ကုအန်က နက်နဲ ပင်လယ် နဂါးငါးကြင်း ကို မကြည့်တော့ဘဲ ဆေးအပင်များကို ဆက်လက် ခူးဆွတ်နေ၏။
သူ၏ ရင်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်နေသည်။
တပည့်များ ကျင့်ကြံသည့် အချိန် ကြာမြင့်လာသည်နှင့်အမျှ သူတို့၏ နှလုံးသားထဲတွင်လည်း ရည်မှန်းချက်များ စတင် ပေါက်ဖွားလာကြ၏။
ဤသည်က အတော်လေး သဘာဝကျလှပေသည်။ အကြောင်းမှာ ကျင့်ကြံခြင်း ဆိုသည်က ရည်မှန်းချက် တစ်ခုခုအတွက် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့်ပင်။
ကုအန်က တပည့်များကို တစ်သက်လုံး ချုပ်နှောင်ထားမည် မဟုတ်ချေ။
နက်နဲပင်လယ် နဂါးငါးကြင်း ကို သူ ကတိပေးလိုက်ခြင်းနှင့်အတူ ၎င်း၏ ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့၏။
အနာဂတ်တွင် အချိန်အတော်ကြာပြီးနောက် ၎င်းက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ သမုဒ္ဒရာ မိစ္ဆာ မျိုးနွယ်စုများကို စည်းလုံးပြီး နဂါးတစ်ကောင် အဖြစ်ပင် အသွင်ပြောင်းကာ နဂါးနန်းတော် ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး တိုက်ကြီးပေါ်ရှိ အမတ ကျင့်ကြံရေး လောက နှင့် ခေတ်သစ်တစ်ခုကို ပြောင်းလဲစေမည့် တိုက်ပွဲကြီး တစ်ခု ဆင်နွှဲပေလိမ့်မည်။
အနာဂတ်ဖြစ်ပျက်များကို မြင်တွေ့ရသော်လည်း ၎င်းက ဆိုးရွားသော ကိစ္စတစ်ခုဟု ကုအန် မထင်မိချေ။
ဤကဲ့သို့သော ပဋိပက္ခများက ကောင်းကင်နှင့် မြေကြီး၏ ရွေးချယ်မှုသာ ဖြစ်ပြီး နက်နဲပင်လယ် နဂါးငါးကြင်း သာ မရှိလျှင် အခြား တစ်စုံတစ်ယောက်က လုပ်ဆောင်လိမ့်မည် ဖြစ်၏။ စစ်ပွဲများ အားလုံးသည် လုံးဝ ဆိုးယုတ်သည်ဟု သူ မဆိုနိုင်ပေ။
ပြောရမည်ဆိုလျှင် ထိုကပ်ဘေးကြီး ရောက်လာသောအခါ နက်နဲ ပင်လယ် နဂါးငါးကြင်း သည်လည်း ဝူရှီ တပည့်တစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း နှစ်ဘက်စလုံးက တစ်ယောက်ကို တစ်ယောက် သိရှိမည် မဟုတ်ပေ။
နက်နဲပင်လယ် နဂါးငါးကြင်း က ကုအန်သည် ၎င်း၏ အနာဂတ်ကို စောင့်ကြည့်နေကြောင်း မသိခဲ့ဘဲ ကုအန်၏ နောက်မှ အသေအချာ လိုက်ပါကာ ၎င်း၏ မကြာသေးမီက ကျင့်ကြံခြင်းဆိုင်ရာ သံသယများကို ပြောပြနေပြီး ကုအန်ကလည်း တစ်ခုချင်းစီ ဖြေရှင်းပေးနေ၏။
နက်နဲပင်လယ် နဂါးငါးကြင်း ကို သူ ပြုစုပျိုးထောင်ပေးမှုက ဝူရှီ တပည့်များထက် မနိမ့်ကျချေ။ မည်သို့ပင်ဆိုစေကာမူ နက်နဲပင်လယ် နဂါးငါးကြင်း သည် ပုန်းကွယ်ဝိညာဥ်နန်းတော် ၏ ဆေးပင်ဥယျာဉ် ကို သီးခြား စီမံခန့်ခွဲပေးနေပြီး ကြီးမားသော ကုသိုလ်များ ပြုလုပ်ထားသောကြောင့်ပင်။
နက်နဲပင်လယ် နဂါးငါးကြင်း သည် အံ့ဖွယ်ဓမ္မအမတ အဆင့်တွင် ရှိနေပြီး သက်တမ်းတာအိုနယ်မြေ အတွင်းရှိ တပည့်များထဲတွင် အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာလည်း အံ့ဖွယ်ဓမ္မအမတ အဆင့်ပင် ဖြစ်သည်။ ၎င်းတို့အထဲတွင် အန်ရှင်း နှင့် သွေးကျဉ်းထောင် သူတော်စင် တို့မှာ တာအိုဆန်းကြယ်အမတအဆင့် မှ တက်လှမ်းသွားကြပြီ ဖြစ်ပြီး နတ်တွေးစစ်မှန်အမတ အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
သူတို့၏ စွမ်းအားက အလွန် ကြီးမားသည်ဟု မဆိုနိုင်သေးသော်လည်း သူတို့၏ ကြီးထွားမှု အရှိန်အဟုန်ကို ကုအန် ကျေနပ်နေဆဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လူတိုင်းက သူ့လို မျက်နှာသာပေး မခံရနိုင်ဘူးလေ။ အထူးချွန်ဆုံး ပါရမီရှင် တစ်ယောက်တောင်မှ ကျင့်ကြံခြင်းတွေကို စုဆောင်းဖို့ အချိန်အတော်ကြာ လိုအပ်တာပဲ...
...
ခမ်းနားထည်ဝါသော ပြာလဲ့လဲ့ ကောင်းကင်ယံအောက်တွင် တောင်တန်းများက တောက်လျှောက် သွယ်တန်းနေပြီး ဧရာမ ကောင်းကင်သစ်ပင်ကြီးများက အမြစ်တွယ်ကာ ပတ်ဝန်းကျင်ရှိ ကြီးမားသော တောင်တန်းများကိုပင် လွှမ်းမိုးထားကြပြီး ထိုသို့သော သစ်ပင်မျိုး တစ်ပင်တည်း ရှိနေခြင်း မဟုတ်ချေ။
ဧရာမ သစ်ပင်ကြီး တစ်ပင်အောက်တွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုဝေးနေကြပြီး လူအများအပြား အတူတကွ ရှိနေသော်လည်း သူတို့ နေရာယူထားသော အကျယ်အဝန်း၏ အချင်းမှာ ဧရာမ သစ်ပင်ကြီး၏ ပင်စည် အကျယ်အဝန်းထက် များစွာ သေးငယ်နေသေး၏။
တစ်ချိန်က ရှန်ထျန်း နှင့် ယခင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မြင့်မြတ် ခုံရုံး ၏ အရှင်သခင် ဖြစ်ခဲ့ဖူးသော ကျူရှီး သည် လူအုပ်ကြားတွင် ရပ်လျက် ရှေ့ဆုံးမှ စကားပြောနေသူကို နားထောင်နေသည်။
"နတ်ဘုရား နန်းတော်က အာဏာရှင်ဆန်တယ်... ကောင်းကင်အောက်က သက်ရှိအားလုံးရဲ့ အသက်သန်ခြင်းနဲ့ သေဆုံးခြင်းကို ထိန်းချုပ်ထားပြီး ဝင်စားခြင်း သံသရာကိုလည်း သူတို့က အမိန့်ပေးနိုင်တယ်... သက်ရှိအားလုံး နေထိုင်တဲ့ မြေပြင်ကို သူတို့က ခွဲဝေ သတ်မှတ်ထားတယ်... နတ်ဘုရား နန်းတော်က နှင်ထုတ်ခံရတဲ့ သူတွေက ထိုက်ဝေ့ မဟာကမ္ဘာ ကနေ ထွက်သွားကြရမယ်... ဒါပေမဲ့ ထိုက်ဝေ့ မဟာကမ္ဘာ ရဲ့ အပြင်ဘက်မှာ အမှောင်ဖုံးနေတဲ့ တားမြစ်နယ်မြေ ရှိပြီး မရေမတွက်နိုင်တဲ့ မိစ္ဆာဆိုးတွေနဲ့ သရဲတစ္ဆေတွေက သက်ရှိတွေကို မျိုချဖို့ ပုန်းအောင်း စောင့်ဆိုင်းနေကြတယ်... ဒီနေရာမှာ အကျဉ်းချခံထားရတဲ့ ငါတို့တွေက ပြည်နှင်ဒဏ် ခံရဖို့ကလွဲရင် ဘာမှ စောင့်ဆိုင်းစရာ မရှိတော့ဘူး..."
အပြာနှင့် အဖြူရောင်စပ် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို ပေါ့ပေါ့ပါးပါး စည်းနှောင်ထားသော ကျူရှီးထံမှ သိုင်းလောကမှ အမျိုးသမီး သူရဲကောင်း တစ်ဦး၏ ဟန်ပန်မျိုး ထွက်ပေါ်နေ၏။
စကားပြောနေသူ၏ စကားကို နားထောင်ရင်း သူမ၏ အတွေးများက လွင့်မျောသွားပြီး သူမ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
မူလက သူမသည် အခြား မဟာကမ္ဘာ တစ်ခုတွင် စွန့်စားသွားလာနေခဲ့၏။ သူမ၏ မူလ နတ်ဝိညာဉ်ကို နိုးထစေပြီးနောက် သူမသည် မူလဘူတအနှောင်ဖွဲ့ကင်းအမတ တစ်ပါး ဖြစ်နေပြီ ဖြစ်ပြီး သူမ၏ ကိုယ်ပိုင် ဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့သည်။ ဂိုဏ်းများအကြား အားပြိုင်မှုများကြောင့် ဒေသတွင်းရှိ ဂိုဏ်းကြီးများ၏ ပူးပေါင်း ပစ်မှတ်ထားခြင်းကို သူမ ခံခဲ့ရ၏။ ဖရိုဖရဲ တိုက်ပွဲများကြားတွင် သူမက လျှို့ဝှက် နည်းစနစ်တစ်ခုကို အသုံးပြုကာ ဟင်းလင်းပြင်ကို ခွဲထုတ်၍ မဟာတာအို၏ ဖရိုဖရဲ ရေစီးကြောင်းများထဲသို့ ထွက်ပြေး လွတ်မြောက်လာခဲ့သည်။
တစ်ဖန် ပြန်လည် နိုးထလာသောအခါ သူမသည် ထိုက်ဝေ့ မဟာကမ္ဘာ သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ ကမ္ဘာသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ပြင်ဆင်နေဆဲမှာပင် ကျင့်ကြံသူ တစ်စုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူမကို ဖမ်းဆီးထိန်းသိမ်းရမည့် ပြင်ပ စွန့်စားသူ တစ်ဦးအဖြစ် သတ်မှတ်ကာ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာငယ်လေးသည် နတ်ဘုရား နန်းတော် ၏ အကျဉ်းစခန်း ဖြစ်ပြီး မရေမတွက်နိုင်သော သက်ရှိများစွာကို ဖမ်းဆီး ထိန်းသိမ်းထားကာ သူမ၏ ကျင့်ကြံခြင်းအဆင့်ထက် များစွာ သာလွန်သူ အမြောက်အမြားပင် ပါဝင်၏။
လုံခြုံရာသို့ ထွက်ပြေးလိုခြင်း ရှိမရှိ တစ်စုံတစ်ယောက်က လာရောက် မေးမြန်း စည်းရုံးခြင်း မခံရမီအထိ သူမက ဤနေရာတွင် ရည်ရွယ်ချက်မဲ့စွာ လှည့်လည်သွားလာနေခဲ့သည်။
ကမ္ဘာများစွာကို ဖြတ်သန်း စွန့်စားခဲ့ပြီးနောက် မိမိ၏ ကံကြမ္မာကို မိမိလက်ဖြင့်သာ ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး ပျက်သုဉ်းမည့်အချိန်ကို လက်ပိုက်ကြည့် မနေသင့်ကြောင်း ကျူရှီးက နက်နက်ရှိုင်းရှိုင်း နားလည်ထားသဖြင့် သူမလည်း လိုက်ပါလာခဲ့ခြင်း ဖြစ်၏။
ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော လူများထဲတွင် အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ လွတ်ငြိမ်းရာအမတအဆင့် ဖြစ်ပြီး စကားပြောနေသူ၏ တာအိုကျင့်ကြံမှုမှာ နက်ရှိုင်းကာ မှန်းဆ၍ မရနိုင်ဘဲ သူမ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှ ထွက်ခွာလာစဉ်က ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်မျိုးကို အမှတ်ရစေ၏။
"ငါ့ဆရာသာ ဒီနေရာမှာ ရှိနေရင်တောင် သူ့ရဲ့ တာအိုကျင့်ကြံမှုက သူ့လောက် နက်ရှိုင်းချင်မှ နက်ရှိုင်းမှာ... ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်ကြံမှု အဆင့်ကိုတောင် နတ်ဘုရား နန်းတော်က ဖိနှိပ်ထားနိုင်တယ်ဆိုတော့ ဒီနတ်ဘုရား နန်းတော်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ..."
ကျူရှီးက ထိတ်လန့်တကြား တွေးတောနေမိပြီး သူမ၏ ဆရာကို တွေးမိသောအခါ အနည်းငယ် ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
နှစ်ပေါင်း နှစ်သိန်းကျော် ခွဲခွာခဲ့ရပြီးနောက် သူမက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ ပြန်ရာလမ်းကို ရှာမတွေ့တော့ဘဲ ဤဘဝတွင် ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဟုပင် ခံစားနေရသည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှ ထွက်ခွာလာပြီးမှသာ မဟာတာအိုက မည်မျှ ခမ်းနားကြီးကျယ်ကြောင်းကို သူမ နားလည်သွားခဲ့၏။
ဤအကြောင်းကြောင့်ပင် သူမ၏ နှလုံးသားထဲတွင် ပိုမို ကြီးမားသော ရည်မှန်းချက်များကို သူမ ပိုက်ထွေးထားခဲ့သည်။
သူမက မြင့်မြတ်ခုံရုံး ကို ပြန်လည် တည်ထောင်ပြီး မဟာကမ္ဘာသုံးထောင်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု အဖြစ်သို့ မြှင့်တင်လိုခဲ့၏။
လောလောဆယ်တွင်မူ ဤနေရာမှ လွတ်မြောက်ရန် နည်းလမ်း ရှာရပေမည်။
အခြေအနေက ပို၍ အန္တရာယ် များလေလေ သူမက ကြီးမားသော ကံကောင်းမှုများနှင့် ကြုံတွေ့ရနိုင်လေလေ ဖြစ်သည်ဟု သူမ ခံစားရသည်။
ဤထိုက်ဝေ့ မဟာကမ္ဘာ တွင် သူမ စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားသော ကံကောင်းမှုများ သေချာပေါက် ရှိနေပေလိမ့်မည်။
"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာဖြစ်နိုင်မယ်လို့ မင်း ထင်လဲ..."
အသံတစ်သံက ကျူရှီး၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသဖြင့် သူမက ခေါင်းလှည့်ကြည့်လိုက်၏။
ချောမောသော အမျိုးသား တစ်ဦးက သူမ၏ ဘေးသို့ ရောက်လာပြီး ပတ်ဝန်းကျင်ရှိ လူများ၏ တင်းမာနေသော မျက်နှာများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေသည်။
"ဘယ်လောက် မြင့်လို့လဲ..." ကျူရှီးက မေးလိုက်၏။
ချောမောသော အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။
"သူက ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ အထက်မှာ ရှိတဲ့ မူလဘူတ ရွှေအမတ တစ်ပါးပဲ..."
ကျူရှီး၏ သူငယ်အိမ်များ ရုတ်ခြည်း ပြူးကျယ်သွား၏။ ယခင် မဟာကမ္ဘာတွင် မူလဘူတ ရွှေအမတ များ၏ ဒဏ္ဍာရီများကို သူမ ကြားဖူးခဲ့ပြီး ဤကဲ့သို့သော နေရာမျိုးတွင် ကြုံတွေ့ရလိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။
ချောမောသော အမျိုးသားက ဆက်ပြောသည်။ "ဒီနေရာမှာ မူလဘူတ ရွှေအမတ ဒါဇင်ပေါင်းများစွာ ရှိတယ်... ဒီနေရာကို စောင့်ကြပ်နေတဲ့ နတ်ဘုရား နန်းတော်က ကျင့်ကြံသူရဲ့ အဆင့်ကို မင်း သိလား..."
"ဘာအဆင့်လဲ..."
"သူ့ရဲ့ အဆင့်က မူလဘူတ ရွှေအမတ အထက်မှာ ရှိတဲ့ ဟန်ထျန်းရွှေအမတအဆင့် ပဲ... သူ့လက်အောက်မှာ မူလဘူတ ရွှေအမတ အပါး တစ်ရာ က ဒီနေရာကို ဖိနှိပ်ထားတာ... နတ်ဘုရား နန်းတော် အတွင်းမှာတော့ ဟန်ထျန်းရွှေအမတအဆင့် ဆိုတာ ထိပ်တန်း အဆင့်နဲ့ အများကြီး ဝေးပါသေးတယ်..."
သူ၏ စကားများကြောင့် ကျူရှီး မျက်မှောင် အပြင်းအထန် ကြုတ်သွားပြီး စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။
ဤမျှ ကြီးမားသော ကျင့်ကြံခြင်း ကွာဟချက်နှင့်အတူ သူမ မည်သို့ ထွက်ပြေး လွတ်မြောက်နိုင်မည်နည်း။
ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဤအဖွဲ့၏ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ရပ်များ အားလုံးက ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။
ချောမောသော အမျိုးသားက ကျူရှီးကို ကြည့်၍ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။ "ဒါပေမယ့် မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားဖို့ ငါ့မှာ နည်းလမ်း ရှိတယ်..."
.
ကျူရှီး မျက်မှောင်ကြုတ်သွားပြီး သတိထား၍ မေးလိုက်၏။ "ငါတို့က သူစိမ်းတွေလေ... မင်းက ငါ့ကို ဘာလို့ ကူညီတာလဲ..."
ချောမောသော အမျိုးသားက ပြုံးလိုက်သည်။ "မင်းဆီမှာ ကောင်းကင်နန်းတော် ရဲ့ အကြောင်းအကျိုး ရှိနေတယ်... ကောင်းကင်နန်းတော် က ကောင်းကင်နတ်ဘုရား တစ်ပါးပါးနဲ့ မင်း ပတ်သက်နေပုံရတယ်..."
ကျူရှီး၏ မျက်မှောင်များ ပိုမို တွန့်ချိုးသွား၏။
"အများကြီး မတွေးပါနဲ့... ဘာပဲဖြစ်ဖြစ် ငါက ထွက်ပြေးဖို့ စီစဉ်နေတာပဲလေ... မင်းဆီမှာ ဒီလို အကြောင်းအကျိုး ရှိနေတာကို တွေ့တော့ မင်းကိုပါ ခေါ်သွားဖို့ စဉ်းစားလိုက်တာပါ..."
ချောမောသော အမျိုးသားက ပခုံးတွန့်လျက် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ကျူရှီးက စဉ်းစားကြည့်ပြီး သူ့ကို ဦးစွာ စမ်းသပ်ရန် သင့်လျော်သည်ဟု ထင်သဖြင့် ပြောလိုက်၏။ "ငါ့နာမည်က ကျူရှီး ပါ... တာအိုမိတ်ဆွေ ရဲ့ နာမည်ကို သိခွင့်လို့ရမလား"
ချောမောသော အမျိုးသားက ပြန်ဖြေလိုက်သည်။ "ငါ့နာမည်က မန်လန် လို့ ခေါ်တယ်..."
မန်လန် လား။
အလွန် သာမန်ဆန်သောနာမည်တစ်ခု ဖြစ်ပြီး ဤနာမည် ရှိသူများစွာကို နေရာအနှံ့တွင် ကျူရှီး ကြုံတွေ့ခဲ့ဖူး၏။
သူမက ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ "ငါတို့ စကားပြောနေတာကို တခြားသူတွေ မကြားရဘူး ထင်တယ်နော်..."
မန်လန် ဟု အမည်ရသော ချောမောသည့် အမျိုးသားက ပြုံးလိုက်၏။ "ဒါပေါ့... ငါတို့က ထွက်ပြေးဖို့ ကြံစည်နေတာပဲ... ဘယ်လိုလုပ် အများသိအောင် ပြောလို့ ရမှာလဲ..."
"မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ... မင်းကလည်း ဟန်ထျန်းရွှေအမတအဆင့် လား..." ကျူရှီးက မန်လန်ကို စူးစိုက်ကြည့်ကာ တည်ကြည်လေးနက်စွာ မေးလိုက်သည်။
မန်လန်က ခေါင်းခါလိုက်၏။ "ကျယ်ပြန့်တဲ့ နတ်ဘုရား ကျင့်စဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ဟန်ထျန်းရွှေအမတအဆင့်လားးးး......မဟုတ်ဘူး..."
ကျူရှီးက ဆက်မေးလိုက်သည်။ "ဒါဆိုရင် မင်းက မူလဘူတ ရွှေအမတ တစ်ပါးလား..."
***