နွေလယ်ခေါင်၏ အပူရှိန်က ပြင်းထန်လှသော်လည်း ခြံဝင်းထဲမှ အခန်းလေးထဲတွင်မူ အေးမြသော လေပြေလေးများ တိုးဝှေ့နေသည်။
အမှောင်ရိပ်သန်းစပြုပြီဖြစ်သော အခန်းငယ်အတွင်းဝယ် လော့ချန်သည် တည်ငြိမ်စွာ ထိုင်နေရင်း သူ၏သိုလှောင်အိတ်အတွင်းမှ အဖိုးတန်လှသော အရက်အိုးတစ်အိုးကို ထုတ်ယူလိုက်သည်။
ထိုအရက်ကား ယွမ်ရှောင်ယွီ၏ အဘိုးဖြစ်သူက လော့ချန်၏မွေးနေ့တွင် ဂုဏ်ပြုလက်ဆောင်ပေးခဲ့သည့် နှစ်ငါးဆယ်သက်တမ်းရှိ နာနတ်ဝိုင် အရက်ပင် ဖြစ်သည်။ စားပွဲပေါ်တွင်မူ အရက်မြိန်စေမည့် နတ်ပဲစေ့များ၊ အမဲသားခြောက်နှင့် မုန့်ကြွပ်ကြော်ပန်းကန်လေးများမှာ အစီအရီ ရှိနေပေသည်။
“ကဲဗျာ....”
“အင်း....”
ခွမ်....
အရက်ခွက်နှစ်ခွက် ထိမိသံမှာ တိတ်ဆိတ်နေသော အခန်းအတွင်း ခပ်တိုးတိုး ထွက်ပေါ်လာသည်။
အမျိုးသားနှစ်ဦးသည် သစ်သားစားပွဲဟောင်းတွင် မျက်နှာချင်းဆိုင်ထိုင်ရင်း အားရပါးရ မော့သောက်လိုက်ကြသည်။ အရက်ခွက်များကို ပြန်လည်ချလိုက်သည့်အခါဝယ် လော့ချန်၏ မျက်နှာထက်၌ နွေရာသီ၏ တက်ကြွရွှင်လန်းမှုတို့ အရိပ်ထင်နေသော်လည်း၊ ချင်လျန်ချန်း၏ မျက်နှာမှာမူ ဆောင်းရာသီ၏ ခါးသီးအေးစက်သော နှင်းစက်များအောက်တွင် ပိတ်မိနေသယောင် ရှိနေတော့သည်။
“အချိန်တွေ ကုန်တာ မြန်လိုက်တာကွာ” ဟု ချင်လျန်ချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“မင်း လက်နက်ကြီးကို ဝှေ့ယမ်းပြီး ငါ့နောက်ကို လိုက်ဖမ်းနေတာ မနေ့တစ်နေ့က အတိုင်းပဲ၊ ပြန်စဉ်းစားကြည့်တော့ ဒါက မနှစ်တုန်းက ဖြစ်ခဲ့တာပါလား”
လော့ချန်လည်း သက်ပြင်းချရင်း ချင်လျန်ချန်းအတွက် အရက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
ချင်လျန်ချန်းမှာမူ စကားတစ်ခွန်းမျှ ထပ်မံမဆိုတော့ဘဲ အရက်ခွက်ကိုသာ စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ မော့သောက်နေသည်။ လော့ချန်သည် အရက်ကို ထပ်မံဖြည့်ရင်း စကားဆိုလိုက်သည်။
“အဲ့ဒီတုန်းက ကျွန်တော်ဟာ တာဟဲစျေးမြို့တော်ရဲ့ အောက်ခြေမှာ ရုန်းကန်နေရတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်သက်သက်ပါ၊ ရန်သူတွေလက်က လွတ်ဖို့အတွက် မြို့ထဲမှာ အိမ်ငှားခကို မနည်းအနိုင်အနင်း ပေးပြီး နေခဲ့ရတယ်၊ ဆေးလုံးဖော်တာက မခက်ခဲပေမဲ့ ရောင်းရတာက ပိုခက်တယ်၊ ဝယ်သူတွေက ဘယ်လိုအကြောင်းပြချက်နဲ့ ဈေးနှိမ်မလဲဆိုတာ မသိနိုင်တော့ အမြဲတမ်း သတိထားနေရတယ်”
“အဆုံးအဖြတ်စင်မြင့်ပေါ်မှာ ဦးလေးတို့ကို မြင်ရတဲ့အခါ ကျွန်တော် တကယ်ကို အားကျခဲ့တာ၊ တချို့က တိုက်ပွဲမှာ ကျဆုံးသွားပေမဲ့ အနိုင်ရတဲ့သူတွေကတော့ လူထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားမှာ ဂုဏ်ယူဝံ့ကြွားနေကြတာလေ၊ အဲ့ဒီမြင်ကွင်းက ကျွန်တော့်ရင်ကို ခုန်စေခဲ့ပြီး အဲ့ဒီလို ခံစားချက်မျိုးကို ကျွန်တော် တကယ်ကို တောင့်တခဲ့မိတယ်”
“ဒါပေမဲ့ ကံကြမ္မာက ထူးဆန်းတယ်ဗျ.... ကျွန်တော်ကိုယ်တိုင် စင်မြင့်ပေါ် တက်လှမ်းခွင့်ရတဲ့ အခါမှာတော့ အစပိုင်းက စိတ်လှုပ်ရှားမှုတွေက ပျောက်ဆုံးကုန်ပြီး ကျွန်တော် တောင့်တခဲ့တဲ့ ခံစားချက်မျိုးကို လုံးဝမရရှိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို လိမ်ကစားတယ် လို့ ကဲ့ရဲ့စွပ်စွဲကြလို့ပဲ”
“ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ စားသောက်ပွဲတုန်းက ဦးလေးနဲ့ ကျွန်တော်ဟာ လူယုံတော်တွေလိုပဲ ဘေးမှာ ရပ်နေခဲ့ကြရတာ မှတ်မိသေးလား၊ အခုတော့ ကျွန်တော် ကိုယ်ပိုင် အဖွဲ့အစည်းကို ဦးဆောင်နေပြီ၊ တစ်နေ့မှာ ကျွန်တော်ဟာ တာဟဲစျေးမြို့တော်ရဲ့ ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာနိုင်တာပဲ၊ ဟားဟား.... အဲ့ဒါက ကျွန်တော် အရင်က ပြောခဲ့သလိုပဲ.... ဒါဟာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ရှင်သန်မှုပဲဗျ”
“မီရှုဟွာ.... အဲ့ဒီလူက ကျွန်တော့်ကို ဖိုရှန်းဂိုဏ်းထဲ အတင်းဆွဲသွင်းခဲ့ပေမဲ့ သူဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်လည်း ဖြစ်ပါတယ်၊ သူ့ရဲ့ ပံ့ပိုးမှုသာ မပါရင် ကျွန်တော် ဒီအခြေအနေကို ရောက်ဖို့ အများကြီး ပိုကြာဦးမှာပါ၊ အမှန်အတိုင်း ပြောရရင် သူ သေပြီလို့ ကြားလိုက်ရတဲ့အခါ ကျွန်တော့်ရင်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးသွားတယ်၊ စိတ်သက်သာရာ ရသလိုလို၊ နောင်တရသလိုလိုနဲ့ တစ်ခုခု ဟာသွားသလိုမျိုးပဲ၊ ဘယ်လို ခံစားချက်လဲဆိုတာ အတိအကျ ပြောဖို့ ခက်တယ်ဗျာ”
လော့ချန်၏ ရင်ဖွင့်သံများမှာ အခန်းတွင်း လွှမ်းခြုံနေပြီး ချင်လျန်ချန်းကမူ ငြိမ်သက်စွာ နားထောင်နေသည်။
အရက်များမှာမူ တစ်ခွက်ပြီးတစ်ခွက် သူတို့၏ ရင်တွင်းဝယ် ပူနွေးသော ခံစားမှုကို ပေးစွမ်းနေသည်။
လော့ချန်က အတိတ်ကို ပြန်လည်အောက်မေ့ရင်း အနာဂတ်အတွက် အိပ်မက်များကို ပုံဖော်နေချိန်ဝယ် ချင်လျန်ချန်းမှာမူ မိတ်ဆွေအတွက် ဝမ်းမြောက်ပေးသလို၊ ကိုယ်ကိုယ်တိုင်အတွက်လည်း ခါးသီးစွာ ခံစားနေရရှာသည်။ အချိန်နှင့်အမျှ ပြောင်းလဲသွားသော လောကကြီးမှာ အမှန်ပင် မမြဲပါတကား။
သူသည် လော့ချန်၏ စိတ်လှုပ်ရှားမှုများကို ကြားဖြတ်၍ မနှောင့်ယှက်ခဲ့ပေ။ အကြောင်းမှာ လွန်ခဲ့သော တစ်နှစ်အတွင်း၊ အထူးသဖြင့် ဤရက်အနည်းငယ်အတွင်း၌ လော့ချန်သည် သေမင်းနှင့် ရင်ဆိုင်ခဲ့ရခြင်း၊ အဖွဲ့အစည်းသစ်ကို ပင်ပန်းကြီးစွာ ပြန်လည်တည်ထောင်ရခြင်းတို့ကြောင့် များစွာ နွမ်းနယ်နေမည်ကို သူ သိရှိထားသောကြောင့် ဖြစ်သည်။
လော့ချန်အနေဖြင့် ရင်ဖွင့်စရာ တစ်စုံတစ်ဦး လိုအပ်နေခြင်းပင်။ သို့သော် သူ၏ စိတ်အခြေအနေမှာမူ လော့ချန်ကဲ့သို့ ပေါ့ပါးမနေသည်မှာ နှမြောစရာပင် ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူသည်လည်း စကားများစွာ ပြောဆိုမိပေလိမ့်မည်။
နောက်ထပ် အရက်အနည်းငယ်မျှ ထပ်မံသောက်သုံးပြီးလျှင် သူလည်း ကောင်းမွန်စွာ အိပ်ပျော်သွားပေလိမ့်မည်။ အနာဂတ်အတွက်မူ အဝေးကြီး မစဉ်းစားလိုတော့ပေ။
အနည်းဆုံးတော့ သူ၏ရင်၌ မျှော်လင့်ချက်အလင်းတန်းဖြစ်သော သားလေး ရှိနေသေးသည် မဟုတ်ပါလော။ သားငယ်၏ တောက်ပသောအနာဂတ်သည်သာ သူ၏ တစ်ခုတည်းသော ရှင်သန်ခြင်း အကြောင်းပြချက် ဖြစ်ပေသည်။
“အမှန်အတိုင်း ပြောရရင်”
လော့ချန် ဆက်ပြောနေသည်။
“ကျွန်တော် ကောင်းထင်ယွမ်ကို သတ်တုန်းက သိပ်ပြီး စိတ်သက်သာရာ မရခဲ့ဘူး၊ သူ ပေးတဲ့ ဖိအားက မီရှုဟွာ နေ့တိုင်း ပြုံးပြုံးလေးနဲ့ ပေးတဲ့ ဖိအားလောက် မပြင်းဘူး၊ သူ့ကို သတ်လိုက်တဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲမှာ ‘ဪ.... သူ သေသွားပြီပဲ’ လို့ပဲ တွေးမိလိုက်တယ်”
သူ အရက်တစ်ခွက် ထပ်မော့လိုက်ပြီး ချင်လျန်ချန်းအား မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
“ဦးလေးချင်.... ဦးလေးမှာကော အဲ့ဒီလို အချိန်မျိုး ရှိဖူးလား၊ ရန်သူကြီးတစ်ယောက်ကို သတ်လိုက်တဲ့အချိန်မှာ ဘယ်လို ခံစားရသလဲ”
ချင်လျန်ချန်းသည် ခဏမျှ ငြိမ်သက်စွာ စဉ်းစားနေပြီးမှ တိုးညှင်းသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါက ရန်သူကို အငြိုးအတေး သိပ်ထားတတ်တဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး.... ဒါပေမဲ့ တကယ်လို့ ရွေးချယ်ရမယ်ဆိုရင်တော့ တစ်ခါက တောင်ပေါ်မှာ ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးပစ်လိုက်တဲ့ အချိန်ပဲ၊ အဲ့ဒီတုန်းကတော့.... တကယ်ကို ကျေနပ်အားရသွားမိတယ်၊ အတိအကျ ပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတဲ့ ခံစားချက်မျိုးပေါ့.... အဲ့ဒီအချိန်ကစပြီး ဘယ်သူမှ ငါ့ကို လာပြီး အနိုင်မကျင့်ရဲတော့ဘူးလို့ ခံစားလိုက်ရတာ၊ ဒါပေမဲ့ ခက်တာက ဒီလောကကြီးမှာ ငါ့ထက် အစွမ်းထက်ပြီး အနိုင်ကျင့်နိုင်တဲ့သူတွေက အများကြီး ရှိနေသေးတာပဲ.... ဒါကြောင့်လည်း နောက်ပိုင်းမှာ ငါ အဲ့ဒီလိုကိစ္စတွေကို သိပ်ပြီး စိတ်မဝင်စားတော့တာ”
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ရင်း “ဪ.... အဲ့ဒီလိုကိုး” ဟု မှတ်ချက်ပြုလိုက်သည်။
ထို့နောက်တွင်မူ လော့ချန်သည် အသက်ကြီးကြီး လူကြီးတစ်ဦးအလား အတိတ်ဟောင်းများကို တမ်းတ၍ စကားများစွာ ဆက်တိုက်ပြောဆိုနေတော့သည်။ ချင်လျန်ချန်းမှာမူ လော့ချန်၏ အကြည့်များ မိမိ၏ ပြတ်တောက်နေသော လက်မောင်းဆီသို့ ရောက်ရှိသွားသည်အထိ တိတ်ဆိတ်စွာ နားထောင်နေမိသည်။
“ဟားဟား.... ဦးလေးချင်ရာ.... ဦးလေးရဲ့ အဲ့ဒီလက်ကတော့ တစ်ခါ ပြတ်လိုက်၊ ပြန်ဆက်လိုက်၊ အခု ပြန်ပြတ်သွားပြန်ပြီ၊ ဦးလေးတော့ တစ်သက်လုံး လက်တစ်ဖက်ပြတ် သူရဲကောင်း ဖြစ်ဖို့ ကံပါလာတာနဲ့ တူတယ်ဗျာ”
ချင်လျန်ချန်းသည် ဤစကားကြောင့် အနည်းငယ် ဝမ်းနည်းသယောင်၊ ရှက်ရွံ့သယောင် ဖြစ်သွားရသော်လည်း တစ်ဖက်တွင်မူ ထူးခြားသော သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။
လော့ချန်၏ နောက်ပြောင်မှုအတွင်း၌ သနားကရုဏာသက်ခြင်း သို့မဟုတ် နှိမ်ချဆက်ဆံခြင်းမျိုး အလျဉ်းမပါဝင်ဘဲ သာမန်မိတ်ဆွေတစ်ဦးကဲ့သို့ ရင်းနှီးနွေးထွေးစွာ ဆက်ဆံပေးခြင်းကြောင့်ပင်။
သူ ရယ်မောရင်း အလိုက်သင့် ပြန်လည်ဆဲဆိုလိုက်သည်။
“လက်တစ်ဖက် ပြတ်နေရင်ကော ဘာဖြစ်လဲကွ.... မင်းကိုတော့ ငါ ကောင်းကောင်းကြီး ဆုံးမနိုင်ပါသေးတယ်”
“ဒါတော့ မသေချာဘူးနော်”
လော့ချန် ကြွားလုံးထုတ်လိုက်သည်။
“ကျွန်တော် အစီအရင် တိုက်ပွဲတုန်းက အဆင့် ၉ ကျင့်ကြံသူ နှစ်ယောက်ကို သတ်ခဲ့တာဗျ၊ ဦးလေး သိလား၊ ကျွန်တော်ဟာ ကိုယ့်ထက် အဆင့်မြင့်တဲ့သူတွေကို ယှဉ်တိုက်ခဲ့တာ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်လျန်ချန်းမှာ ခေတ္တမျှ မှင်သက်သွားရသည်။
သူသည် ထိုတိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိသော်လည်း နောက်ပိုင်းတွင် မုရုံချင်းလျန်ထံမှ ပြန်လည်ကြားသိခဲ့ရသည်။
လော့ချန်၏ အစွမ်းမှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည် မဟုတ်ပါလော။
ဤသည်မှာ ဝမ်ယွမ် တစ်ချိန်က နာမည်ကျော်ကြားလာပြီး မိမိထက် အဆင့်မြင့်သူများကို အနိုင်ယူခဲ့ပုံနှင့် ဆင်တူလှပေသည်။ ဝမ်ယွမ်သည် အဆင့် (၇) ၌ ရှိစဉ်က အဆင့် (၈) နှင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး၊ အဆင့် (၈) တွင်မူ အဆင့် (၉) သွေးကျင့်စဉ် ကျင့်ကြံသူများကို ချေမှုန်းနိုင်ခဲ့သူ ဖြစ်သည်။
ဝမ်ယွမ် အဘယ်ကြောင့် လော့ချန်အား ညီရင်းပမာ တန်ဖိုးထားရသည်မှာ အံ့သြစရာ မရှိတော့ပေ။
ချင်လျန်ချန်း အသေအချာ ပြန်လည်စဉ်းစားကြည့်သည့်အခါတွင်လည်း ဤသည်မှာ သဘာဝကျသည်ဟု ထင်မိသည်။ သူသည် လော့ချန်နှင့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးသူ ဖြစ်ရာ လော့ချန်၏ အရှိန်အဟုန်၊ မှော်အတတ်သုံးစွဲပုံနှင့် မှော်လက်နက်များ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပုံတို့မှာ အဆင့်ကျော် သတ်ဖြတ်နိုင်သော အရည်အချင်းရှိကြောင်း သက်သေပြနေသည်။
ရုတ်တရက် လော့ချန်၏ မေးခွန်းက သူ့အား အတွေးကမ္ဘာအတွင်းမှ နှိုးထစေခဲ့သည်။
“ဦးလေးချင်.... အဲ့ဒီလက်ကို ပြန်ဆက်ဖို့ စဉ်းစားထားလား"
ချင်လျန်ချန်း ကြောင်အသွားရသည်။ ဖြစ်နိုင်မည်ဆိုလျှင် မည်သူက လက်ပြန်မရချင်ဘဲ နေပါမည်နည်း။ သို့သော်....
“နောက်ရက်ကျရင် ကျွန်တော် တာဝန်ခံမြောင်ဆီကို သွားဖို့ရှိတယ်၊ ဦးလေးရဲ့ လက်ကို ပြန်ဆက်ပေးဖို့ သူ့ကို ကျွန်တော် အကူအညီ တောင်းပေးမယ်လေ”
ချင်လျန်ချန်း၏ မျက်လုံးများအတွင်း မျှော်လင့်ချက်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။ သို့သော် နောက်ဆုံးတွင်မူ သူ ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုသည်။
“ဒီတစ်ခါက အရင်နဲ့ မတူဘူးကွ၊ အဆုံးအဖြတ်စင်မြင့်တုန်းက လက်က ပြတ်သွားပေမဲ့ အသားနဲ့ အရိုးက ကျန်နေသေးတယ်၊ အဲ့ဒါကြောင့် ကျောက်စိမ်းအိုးဓားဂိုဏ်းက သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်နဲ့ ပြန်ဆက်ပေးနိုင်ခဲ့တာ၊ ဒါပေမဲ့ ဒီတစ်ခါတော့.... လက်က ဖုန်မှုန့်လို ဖြစ်သွားခဲ့ပြီ.... ပြန်ဆက်စရာ ဘာမှ မကျန်တော့ဘူး”
လော့ချန် ခေါင်းခါရင်း ဆိုသည်။
“ဒါပေမဲ့ ဒီအတိုင်း ထားလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင် တစ်ခုခု လိုနေသလို ဖြစ်နေမှာပေါ့”
“မင်း သဘောအတိုင်းပဲ လုပ်ပါတော့” ဟု ချင်လျန်ချန်း အေးအေးဆေးဆေး ပြောလိုက်သည်။ သူ၏ လေသံမှာ တည်ငြိမ်နေပြီး မျှော်လင့်ချက် သိပ်မရှိလှပေ။ သို့သော်ငြားလည်း လော့ချန်၏ စေတနာကိုမူ သူ အမှန်ပင် တန်ဖိုးထားမိသည်။
“လက်ပြန်ဆက်တာက ကိစ္စသေးလေးပါ၊ ဦးလေးချင်ရဲ့ စိတ်ဓာတ်နဲ့ဆိုရင် ဒါကို အလေးအနက် ထားနေမှာ မဟုတ်ပါဘူး”
လော့ချန်က အားရပါးရ ရယ်မောရင်း အရက်ခွက်ကို ချလိုက်ပြီး သေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။
“ကျွန်တော့်မှာ ပစ္စည်းတစ်ခု ရှိတယ်၊ ဒါကို ကျွန်တော့်ဆီက လက်ဆောင်လို့ပဲဖြစ်ဖြစ်၊ လခြမ်းတောင်ကြားကို လာကူညီတဲ့အတွက် ဆုလာဘ်လို့ပဲဖြစ်ဖြစ် သတ်မှတ်နိုင်ပါတယ်၊ ဒါမှမဟုတ်.... ဒါဟာ အစကတည်းက ဦးလေးချင် ပိုင်တဲ့ အရာလည်း ဖြစ်နိုင်ပါတယ်၊ ဦးလေး ကြည့်ချင်လား"
ချင်လျန်ချန်း စိတ်ဝင်စားသွားသည်။ သူ ကျောက်စိမ်းသေတ္တာလေးအား လှမ်းယူလိုက်သည်။ ကြည့်ရသည်မှာ သာမန်မျှသာ ဖြစ်သဖြင့် လော့ချန်ပေးသော အမှတ်တရ ပစ္စည်းလေး တစ်ခုဟုသာ သူ ထင်မှတ်မိသည်။ လော့ချန်ကိုယ်တိုင်ကလည်း ဤအရာကို အရေးကြီးသော ပစ္စည်းတစ်ခုကဲ့သို့ ပြုမှုနေခြင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် ကျောက်စိမ်းသေတ္တာလေးကို ဖွင့်လှစ်လိုက်သည့် အခိုက်အတန့်တွင်မူ သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ အချိန်ကာလတို့ ရပ်တန့်သွားသယောင်ပင်....။
နောက်ဆုံးတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အသံကြီးဖြင့် စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
“အခြေတည်ဆေးလုံး”
“အင်း”
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
ချင်လျန်ချန်းသည် ဦးခေါင်းကို ဆတ်ကနဲ မော့လိုက်ပြီး လော့ချန်အား တုန်တုန်ရီရီဖြင့် စိုက်ကြည့်နေမိသည်။
လော့ချန်မှာမူ အရက်ကို ဆက်လက်သောက်သုံးနေပြီး နတ်ပဲစေ့များကို အေးအေးဆေးဆေး ခွာစားနေသည်။ သူသည် ထိုဆေးလုံးကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ ဤသည်မှာ သူ့အတွက် အရေးမကြီးသော အရာတစ်ခုကဲ့သို့ပင်။
“ဒါက.... ငါ့အတွက်လား”
“ဒါဟာ အစကတည်းက ဦးလေး ပိုင်တဲ့ အရာလို့ ပြောလို့ ရပါတယ်”
“မင်း ဘာကို ဆိုလိုတာလဲ"
“အင်း.... ဒီဆေးလုံးဟာ အရင်က မီရှုဟွာ ဦးလေးကို ပေးမယ်လို့ ကတိပေးထားတဲ့ ဆေးလုံးပဲ၊ လွန်ခဲ့တဲ့ တစ်လက သူ ကျွန်တော့်ကို ဆေးလုံးတွေ အပြည့်အဝ ဖော်စပ်ပေးဖို့အတွက် ဒီဆေးလုံးနဲ့ အပေးအယူ လုပ်ခဲ့တာ”
လော့ချန် ခဏရပ်ပြီး ရယ်မောလိုက်သည်။
“ဦးလေး သိတဲ့အတိုင်း သူက ဒီလို လှည့်ကွက်တွေကို သိပ်ကြိုက်တာလေ”
မီရှုဟွာသည် အမှန်ပင် ထိုကဲ့သို့သော လူစားမျိုး ဖြစ်ခဲ့သည်။ အနှစ်သာရမပါသော အားပေးစကားများနှင့် ကတိကဝတ်များကို ပေးတတ်သူ ဖြစ်သည်။
တစ်ခါတရံ၌ အနည်းငယ် ရက်ရောပြတတ်ရာ အဆင့်နိမ့် ကျင့်ကြံသူများအတွက်မူ ဤသည်မှာ အမှန်ပင် ထိရောက်လှသည်။ သို့သော် ထိုကျင့်ကြံသူများ အစွမ်းထက်လာသည့် အခါတွင်မူ မီရှုဟွာသည် တန်ဖိုးရှိသော အရာများကို ဘယ်သောအခါမှ ပေးအပ်ခြင်း မရှိတော့ပေ။
ဤအခြေခံတည်ဆေးလုံးသည် ဟန်တန်အား ဆွဲဆောင်ခဲ့သလို၊ ဖိုရှန်းဂိုဏ်းမှ အဆင့် (၉) ကျင့်ကြံသူ (၉) ဦးလုံးကိုလည်း အသက်စွန့်စေခဲ့သည်အထိ စွမ်းဆောင်ခဲ့သည်။
နောက်ဆုံးတွင်မူ ဝမ်ယွမ်နှင့် ချင်လျန်ချန်းကြား၌ မီရှုဟွာသည် ချင်လျန်ချန်းကို ပေးအပ်မည်ဟု ကတိပြုခဲ့သည်။ သို့သော် တကယ်တမ်း၌မူ သူသည် ဆေးလုံးအား အပြင်သို့ ဘယ်သောအခါမှ ထုတ်ပြခဲ့ခြင်း မရှိပေ။
နောက်ဆုံးတစ်ကြိမ်တွင်မူ လော့ချန်အား စည်းရုံးရန် သူ ဤဆေးလုံးကို အသုံးချခဲ့ပြန်သည်။ အနှစ်မဲ့ကတိများမှာ လော့ချန်အပေါ်၌ မထိရောက်တော့သည်ကို သူ သိရှိသွားသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း ဆေးလုံးကို လော့ချန်လက်ထဲသို့ ထည့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပေးရာ၌ပင် အလွှာပေါင်းစုံဖြင့် ပိတ်ဆို့ထားသေးသည်။ မြင်နိုင်၊ ကိုင်တွယ်နိုင်သော်လည်း အသုံးချ၍ မရနိုင်ပေ။
မီရှုဟွာ သေဆုံးပြီးနောက် လော့ချန်သည် မြောင်ဝမ်အား ထိုပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။
မြောင်ဝမ်သည်လည်း လိုလိုလားလား ဖယ်ရှားပေးခဲ့ပြီး ဤသည်မှာ စစ်မှန်သော အခြေတည်ဆေးလုံး ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ ထိုစဉ်က မြောင်ဝမ်သည် လော့ချန်အား အဓိပ္ပာယ်ပါပါ ကြည့်ခဲ့သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ မြောင်ဝမ်ကဲ့သို့ ဂိုဏ်းဝင်ကျင့်ကြံသူများအတွက်မူ ဤဆေးလုံးမှာ များစွာတန်ဖိုးမကြီးလှသော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ အသက်ထက် တန်ဖိုးရှိလှသော ရတနာပင် ဖြစ်သည်။
သို့သော် ယခုအခါ လော့ချန် ဤဆေးလုံးကို ချင်လျန်ချန်းအား ပေးလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ မူလပိုင်ရှင်ကို ပြန်ပေးခြင်းဟု ဆိုနိုင်သော်လည်း တစ်ဖက်တွင်မူ ကြီးမားလှသော စွန့်လွှတ်မှုတစ်ခုပင် ဖြစ်သည်။ အချိန်အတော်ကြာသည့်တိုင် ချင်လျန်ချန်းသည် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ မှင်သက်နေမိသည်။ လော့ချန် ဤဆေးလုံး ပေးလာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ငြင်းဆန်ရမည်လော....။
မည်သည့် ချီသန့်စင် အဆင့် ကျင့်ကြံသူမျှ မိမိရှေ့သို့ ရောက်ရှိလာသော အခြေတည်ဆေးလုံးကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။ လော့ချန်မှာမူ ခြွင်းချက်ဖြစ်လိမ့်မည်။
လက်ခံသင့်သည် မဟုတ်ပေလော။ အကြာင်းမှာ ဤသည်မှာ မူလကပင် သူနှင့် ထိုက်တန်သော အရာဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်ငြားလည်း သူ၏ ရင်ထဲ၌ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။
ချင်လျန်ချန်းသည် တွန့်ဆုတ်တုံ့ဆိုင်းသော အမူအရာဖြင့် လော့ချန်အား ကြည့်နေမိသည်။
လော့ချန်၏ အကြည့်တို့သည် ဆေးလုံးသေတ္တာရှိရာဘက်သို့ မရောက်ရှိစေရန် တမင်တကာ ရှောင်လွှဲနေသည်ကို သူ သတိပြုမိလိုက်သည်။ ဤသည်မှာ စိတ်မဝင်စား၍မဟုတ်ဘဲ၊ တန်ဖိုးကြီးလှသော ဤဆေးလုံးကို အာရုံစိုက်ကြည့်နေမိပါက ပြန်လည်နှမြောတသလိုစိတ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လော့ချန်သည်လည်း သူ ပြသနေသကဲ့သို့ အေးဆေးတည်ငြိမ်နေသည်တော့ မဟုတ်သည်မှာ အမှန်ပင်။
ချင်လျန်ချန်း၏ နှုတ်ခမ်းဖျားဝယ် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။
“မင်း.... ဒါကို တကယ်ပဲ ငါ့ကို ပေးချင်တာလား”
“လုပ်ပါဗျာ.... ကျွန်တော်တို့က မိသားစုတွေလိုပဲဟာ၊ ဘာတွေ အားနာနေတာလဲ"
လော့ချန် လက်ကာပြရင်း ပြောလိုက်သည်။ သူ ခပ်ပေါ့ပေါ့လေသံဖြင့် ဆက်ပြောလိုက်သည်။
“အမြန် ပြန်ပိတ်လိုက်ပါတော့၊ ဆေးအာနိသင်တွေ လွင့်ကုန်ဦးမယ်၊ လာ.... လာ.... အရက်ပဲ ဆက်သောက်ကြရအောင်၊ ကျွန်တော်တို့သာ လက်တွဲပြီး ကြိုးစားသွားရင် အနာဂတ်က ဒီထက် ပိုချိုမြိန်ဦးမှာပါ”
အရက်ခွက်များ ထပ်မံဖြည့်တင်းလိုက်ကြပြန်ရာ အခန်းတွင်းရှိ လေထုမှာ ပိုမိုတက်ကြွနွေးထွေးလာသည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုဟူသမျှမှာလည်း အရက်ရှိန်နှင့်အတူ လွင့်ပါးပျောက်ကွယ်သွားသယောင် ရှိတော့သည်။
....
ညဉ့်နက်ပိုင်းတွင် လော့ချန် မိမိအခန်းတံခါးကို ဂရုတစိုက် ပိတ်လိုက်သည်။ ကုတင်ပေါ်၌ လှဲလျောင်းရင်း လက်ကို ခေါင်းခုကာ၊ ခြေထောက်ချိတ်လျက် ပြတင်းပေါက်မှ မြင်တွေ့နေရသော လသာသည့် ညကောင်းကင်ယံကြီးကို ငေးမောကြည့်ရှုနေမိသည်။
ဤအခိုက်အတန့်၌ သူ၏ ရင်ထဲဝယ် များစွာပေါ့ပါးအေးချမ်းလျက် ရှိသည်။
မီရှုဟွာ၏ ချုပ်ကိုင်မှုအောက်မှ သူ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သလို ကိုယ်ပိုင်အဖွဲ့အစည်းငယ်လေးတစ်ခုကိုလည်း အုတ်မြစ်ချနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူ၏ လည်ချောင်းအတွင်း၌ ဆူးတစ်ချောင်းသဖွယ် စူးဝင်နေခဲ့သော အခြေတည်ဆေးလုံး ကိစ္စကိုလည်း ပြတ်သားစွာ ဖြေရှင်းနိုင်ခဲ့ပြီ မဟုတ်ပါလော။
စင်စစ်အားဖြင့် မည်သည့် ချီသန့်စင်အဆင့် ကျင့်ကြံသူမျှ ဤဆေးလုံးကို မမက်မောဘဲ မနေနိုင်ကြပေ။ လော့ချန်ကိုယ်တိုင်လည်း လူသားတစ်ဦးဖြစ်ရာ အလိုဆန္ဒ ရှိခဲ့သည်မှာ အမှန်ပင်။
သို့သော်လည်း ဤဆေးလုံးမှာ သူ့အတွက် ဗုံး တစ်ခုကဲ့သို့သာ ဖြစ်နေသည်။ နာမည်အရ ချင်လျန်ချန်း ပိုင်ဆိုင်သော အရာဖြစ်သည်။ အကယ်၍ လော့ချန်သာ မီရှုဟွာအတွက် ဆေးလုံးများစွာ ဖော်စပ်ပေးခဲ့ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့မည်ဆိုပါက သူ ဤဆေးလုံးကို စိတ်ဖြောင့်ဖြောင့်နှင့် အသုံးချနိုင်ပေလိမ့်မည်။
သို့သော် ဖိုရှန်းဂိုဏ်း ပျက်စီးသွားခြင်းနှင့် မီရှုဟွာ ကွယ်လွန်သွားခြင်းတို့က ထိုသို့ အပိုင်စီးသုံးစွဲရန် အကြောင်းပြချက်ကို ပျောက်ဆုံးသွားစေခဲ့သည်။
လော့ချန်သည် ဤဆေးလုံး၏ တန်ဖိုးကို အသေအချာ တွက်ချက်ကြည့်ခဲ့သည်။ သူ၏ လက်ရှိအခြေအနေအရ ဤဆေးလုံးမှာ ထင်သလောက် အရေးမကြီးလှပေ။
ပထမအချက်မှာ အဆင့် (၈) သို့သာ ရောက်ရှိသေးခြင်း ဖြစ်သည်။ အဆင့် (၉) သို့ ရောက်ရှိရန်နှင့် ကျွမ်းကျင်မှုအထွတ်အထိပ် အဆင့်သို့ ရောက်ရန်မှာ များစွာ လိုအပ်နေသေးရာ၊ အနီးကပ်ကာလအတွင်း ဤဆေးလုံးမှာ သူ့အတွက် အသုံးမဝင်သေးပေ။
ဒုတိယအချက်မှာ သူသည် မိမိ၏ ပါရမီကို ကောင်းစွာ သိရှိထားခြင်းပင်။ သူ၏ ဝိညာဉ်မြစ်ငါးခု ပါရမီမှာ ကျင့်ကြံရခြင်း ခက်ခဲလှပေရာ၊ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်မှာ ပို၍ပင် စိန်ခေါ်မှုကြီးမားပေလိမ့်မည်။ အဆင့်နိမ့် အခြေခံတည်ဆေးလုံး တစ်လုံးတည်းနှင့်မူ မည်သို့မျှ ထူးခြားလာမည် မဟုတ်ပေ။
တတိယအချက်မှာ သူသည် မြောင်ဝမ်နှင့် ခိုင်မာသော ချိတ်ဆက်မှု ရရှိထားပြီး ဖြစ်ခြင်းပင်။ နောင်တစ်ချိန်တွင် ဤကဲ့သို့သော ဆေးလုံးများကို ရယူနိုင်မည့် အခွင့်အရေးများစွာ ရှိနေသည်။ မြောင်ဝမ်မှာ မီရှုဟွာကဲ့သို့ အတ္တကြီးသူမဟုတ်ဘဲ အမြင်ကျယ်သူ ဖြစ်သည်။
ထို့ကြောင့် နောင်တစ်ချိန်တွင် လွယ်လင့်တကူ ရရှိနိုင်မည့်အရာအတွက် မိမိ၏ စိတ်ဓာတ်သိက္ခာကို အဘယ်ကြောင့် ညှိုးနွမ်းခံမည်နည်း။
မူလပိုင်ရှင်ကို ပြန်လည်ပေးအပ်လိုက်ခြင်းမှာ ကိုယ်တိုင်အတွက် စိတ်အေးချမ်းစေသလို၊ ချင်လျန်ချန်း၏ လေးစားကျေးဇူးတင်မှုကိုလည်း အပြည့်အဝ ရရှိစေသည်။
ထို့အပြင် ချင်လျန်ချန်း၏ ဇနီး မုရုံချင်းလျန် မှာလည်း အဆင့် (၉) ကျင့်ကြံသူဖြစ်ပြီး စီမံခန့်ခွဲမှု၌ ပါးနပ်သူဖြစ်ရာ လော့ချန်အတွက် များစွာ အားကိုးရမည့်သူ ဖြစ်သည်။ သူတို့၏ သားငယ်လေးမှာလည်း ပါရမီရှိသူ ဖြစ်ပေရာ ယခုမလိုအပ်သေးသော ဆေးလုံးတစ်လုံးဖြင့် ဤမိသားစုတစ်စုလုံး၏ သစ္စာရှိမှုကို ရယူလိုက်ခြင်းမှာ အလွန်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်တော့သည်။
မည်သို့ပင်ကြည့်ကြည့် ဤသည်မှာ အရှုံးမရှိသော ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ဤသို့ တွေးခြင်းမှာ အတ္တဆန်ရာကျသော်လည်း ကျင့်ကြံခြင်း လောက၌ အရင်းအမြစ်များကို မျှတစွာ ခွဲဝေနိုင်မှသာလျှင် စစ်မှန်သော မဟာမိတ်များ ဖြစ်လာနိုင်ပေသည်။
လော့ချန် မျှော်လင့်သည်မှာ ဘေးဒုက္ခနှင့် ကြုံတွေ့ရချိန်၌ မိမိအား အသက်စွန့်ကာကွယ်ပေးမည့်၊ သို့မဟုတ် မိုင်ပေါင်းထောင်ချီမှ လာရောက်ကယ်တင်မည့် မိတ်ဆွေစစ်များ ရှိနေစေရန်ပင် ဖြစ်သည်။
“ဒါဆိုရင်.... ဒါဟာလည်း ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ထဲက တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား” ဟု တွေးတောရင်း လော့ချန် ကုတင်ပေါ်မှ ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။
ယနေ့အတွက် ကျင့်ကြံရဦးမည်ဖြစ်သည်။ သူ ဘယ်သောအခါမှ ပျက်ကွက်၍ မဖြစ်ပေ။
ဘေးခန်းတွင်မူ....။
ချင်လျန်ချန်း လင်မယားနှစ်ဦးမှာ မှောင်မည်းနေသော အခန်းအတွင်း ထိုင်နေကြရင်း ရှေ့မှ ကျောက်စိမ်းသေတ္တာလေးကို ငေးမောကြည့်ရှုနေကြသည်။ ဆေးလုံး၏ သင်းပျံ့သောရနံ့မှာ သူတို့၏ အာရုံများကို လှုပ်ခတ်စေလျက် ရှိသည်။
ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မုရုံချင်းလျန်က အသံတိုးတိုးနှင့် ဆိုသည်။
“လော့လေးက.... ရှင့် လက်ကို ပြန်ဆက်ပေးဖို့ ကြိုးစားပေးရုံတင်မကဘဲ ဒီဆေးလုံးကိုပါ ပေးလိုက်တာလား"
“မိန်းမ.... ဒါနဲ့ဆို မင်း မေးတာ ၃ ခါ ရှိပြီနော်”
“ဒီလူကတော့လေ....”
သူမ ချင်လျန်ချန်းအား စနောက်ပြီး တွန်းလိုက်ရင်း သက်ပြင်းချလိုက်သည်။
“ရှင် ဘာတွေ တွေးနေတာလဲ"
ချင်လျန်ချန်းထံမှ စကားသံထွက်မလာဘဲ လေးမှန်သော အသက်ရှူသံကိုသာ ကြားရသည်။ မုရုံချင်းလျန်က သေတ္တာကို ဂရုတစိုက် ပြန်လည်ပိတ်လိုက်ပြီး ချင်လျန်ချန်း၏ လက်တွင်းသို့ ထည့်ပေးလိုက်သည်။
“ရှင် ဘာပဲ တွေးတွေး ကျွန်မကတော့ ဆုံးဖြတ်ပြီးသားပါ၊ ကျွန်မ လော့ချန်ကို ကူညီပြီး လော့ထျန်းအဖွဲ့ကို ကောင်းကောင်း စီမံပေးသွားမယ်၊ သူ တစ်ယောက်တည်း ရုန်းကန်လာရတာ မလွယ်ဘူးဆိုတာ ကျွန်မ သိတယ်၊ ကျွန်မတို့ သူ့ကို တတ်နိုင်သမျှ ကူညီရမယ်”
ဇနီးသည်၏ စကားများကို နားထောင်ရင်း ချင်လျန်ချန်း ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူ၏ လက်ထဲတွင်မူ ကျောက်စိမ်းသေတ္တာလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
အပေါ်မှ ခြင်ထောင်ကို ငေးကြည့်ရင်း နောက်ဆုံးတွင်မူ သူ ခိုင်မာလေးနက်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“လော့ချန်က.... ငါ့ရဲ့ မိသားစုလိုပါပဲ”