဖြစ်ကြောင်း၊ ထိုသူများသည် ခန်းမခေါင်းဆောင်များနှင့် အုပ်ချုပ်သူများကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အစီအမံများကို ချပြလိုက်သည်။ ထို့အပြင် ကျင့်ကြံမှုအဆင့်အလိုက် ရရှိမည့် ခံစားခွင့်လစာရိက္ခာများကိုလည်း စံနှုန်းတစ်ခု သတ်မှတ်သွားရန် ဆွေးနွေးကြသည်။
ဤသို့ဖြင့် အထွေထွေကိစ္စရပ်များကို တိုင်ပင်နှီးနှောပြီးသည့်အခါတွင်မူ နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
လော့ချန် မတ်တပ်ရပ်လိုက်ပြီး ဆိုသည်။
“အခုလောလောဆယ်တော့ လခြမ်းတောင်ကြားကိုပဲ လော့ထျန်းအဖွဲ့ရဲ့ ဌာနချုပ်အဖြစ် သုံးမယ်၊ အမြဲတမ်း အခြေစိုက်မယ့် နေရာကိုတော့ ကျွန်တော် အေးအေးဆေးဆေး စဉ်းစားပါဦးမယ်”
“အားလုံးလည်း ပင်ပန်းနေကြပြီ၊ ဒဏ်ရာရထားတဲ့သူတွေလည်း အများကြီးပဲ၊ ဒီနေ့တော့ ဒီမှာပဲ နားကြစို့၊ အိမ်ပြန်ပြီး ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူကြပါ”
“အဘွားယွမ်.... ဆေးဖော်ဆောင်ရဲ့ ကိစ္စတွေကိုတော့ အဘွားပဲ ခဏ ကြည့်ရှုပေးပါဦး”
အဘွားယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အစည်းအဝေး ပြီးဆုံးသည်နှင့် လူတိုင်းသည် အုပ်စုငယ်လေးများခွဲကာ အမြန်ပင် ထွက်ခွာသွားကြကုန်သည်။
လော့ချန်သည်လည်း လခြမ်းတောင်ကြား၌ ဆက်လက်မနေဘဲ အခြားသူများနှင့်အတူ ခြံဝင်းအိမ်လေးသို့ ပြန်လာခဲ့သည်။ ညဉ့်ဦးယံတွင် လော့ချန်သည် ကူချိုင်ယီအား ဆေးတိုက်ပြီး သူမ အိပ်ပျော်သွားသည်ကို စောင့်ကြည့်ပြီးမှ တံခါးကို ညင်သာစွာပိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
လရောင်အောက်တွင် အထီးကျန်ဟန်ရှိသော ကျောပြင်တစ်ခုကို မြင်လိုက်ရသဖြင့် သူ ပြုံးကာ လျှောက်သွားလိုက်သည်။
“ဦးလေးချင်.... ကျွန်တော့်အခန်းထဲမှာ စကားစမြည် ပြောရအောင်လား”
ချင်လျန်ချန်း မဆိုင်းမတွပင် ခေါင်းညိတ်လက်ခံလိုက်သည်။ သူ လော့ချန်၏နောက်သို့ လိုက်ပါကာ ဟောင်းနွမ်းသောအိမ်ခန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ခြံဝန်းအတွင်း၌မူ မုရုံချင်းလျန်သည် တံခါးပေါင်ကိုမှီလျက် သူတို့နှစ်ဦး၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
***