မဟာကမ္ဘာသုံးထောင်လုံး ဖျက်ဆီးခံရမယ်...
ဤစကားကို ကြားသောအခါ ကုအန်လည်း အံ့အားသင့်သွားသည်။ သူ၏ အမြင်တွင် အမတနတ်ဘုရားများက အာဏာရှင်ဆန်ပြီး သက်ရှိအားလုံးကို အရေးမပါသူများအဖြစ် သတ်မှတ်ထားသော်လည်း သူတို့က ကောင်းကင်စည်းမျဉ်းများ ဟု ခေါ်သော အရာကိုတော့ လိုက်နာကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ကမ္ဘာကြီးကို ဖျက်ဆီးမည် ဆိုလျှင်တောင် သူတို့တွင် ခိုင်လုံသော အကြောင်းပြချက် ရှိရန် လိုအပ်ပေသည်။
ကောင်းကင်နန်းတော် ၌ မဟာကမ္ဘာသုံးထောင်ကို မျက်စိတစ်မှိတ်အတွင်း အမြစ်ပြတ် ချေမှုန်းနိုင်စွမ်း ရှိသည်မှာ မှန်သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းက ကောင်းကင်စည်းမျဉ်းများ ကို ချိုးဖောက်ရာ မကျပေဘူးလား...
ကောင်းကင်စည်းမျဉ်းများ ဆိုသည်မှာ အတော်လေး ပျော့ပြောင်းမှု ရှိပြီး အမြင့်ဆုံး အာဏာပိုင်များနှင့် ပတ်သက်လာသောအခါ စည်းမျဉ်းများက ကလေးကစားစရာ တစ်ခုမျှသာ ဖြစ်သွားကြောင်း ကုအန် ရုတ်တရက် ခံစားလိုက်ရ၏။
"ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ..." ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား က ကုအန်ကို ကြည့်၍ တည်ကြည်လေးနက်စွာ မေးလိုက်သည်။
မဟာကမ္ဘာကို စောင့်ကြပ်နေရသော ကောင်းကင်နတ်ဘုရားများက လွတ်မြောက်ရာလမ်းကို ရှာဖွေရန် စတင် လှုပ်ရှားနေကြပြီ ဖြစ်၏။ သူတို့အတွက် မဟာကမ္ဘာသည် နတ်ဘုရား အာဏာကို ကိုယ်စားပြုသည်။ အကယ်၍ မဟာကမ္ဘာသာ ဆုံးရှုံးသွားပါက သူတို့၏ ရာထူးများ မတည်မငြိမ် ဖြစ်သွားမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းသည်လည်း တန်ပြန် သက်ရောက်မှုများကို ခံစားရပေလိမ့်မည်။
ကောင်းကင်နန်းတော် မှ အမြင့်ဆုံးသော တည်ရှိမှုများက ကောင်းကင်နတ်ဘုရားများကို ပုရွက်ဆိတ်များသဖွယ် သတ်မှတ်သကဲ့သို့ ကောင်းကင်နတ်ဘုရားများကလည်း သက်ရှိအားလုံးကို ပုရွက်ဆိတ်များသဖွယ် သတ်မှတ်ကြ၏။
ကုအန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လမ်းဘေး ဈေးဆိုင်တစ်ခုရှေ့တွင် ထိုင်နေသော ဝိညာဉ်သားရဲ အချို့ကို တစ်ချက် ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်။ "အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်ပါစေ... တစ်ခုခု မဖြစ်လာခင်မှာ မင်း လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ..."
ထိုစကားကို ကြားသောအခါ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား မှာ လက်လျှော့လိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ကုအန်၏ မှန်းဆ၍ မရနိုင်သော ကျင့်ကြံခြင်းအဆင့်ကို တွေးမိသောအခါ ကောင်းကင်ဧကရာဇ် နေရာအတွက် အားပြိုင်မှု ကပ်ဘေးကြီးက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် ပေါက်ကွဲထွက်လာချိန်၌ သူ၏ အခြေအနေက ယခု ထင်ရသလောက် ခက်ခဲချင်မှ ခက်ခဲလိမ့်မည်ဟု သူ ခံစားလိုက်ရ၏။
ထို့နောက် သူက မကြာသေးမီက ခရီးစဉ်တစ်ခုမှ သူ၏ အတွေ့အကြုံများကို ဆက်လက် ပြောပြလေရာ ကုအန်ကလည်း စိတ်ဝင်တစား နားထောင်နေလိုက်သည်။ သူတို့၏ စကားဝိုင်းကို သူတို့ နှစ်ယောက်သာ ကြားနိုင်ပြီး လူစည်ကားသော လမ်းမပေါ်တွင် လျှောက်သွားနေစဉ်၌ပင် မည်သူ့ အာရုံစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ချေ။
ချမ့်ခွန်းဂိုဏ်းတွင် တစ်မနက်ခင်းလုံး လှည့်လည်သွားလာပြီးနောက် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား က ကမ္ဘာဂိတ်တံခါး မှတစ်ဆင့် ပြန်သွားခဲ့၏။
ကုအန်ကမူ မြို့ထဲတွင် ဆက်လက် လှည့်လည်သွားလာနေခဲ့သည်။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု မှ ပါရမီရှင် နှစ်ဆယ် ဝင်ရောက်လာခြင်းနှင့်အတူ ချမ့်ခွန်းဂိုဏ်းသည် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော တိုးတက်မှု အချိန်ကာလ တစ်ခုသို့ ရောက်ရှိလာခဲ့၏။ ထိပ်တန်း ပါရမီရှင် ဖြစ်သော ယွမ်လော့ သည် အပြင်ဘက်တွင် ဂိုဏ်း၏ ဂုဏ်သတင်းကို ဆက်တိုက် မြှင့်တင်ပေးနေသဖြင့် လာရောက် ပညာသင်ကြားလိုသူ ပိုမို များပြားလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။
နေဝင်အချိန်တွင် ကုအန်က သူ၏ လက်ထဲ၌ အရက်ဘူးသီးခြောက် တစ်လုံးကို ကိုင်ထား၏။ သူက ရပ်တန့်လိုက်ပြီး အရက်သောက်ရင်း ဆူညံပွက်လောရိုက်နေမှုကို စောင့်ကြည့်နေလိုက်သည်။
လမ်းမပေါ်ရှိ တပည့်များက လူငယ် အမျိုးသား တပည့် နှစ်ဦးကြားရှိ ပဋိပက္ခ တစ်ခုကို စောင့်ကြည့်နေကြ၏။ သူတို့ထဲမှ တစ်ယောက်မှာ တစ်ချိန်က ပါရမီရှင် တစ်ဦး ဖြစ်ခဲ့သော်လည်း အပြင်ဘက်တွင် လေ့ကျင့်နေစဉ်အတွင်း ဒုက္ခိတ ဖြစ်သွားခဲ့ပြီး ယခုအခါ အခြား တပည့်တစ်ဦး၏ စော်ကားမှုကို ခံစားနေရသည်။
အခြား တပည့်မှာ ဂိုဏ်းအတွင်းရှိ အကြီးအကဲ တစ်ဦး၏ မျိုးဆက် ဖြစ်သဖြင့် မည်သူကမျှ ဝင်ရောက် တားဆီးရန် မဝံ့ရဲကြချေ။
ကုအန်က ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ အဖြစ်အပျက်ကို စောင့်ကြည့်ရင်း သူက နက်နက်ရှိုင်းရှိုင်း တွေးတော ဆင်ခြင်နေမိ၏။
ချမ့်ခွန်းဂိုဏ်းမှ တပည့်များအတွက် ဂိုဏ်းသည် သိုင်းလောက တစ်ခုလုံးကို ကိုယ်စားပြုသည်။ ကမ္ဘာပေါ်ရှိ လူများအတွက် ကောင်းကင်ယံက ကျယ်ဝန်းပြီး အဆုံးအစ မရှိသော်လည်း မဟာကမ္ဘာ သည် အချို့သော တည်ရှိမှုများအတွက် ဖုန်မှုန့်လေး တစ်ခုကဲ့သို့ အရေးမပါကြောင်းကိုမူ သူတို့ မသိရှိကြချေ။
ကုအန်က သူ လျှောက်လှမ်းလိုသော လမ်းကြောင်းနှင့် မည်သည့် စည်းမျဉ်းများကို လိုက်နာသင့်ကြောင်းကို စဉ်းစား တွေးတောနေ၏။
သူက အောက်ခြေမှ တက်လာသူ ဖြစ်သဖြင့် ဖရိုဖရဲ ဖြစ်မှုများကြားတွင် သူ၏ အစစ်အမှန် သရုပ်ကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
...
အချိန်များ ကုန်လွန်သွားပြီး နှစ်ပေါင်း လေးရာ ကြာမြင့်သွားခဲ့၏။
တောင်ကြား တစ်ခုအတွင်း၌ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျူရှီး က ကန်ရေပြင်ပေါ်တွင် ရပ်လျက် ဓားရှည် တစ်လက်ကို သူမ၏ ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားကာ မျက်လုံးများကို မှိတ်ထားသည်။
ကုအန်က ကန်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနေပြီး ကြယ်ခုနစ်ပွင့် ကြေးမုံ ကို ကိုင်ကာ ထိုက်ဝေ့ မဟာကမ္ဘာ ရှိ လူသားကမ္ဘာ၏ အဖြစ်အပျက်များကို ချောင်းမြောင်း ကြည့်ရှုနေ၏။
နတ်ဘုရား နန်းတော် အိမ်ရှေ့စံ မင်းသား မှာ ပင်လယ်ထဲမှရေတစက်သာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နတ်ဘုရား နန်းတော် နှင့် ထို အမတနတ်ဘုရား ကို ဆန့်ကျင်လိုသူ များစွာ ရှိ၏။ နတ်ဘုရား နန်းတော် အိမ်ရှေ့စံ မင်းသား လည်း စည်းရုံးခံခဲ့ရပြီး ဤလူများက အင်အားစု တစ်ခု ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း နတ်ဘုရား နန်းတော်အား ရင်ဆိုင်ရန် စွမ်းအား ကင်းမဲ့နေသဖြင့် သူတို့က ပုန်းအောင်းနေရုံသာ တတ်နိုင်တော့သည်။
နတ်ဘုရား တပည့်များ အဖြစ် တစ်စုံတစ်ယောက် အခေါ်ခံရတိုင်း ဤလူများက ထွက်ပေါ်လာလေ့ရှိပြီး အမုန်းတရားများကို အသုံးပြုကာ နတ်ဘုရား တပည့်များ ၏ သားသမီးများ သို့မဟုတ် မောင်နှမများကို စည်းရုံးရန် ကြိုးစားလေ့ ရှိကြ၏။
ဒါပေမဲ့...
ဤအင်အားစု၏ ခေါင်းဆောင်က နတ်ဘုရား နန်းတော် ၏ အုပ်စိုးသူရှေ့တွင် တိတ်တဆိတ် ဒူးထောက်နေသည်ကို ကုအန် မြင်တွေ့ခဲ့ရပြီး အရာအားလုံးက လှည့်ကွက် တစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
နတ်ဘုရား နန်းတော် က ထိုက်ဝေ့ မဟာကမ္ဘာ အပေါ် ထိန်းချုပ်ထားမှုမှာ အလွန် နက်ရှိုင်းလွန်းလှပြီး ဤမဟာကမ္ဘာ အနေဖြင့် သူတို့၏ အုပ်ချုပ်မှုကို ဖြုတ်ချရန်မှာ အလွန် ခက်ခဲလှပေသည်။
သို့သော်လည်း ကျူရှီး ကို ကျင့်ကြံရန် ကုအန် သင်ကြားပေးနေစဉ်တွင် ကိန်းရှင် တစ်ခုကို သူ မြင်တွေ့ခဲ့ရ၏။
ကျူရှီး က နတ်ဘုရား နန်းတော် ကို ဆန့်ကျင်ဘက်တွင် ရပ်တည်လိမ့်မည် ဖြစ်ပြီး ထို အမတနတ်ဘုရား ကို သူမ ကိုင်တွယ် ဖြေရှင်းနိုင်သည်နှင့် နတ်ဘုရား နန်းတော် ကို သူမ အစားထိုးနိုင်ပေလိမ့်မည်။
ဘုန်း...
ကန်ရေပြင်မှ ကျယ်ပြန့်သော ဓားဆန္ဒများ ပေါက်ကွဲ ထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်လာကာ ပန်းများနှင့် မြက်များကို လှုပ်ခါသွားစေပြီး ကုအန်၏ ပတ်ပတ်လည်တွင် အစိမ်းရောင် လှိုင်းလုံးတစ်ခုကို ဖန်တီးလိုက်၏။
ကုအန်က ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ကြယ်ခုနစ်ပွင့် ကြေးမုံ ကို သူ၏ ရင်ခွင်ထဲသို့ ထည့်ကာ ကန်ရေပြင်ပေါ်ရှိ ကျူရှီး ထံသို့ သူ၏ အကြည့်များကို လှည့်လိုက်သည်။
ကျူရှီး က သူမ၏ ဓားကို ကိုင်ထားဆဲ ဖြစ်ပြီး သူမ၏ ဓားဆန္ဒများက ကန်ရေပြင် အထက်တွင် လွင့်မျောနေသော ငွေရောင် ကြယ်ပွင့် ထောင်ပေါင်းများစွာ အဖြစ် ရုပ်လုံးပေါ်လာကာ လှပပြီး စိတ်ကူးယဉ်ဆန်သော ပြကွင်းပြကွက် တစ်ခုကို ဖန်တီးလိုက်၏။ သူမ၏ ဝတ်စုံက လေထဲတွင် လွင့်ခါနေပြီး သူမ၏ ဆံပင်ရှည်များက ဖြာကျနေကာ လောကီနှင့် ကင်းကွာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"နောက်ဆုံးတော့ တာအိုထဲကို ဝင်နိုင်သွားပြီလား... ဒီအရှိန်က ရှန်ထျန်း ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တယ်..."
ကုအန်က တိတ်တဆိတ် တွေးလိုက်၏။ ကျူရှီး ၏ အတိတ်ဘဝမှာ ရှန်ထျန်း အဖြစ် ရှိခဲ့ပြီး မဟာကမ္ဘာ တစ်ခုတွင် အစွမ်းအထက်ဆုံး ပါရမီရှင်အဖြစ် ကိုယ်စားပြုကာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။
ကျူရှီး နားလည်သဘောပေါက်ခဲ့သော ဓားဆန္ဒမှာ မြင့်မြတ်သော နှလုံးသား ဓားတာအို ပင် ဖြစ်၏။
မြင့်မြတ်သော နှလုံးသား ဓားတာအို ကို သူ၏ ဝင်စားသည့် ခန္ဓာကိုယ် ဖြစ်သော ယန်ကျန်း က ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ဓားတာအို မြစ် အပေါ် အားကိုးကာ ပြောင်းလဲ တိုးတက်ရန် သက်တမ်း လိုအပ်ခြင်း မရှိဘဲ မြင့်မြတ်သောနှလုံးသား ဓားတာအို က ဆက်လက် အစွမ်းထက်လာခဲ့သည်။
မြင့်မြတ်သော နှလုံးသား ဓားတာအို ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း အပြင် လွန်ခဲ့သော နှစ်များအတွင်း ကုအန်က သူ၏ တာအိုဆန္ဒကို အသုံးပြုကာ ကျူရှီး ၏ ကျင့်ကြံခြင်းကို ကူညီပေးခဲ့သဖြင့် သူမအား ထိုးထွင်းသိမြင်မှုများနှင့် ဖန်တီးနိုင်စွမ်းရှိသော အကြံဉာဏ်များစွာကို ရရှိစေခဲ့၏။ သူမက ကွဲပြားသော မြင့်မြတ်သော နှလုံးသား ဓားတာအို တစ်ခုကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေမည်။
ကျူရှီး က မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ အကြည့်များက ထက်မြက်နေပြီး မျက်လုံးများထဲမှ ဓားအလင်းတန်း နှစ်ခု ပစ်ထွက်လာသည့်အလား ရှိနေ၏။ သူမက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။
မြင့်မြတ်သော နှလုံးသား ဓားတာအို က မှန်းဆ၍ မရနိုင်သော အဝေးတစ်နေရာမှ သူမကို လမ်းညွှန်ပေးနေသည်ကို သူမ ခံစားသိရှိနိုင်ပြီ ဖြစ်သည်။ ထိုခံစားချက်က သိမ်မွေ့လှပြီး သန့်စင်သော နှလုံးသား ဓားတာအို ၏ စွမ်းအားကို သူမ အသုံးပြုနိုင်စေရန်ပင် ခွင့်ပြုပေး၏။
အဝေးရှိ ကုအန်ကို လှည့်ကြည့်လိုက်ပြီး သူမက လျှပ်တစ်ပြက်အတွင်း သူ၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာကာ ဦးညွှတ်လျက် ပြောလိုက်သည်။ "စီနီယာ... ကျွန်မ တာအိုထဲကို ကပ်သီးလေး ဝင်နိုင်သွားပါပြီ..."
ကုအန်က မတ်တတ်ရပ်၍ သူမကို ကြည့်ကာ ပြုံးလိုက်၏။ "ဒီလိုချိန်ရောက်လာပြီဆိုမှတော့ ငါတို့ လမ်းခွဲသင့်ပြီ... မင်း ထိုက်ဝေ့ မဟာကမ္ဘာ မှာ ဆက်နေချင်လား ဒါမှမဟုတ် တခြားနေရာကို သွားချင်လား... ငါ မင်းကို နောက်တစ်ကြိမ် ထပ်ကူညီပေးနိုင်တယ်..."
ကုအန်က ယနေ့ ထွက်ခွာသွားလိမ့်မည်ဟု ကျူရှီး မမျှော်လင့်ထားခဲ့သဖြင့် အံ့အားသင့်သွားသော်လည်း သူ့ကို ဆက်နေရန် တောင်းဆိုဖို့ သူမ ရှက်ရွံ့နေသဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မ ဒီမှာပဲ ဆက်နေချင်ပါတယ်..."
"ဒါဆိုရင်လည်း မင်းရဲ့ ဆုံးဖြတ်ချက်ကို သေချာအောင် လုပ်ထား... ဘာလို့လဲဆိုတော့ နောက်ပိုင်း မင်းကို ကူညီပေးဖို့ ငါ ဒီမှာ ရှိနေမှာ မဟုတ်ဘူးလေ... ဒီမဟာကမ္ဘာ မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးတစ်ခု ကျရောက်ဖို့ တအုံနွေးနွေး ဖြစ်နေတယ်... မင်း နှစ်သန်းပေါင်းများစွာ ကျင့်ကြံရင်တောင် ကံကြမ္မာကို ပြောင်းလဲဖို့က ခက်ခဲလိမ့်မယ်..." ကုအန်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
ကျူရှီး က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။ "ကျွန်မ ဆုံးဖြတ်ချက် ချထားတာ ကြာပါပြီ... ဒီမဟာကမ္ဘာ က ကျွန်မ ရောက်ဖူးတဲ့ တခြား ကမ္ဘာတွေနဲ့ ယှဉ်ရင် ဝိညာဉ်စွမ်းအင် နဲ့ မဟာတာအိုတွေ ပိုပြီး ကြွယ်ဝတယ်... ပြီးတော့ အုပ်ချုပ်နေတဲ့ အင်အားစု အတွင်းမှာလည်း ပြဿနာတွေ ရှိနေတယ်လေ... ဒီနေရာမှာ ကျွန်မ ကြီးထွားလာဖို့ နေရာလွတ် ရှိနေပြီး ဒီမှာပဲ ဆက်နေချင်တယ်... တစ်ခုခု ကြီးကြီးမားမား အောင်မြင်နိုင်ကောင်း အောင်မြင်နိုင်မှာပါ..."
ကုအန်က ပြုံးလိုက်ပြီး အများကြီး ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေ၏။
ကျူရှီး က သူ၏ ကျောပြင်ကို ကြည့်ရင်း ရုတ်တရက် ဒူးထောက်ချလိုက်ပြီး သွားများကို ကြိတ်လျက် ပြောလိုက်သည်။ "မေတ္တာထားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်... ဆရာ့အပေါ် ကျွန်မ တစ်ခါမှ ရိုသေမှု မရှိခဲ့ပေမဲ့ တစ်နေ့ကျရင် ဆရာ့ရှေ့မှာ ကျွန်မ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ပြီး ဆရာ ကျွန်မကို ဂုဏ်ယူလာအောင် လုပ်ပြပါ့မယ်..."
ကုအန်က ရပ်တန့်သွားခြင်း သို့မဟုတ် နောက်သို့ လှည့်ကြည့်ခြင်း မရှိဘဲ သူ၏ လူရိပ်က ပျောက်ကွယ်သွားလေသည်။
ကျူရှီး မှာ ကုအန်၏ အရိပ်အယောင်ကိုပင် မခံစားရတော့ဘဲ ရင်ထဲတွင် ဟာတာတာ ဖြစ်သွား၏။
နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ပြီးနောက် ဤမန်လန် ဆိုသူမှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှ သူမ၏ ဆရာဖြစ်သူ၊ ဆရာသခင်ဓားအရှင် ဟု လူသိများသော ကုအန် အမှန်တကယ် ဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဆရာဖြစ်သူက သူမအတွက် လာခဲ့ခြင်းလား သို့မဟုတ် ဤကမ္ဘာကို အမှတ်မထင် ဖြတ်သွားရင်း ကြုံကြိုက်သွားခြင်းလား ဆိုတာကိုတော့ သူမ မခွဲခြားတတ်တော့ချေ။
အမှတ်မထင် ဖြတ်သွားရင်း ကြုံကြိုက်သွားခြင်းသာ ဖြစ်နိုင်သည်ဟု သူမ ထင်မိ၏။ ၎င်းက ဤမဟာကမ္ဘာ သည် မည်မျှ ထူးခြားကြောင်းကို ပြသနေ၏။
"အမတနတ်ဘုရားတွေ..."
ကျူရှီး ၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူမ၏ အကြည့်များတွင် ရည်မှန်းချက် ကြီးမားမှုများ ပေါ်လွင်နေကာ သူမကို ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ တစ်ခု ပေးစွမ်းနေလေတော့သည်။
***