အလွန် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
စာရေးကိရိယာ အားလုံးကို မော့မိသားစုက ပြင်ဆင်ပေးထားခြင်းဖြစ်ရာ ယွင်ကျုံးဟဲ့ အနေဖြင့် မည်သည့် လှည့်ကွက်မှ သုံး၍ မရနိုင်ပေ။
ထိုသို့ဆိုလျှင် လျှို့ဝှက်စာချုပ်၌ ဖော့စဖရပ်ဖြူများ မည်သို့ ပါဝင်နေသနည်း။ မည်ကဲ့သို့ အလိုအလျောက် မီးလောင်ကျွမ်းသွားသနည်း။
အဖြေမှာ ရှင်းလင်းလှသည်။ စာရွက်စာတမ်းများကို မော့မိသားစုက ပြင်ဆင်ပေးသည်မှာ မှန်သော်လည်း ကျင်းကျုံးယွဲ့၏ တံဆိပ်တုံးကိုမူ မော့မိသားစုက ပြင်ဆင်ပေး၍ မရနိုင်ပေ။
ထိုတံဆိပ်တုံးသည် ကျင်းမိသားစု၏ မျိုးရိုးစဉ်ဆက် အာဏာကို ကိုယ်စားပြုသော တံဆိပ်တုံး ဖြစ်သည်။ ထိုတံဆိပ်တုံး မပါဘဲ စာချုပ် အသက်မဝင်နိုင်ချေ။
ထိုတံဆိပ်တုံး၌ ဖော့စဖရပ်ဖြူများကို ကြိုတင် သုတ်လိမ်းထားပြီး ဖြစ်သည်။ မင်နီရောင် ဆိုးထားသော ဖော့စဖရပ်ဖြူများ ဖြစ်သည်။
စာချုပ်လက်မှတ်ထိုးချိန်က ရာသီဥတု အေးမြနေသောကြောင့် အလိုအလျောက် မီးမလောင်နိုင်ခဲ့ပေ။
ယခုမူ ရာသီဥတု ပူပြင်းလာပြီ ဖြစ်သည်။ မေလ ၁၉ ရက် မတိုင်မီ ရက်အနည်းငယ် အလိုတွင် အပူချိန် မြင့်တက်လာသောကြောင့် စာချုပ်ပေါ်ရှိ ဖော့စဖရပ်ဖြူများသည် အပူချိန်ကို မခံနိုင်တော့ဘဲ အလိုအလျောက် မီးလောင်ကျွမ်းသွားခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤအခိုက်အတန့်၌ မော့မိသားစုသည် ချောက်ကမ်းပါးထဲသို့ ကျရောက်နေပြီ ဖြစ်သော်လည်း သူတို့ကိုယ်သူတို့ မသိကြသေးပေ။
......
ထိုည၌ ကျင်းကျုံးယွဲ့သည် တာရှီမြို့တွင် ဆက်မနေတော့ဘဲ ယွင်ကျုံးဟဲ့၊ ဇိုအန်တို့နှင့်အတူ လေခွင်းမြို့သို့ ညတွင်းချင်း ပြန်လာခဲ့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ညကြီးမင်းကြီး လုပ်ကြံခံရမှာ မကြောက်ဘူးလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ပိုင်ရှင်မဲ့နယ်မြေမှာ ကျွန်မကို လုပ်ကြံနိုင်တဲ့လူ မရှိသေးဘူး။”
ဤစကားမှာ မောက်မာလွန်းလှ၏။
‘ဒီကောင်မလေး... ကိုယ့်သိုင်းပညာကို ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။ ပိုင်ယွင်မြို့မှာ ၁၁ နှစ်လောက် ပညာသင်ခဲ့ရုံနဲ့ ဒီလောက်တောင် စွမ်းသွားပြီလား။’
“ဝှစ်...”
သင်္ချိုင်းကုန်းတစ်ခုအနီး ဖြတ်သန်းသွားချိန်တွင် ညအမှောင်ထုထဲတွင် စိမ်းဖန့်ဖန့် သရဲမီးများ တောက်လောင်လာသည်။
ကျင်းကျုံးယွဲ့နှင့် ဇိုအန်တို့ လှမ်းကြည့်လိုက်ကြ၏။ နိမိတ်မကောင်းသော အတိတ်နိမိတ်ပင်။
ဤရာသီဥတုတွင် သရဲမီးများ ပေါ်လာပြီ ဆိုတည်းက သေတ္တာထဲရှိ လျှို့ဝှက်စာချုပ်များသည် မီးလောင်ကျွမ်းပြီး သို့မဟုတ် မကြာမီ လောင်ကျွမ်းပေတော့မည်။
သရဲမီး ဖြစ်ပေါ်ရန် လိုအပ်သော အပူချိန်နှင့် အခြေအနေသည် ပိုမို ခက်ခဲသည်။ စာချုပ် သုံးစောင်ပေါ်ရှိ ဖော့စဖရပ်ဖြူ ပမာဏသည် များပြားလှသောကြောင့် အပူချိန် မြင့်မားသည်နှင့် မလွဲမသွေ လောင်ကျွမ်းမှာ ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “သခင်မ... မော့မိသားစုက ငရဲခန်းထဲ ရောက်နေပြီ၊ ဒါပေမဲ့ သူတို့ကိုယ်သူတို့ မသိကြသေးဘူး။”
သစ်ရွက်ကြွေနယ်မြေကို ရယူလိုမှုကြောင့် ယနေ့ နေ့ခင်းပိုင်းက မော့မိသားစုသည် လူများစွာကို ရန်စခဲ့၏။ အထူးသဖြင့် ယနေ့ ဖြစ်ရပ်ကြောင့် အထိခိုက်ဆုံး၊ အခံရခက်ဆုံး ဖြစ်မည့်သူမှာ ထန်ထိုင်မိသားစုပင်။
ယွင်ကျုံးဟဲ့ အကဲခတ်မိသလောက် အေးစက်တည်ငြိမ်သော ထန်ထိုင်ဖူဖင်းပင်လျှင် မျက်နှာပျက်သွားခဲ့သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့၏ သွေးခွဲမည့် အစီအစဉ်သည် အောင်မြင်လုနီးပါး ဖြစ်နေပြီဟု ဆိုနိုင်၏။
ယနေ့တွင် သခင်ကြီး မော့ရယ်သည် သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်နေပြီဟု ထင်မှတ်နေသည်။ သို့ပေမည့် နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ကျရောက်နေမှန်း မသိရှာသေးချေ။
“အကျိုးစီးပွားကြောင့် ဉာဏ်မျက်စိ ကွယ်သွားတာပဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “မော့ရယ်က ရက်စက်ပြီး ဉာဏ်များတယ်။ ကျွန်မအဖေနဲ့ ဆယ်စုနှစ်ချီ တိုက်ခိုက်ခဲ့တာတောင် အရေးနိမ့်တယ် မရှိခဲ့ဘူး။ ကျင်းမိသားစုက စစ်သည်အင်အား သုံးပြီး သစ်ရွက်ကြွေ နယ်မြေကို ပြန်ယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ကြီးမားတဲ့ အကျိုးစီးပွား ရှေ့ရောက်တော့ သူ လမ်းပျောက်သွားတာပဲ။”
“ဒါ သဘာဝကျပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လောဘကြီးတဲ့လူက သူ့ကို ပြန်သတ်မယ့် ကြိုးကိုတောင် ဝယ်ချင်ကြတာပဲ။”
စာချုပ် သုံးစောင်လုံး အလိုအလျောက် မီးလောင်သွားမည်ဟု မည်သူ ထင်မည်နည်း။
အကယ်၍ စစ်မှန်သော စာချုပ်သာ ဖြစ်ခဲ့လျှင်၊ သစ်ရွက်ကြွေနယ်မြေကို အပြီးအပိုင် ရရှိမည်၊ ပိုင်ယင် ဆားကွင်းကို နှစ်ငါးဆယ် ရရှိမည်ဆိုလျှင် အခြားနယ်စားများကို ရန်စရသည်မှာ တန်သည် မဟုတ်ပါလား။
ထန်ထိုင်မိသားစု မကျေနပ်လျှင်လည်း ကိစ္စ မရှိချေ။ အမှန်တကယ် လက်တွေ့ရရှိမည့် အကျိုးစီးပွားနှင့် ယှဉ်လျှင် ထိုနယ်စားများ၏ သဘောထားက အရေးမပါပေ။
ထို့အပြင် ဤကဲ့သို့ အရေးကြီးသည့် အချိန်တွင် ထန်ထိုင်မိသားစုက မော့မိသားစုကို စစ်တိုက်မည် မဟုတ်ချေ။ မော့မိသားစု နောက်ကွယ်၌ ပို၍ကြီးမားသည့့် ကျောထောက်နောက်ခံ ရှိနေသေးသည်။
...................
မြင်းလှည်းထဲတွင် ယွင်ကျုံးဟဲ့သည် မီးရောင်ဖြင့် ကျင်းမိသားစု၏ ရတနာမြေပုံကို ထုတ်ကြည့်လိုက် ပြန်သည်။ နုဧကရာဇ် သင်္ချိုင်းတော် တည်နေရာကို ညွှန်ပြထားသည်ဆိုသော မြေပုံဖြစ်၏။
ဤရက်ပိုင်း အားသည့်အချိန်တိုင်း သူ ဤမြေပုံကို ထုတ်ကြည့်နေမိသည်။ အကြိမ်ကြိမ် လေ့လာသော်လည်း မည်သည့် ထူးခြားချက်ကိုမှ မတွေ့ရချေ။
ဒါဗင်ချီ ဝင်ပူးပြီး ကြည့်လျှင်လည်း ဘာမှ မမြင်ရပေ။ ကလေးကစားသလို လျှောက်ခြစ်ထားသော ပုံသာ ဖြစ်သည်။ မည်သည့် သတင်းအချက်အလက်မှ မပါဝင်ပေ။
“သိပ်ပြီး အပင်ပန်းခံ မနေပါနဲ့။ ကျင်းမိသားစုက နှစ်ရာချီ လေ့လာခဲ့တာတောင် ဘာမှ မတွေ့ခဲ့ဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “နုဧကရာဇ်ရဲ့ သင်္ချိုင်းတော်ကို တွေ့ရင်တောင် နှစ်တစ်ထောင် ကြာသွားပြီမို့ အထဲက ပစ္စည်းတွေ ပျက်စီးကုန်လောက်ပြီ။”
“ပဟေဠိ ဖြေရှင်းသလို သဘောထားပြီး ကစားကြည့်နေတာပါ။” ထို့နောက် ယွင်ကျုံးဟဲ့ ဆက်လက် လေ့လာနေလိုက်သည်။
ကျင်းကျုံးယွဲ့ မျက်လုံးမှိတ်ပြီး အတွင်းအား လေ့ကျင့်နေ၏။
ယွင်ကျုံးဟဲ့က သူမနှင့် ဝေးရာသို့ အနည်းငယ် တိုးလိုက်သည်။ မဟုတ်ပါက သူမ အသက်ရှူလိုက်တိုင်း ရင်ဘတ် လှုပ်ရှားမှုက သိသာလွန်းသောကြောင့် စိတ်ရိုင်းဝင်ကာ အာရုံစိုက်မရ ဖြစ်သောကြောင့်ပင်။
ပိုင်ရှင်မဲ့နယ်မြေ၏ ပထမနယ်စား၊ ထန်ထိုင်မိသားစု
စတုရန်းကီလိုမီတာ ငါးသိန်းကျော်ကို ပိုင်စိုးထားပြီး တာရှီဘုရင် ဖြစ်လိုသော ထန်ထိုင်မြဲ့မင်သည် စာအုပ်တစ်အုပ်ကို ကိုင်လျက် ရိုးရှင်းသော ချည်ထည်အဝတ်ကို ဝတ်ဆင်ထား၏။
ဆံပင်ကို ရိုးရှင်းစွာ စည်းနှောင်ထားသည်။ ရာသီဥတု ပူပြင်းသော်လည်း သူ့မျက်နှာပေါ်တွင် ချွေးတစ်စက်မှ မထွက်ပေ။
ဤလူသည် ပိုင်ရှင်မဲ့နယ်မြေတွင် တွေ့ရခဲသော သက်လတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသား ဖြစ်သည်။ သူ၏ အရှိန်အဝါသည် မြင့်မားလွန်းပြီး သာမန်လူနှင့် လုံးဝ မတူချေ။
သမီးဖြစ်သူ ထန်ထိုင်ဖူဖင်း၏ စကားကို ကြားချိန်မှာတော့ ထန်ထိုင်မြဲ့မင် ဘာမှ မပြောပေ။ လက်ကိုင်ရှည် ရေခွက်တစ်ခုကို ယူပြီး သစ်သားပုံးထဲမှ ရေကို ကန်ထဲသို့ ဖြည်းညင်းစွာ လောင်းထည့်လိုက်သည်။
အခန်းထဲတွင် ရေကို အပြင်မှ သယ်ဆောင်ပေးသော ရေဒလက်ငယ်တစ်ခု ရှိပြီး အလွန် လက်ရာ မြောက်သည့် အိမ်တွင်း အလှဆင်လက်ရာတစ်ခုဖြစ်၏။
“မော့မိသားစုက ဘဝင်မြင့်နေပြီ။”
ထန်ထိုင်မြဲ့မင်က ပြုံးကာ ပြောလိုက်သည်။ “ကျောထောက်နောက်ခံ အသစ် ရသွားတော့ ထန်ထိုင်မိသားစုကို မျက်လုံးထဲ မထည့်တော့ဘူး ထင်တယ်။”
ထန်ထိုင်ဖူဖင်းက မေးလိုက်၏။ “ဒါဆို သမီးတို့ ဘာလုပ်ကြမလဲ။”
“ဘာမှ မလုပ်ဘူး။ သူတို့ လုပ်ချင်တာ လုပ်ပါစေ။ သူ့သဘောပဲ။”
ထို့နောက် သမီးဖြစ်သူ၏ မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။ “ဖူဖင်း... သမီးရဲ့ မင်္ဂလာကိစ္စကို ဘယ်လို စဉ်းစားထားလဲ။ အခုအချိန်အထိ အိမ်ထောင်မပြုရင် အပျိုကြီး ဖြစ်သွားလိမ့်မယ်။ သဘောကျတဲ့ လူငယ်လူရွယ် မရှိဘူးလား။”
ဖခင်၏ စကားကို ကြားသော်လည်း ထန်ထိုင်ဖူဖင်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။
လေခွင်းချိုင့်ဝှမ်းအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
သို့ပေမည့် မော့ရယ် ပြောခဲ့သကဲ့သို့ပင် မည်သူမှ ကုန်စည်ကူးသန်းခြင်း မပြုကြသလို ရိက္ခာလည်း လာမရောင်းကြပေ။
ပထမအချက်... လေခွင်းမြို့တွင် ငွေမရှိတော့ချေ။ ဒုတိယအချက်... လေခွင်းမြို့သည် အသက်ဆက် နိုင်ခဲ့သော်လည်း အင်အားချည့်နဲ့နေပြီ ဖြစ်သည်။
ပိတ်ဆို့မှု ဖယ်ရှားလိုက်သော်လည်း ပြည်သူများမှာ ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်ပြီး သနားစရာ ကောင်းလှ၏။
သို့ပေမည့် လေခွင်းမြို့တွင်း အခြေအနေမှာမူ ကောင်းမွန်လာပြီး စစ်တပ်၏ စိတ်ဓာတ်လည်း မြင့်တက်လာသည်။
ရက်အနည်းငယ် ကြာပြီးနောက် မော့မိသားစုမှ ယန်ရွေ့ရှန် လေခွင်းမြို့သို့ ထပ်ရောက်လာသည်။ သူ၏ အမူအရာသည် ယခင်ကထက် ပိုမို မောက်မာလာ၏။
သူက တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ “ကျုပ် ဒီနေ့လာတာ သခင်ကြီးရဲ့ အမိန့်အရ နောက်ထပ် စစ်သည် နှစ်ထောင် လျှော့ချတာကို မျက်မြင် လာကြည့်တာ။ အရင်ပေးထားတဲ့ စပါးတင်းရေ တစ်သိန်း ကုန်တော့မယ် မဟုတ်လား။ ငတ်မသေချင်ရင် နောက်ထပ် သံချပ်ကာနဲ့ လက်နက်တွေ ပေးပြီး လဲလှယ်ကြ။ မှတ်ထား။ ဒါ အမိန့်ပဲ။ တောင်းဆိုတာ မဟုတ်ဘူး။”
ယန်ရွေ့ရှန်၏ အမူအရာသည် မော့ရယ်ထက်ပင် ပိုမို ဆိုးရွားနေသည်။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်၏။
ထို့ကြောင့် ကျင်းကျုံးယွဲ့သည် နောက်ထပ် စစ်သည်လျှော့ချရေး ပြဇာတ်ကို ကပြရပြန်သည်။
စစ်သည်များ၏ နာကျည်းမှု၊ မျက်ရည်များအကြားတွင် ကျင်းကျုံးယွဲ့သည် နောက်ထပ် စစ်သည် နှစ်ထောင်ကို လျှော့ချလိုက်ပြီး သံချပ်ကာနှင့် လက်နက်များကို သိမ်းဆည်းလိုက်၏။
လေခွင်းမြို့ စစ်သည်အင်အား တစ်သောင်းတွင် ထက်ဝက် လျော့ကျသွားပြီး ငါးထောင်သာ ကျန်ရှိတော့သည်။
ယန်ရွေ့ရှန် ဝမ်းသာအားရ ဖြစ်သွားပြီး မော့ရယ်ထံ ပြန်လည် သတင်းပို့လိုက်၏။
ကျင်းကျုံးယွဲ့၏ ပျော့ညံ့မှုကို မြင်လိုက်ရချိန်မှာတော့ မော့ရယ် လုံးဝ စိတ်ချလက်ချဖြစ်သွားသည်။
ယခုအခါ ကျင်းမိသားစု၏ ကံကြမ္မာသည် သူ့လက်ထဲတွင် ရှိနေ၏။ ကြိုးကို ဖြည်းဖြည်းချင်း ဆွဲလိုက်ရုံဖြင့် လေခွင်းမြို့တစ်ခုလုံးကို ဝါးမျိုနိုင်တော့မည်။
ထိုအခါကျမှ ကတိုးမွှေးသခင်မရဲ့ အရသာကို မြည်းစမ်းရုံမက ကျင်းကျုံးယွဲ့ရဲ့ အရသာကိုပါ မြည်းစမ်းရတော့မှာဖြစ်၏။
မေလ ၁၀ ရက်
မော့မိသားစုသည် ထန်ထိုင်မိသားစု၊ နင်မိသားစု၊ တာရှီမြို့ စသည်တို့ထံသို့ သံတမန်များ စေလွှတ်လိုက်သည်။
မေလ ၁၉ ရက်တွင် ပြုလုပ်မည့် လွှဲပြောင်းပွဲ အခမ်းအနားသို့ တက်ရောက်ရန် ပိုင်ရှင်မဲ့နယ်မြေရှိ နယ်စားများနှင့် အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားလိုက်၏။
ယခင်က လျှို့ဝှက်စာချုပ် ချုပ်ဆိုခဲ့ရခြင်းမှာ တစ်စုံတစ်ယောက်က ကြားမှ ဝင်ဖျက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထိုအချိန်က ပိုင်ယင်ဆားကွင်းနှင့် လန်ထျန်ဆားကွင်းတို့သည် ပိတ်ဆို့ခံထားရသောကြောင့် ကျင်းမိသားစု အပြည့်အဝ ပိုင်ဆိုင်ခြင်း မရှိသေးပေ။
ယခု အရာအားလုံး တည်ငြိမ်သွားပြီး ကျင်းမိသားစုသည် ပိတ်ဆို့မှုမှ လွတ်မြောက်သွားပြီ ဖြစ်သောကြောင့် သစ်ရွက်ကြွေနယ်မြေနှင့် ပိုင်ယင်ဆားကွင်းကို လွှဲပြောင်းပေးပိုင်ခွင့် ရှိသွားပြီ ဖြစ်သည်။
ထို့ကြောင့် တရားဝင် လွှဲပြောင်းသည့်နေ့တွင် နယ်စားများ အားလုံးကို ဖိတ်ကြားပြီး သက်သေအဖြစ် ထားရှိလိုခြင်း ဖြစ်၏။
အောင်ပွဲ အသီးအပွင့်ကို တရားဝင် စားသုံးရတော့မည်။ အခြားနယ်စားများက မနာလို ဖြစ်ကြမည်မှာ သေချာသည်။
သို့ပေမည့် ဘာတတ်နိုင်မည်နည်း။ စာချုပ်သည် အရာအားလုံးထက် ကြီးမား၏။
လွန်ခဲ့သော နှစ်ငါးဆယ်က ကျင်းကျုံးယွဲ့၏ အဘိုးသည် သစ်ရွက်ကြွေနယ်မြေကို မော့မိသားစုထံ နှစ်ငါးဆယ် ငှားရမ်းခဲ့စဉ်ကလည်း အစပိုင်းတွင် လျှို့ဝှက်စာချုပ် ချုပ်ဆိုခဲ့၏။ အခြေအနေ တည်ငြိမ်သွားချိန်မှသာ နယ်စားများ ရှေ့မှောက်တွင် တရားဝင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကလည်း နယ်စားများ မနာလို ဖြစ်ခဲ့ကြသည်။ သို့သော်ငြား ဤအသားတုံးကြီး မော့မိသားစု ပါးစပ်ထဲ ရောက်သွားသည်ကိုသာ လက်ပိုက်ကြည့်နေခဲ့ရ၏။
ပိုင်ရှင်မဲ့နယ်မြေသည် အင်အားကြီးသူကိုသာ ကြောက်ရွံ့သည်။ ယခု မော့မိသားစု အင်အားကြီးမားနေပြီ ဖြစ်ရာ ထန်ထိုင်မိသားစု မကျေနပ်လျှင်တောင် ရန်သူအဖြစ် သတ်မှတ်ရဲမည် မဟုတ်ပေ။
မော့မိသားစု နောက်ကွယ်တွင် အင်အားကြီးသော ကျောထောက်နောက်ခံ ရှိနေသည်ကို မေ့လျော့နေရန် မသင့်သေးချေ။
ဖိတ်စာရရှိသော နယ်စားများသည် အံ့သြသွားကြပြီးနောက် သဘောပေါက်သွားကြသည်။
‘ဒီလိုကိုး... မော့မိသားစုက ကျင်းမိသားစုကို လွှတ်ပေးလိုက်တယ် ဆိုတာ နောက်ကွယ်မှာ သဘောတူညီချက် ရှိနေလို့ပဲ။ ဒီတစ်ခါ ကျင်းမိသားစု ဘယ်လောက် ပေးဆပ်လိုက်ရသလဲ မသိဘူး။ သနားစရာ ကျင်းကျုံးယွဲ့၊ သနားစရာ သတိမေ့နေတဲ့ ကျင်းအဲ့ပါလား။’
ဤတစ်ကြိမ်မှာတော့ ကျင်းမိသားစု သွားပြီဖြစ်၏။ ချက်ချင်း သေမည့်အစား ဖြည်းဖြည်းချင်း သေမည့်လမ်းကို ရွေးလိုက်ခြင်းသာရှိသည်။
နယ်စားအများကြီး၏ ဝိုင်းဝန်း အမဲဖျက်ခြင်းကို မခံရဘဲ မော့မိသားစု တစ်ယောက်တည်း၏ ဝါးမျိုခြင်းကို ခံလိုက်ရခြင်းဖြစ်၏။
သို့ပေမည့် နယ်စားများသည် မေလ ၁၉ ရက်တွင် ပိုင်ယင်ဆားကွင်း၌ ပြုလုပ်မည့် လွှဲပြောင်းပွဲ အခမ်းအနားသို့ တက်ရောက်ရန် သဘောတူလိုက်ကြသည်။
မေလ ၁၈ ရက်
မနက်ဖြန်သည် နေ့ထူးနေ့မြတ် ဖြစ်သည်။ ကံကြမ္မာကို ဆုံးဖြတ်မည့် အခိုက်အတန့်ဖြစ်၏။
သို့ပေမည့် ကျင်းမိသားစု၏ ကံကြမ္မာကို မဟုတ်ဘဲ မော့မိသားစု၏ ကံကြမ္မာကို ဆုံးဖြတ်မည့်နေ့ ဖြစ်လို့နေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မ... သွားကြစို့။”
ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်ပြီး ခမ်းနားထည်ဝါသော မြင်းလှည်းပေါ်သို့ တက်လိုက်သည်။
မြင်းစီးတပ်သား တစ်ထောင်၏ အစောင့်အရှောက်ဖြင့် လေခွင်းမြို့မှ ထွက်ခွာပြီး ပိုင်ယင်ဆားကွင်းသို့ ဦးတည်လိုက်၏။
မြင်းလှည်းထဲတွင် ကျင်းကျုံးယွဲ့ အပြင် လှပစွာ ပြင်ဆင်ထားသော ကတိုးမွှေးသခင်မလည်း ပါလာသည်။
ယွင်ကျုံးဟဲ့သည် ဤလှပသော အမျိုးသမီးကို အနီးကပ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူ ထင်ထားသည်နှင့် မတူပေ။
ယခင်က ယွင်ကျုံးဟဲ့သည် သူမ၏ အချစ်တော်အဖြစ် မြို့စားအိမ်တော်သို့ ဝင်ရောက်ရန် စီစဉ်ခဲ့ဖူးသောကြောင့် သူမသည် ရမ္မက်ဆန်သော အမျိုးသမီးဟု ထင်မှတ်နေခဲ့သည်။
တကယ်တမ်းတွင် လုံးဝ မတူပေ။ သူမသည် လှပရုံမက အနုပညာဆန်သော အငွေ့အသက်များ ရှိနေသည်။ နင်ချင်းကဲ့သို့ မာနကြီးသော အလှမျိုး မဟုတ်ဘဲ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အလှမျိုး ဖြစ်၏။
သူမကို ခေါ်လာရခြင်းမှာ မော့ရယ်၏ အမိန့်ကြောင့် ဖြစ်သည်။
မော့ရယ်က ပြောထားသည်။ လွှဲပြောင်းပွဲ အခမ်းအနားတွင် လေခွင်းမြို့အနေဖြင့် ကတိုးမွှေးသခင်မကိုပါ ပို့ဆောင်ပေးရမည်။ ပိုင်ယင်ဆားကွင်းတွင် မယားငယ် တော်ကောက်သည့် အခမ်းအနား ပြုလုပ်ပြီး မော့ရယ်၏ အိပ်ခန်းထဲသို့ ပို့ဆောင်ရမှာ ဖြစ်သည်။ တစ်နည်းအားဖြင့် လက်ထပ်ခြင်း ဖြစ်၏။
မော့ရယ်က လူတိုင်းကို သိစေချင်သည်မှာ ယနေ့မှစ၍ လေခွင်းမြို့သည် ရှီးယွီမြို့၏ လက်အောက်ခံ ဖြစ်သွားပြီ ဟူ၍ပင်။
လူရှေ့သူရှေ့၌ ကတိုးမွှေးသခင်မကို ဆက်သခိုင်းခြင်းသည် ကျင်းကျုံးယွဲ့၏ အညံ့ခံမှုကို ပိုမို ပေါ်လွင်စေသည်။ လှပစွာ ပြင်ဆင်ထားသော ကတိုးမွှေးသခင်မသည် မော့ရယ်အတွက် နောက်ဆုံး ထားရှိသော ထောင်ချောက် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် သံသေတ္တာ တစ်လုံးကို အချိန်ပြည့် ပွေ့ပိုက်ထား၏။ လျှို့ဝှက်စာချုပ် ပါဝင်သည့် မော့မိသားစု ပေးထားသော သေတ္တာဖြစ်ပြီး တံဆိပ်တုံးများ ခတ်နှိပ်ထား၏။
တကယ်တမ်းတွင်မူ တံဆိပ်တုံးများ လဲလှယ်ပြီး ဖြစ်သည်။ ဤတံဆိပ်တုံးက ရိုးရှင်းသည် မဟုတ်ပေ။ ငွေစက္ကူများကဲ့သို့ ရှုပ်ထွေးသော ဒီဇိုင်းများ ပါဝင်သည်။
တံဆိပ်တုံး လေးငါးခု၏ ပုံစံများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး လျှို့ဝှက်အမှတ်အသားများလည်း ပါရှိသည်။ အတိုချုပ်ပြောရလျှင် အတုလုပ်ရန် အလွန် ခက်ခဲသည်။ ဤကမ္ဘာမှာ အတုလုပ်လို့ မရနိုင်လောက်အောင်ပင်။
သို့ပေမည့် အမှတ် (၂၃) လူနာ ဒါဗင်ချီအတွက်တော့ ထမင်းစားရေသောက်သလောက် လွယ်ကူလှသည်။
“အဆင်သင့် ဖြစ်ပြီလား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
သူမ၏ မျက်လုံးများသည် ယွင်ကျုံးဟဲ့ ရင်ခွင်ထဲမှ သေတ္တာကို ကြည့်နေသည်။
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မနက်ဖြန် ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရုံပါပဲ။ မော့မိသားစုကို နတ်ပြည်ကနေ ငရဲပြည်အထိ ဆွဲချပေးပါ့မယ်။”
လေခွင်းမြို့နှင့် ပိုင်ယင်ဆားကွင်းသည် မိုင်သုံးဆယ်ခန့်သာ ဝေးသည်။ မေလ ၁၈ ရက် ညပိုင်းတွင် ကျင်းကျုံးယွဲ့ ဦးဆောင်သော မြင်းစီးတပ်သား တစ်ထောင်သည် ပိုင်ယင်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပိုင်ယင်ရဲတိုက်သည် အလွန် ကြီးမားပြီး မြို့စားအိမ်တော်နှင့် မတိမ်းမယိမ်း ကျယ်ဝန်း၏။
ယခုအခါ ပိုင်ရှင်မဲ့နယ်မြေမှ နယ်စားများနှင့် ကိုယ်စားလှယ် အများအပြား ရောက်ရှိနေပြီ ဖြစ်သည်။ လူရာပေါင်းများစွာ ရှိနေသောကြောင့် ကြီးကျယ်ခမ်းနားလှလွန်းလှသည်။
ဤလူများ အားလုံးကို မော့မိသားစုက ဖိတ်ကြားထားခြင်းဖြစ်ပြီး မနက်ဖြန် လွှဲပြောင်းပွဲ အခမ်းအနားတွင် သက်သေလိုက်ပေးရန် ဖြစ်၏။
မော့မိသားစုက နယ်စားများ အားလုံးကို ဖိတ်ကြားပြီး မော့မိသားစု၏ အောင်မြင်မှုကို ပြသလိုခြင်း ဖြစ်သည်။
သို့ပေမည့် ရလဒ်က ငရဲပြည်သို့ ဆင်းရခြင်း ဖြစ်သွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့ စိတ်ထဲတွင် ဟားတိုက် ရယ်မောနေမိ၏။ ‘မနက်ဖြန် ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ။ ဟား ဟား ဟား ဟား...’
တစ်ညတာ ကုန်ဆုံးသွားသည်။ မေလ ၁၉ ရက်၊ သမိုင်းဝင်မည့် နေ့ရက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
.................
***