ယွင်ကျုံးဟဲ့က အမှတ် (၂၃) လူနာ ဒါဗင်ချီ ဝင်ပူးပြီး မော့ရယ်နှင့် ကျူ့ထျန်းဖန်တို့၏ လက်ရေးကို တုပကာ အထူးဆေးရည်များဖြင့် တံဆိပ်တုံးကို ရေးဆွဲထားခြင်း ဖြစ်သည်။
ဒါဗင်ချီက မည်သူနည်း။ နတ်ဘုရားအဆင့် ပန်းချီဆရာဖြစ်သည်။ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားတောင် အတုလုပ်နိုင်၏။ ဤလက်ရေးလောက်ကတော့ အပျော့ပင်။
ယွင်ကျုံးဟဲ့က စာချုပ်ကို ထိုးပြပြီး ပြောလိုက်သည်။ “ကြည့်ကြ... ကြည့်ကြ...”
ကျူ့ထျန်းဖန်၊ ဝေကုန်းနှင့် အခြား အရေးကြီးပုဂ္ဂိုလ်များက ယွင်ကျုံးဟဲ့ လက်ထဲမှ စာချုပ်ကို ယူကြည့်ကြသည်။ မော့ရယ်နှင့် မော့ချိုတို့လည်း ရှေ့တိုးကြည့်ကြသည်။ တစ်လုံးချင်း သေချာ စစ်ဆေးကြ၏။
ရလဒ်ကတော့ အံချီးနပမ်း ဖြစ်လို့နေသည်။
စာချုပ်ပါ အကြောင်းအရာကို ကျူ့ထျန်းဖန်၏ လက်ရေးဖြင့် ရေးသားထားသည်။ ကျူ့ထျန်းဖန်က သေလျှင်ပင် ဤကဲ့သို့ စာချုပ်မျိုး ရေးပေးမည် မဟုတ်ပေ။
မော့မိသားစုက နယ်မြေပြန်ပေးမည်ဟူသည်မှာ မဖြစ်နိုင်လောက်အောင်ပင် ရှိနေတော့သည်။ သို့သော်ငြား စာလုံးတိုင်းမှာ ကျူ့ထျန်းဖန်၏ လက်ရေးနှင့် တစ်ပုံစံတည်း တူညီနေ၏။
ကျူ့ထျန်းဖန်သည် စာသင်ကျောင်းအုပ်ကြီး ဖြစ်သည့်အပြင် လက်ရေးလှပညာရှင်တစ်ဦး ဖြစ်ရာ လက်ရေးလှ ပညာရှင်တိုင်းတွင် ကိုယ်ပိုင်ဟန်နှင့် လျှို့ဝှက်ချက်များ ရှိစမြဲပင် ဖြစ်သည်။
ကျူ့ထျန်းဖန်၏ လျှို့ဝှက်ချက်မှာမူ ကောက်ကြောင်းဆွဲသည့်အခါ ထောင့်ချိုး၌ မင်သား တစ်ပတ်လည် သွားခြင်းဖြစ်ပြီး သာမန်မျက်စိဖြင့် ကြည့်လျှင် မမြင်ရဘဲ အလင်းရောင်ဖြင့် ထိုးကြည့်မှသာ မြင်နိုင်၏။
ကျူ့ထျန်းဖန်က နေရောင်အောက်တွင် ထောင်ကြည့်လိုက်သောအခါ ကောက်ကြောင်းထောင့်ချိုးနေရာတွင် သူရေးနေကျအတိုင်း မင်သား တစ်ပတ်လည်နေသည်ကို တွေ့လိုက်ရသည်။
မော့ရယ်မှာမူ လက်ရေးလှပညာရှင် မဟုတ်သော်လည်း သိုင်းပညာရှင် ဖြစ်သည့်အတွက် သူ၏လက်ရေးသည် ဓားသွားကဲ့သို့ ထက်မြက်ကာ စာရွက်ဖောက်ထွက်လုမတတ် အားပါလှ၏။
ဤကဲ့သို့ လက်ရေးမျိုးမှာ တုပရန် အလွန်ခက်ခဲပြီး မော့ရယ်လောက် သိုင်းပညာ မကောင်းပါက ရေးသား၍ မရနိုင်ပေ။
စာချုပ်အတုပေါ်တွင် မော့ရယ်၏ လက်ရေးမှာ လက်မှတ်ထိုးထားသည့် နာမည်နှစ်လုံးသာ ပါဝင်သော်လည်း တစ်မူထူးခြားနေသောကြောင့် တုပရန် မဖြစ်နိုင်ချေ။ သို့ပေမည့် ရလဒ်မှာမူ မော့ရယ်ကိုယ်တိုင် ရေးသားသည်ထက်ပင် ပို၍ တူညီနေတော့သည်။
ကျူ့ထျန်းဖန်မှာ ရူးချင်သွားပြီး ဤစာချုပ်ကို သူကိုယ်တိုင် မရေးခဲ့ဖူးကြောင်း သေချာမသိပါက ကိုယ်တိုင် ရေးမိလေသလားဟုပင် ထင်မှတ်မိပေမည်။
ပို၍ ဆိုးသည်မှာ ကျူ့ထျန်းဖန်နှင့် မော့ရယ်တို့၏ ကိုယ်ပိုင်တံဆိပ်တုံးများမှာလည်း အစစ်နှင့် တစ်ပုံစံတည်း တူညီနေခြင်းပင်။ သရဲခြောက်နေသည်လား မသိနိုင်ချေ။
ယွင်ကျုံးဟဲ့က အော်ပြောလိုက်သည်။ “မြင်ကြလား။ မြင်ကြလား။ ဒါတွေက ကျူ့ထျန်းဖန်ရဲ့ လက်ရေး ဟုတ်မဟုတ်၊ မော့ရယ်ရဲ့ လက်မှတ် ဟုတ်မဟုတ်၊ တံဆိပ်တုံး ဟုတ်၊ မဟုတ်”
အရေးကြီးပုဂ္ဂိုလ်များ ခေါင်းညိတ်လိုက်ကြသည်။ အစစ်အမှန်ဖြစ်၏။ သို့သော်ငြား မော့ရယ်က ရူးနေလျှင်တောင် ဤစာချုပ်၌ လက်မှတ်ထိုးမှာ မဟုတ်ပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ဒီစာချုပ်က အစစ်ပေါ့။”
ထို့နောက် မော့ရယ်ကို ကြည့်ပြီး ပြောလိုက်သည်။ “မော့ခေါင်းဆောင်... စာချုပ်က အရာအားလုံးထက် ကြီးမြတ်ပါတယ်။ စာချုပ်အတိုင်း သစ်ရွက်ကြွေနယ်မြေကို လေခွင်းမြို့ဆီ ပြန်ပေးပါ။”
ထိုအချိန်တွင် ကျူ့ထျန်းဖန်က တည်ငြိမ်သွားပြီး အေးစက်စွာ ပြောလိုက်၏။ “ယွင်အောက်ထျန်း... စာချုပ်အတု လုပ်တာ ဘာပြစ်မှုလဲ သိလား။”
“သေဒဏ်...”
မော့ရယ်က ပြောလိုက်သည်။ “လူတိုင်းရှေ့မှာ အရှင်လတ်လတ် အရေခွံခွာ သတ်ရမယ်။”
ယွင်ကျုံးဟဲ့ ရယ်မောလိုက်၏။ “အစစ်က အတုမဖြစ်နိုင်သလို၊ အတုကလည်း အစစ်မဖြစ်နိုင်ပါဘူး။ ကျုပ် ယွင်အောက်ထျန်း တစ်သက်လုံး လိပ်ပြာလုံတယ်။ ဘယ်တော့မှ လိမ်ညာတာ မလုပ်ဘူး။”
ကျင်းကျုံးယွဲ့က တွေးလိုက်သည်။ ‘ရှင် ဒီစကား ပြောရဲတာ မိုးကြိုးပစ်မှာ မကြောက်ဘူးလား။’
မော့ရယ်က ပြောလိုက်၏။ “အဲဒီညက စာချုပ် သုံးစောင် လက်မှတ်ထိုးခဲ့တယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ လေခွင်းမြို့ တစ်စောင်၊ မော့မိသားစု တစ်စောင်၊ ကျူ့ထျန်းဖန် တစ်စောင်။”
မော့ရယ်က ဆက်ပြောလိုက်၏။ “ကျုပ်နဲ့ ကျူ့ထျန်းဖန်ရဲ့ သေတ္တာတွေကို မလဲလှယ်ခဲ့ဘူး။ တံဆိပ်တုံးတွေလည်း မပျက်စီးဘူး။ ဒါကြောင့် အထဲမှာ အဲဒီညက စာချုပ်တွေ ရှိနေမှာ သေချာတယ်။ မှန်ရဲ့လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သေချာပါတယ်။”
မော့ရယ်က ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့သေတ္တာထဲက စာချုပ်တွေနဲ့ ခင်ဗျားလက်ထဲက စာချုပ် မတူရင် ဘယ်လိုလုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ဒါဆို အများဆန္ဒအတိုင်းပေါ့။ ခင်ဗျားတို့ သေတ္တာထဲက စာချုပ်တွေက အစစ်ဖြစ်ပြီး ကျုပ်လက်ထဲက စာချုပ်နဲ့ မတူရင် နှစ်မဲ တစ်မဲ ဆိုတော့ ခင်ဗျားတို့နိုင်တယ်။ ကျုပ်လက်ထဲက စာချုပ်က အတု ဖြစ်သွားမှာပေါ့။”
“ကောင်းပြီ။”
မော့ရယ်က အော်ပြောလိုက်၏။ “အဲဒီညက ကျုပ်နဲ့ ကျင်းကျုံးယွဲ့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်က ရှင်းရှင်းလင်းလင်း ရှိတယ်။ သစ်ရွက်ကြွေနယ်မြေကို ကျုပ်တို့ဆီ အပြီးပေးမယ်။ ဆားကွင်းကို ငါးဆယ်ငှားမယ် ဆိုပြီး အတိအကျ ရေးထားတယ်။ ကျူ့ထျန်းဖန်က သက်သေပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကတော့ စာချုပ်ပေါ်က စာလုံးမည်းမည်းတွေကိုပဲ အသိအမှတ်ပြုတယ်။”
မော့ရယ်က စိန်ခေါ်လိုက်၏။ “ကောင်းပြီ။ ကျုပ်တို့ စာချုပ်တွေနဲ့ ခင်ဗျားရဲ့စာချုပ် မတူရင် ခင်ဗျားစာချုပ်က အတုပဲ။ အဲဒီကျရင် ခင်ဗျားကို လူတိုင်းရှေ့မှာ သတ်ပစ်မယ်။ ဘယ်လိုလဲ။”
“ကောင်းပြီလေ။” ယွင်ကျုံးဟဲ့ ပြန်အော်သည်။
မော့ရယ်က ပြောလိုက်၏။ “အားလုံး သက်သေလိုက်ကြပါ။ ကျုပ်တို့သေတ္တာထဲက စာချုပ်နဲ့ ယွင်အောက်ထျန်း စာချုပ် မတူရင် သူ့စာချုပ်က အတုပဲ။ သူ့ကို ကျုပ်သတ်မယ်။”
အရေးကြီးပုဂ္ဂိုလ်များ အချင်းချင်း ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
မော့ရယ်က ဓားမော့ကြီးကို ဆွဲထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ သူ့ဓားမော့ကြီးက သွေးညှီနံ့များ ထွက်နေသလို သူ့မျက်လုံးများကလည်း လူသတ်ချင်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ အဖြေထွက်သည်နှင့် ယွင်ကျုံးဟဲ့ကို သတ်တော့မှာဖြစ်၏။
မော့ရယ်က သူ့သေတ္တာကို ယူပြီး တံဆိပ်တုံးကို ဆွဲခွာလိုက်သည်။
ကျူ့ထျန်းဖန်လည်း သူ့သေတ္တာကို ယူပြီး တံဆိပ်တုံးကို ခွာလိုက်၏။
မော့ရယ်က တွေးလိုက်သည်။ ‘ယွင်အောက်ထျန်း... ခင်ဗျားက လှည့်ကွက်လေးတွေ သုံးတတ်ပေမဲ့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ခင်ဗျားတို့လက်ထဲက စာချုပ်ကို လဲလိုက်တော့ ဘာထူးမှာလဲ။ ကျုပ်နဲ့ ကျူ့ထျန်းဖန် လက်ထဲက စာချုပ်တွေကိုတော့ ဘယ်တော့မှ လဲလို့မရဘူး။’
မှန်ပေသည်။ ဤစာချုပ် နှစ်စောင်ကို မော့ရယ်နှင့် ကျူ့ထျန်းဖန်သာ သိသည့် လျှို့ဝှက်နေရာ၌ သိမ်းထားခြင်းဖြစ်၏။ လုံခြုံရေးကလည်း အပြည့်ရှိနေသောကြောင့် ခိုးယူဖို့ မဖြစ်နိုင်ချေ။
‘ခင်ဗျားကို ကြည့်မရတာ ကြာပြီ။ ဒီနေ့ ခင်ဗျားကို အပိုင်းပိုင်း ဖြတ်ပစ်မယ်။’
မော့ရယ်က ပြောလိုက်သည်။ “လူကြီးမင်းတို့ သေချာ ကြည့်ထားကြပါ။ ကျူ့ထျန်းဖန်... အတူတူ ဖွင့်ရအောင်”
နှစ်ယောက်သား သေတ္တာကို မြှောက်ပြီး လူတိုင်းရှေ့မှာ ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
အားလုံး မျက်လုံးပြူးပြီး ကြည့်နေကြသည်။
‘ဒီသေတ္တာထဲက စာချုပ်နဲ့ ယွင်ကျုံးဟဲ့ စာချုပ် မတူတာနဲ့ ယွင်ကျုံးဟဲ့ သေပြီ။ ဘယ်နတ်ဘုရားမှ မကယ်နိုင်တော့ဘူး။ ပြီးတော့ လေခွင်းမြို့က စာချုပ်အတိုင်း နယ်မြေနဲ့ ဆားကွင်းကို မော့မိသားစုဆီ ပေးရတော့မယ်။ နေအနောက်ဘက်က ထွက်ရင်တောင် ဒီရလဒ်ကို ပြောင်းလို့မရဘူး။’
သို့သော်ငြား ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သေတ္တာထဲကို မယုံနိုင်စွာ ကြည့်နေကြ၏။
ခဏအကြာမှ အံ့အားသင့်သည့် အသံများ ထွက်လာကြသည်။ ‘ဘာဖြစ်တာလဲ။ သေတ္တာထဲမှာ စာချုပ်မရှိဘူး။ ပြာမှုန်တွေပဲ ရှိတယ်။ အဲဒါ မီးလောင်ကျွမ်းထားတဲ့ ပြာမှုန်တွေ မဟုတ်လား။’
မော့ရယ်နှင့် ကျူ့ထျန်းဖန်က သေတ္တာကို မြှောက်ထားသောကြောင့် အထဲကို မမြင်ရပေ။ သို့ပေမည့် လူတိုင်း၏ မျက်နှာထားကို ကြည့်ပြီး ကြောင်အသွားကြ၏။
ထိုစဉ် လေတစ်ချက် ဝှေ့လိုက်သောကြောင့် သေတ္တာထဲက ပြာမှုန်များ လွင့်ထွက်သွားသည်။
မော့ရယ် သေတ္တာကို မော့ကြည့်လိုက်ချိန်မှာတော့ ပြာမှုန်များ သူ့မျက်နှာပေါ် လွင့်လာ၏။
ချက်ချင်းပဲ သူ မိုးကြိုးပစ်ခံလိုက်ရသလို ငြိမ်ကျသွားသည်။
ကျူ့ထျန်းဖန်လည်း မျက်လုံးပြူးပြီး သေတ္တာအလွတ်ကို ကြည့်နေမိသည်။ အတွင်းက ပြာမှုန်တွေ လွင့်ထွက်သွားတာကို ကြည့်ပြီး ကြက်သေ သေနေ၏။
‘ဟမ်... စာချုပ်တွေ ဘယ်ရောက်သွားလဲ။ အဲဒီညက အထဲထည့်၊ သော့ခတ်၊ တံဆိပ်ကပ်ခဲ့တာလေ။ အခု သေတ္တာထဲမှာ စာချုပ် မရှိတော့ဘူး။’
နှစ်ယောက်လုံး တုန်လှုပ်ချောက်ခြားသွားသည်။ ရာသီဥတု ပူပြင်းသော်လည်း သူတို့နှစ်ယောက် ရေခဲတိုက်ထဲ ရောက်နေသလို အေးစိမ့်သွားသည်။ ချွေးစေးများပါ ထွက်လာသည်။
‘ဘာဖြစ်သွားတာလဲ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ သံသေတ္တာထဲမှာ သော့ခတ်သိမ်းထားတဲ့ စာချုပ်တွေက ဘာလို့ မီးလောင်ပြီး ပြာကျသွားရတာလဲ။ အဲဒီညက စာရေးကိရိယာ အားလုံး မော့မိသားစုက ပြင်ဆင်ပေးခဲ့တာလေ။ ယွင်အောက်ထျန်း ဘာမှ လုပ်လို့မရပါဘူး။ ဘာလို့ မီးလောင်သွားတာလဲ။’
မော့ရယ် ခေါင်းမူးဝေလာပြီး မျက်လုံးများ ပြာဝေလာ၏။
‘ဒီအခြေအနေက ဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက သူ လူအများကြီးကို ရန်စခဲ့ရတယ်။ ထန်ထိုင်မိသားစုကို ရန်စခဲ့ရတယ်။ ကျင်းမိသားစုရဲ့ အပြစ်တွေကို ဆေးကြောပေးခဲ့တယ်။ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့တယ်။ ရလဒ်ကတော့ ဘာမှ မရလိုက်ဘူး။ သစ်ရွက်ကြွေနယ်မြေလည်း မရ၊ ဆားကွင်းလည်း မရဘူး။
ကျုပ်ရဲ့ ရည်မှန်းချက်ကြီးမားပုံကို လူသိရှင်ကြား ကြေညာသလို ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ပေးဆပ်ရတာတွေ များပြီး ဘာအကျိုးအမြတ်မှ မရလိုက်ဘူး။ အခု ယွင်အောက်ထျန်းဆိုတဲ့ ခွေးကောင်က ကျုပ်ကို ပြန်ပြီး စွပ်စွဲနေပြီ။ ဖွတ်မရ ဓားမဆုံး ဆိုတာ ဒါမျိုးကို ခေါ်တာပဲ။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ရုတ်တရက် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ... ကြောက်စရာ ကောင်းလိုက်တာ။ လူကြီးမင်းတို့... မြင်ကြရဲ့လား။ မြင်ကြရဲ့လား။ မော့ရယ်က အဲဒီညက စာချုပ် လက်မှတ်ထိုးတုန်းက သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုဆီ ပြန်ပေးမယ်လို့ ကတိပြုခဲ့တယ်။ အခု စာချုပ် ဖျက်ချင်လို့ မီးရှို့ပစ်လိုက်ပြီ။ မီးရှို့ပစ်လိုက်ပြီ။
ယုတ်မာလိုက်တာ။ အရှက်မရှိလိုက်တာ။ ကောင်းကင်ကြီးရေ... မျက်လုံးဖွင့် ကြည့်ပါအုံး။ ကျုပ်တို့အတွက် တရားမျှတမှု ပေးပါအုံး။ လက်မှတ်ထိုးထားတဲ့ စာချုပ်ကိုတောင် မီးရှို့ပစ်တယ်ဆိုရင် လောကကြီးမှာ မော့ရယ်လို လူတွေ များလာရင် ကျုပ်တို့လို ရိုးသားတဲ့လူတွေ ဘယ်လို အသက်ရှင်ရမလဲ။
မီးရှို့ပစ်မယ်ဆိုရင် အစတည်းက ဘာလို့ လက်မှတ်ထိုးလဲ။ အခု ကျုပ်ကို စာချုပ်အတု လုပ်ပါတယ် ဆိုပြီး ပြန်စွပ်စွဲနေသေးတယ်။ ကျုပ်ကို အပိုင်းပိုင်းဖြတ်မယ်တဲ့။ သစ္စာမရှိလိုက်တာ။ ရက်စက်လိုက်တာ။ အဖြူကို အမဲ လုပ်လိုက်တာ။ သမင်ကို မြင်း လုပ်လိုက်တာပဲ။
မော့ရယ်... ခင်ဗျား မြို့စားတစ်ယောက် အနေနဲ့ နေရတာ မရှက်ဘူးလား။ ကျုပ်တို့လို ရိုးသားတဲ့ လူတွေအတွက် လမ်းစ မရှိတော့ဘူးလား။ တရားမျှတမှု မရှိတော့ဘူးလား။”
ယွင်ကျုံးဟဲ့က ကောင်းကင်ကို မော့ပြီး အော်ဟစ်ငိုယိုနေသည်။ ရင်ကွဲပက်လက် ဖြစ်နေ၏။ “လူကြီးမင်းတို့... ကျေးဇူးပြုပြီး လေခွင်းမြို့အတွက် တရားမျှတမှု ပေးကြပါအုံး။ ကျုပ် ယွင်အောက်ထျန်းလို ရိုးသားတဲ့ လူအတွက် တရားမျှတမှု ပေးကြပါအုံး။”
ယွင်ကျုံးဟဲ့၏ သရုပ်ဆောင်ချက်များကို ကြည့်ပြီး ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်း ကြက်သီးထကုန်ကြသည်။ ‘တော်လွန်းတယ်ကွာ...’
မော့ရယ်သည် သူ့ခန္ဓာကိုယ်မှာ နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျနေသလို ခံစားလိုက်ရသည်။ ငရဲကြီး ၁၈ ထပ်အထိ ပြုတ်ကျသွားသလိုပင်။
.................
***