ယနေ့ လွှဲပြောင်းပွဲ အခမ်းအနားကို ပိုင်ယင်ဆားကွင်း ဘေးတွင် ပြုလုပ်၏။
ခြောက်လခန့် ပြုပြင်ပြီးနောက် ဤကြီးမားသော ဆားကွင်းသည် ထုတ်လုပ်မှု ပြန်လည် စတင်နိုင်ပြီ ဖြစ်သည်။
ဆရာကြီး ဇိုအန်သည် လဝက်ခန့် ကြိုတင်ရောက်ရှိနေပြီး ဆားကွင်းဘေးတွင် ကြီးမားသော စင်မြင့်တစ်ခု တည်ဆောက်ထား၏။
ဤစင်မြင့်သည် ကွင်းပြင်ထဲတွင်ရှိပြီး သစ်သားများဖြင့် တည်ဆောက်ထားကာ သုံးမီတာကျော် မြင့်၏။ အခမ်းအနား တစ်ခုလုံးကို ဤစင်မြင့်ပေါ်တွင် ပြုလုပ်မှာဖြစ်သည်။
စင်မြင့်ပေါ်တွင် ထိုင်ခုံ ဒါဇင်ပေါင်းများစွာ ရှိပြီး နယ်စားများနှင့် အရေးကြီး ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။ စင်မြင့်အောက်တွင် ထိုင်ခုံ ရာပေါင်းများစွာ ရှိပြီး ဧည့်သည်တော်များအတွက် ဖြစ်၏။
ကွင်းပြင်အပြင်ဘက်တွင် စစ်သည် ထောင်ပေါင်းများစွာ တန်းစီလျက် ရှိသည်။ ကျင်းကျုံးယွဲ့ ခေါ်လာသော စစ်သည် တစ်ထောင်အပြင် အခြားနယ်စားများ ခေါ်လာသော ကိုယ်ရံတော်များပါ ပေါင်းလိုက်လျှင် စစ်သည် ထောင်ချီ ရှိနေသည်။
ယနေ့ နေရောင်ခြည်သည် ပြင်းထန်ပြီး အပူချိန် ၃၆၊ ၃၇ ဒီဂရီ စင်တီဂရိတ်ခန့် ရှိသည်။ နေပူရှိန်ကြောင့် မြေပြင်အပူချိန်သည် ၄၀ ဒီဂရီ ကျော်လွန်နိုင်၏။
နေရထိုင်ရ ခက်ခဲလှသည်။ သို့ပေမည့် မတတ်နိုင်ပေ။ ယနေ့သည် ကြီးကျယ်သော ပွဲလမ်းသဘင် ဖြစ်နေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့နှင့် ဇိုအန်တို့ ခြံရံလျက် ကျင်းကျုံးယွဲ့သည် စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။ သူမ၏ ဘေးတွင် ကတိုးမွှေးသခင်မ ပါလာသည်။
ရာသီဥတု ပူပြင်းသော်လည်း ကျင်းကျုံးယွဲ့ထံမှ ချွေးတစ်စက်မှ မထွက်ပေ။ သူမ၏ ခန္ဓာကိုယ်သည် ရေခဲတုံးကဲ့သို့ အေးမြနေပြီး မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေ၏။
ကတိုးမွှေးသခင်မမှာမူ ချွေးများ ရွှဲနစ်နေပြီး လှပသော မျက်နှာလေး နီရဲနေသောကြောင့် ပိုမို ဆွဲဆောင်မှု ရှိနေသည်။
ဧည့်သည်တော် အများစု ရောက်ရှိနေပြီ ဖြစ်သည်။ ကတိုးမွှေးသခင်မကို မြင်ချိန်မှာတော့ အနည်းငယ် အံ့သြသွားကြ၏။ ‘သူ ဘာလာလုပ်တာလဲ။’
သို့ပေမည့် ချက်ချင်းပဲ သဘောပေါက်သွားကြသည်။ မော့ရယ်အတွက် မယားငယ်အဖြစ် ဆက်သရန် ပါလာခြင်း ဖြစ်သည်။
အခြားနည်းဖြင့် ပြောရလျှင် ကတိုးမွှေးသခင်မသည် ဆက်သပစ္စည်းဖြစ်ပြီး လေခွင်းမြို့က မော့မိသားစုကို အညံ့ခံကြောင်း ပြသခြင်း ဖြစ်၏။
လူတိုင်းက ကျင်းကျုံးယွဲ့ကို သနားကြင်နာသော မျက်လုံးများ၊ အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကြသည်။
‘ကျင်းကျုံးယွဲ့... ခင်ဗျားက ခေါင်းမာတယ်။ မာနကြီးတယ်ဆို၊ ဘာလို့ အခု ဒူးထောက်လိုက်တာလဲ။ ပိုင်ယင်ဆားကွင်းကို ပေးရုံမက ကိုယ့်အဒေါ်အရင်းကိုပါ မော့ရယ်ရဲ့ ခုတင်ပေါ် ပို့ပေးရသလား။ မိန်းမက မြို့စားလုပ်တော့ ဒီလို ဖြစ်တာပေါ့။ ကျင်းအဲ့သာ သတိရလာရင် ဒေါသထွက်လွန်းလို့ သေသွားမလား မသိဘူး။ ကျင်းမိသားစု ဘိုးဘေးတွေလည်း သင်္ချိုင်းကုန်းထဲကနေ ထလာလောက်တယ်။’
......
ကျင်းကျုံးယွဲ့ ရောက်ရှိပြီးနောက် မြေကြီး တုန်ခါသံများ ကြားလိုက်ရပြီး စစ်တပ်တစ်တပ် ရောက်လာ၏။
ခဏအကြာတွင် မော့မိသားစု၏ စစ်သည် နှစ်ထောင်သည် ကွင်းပြင်ထဲသို့ ညီညာစွာ ဝင်ရောက်လာကြပြီး အလယ်တွင် ကြီးမားသော မြင်းလှည်းတစ်စီး ပါလာသည်။
မော့မိသားစု စစ်သည်များသည် ကျင်းမိသားစု စစ်သည်များနှင့် မျက်နှာချင်းဆိုင်တွင် တန်းစီရပ်လိုက်ကြ၏။
မော့ချို မြင်းပေါ်မှ ဆင်းပြီး မြင်းလှည်းတံခါးကို ရိုသေစွာ ဖွင့်ပေးလိုက်သည်။
မော့ရယ်သည် စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားပြီး ရွှေရောင် ဝတ်ရုံကို လွှမ်းခြုံထားကာ ခမ်းနား ထည်ဝါစွာ ဆင်းလာ၏။
သူ့နောက်တွင် စာရေးတော်ကြီး ယန်ရွေ့ရှန် ပါလာပြီး တံဆိပ်ခတ်ထားသော သံသေတ္တာ တစ်လုံးကို ပွေ့ပိုက်ထားသည်။
သုံးဦးသားသည် စင်မြင့်ပေါ်သို့ တက်လှမ်းလာပြီး ကျင်းကျုံးယွဲ့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြ၏။
မော့ရယ်သည် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ကတိုးမွှေးသခင်မကို မြင်ချိန်မှာတော့ မျက်လုံးများ မှေးစင်းသွားပြီး ကျေနပ်အားရသွားသည်။
ကျင်းကျုံးယွဲ့က ကတိုးမွှေးသခင်မကို လူရှေ့သူရှေ့ ခေါ်လာခြင်းသည် ကြီးမားသော အရှက်တကွဲ ဖြစ်ရပ်ပင်။
ဤသည်မှာ လုံးဝ ဒူးထောက်အညံ့ခံကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ သူက ကျင်းကျုံးယွဲ့ကို အမိန့်ပေးထားသည် မဟုတ်ပါလား။ ယနေ့ ယွင်အောက်ထျန်းကို မမြင်ချင်ပေ။ လေခွင်းမြို့ကနေ မောင်းထုတ်လိုက်ရမည် ဟု မှာထား၏။ အဘယ်ကြောင့် ဤလူ ပါလာရသေးသနည်း။
ထို့ကြောင့် သူ့မျက်နှာ တင်းမာသွားပြီး ကျင်းကျုံးယွဲ့ကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ မကြာခင် သခင်ကြီး၏ ဒေါသ မည်မျှ ကြီးမားကြောင်း ကျင်းကျုံးယွဲ့ သိရတော့ပေမည်။
ထိုစဉ် နောက်ထပ် လူတစ်စု ရောက်လာသည်။ ကြားလူအဖြစ် ဆောင်ရွက်မည့် တာရှီစာသင်ကျောင်းမှ ဖြစ်၏။
မြင်းလှည်း ရပ်တန့်သွားပြီး ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ဆင်းလာသည်။ သူ၏ လက်ထဲတွင် တံဆိပ်ခတ်ထားသော သံသေတ္တာ တစ်လုံးကို ပွေ့ပိုက်ထားသည်။
ယခုအခါ လျှို့ဝှက်စာချုပ် သေတ္တာ သုံးလုံးစလုံး စုံညီသွားပြီ ဖြစ်၏။
အားလုံး၏ မျက်လုံးများသည် ထိုသေတ္တာ သုံးလုံးအပေါ်သို့ ရောက်နေသည်။ ထန်ထိုင်မိသားစု ကိုယ်စားလှယ်၊ နင်မိသားစု ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြသည်။
ထန်ထိုင်မိသားစုဘက်မှ ထန်ထိုင်ဖူဖင်းနှင့် စာရေးတော်ကြီးလင် တို့ဖြစ်သည်။ နင်မိသားစုဘက်မှ နင်လျန်ဟွာနှင့် စာရေးတော်ကြီး တစ်ဦး ပါဝင်လာ၏။
အရေးကြီးပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ စင်မြင့်ပေါ်သို့ တက်ရောက်ပြီး နေရာယူကြသည်။ လူစုံပြီဖြစ်ပြီး အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူမှာ ဝေကုန်း ဖြစ်သည်။
ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ နှံကောင်အော်သံများ ဆူညံနေ၏။
ဤကဲ့သို့သော အပူချိန်တွင် ဖော့စဖရပ်ဖြူများသည် မည်သည့်နည်းနှင့်မှ မနေနိုင်တော့ဘဲ အလိုအလျောက် မီးလောင်ကျွမ်းသွားမှာဖြစ်သည်။
ဝေကုန်းက မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ “ဒီနေ့ အစီအစဉ် သုံးခု ရှိပါတယ်။ ပထမအချက်... ခေါင်းဖြတ်မယ်။ ဒုတိယအချက်.... စာချုပ်ကို ထုတ်ပြန်ကြေညာမယ်။ တတိယအချက်... တရားဝင် လွှဲပြောင်းမယ်။
ပထမအစီအစဉ်ကို စလိုက်ကြရအောင်။ အားလုံး သိကြတဲ့အတိုင်း လွန်ခဲ့တဲ့ ခြောက်လလောက်က ပိုင်ယင်နယ်မြေမှာ ဆားအဆိပ်သင့်မှုနဲ့ ဆားတွင်းပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း သုံးထောင်နီးပါး သေဆုံးဒဏ်ရာရခဲ့ပါတယ်။ တကယ့်ကို ရင်နာစရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုပါ။
မဟာမိတ် စုံစမ်းစစ်ဆေးရေးအဖွဲ့က ခြောက်လကြာ စစ်ဆေးပြီးတဲ့နောက် အမှန်တရား ပေါ်ပေါက်ခဲ့ပါပြီ။ တရားခံကတော့ ပိုင်ယင်နယ်မြေ အရာရှိဟောင်း လီကျင်းကျုံး ဦးဆောင်တဲ့ သူပုန်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်ယင်ဆားကွင်း လူသတ်ပွဲမှာ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ပေးကြပါ။”
ဧည့်သည်တော် ရာပေါင်းများစွာနှင့် စစ်သည် ထောင်ပေါင်းများစွာ ခေါင်းငုံ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ကြ၏။
တစ်မိနစ်ခန့် ကြာပြီးနောက် ဝေကုန်းက ဆက်ပြောလိုက်သည်။ “မဟာမိတ် အစည်းအဝေး ဆုံးဖြတ်ချက်အရ လီကျင်းကျုံးနဲ့ သူပုန်အဖွဲ့ကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။”
ပိုင်ယင်နယ်မြေ အရာရှိဟောင်း လီကျင်းကျုံးနှင့် လူပေါင်း ၇၉ ဦးကို ဆွဲထုတ်လာပြီး ဒူးထောက်ခိုင်းလိုက်၏။
“ခေါင်းဖြတ်...” ဝေကုန်း အမိန့်ပေးလိုက်သည်။
“ရွှပ်... ရွှပ်... ရွှပ်... ရွှပ်...”
ကွပ်မျက်သူများက ဓားမကြီးများကို မြှောက်ကာ ခုတ်ချလိုက်ကြ၏။
လီကျင်းကျုံးတို့၏ ခေါင်းများ ပြတ်ကျသွားပြီး သွေးများ ပန်းထွက်ကာ မြေပြင်ကို ရဲရဲနီသွားစေသည်။
သနားစရာ လီကျင်းကျုံးပင်။ ဤပူးပေါင်းကြံစည်မှုတွင် သူသည် ဇာတ်ပို့သာ ဖြစ်သည်။ တကယ့် တရားခံက မော့မိသားစု ဖြစ်နေ၏။
ယခု သူ့ကို မော့မိသားစုက ရက်စက်စွာ စတေးလိုက်သည်။ အော်ဟစ်ငြင်းဆိုခွင့်လည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့လျှာကို ဖြတ်ထားပြီး ဆေးတိုက်ထားခြင်း ခံရကာ သတိလစ် မေ့မြောနေသောကြောင့် ဖြစ်သည်။
သို့ပေမည့် ဤလူများသည် သေသင့်သည်ကား အမှန်ပင်ဖြစ်၏။ လေခွင်းမြို့၏ အရာရှိ ဖြစ်ပါလျက် ရန်သူနှင့် ပေါင်းပြီး သခင်ကို လုပ်ကြံခြင်းသည် ခွင့်လွှတ်စရာ မရှိသော အပြစ် ဖြစ်၏။
လူဒါဇင်ပေါင်းများစွာကို တပြိုင်နက် ခေါင်းဖြတ်လိုက်သောကြောင့် အခမ်းအနားသည် တိတ်ဆိတ်ငြိမ်သက် သွားသည်။
သို့ပေမည့် ဤသွေးစွန်းသော မြင်ကွင်းသည် မော့ရယ်၏ အာဏာရမ္မက်ကို ပိုမို နိုးကြားစေသည်။ ဤသွေးများနှင့် ခေါင်းများသည် အကောင်းဆုံးသော ပန္နက်ချမှု ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။
ယနေ့ မော့မိသားစု အထွတ်အထိပ်သို့ ရောက်ရှိတော့မည်။ မနက်ဖြန်မှစ၍ မော့မိသားစုသည် ထန်ထိုင်မိသားစုနှင့် ရင်ဘောင်တန်းနိုင်တော့မည်။
ဝေကုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒုတိယအစီအစဉ်အရ စာချုပ် ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါတယ်။”
သက်ကြီးရွယ်အို အချို့သည် လွန်ခဲ့သော နှစ်ငါးဆယ်က အဖြစ်အပျက်ကို ပြန်လည် သတိရလိုက်မိ၏။ ‘ဆင်တူလိုက်တာ။’
ထိုစဉ်ကလည်း ကျင်းမိသားစုသည် မော့မိသားစုနှင့် လျှို့ဝှက်စာချုပ် ချုပ်ဆိုပြီး သစ်ရွက်ကြွေနယ်မြေကို နှစ်ငါးဆယ် ငှားရမ်းခဲ့ရသည်။ ထိုစဉ်ကလည်း ယနေ့ကဲ့သို့ နေရောင်ခြည် ပူပြင်းနေခဲ့သည်။
နယ်စားများ ရှေ့မှောက်တွင် စာချုပ်ကို ထုတ်ပြန်ပြီး တရားဝင် လွှဲပြောင်းခဲ့ရသည်။ နေရာမတူသည်ကလွဲ၍ ကျန်တာ အားလုံး တူညီနေ၏။
ယနေ့ ကျင်းမိသားစုသည် နောက်ထပ် တိုင်တစ်တိုင် ပြိုလဲရတော့မည်။ ယနေ့ကစပြီး လေခွင်းမြို့ ကျင်းမိသားစုသည် မော့မိသားစု၏ လက်အောက်ခံ ဖြစ်သွားပြီး ပျက်စီးမည့်နေ့ကို စောင့်မျှော်ရပေတော့မည်။
ဝေကုန်းက ပြောလိုက်သည်။ “သုံးဦးစလုံး စာချုပ်သေတ္တာတွေကို စားပွဲပေါ် တင်ပေးပါ။”
ယွင်ကျုံးဟဲ့၊ မော့မိသားစု၊ ကျူ့ထျန်းဖန် တို့သည် သံသေတ္တာများကို စားပွဲပေါ် တင်လိုက်ကြ၏။
ဝေကုန်းက ထပ်ပြောလိုက်သည်။ “သေတ္တာသုံးလုံး တူညီမှု ရှိ၊ မရှိ လူကြီးမင်းတို့ စစ်ဆေးပေးပါ။”
အားလုံး စစ်ဆေးကြသည်။ သေတ္တာ သုံးလုံး တစ်ပုံစံတည်း တူညီနေ၏။
“သုံးဖက်စလုံးက ကိုယ့်သေတ္တာ ဟုတ်မဟုတ် စစ်ဆေးပေးပါ။”
ယွင်ကျုံးဟဲ့၊ ကျူ့ထျန်းဖန်၊ မော့မိသားစုတို့ စစ်ဆေးပြီး ခေါင်းညိတ်ကြသည်။
သူတို့က သဘောတူလိုက်၏။ “ဟုတ်ပါတယ်။ စာချုပ်ထည့်ထားတဲ့ သေတ္တာတွေပါ။”
ဝေကုန်းက ပြောလိုက်သည်။ “လူကြီးမင်းတို့... သေတ္တာတွေပေါ်က တံဆိပ်တုံးတွေ ပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးပေးပါ။”
အရေးကြီးပုဂ္ဂိုလ်များ စစ်ဆေးကြသည်။ တံဆိပ်တုံးများ လုံးဝ မပျက်စီးပေ။
“သုံးဦးစလုံးက ကိုယ့်သေတ္တာပေါ်က တံဆိပ်တုံးတွေ ဟုတ်မဟုတ် စစ်ဆေးပေးပါ။”
ယွင်ကျုံးဟဲ့၊ ကျူ့ထျန်းဖန်၊ မော့မိသားစုတို့ ရှေ့တိုးပြီး သေချာ စစ်ဆေးကြသည်။ တံဆိပ်တုံး ဒီဇိုင်း၊ လျှို့ဝှက်အမှတ်အသား၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုများကို စစ်ဆေးကြ၏။
မော့မိသားစုမှ ယန်ရွေ့ရှန်က စေ့စပ်သေချာစွာ စစ်ဆေးနေသည်။
ယွင်ကျုံးဟဲ့ လုံးဝ မပူပန်ပေ။ ‘ဒါဗင်ချီ၏ လက်ရာကို ခင်ဗျားတို့ ရိပ်မိရင် နတ်ဘုရား ဖြစ်သွားမှာပေါ့။ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားတောင် အတုလုပ်နိုင်သေးတာ၊ ဒီလောက် တံဆိပ်တုံးလောက်ကတော့ ပြောမနေနဲ့။’
ယန်ရွေ့ရှန်နှင့် ကျူ့ထျန်းဖန်တို့ စစ်ဆေးပြီးနောက် မည်သည့် အပြစ်အနာအဆာမှ မတွေ့ရပေ။
ဝေကုန်းက မေးလိုက်သည်။ “သုံးဦးစလုံး အတည်ပြုပါသလား။”
အားလုံးက ခေါင်းညိတ်လိုက်၏။ “အတည်ပြုပါတယ်။”
ဝေကုန်းက ထပ်မေးလိုက်သည်။ “သေတ္တာတွေလည်း မှန်တယ်။ တံဆိပ်တုံးတွေလည်း မှန်တယ်။ ပျက်စီးတာလည်း မရှိဘူး။ ဒါဆို သေတ္တာထဲက စာချုပ်တွေက တရားဝင်တယ် ဆိုတာ လက်ခံပါသလား။”
“လက်ခံပါတယ်။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။
“လက်ခံပါတယ်။” မော့ရယ်က ပြောသည်။
“လက်ခံပါတယ်။” ကျူ့ထျန်းဖန်က ပြောလိုက်၏။
ဝေကုန်းက မေးလိုက်သည်။ “စာချုပ်ကို ဘယ်သူက အရင် စတင်ခဲ့တာလဲ။”
ကျူ့ထျန်းဖန်နှင့် မော့ရယ်တို့က ကျင်းကျုံးယွဲ့ကို ကြည့်လိုက်ကြ၏။ “ကျင်းမိသားစုပါ။”
ဝေကုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါဆို လေခွင်းမြို့ဘက်က တံဆိပ်ခွာပြီး စာချုပ်ကို ထုတ်ယူပါ၊ ပြီးရင် လူတိုင်းကြားအောင် ဖတ်ပြပါ။”
ယွင်ကျုံးဟဲ့ ဓားငယ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး မြှောက်ပြလိုက်သည်။ ထို့နောက် လူတိုင်းရှေ့တွင် တံဆိပ်တုံးကို ဖြတ်လိုက်၏။
သော့တစ်ချောင်း ထုတ်ပြီး သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာကို မြှောက်ပြီး ၃၆၀ ဒီဂရီ လှည့်ပြသည်။ နောက်ဆုံးတွင် သေတ္တာထဲမှ စာချုပ်ကို ထုတ်ယူလိုက်ပြီး ထပ်မံ မြှောက်ပြလိုက်သည်။
ဝေကုန်းက ပြော၏။ “လေခွင်းမြို့ဘက်က စာချုပ်ကို ဖတ်ပြပါ။”
ယွင်ကျုံးဟဲ့ စာချုပ်ကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။
အားလုံး နားစွင့်နေကြ၏။
မော့ရယ် မျက်လုံးမှိတ်ပြီး ဇိမ်ခံနေသည်။ အရက်မသောက်ရသေးသော်လည်း မူးနေသကဲ့သို့ ခံစားရသည်။
‘ဒီစာချုပ် ဖတ်ပြီးတာနဲ့ သစ်ရွက်ကြွေနယ်မြေက မော့မိသားစုပိုင် ဖြစ်သွားပြီ။ ဆားကွင်းလည်း ရပြီ။ တစ်နှစ်ကို ဝင်ငွေ ငါးသိန်း။ ပိုက်ဆံရှိ၊ စပါးရှိတဲ့ မော့မိသားစုက အာဏာရှင် ဖြစ်တော့မယ်။ မော့မိသားစု ဘိုးဘေးတို့... မြင်ကြရဲ့လား။ ဒီနေ့ မော့မိသားစု ထိပ်ဆုံး ရောက်တော့မယ်။
ကျုပ် မော့ရယ်က ရာစုနှစ်ပေါင်းများစွာအတွင်း အတော်ဆုံး ခေါင်းဆောင် ဖြစ်တော့မယ်။ ကျုပ်သား မော့ချို... မင်း တော်တယ်ကွာ။ ပိုင်ယင်ဆားကွင်း လူသတ်ပွဲကို စီစဉ်ပြီး မိသားစုအတွက် အကျိုးအမြတ်ကြီး ရအောင် ယူပေးနိုင်ခဲ့တယ်။ ရန်သူတော်ကြီး ကျင်းမိသားစုကို မြေမြှုပ်နိုင်ခဲ့တယ်။ ဒီနေ့ကစပြီး ကျင်းမိသားစုက ကျုပ်ခြေထောက်အောက် ရောက်သွားပြီ။ ဟား ဟား ဟား ဟား...’
မော့ချိုလည်း မျက်လုံးမှိတ်ပြီး နားထောင်နေသည်။ သို့သော်ငြား အဘယ့်ကြောင့်မှန်းမသိ မျက်ခွံများ လှုပ်နေ၏။
သို့ပေမည့် သူလည်း ကျေနပ်နေသည်။ မော့မိသားစုက လူအများကြီးကို ရန်စခဲ့ရပေမဲ့ ရလိုက်တဲ့ အကျိုး အမြတ်က ကြီးမားလွန်းသည်။
ကံတရားက မော့မိသားစုဘက်မှာ ရှိနေသည်။ အားလုံးက သမိုင်းဝင် အခိုက်အတန့်ကို စောင့်မျှော်နေကြသည်။ လေခွင်းမြို့ ကျင်းမိသားစုက ယနေ့တွင် ပျက်စီးပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့က ငိုသံပါကြီးဖြင့် လက်များ တုန်ယင်လျက် စာချုပ်ကို ဖတ်ပြလိုက်သည်။ “မော့မိသားစုက ကျင်းမိသားစုထံမှ သစ်ရွက်ကြွေနယ်မြေကို ငှားရမ်းထားသည်မှာ နှစ်ငါးဆယ် ပြည့်ပြီ ဖြစ်သောကြောင့် သစ်ရွက်ကြွေနယ်မြေ ၁,၃၀၀ စတုရန်းကီလိုမီတာကို ကျင်းမိသားစုထံ တရားဝင် ပြန်လည် ပေးအပ်ပါသည်။”
ထိုစကား ကြားလိုက်ရချိန်မှာတော့ အားလုံး ကြက်သေ သေကုန်ကြ၏။ ‘ဟမ်... ဒါ ဘာဖြစ်သွားတာလဲ။ ဒီစာချုပ်က သစ်ရွက်ကြွေနယ်မြေကို မော့မိသားစုက အပြီးအပိုင် ယူမယ်။ ဆားကွင်းကို ငှားမယ်ဆိုတဲ့ စာချုပ် မဟုတ်ဘူးလား။ ဘာလို့ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးမယ် ဖြစ်သွားတာလဲ။’
မော့ရယ်၊ မော့ချို၊ ကျူ့ထျန်းဖန်၊ ဝေကုန်းတို့ အားလုံး ကြောင်အသွားကြသည်။
ခဏအကြာတွင် မော့ရယ် ဒေါသတကြီး အော်ပြောလိုက်၏။ “ယွင်အောက်ထျန်း... ဒီအချိန်ရောက်မှ စာချုပ်ကို လျှောက်ဖတ်နေတာလား၊ သေချင်နေတာလား။ လာကြစမ်း။ ဒီကောင်ကို ဖမ်းပြီး ရိုက်သတ်ကြ။”
“နေအုံး။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ ရှေ့တွင် ရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။ “ဘယ်သူ လုပ်ရဲလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လူကြီးမင်းတို့... စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ သစ်ရွက်ကြွေနယ်မြေ နှစ်ငါးဆယ် ငှားရမ်းတာ ပြည့်လို့ မော့မိသားစုက ပြန်ပေးမယ်တဲ့။ မော့ရယ် လက်မှတ်ထိုးထားတဲ့ စာချုပ်က ဒါပဲလေ။ အခုမှ ဘာလို့ ငြင်းနေတာလဲ။
အားလုံး လာကြည့်ကြပါ။ ဒီစာချုပ်ပေါ်က လက်ရေးက ကျူ့ထျန်းဖန်ရဲ့ လက်ရေး ဟုတ်မဟုတ်၊ မော့ရယ်ရဲ့ လက်မှတ် ဟုတ်မဟုတ်၊ မော့ရယ်ရဲ့ တံဆိပ်တုံး ဟုတ်မဟုတ် လာကြည့်ကြပါ။ အတုအယောင် ပါသလားလို့။ လာကြည့်ကြပါ။ လာကြည့်ကြပါ။”
ယွင်ကျုံးဟဲ့ ရက်စက်လွန်းလှသည်။ ဖော့စဖရပ်ဖြူနှင့် စာချုပ်အစစ်ကို မီးရှို့ပစ်ရုံမက စာချုပ်အတု တစ်စောင်ကိုပါ ဖန်တီးထားသေးသည်။ အပြစ်အနာအဆာ ရှာ၍မရနိုင်သည့် စာချုပ်အတုပင် ဖြစ်၏။
.................
***