“ပိုင်ယင်ဆားတွင်း မြေပြိုမှုကြောင့် ဟုတ်လား။” ထန်ထိုင်မြဲ့မင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီးနောက် ကျုပ်တို့ ကျင်းမိသားစုက ဆားကွင်းကို ပြန်လည် ထိန်းချုပ်ခဲ့တယ်။ အဲဒီမှာ ပိုင်ယင်ဆားကွင်းနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ နေရာမှာ ကြီးမားတဲ့ မြေအက်ကြောင်းကြီး ဖြစ်ပေါ်နေတာကို တွေ့လိုက်ရတယ်။
အဲဒီမှာရှိတဲ့ ကျောက်စာတိုင်တစ်ခုပေါ်မှာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ရှေးဟောင်းစာလုံးတွေကို တွေ့လိုက်ရလို့ အက်ကြောင်းထဲကို ဆက်လက် တူးဖော်ကြည့်ရာမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂူသင်္ချိုင်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ ဒီဓားတွေကို တူးဖော်ရရှိခဲ့တာပါ။ အံ့သြစရာ အကောင်းဆုံးကတော့ သံကို ရွှံ့လို လှီးဖြတ်နိုင်တဲ့ ဒီဓားမြှောင်ပါပဲ။
သခင်ကြီးထန်ထိုင်... ဒီနေရာက ဧကရာဇ်နုရဲ့ ဂူသင်္ချိုင်းဆိုတာ ကျုပ် ရဲရဲကြီး အာမခံရဲပါတယ်။ ကျုပ်တို့ အင်အားနဲ့က အစိတ်အပိုင်းလေး တစ်ခုကိုပဲ တူးဖော်နိုင်ပါသေးတယ်။ အကုန်လုံးသာ တူးဖော်လိုက်ရင် ဒီလို ဓားမျိုး အချောင်းတစ်ရာမကဘဲ တစ်သောင်း၊ သို့မဟုတ် သောင်းချီပြီး ရှိနေနိုင်ပါတယ်။
တာရှအင်ပါယာ ခေတ်ကောင်းချိန်တုန်းက မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်ခဲ့ပြီး ဧကရာဇ်နုကလည်း ထာဝရဧကရာဇ်တစ်ပါး ဖြစ်တဲ့အတွက် သူ့ဂူသင်္ချိုင်းထဲမှာ ရေတွက်လို့မကုန်နိုင်တဲ့ ရတနာတွေ ရှိနေမှာပါ။
အရေးကြီးဆုံးအချက်ကတော့ ဒီဓားတွေဟာ နှစ်တစ်ထောင် ကြာမြင့်တာတောင် ထက်မြက်နေဆဲ ဖြစ်တဲ့အတွက် ဧကရာဇ်နုဟာ ဆန်းကြယ်တဲ့ သံထည်နည်းပညာကို ပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြနေပါတယ်။
အဲဒီနည်းပညာမှတ်တမ်းက ဂူသင်္ချိုင်းထဲမှာ ရှိနေနိုင်တယ်။ အဲဒီနည်းပညာသာ ရခဲ့ရင် ထန်ထိုင်မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး အာဏာစက်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က ဦးညွှတ်လိုက်ပြီး ဆက်ပြောသည်။ “သခင်ကြီး... ဧကရာဇ်နု ဂူသင်္ချိုင်းနေရာက လေခွင်းချိုင့်ဝှမ်း နယ်မြေထဲမှာ ရှိပါတယ်။ သခင်မလေး ထန်ထိုင်ဖူဖင်းကို လက်ထပ်ဖို့အတွက် တူးဖော်ခွင့် တစ်ဝက်ကို တင်တောင်းလက်ဆောင်အဖြစ် ပေးအပ်လိုပါတယ်။ ဒီလက်ဆောင်က မော့မိသားစု ပေးတာထက် အဆပေါင်းများစွာ သာလွန်တယ် မဟုတ်လား။”
ထန်ထိုင်မြဲ့မင်က မေးခွန်းထုတ်လိုက်၏။ “မင်းတို့ လေခွင်းချိုင့်ဝှမ်းက ဧကရာဇ်နု ဂူသင်္ချိုင်းကို တွေ့ပြီဆိုရင် ဘာလို့ ကိုယ့်ဘာသာ မတူးဖော်ဘဲ ကျုပ်ဆီ လာပေးရတာလဲ။”
“အသက်ရှင်ရပ်တည်ရေးက ပိုအရေးကြီးလို့ပါ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အခု လေခွင်းချိုင့်ဝှမ်းမှာ ရိက္ခာပြတ်လပ်မှုက ဆိုးရွားနေပြီး ပြည်သူ တစ်သိန်းကျော် ထွက်ပြေးကုန်ကြပါပြီ။ ဧကရာဇ်နု ဂူသင်္ချိုင်းကို တူးဖော်ဖို့ လူအင်အား၊ ငွေအင်အား ဘယ်လောက်ကုန်မလဲ မခန့်မှန်းနိုင်ပါဘူး။ ကျင်းမိသားစု တစ်ဦးတည်း အင်အားနဲ့လည်း မနိုင်နင်းပါဘူး။ ဒါကြောင့် ထန်ထိုင်မိသားစုနဲ့ လက်ထပ် မဟာမိတ်ပြုခြင်းက ကျင်းမိသားစုအတွက် တစ်ခုတည်းသော ထွက်ပေါက်ပါပဲ။”
ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်၏။ “မင်းပြောတဲ့ ဧကရာဇ်နု ဂူသင်္ချိုင်းနေရာကို မြေပုံပေါ်မှာ မှတ်သားပေးစမ်း။”
ယွင်ကျုံးဟဲ့က မြေပုံတစ်ချပ်ကို ယူပြီး နေရာကို မှတ်သားပေးလိုက်သည်။
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အစစ်က အတုမဖြစ်နိုင်သလို အတုကလည်း အစစ်မဖြစ်နိုင်ဘူး။ မင်းတို့ တစ်စိတ်တစ်ပိုင်း တူးဖော်ပြီးပြီ ဆိုတော့ ကျုပ်လူလွှတ်ပြီး စစ်ဆေးခိုင်းမယ်။ ကျုပ်သမီး ဖူဖင်းက ပိုင်ရှင်မဲ့နယ်မြေရဲ့ အတော်ဆုံး သမိုင်းပညာရှင်တစ်ယောက် ဖြစ်သလို တာရှအင်ပါယာအကြောင်းကိုလည်း ကောင်းကောင်း နားလည်ထားသူ ဖြစ်တယ်။ မင်းသာ ကျုပ်ကို လိမ်ညာမယ်ဆိုရင် အကျိုးဆက်ကို တွေးရဲမှာ မဟုတ်ဘူး။”
ထို့နောက် ထန်ထိုင်မြဲ့မင်က မြေပုံကို ကိုင်လျက် အမိန့်ပေးလိုက်သည်။ “ဖူဖင်းဆီ မြေပုံသွားပို့ပြီး ချက်ချင်း သွားရောက် စစ်ဆေးခိုင်းလိုက်။”
“အမိန့်တော်အတိုင်းပါ။”
တစ်နာရီခန့်အကြာတွင် ထန်ထိုင်ဖူဖင်းသည် လူအင်အား ရာပေါင်းများစွာ ပါဝင်သော အဖွဲ့နှင့်အတူ လေခွင်းချိုင့်ဝှမ်းနယ်မြေရှိ ယွင်ကျုံးဟဲ့ ညွှန်ပြသော နေရာသို့ ချီတက်သွားတော့၏။
.................
ငါးရက်ကြာပြီးနောက် ထန်ထိုင်ဖူဖင်းသည် ခရီးပန်းသော အသွင်ဖြင့် မိသားစုအိမ်တော်သို့ ပြန်လည် ရောက်ရှိလာသည်။
သူမက ပြောလိုက်၏။ “အဖေ... အဲဒီနေရာမှာ ဂူသင်္ချိုင်းတစ်ခု တကယ်ရှိနေပါတယ်။ တာရှအင်ပါယာ တော်ဝင်မိသားစုရဲ့ ဂူသင်္ချိုင်းဆိုတာ သေချာပါတယ်။ ဂူသင်္ချိုင်းရဲ့ တည်ဆောက်ပုံ၊ စာလုံးနဲ့ ပုံစံတွေက ဧကရာဇ်နု လက်ထက်က လက်ရာတွေပါပဲ။”
ထန်ထိုင်ဖူဖင်းက အချက်အလက် စာရွက်စာတမ်း အထပ်လိုက်ကို တင်ပြလိုက်သည်။ “တူးဖော်ပြီးသား အစိတ်အပိုင်းတွေထဲမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သံချပ်ကာတွေ၊ လက်နက်တွေနဲ့ လူသေ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။”
အမှန်စင်စစ်တွင် အပြစ်အနာအဆာ ရှာမတွေ့နိုင်ခြင်းမှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် တာရှအင်ပါယာ တော်ဝင်မိသားစု၏ ဂူသင်္ချိုင်းအစစ် ဖြစ်သောကြောင့်ပင်။
နှစ်ပေါင်းရာချီအတွင်း ကျင်းမိသားစုသည် မြေပုံရပြီးနောက် နေရာအနှံ့ လိုက်လံတူးဖော်ခဲ့ရာ ဧကရာဇ်နု၏ ဂူသင်္ချိုင်းအစစ်ကို ရှာမတွေ့ခဲ့သော်လည်း အခြားသော တော်ဝင်ဂူသင်္ချိုင်း အများအပြားကို တူးဖော် တွေ့ရှိခဲ့သည်။
ယွင်ကျုံးဟဲ့ ပေးလိုက်သော လိပ်စာသည် ကျင်းမြို့စားကြီး ကျင်းအဲ့ လွန်ခဲ့သော ဆယ်နှစ်ကျော်က တူးဖော် တွေ့ရှိခဲ့သည့် တာရှအင်ပါယာ တော်ဝင်ဂူသင်္ချိုင်းကြီးတစ်ခု ဖြစ်၏။
ထန်ထိုင်မြဲ့မင်သည် စာရွက်စာတမ်းများကို ယူကြည့်ပြီးနောက် ပြုံးလိုက်သည်။ “တာရှီစာသင်ကျောင်းရဲ့ နံပါတ်တစ် ပညာရှင် မော့ယို ရောက်နေပြီ။ ကျင်းဝူပြန်းလည်း ရောက်နေပြီ။ ဒီနှစ်ယောက်လုံးက သမီးကို လက်ထပ်ခွင့် တောင်းနေကြတယ်။ သမီး ဘယ်လိုသဘောရလဲ။”
ထန်ထိုင်ဖူဖင်းက ဖြေလိုက်၏။ “သမီးက အဖေ့သဘောအတိုင်းပါပဲ။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆို သွားနားလိုက်အုံး။ ဒီရက်ပိုင်း ပင်ပန်းသွားပြီ။”
ထန်ထိုင်ဖူဖင်းက ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွား၏။
သမီးဖြစ်သူ ထွက်သွားသည်နှင့် ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်သည်။ “ယွင်အောက်ထျန်းကို ခေါ်ခဲ့။”
ခဏကြာချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ထန်ထိုင်မြဲ့မင် ရှေ့သို့ ရောက်ရှိလာ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်ကြီးထန်ထိုင်... စစ်ဆေးအတည်ပြုပြီးပြီ မဟုတ်လား။ အဲဒါ ဧကရာဇ်နုရဲ့ ဂူသင်္ချိုင်းအစစ်ပါပဲ။ ကျုပ်တို့ရဲ့ တင်တောင်းလက်ဆောင်က မော့မိသားစုထက် အဆများစွာ သာလွန်တယ်ဆိုတာ လက်ခံပြီလား။ ကျုပ်တို့နဲ့ လက်ထပ်မဟာမိတ် ပြုတာကသာ မှန်ကန်တဲ့ ရွေးချယ်မှုပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ဧကရာဇ်နု ဂူသင်္ချိုင်းက တကယ်ပဲ တန်ဖိုးဖြတ်မရပါဘူး။ အာဏာစက် တည်ဆောက်နိုင်မယ့် အရာပါပဲ။ မော့မိသားစုပေးတာထက် ဆယ်ဆမက သာလွန်တယ်။ ဉာဏ်ရှိတဲ့သူတိုင်း ဘယ်လိုရွေးချယ်ရမလဲ သိကြပါတယ်။”
ယွင်ကျုံးဟဲ့က ဝမ်းသာအားရ ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်ကြီး... ဒီနေ့ကစပြီး ကျင်းနဲ့ ထန်ထိုင် မိသားစု နှစ်ခု မဟာမိတ်ဖြစ်သွားပါပြီ။”
ထန်ထိုင်မြဲ့မင်က ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။ “ယွင်အောက်ထျန်း... မင်းက တော်တော် ဉာဏ်ကောင်းတဲ့လူပါ။ ဒါပေမဲ့ မင်းရဲ့ အကြီးမားဆုံး အားနည်းချက်က တစ်ဖက်သားကို အရူးလို့ ထင်နေတာပဲ။ အဲဒီနေရာက ဧကရာဇ်နုရဲ့ ဂူသင်္ချိုင်း မဟုတ်သလို အခုမှ အသစ်တွေ့ရှိတာလည်း မဟုတ်ဘူး။
ကျင်းမိသားစုက ဧကရာဇ်နု ဂူသင်္ချိုင်းမြေပုံကို ရပြီးနောက် မျိုးဆက်ပေါင်းများစွာ နေရာအနှံ့ လိုက်လံတူးဖော်ခဲ့ကြတယ်။ ဧကရာဇ်နု ဂူသင်္ချိုင်းကို ရှာမတွေ့ပေမဲ့ တာရှအင်ပါယာ တော်ဝင်ဂူသင်္ချိုင်း တချို့ကိုတော့ ရှာတွေ့ခဲ့ကြတယ်။
မင်းက အကြီးမားဆုံး တော်ဝင်ဂူသင်္ချိုင်းတစ်ခုကို ရွေးချယ်ပြီး အခုမှ ထုလုပ်ထားတဲ့ ဓားကောင်းတချို့ကို အတွင်းထဲ သွားထည့်ထားခဲ့တာပဲ။ ပြီးတော့ ရှေးဟောင်းပစ္စည်းဖြစ်အောင် ဖန်တီးပြီး ငါ့ကို ဧကရာဇ်နု ဂူသင်္ချိုင်းလို့ ယုံအောင် လုပ်ခဲ့တာပဲ။
ဧကရာဇ်နု ဂူသင်္ချိုင်းဆိုတာ အာဏာစက် တည်ဆောက်နိုင်တဲ့ အရာဆိုတော့ ဘယ်သူက စိတ်မဝင်စားဘဲ နေမလဲ။ ငါက ကျင်းမိသားစုကို ရွေးချယ်သင့်တာပေါ့။ ဒါပေမဲ့ ယွင်အောက်ထျန်း... မင်း မသိတဲ့အချက်က ကျင်းအဲ့ ဒီဂူသင်္ချိုင်းကို စတွေ့တုန်းက လျှို့ဝှက်ချက်လို့ ထင်ခဲ့ပေမဲ့ ကျုပ်က သိနှင့်ပြီးသား ကိစ္စဖြစ်နေတာပဲ။
ယွင်အောက်ထျန်း... ဒီလောကကြီးမှာ မင်းတစ်ယောက်တည်း ဉာဏ်ကောင်းတာ မဟုတ်ဘူး။”
ဤထန်ထိုင်မြဲ့မင်က တကယ် မလွယ်သည့် လူတစ်ယောက်ပင်။ ယွင်ကျုံးဟဲ့၏ လှည့်ကွက်မှာ အပြစ် အနာအဆာ မရှိသလောက် ဖြစ်သော်လည်း ရိပ်မိသွားခဲ့သည်။
ယွင်ကျုံးဟဲ့ တုန်လှုပ်သွားပြီး ပြောလိုက်၏။ “ဒါပေမဲ့ သံကိုရွှံ့လို လှီးဖြတ်နိုင်တဲ့ ဓားတွေကတော့ အစစ်ပါ သခင်ကြီး။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “မှားယွင်းနေတဲ့ အဖြေတွေအားလုံးကို ဖယ်ထုတ်လိုက်ရင် ကျန်ရှိနေတဲ့ အဖြေက ဘယ်လောက်ပဲ ဖြစ်နိုင်ခြေ နည်းပါစေ၊ အမှန်တရားပါပဲ။ မယုံနိုင်စရာ ကောင်းပေမဲ့ ဒီဓားတွေကို မင်းကိုယ်တိုင် ထုလုပ်ဖန်တီးခဲ့တာပဲ။ မင်းဆီမှာ သံထည်နည်းပညာ လျှို့ဝှက်ချက် ရှိနေတယ်။ ဒါကမှ တကယ့် တန်ဖိုးအစစ်ပဲ။ တပ်တော်ကြီး သောင်းချီထက် တန်ဖိုးရှိတဲ့ လျှို့ဝှက်ချက်ပဲ။
ယွင်အောက်ထျန်း... မင်း ကျုပ်ကို လိမ်ညာခဲ့တယ်။ ကျုပ် မင်းကို ဘယ်လို အပြစ်ပေးရမလဲ။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ။”
ထန်ထိုင်မြဲ့မင်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း မျက်လုံးများမှာမူ အေးစက်နေ၏။
“နောက်တစ်ဆင့်အနေနဲ့ ဖူဖင်းက မော့ယိုကိုပဲ လက်ထပ်တော့မယ်။ ကျင်းမိသားစု ပျက်သုဉ်းချင် ပျက်သုဉ်းပါစေတော့။ ယွင်အောက်ထျန်း... မင်းရဲ့ အကြံအစည်တွေ ပျက်စီးသွားပြီ။
ဒါပေမဲ့ ကျုပ်က လူတော်လူကောင်းတွေကို တန်ဖိုးထားတတ်တယ်။ ကျင်းမိသားစုနဲ့တော့ လက်မထပ်နိုင်ဘူး။ ဒါပေမဲ့ မင်းနဲ့တော့ ကျုပ်မိသားစု လက်ထပ်ပေးနိုင်တယ်။ ကျုပ်မှာ လက်မထပ်ရသေးတဲ့ သမီးတစ်ယောက် ကျန်သေးတယ်။ အဲဒီသမီးနဲ့ မင်းကို ပေးစားမယ်။
ဒီနေ့ကစပြီး မင်းက ကျုပ် ထန်ထိုင်မြဲ့မင်ရဲ့ သားမက် ဖြစ်သွားပြီ။ မင်္ဂလာကိစ္စဆိုတာ ရက်ရွေးနေစရာ မလိုပါဘူး။ ဒီညပဲ လက်ထပ်ပွဲကျင်းပပြီး မင်္ဂလာဦးည ဆင်နွှဲကြတာပေါ့။”
ထန်ထိုင်မြဲ့မင်က လက်ခုပ် သုံးချက် တီးလိုက်၏။ ထိုအခါ သတို့သမီးဝတ်စုံနီ ဝတ်ဆင်ထားပြီး ခေါင်းမြီးခြုံထားသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာ၏။ ချက်ချင်းပဲ လက်ထပ်ပွဲ ကျင်းပပြီး မင်္ဂလာခန်း ဝင်စေသည်။
သတို့သမီးသည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်လာပြီး ခေါင်းမြီးခြုံကို လှန်တင်လိုက်ကာ ပြောဆိုလိုက်၏။ “ယောက်ျား... မင်္ဂလာဦးညက တန်ဖိုးရှိတယ်လေ။ အတူတူ အိပ်ကြရအောင်။”
ယွင်ကျုံးဟဲ့ အော့အန်ချင်စိတ် ပေါက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သတို့သမီးအသွင် ပြင်ဆင်ထားသော အမျိုးသမီးသည် အလွန်တရာ ရုပ်ဆိုးလွန်းနေသောကြောင့်ပင်။
မျက်နှာတစ်ခုလုံး ကျောက်ပေါက်မာရာများ ပြည့်နှက်နေသည်သာမက ရုပ်သွင်ပြင်မှာလည်း ဆိုးရွားလွန်းလှသည်။ မျက်လုံးများမှာလည်း အပေါ်သို့ လန်နေပြီး ဉာဏ်ရည်မမီသူမှန်း သိသာလှသည်။
ယွင်ကျုံးဟဲ့ သတိရသွား၏။ ဤအမျိုးသမီးသည် ထန်ထိုင်မိသားစု၏ သမီးတစ်ဦးဖြစ်ပြီး နာမည်မှာ ထန်ထိုင်ဝူယန် (အလှကင်းမဲ့သူ) ဖြစ်၏။
သူမ၏ မိခင် ကိုယ်ဝန်ဆောင်ထားစဉ်က အဆိပ်မိခဲ့ဖူးသောကြောင့် မွေးဖွားလာချိန်တွင် စိတ်ပုံမှန် မဟုတ်ဘဲ မွေးလာခဲ့ရသည်။
ထန်ထိုင်မိသားစုသည် သူမကို လူလုံးမပြဘဲ လျှို့ဝှက်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ထန်ထိုင်ဝူယန်သည် ပိုင်ရှင်မဲ့နယ်မြေ၏ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့၏။
သို့ပေမည့် ဤမျှလောက်ထိ ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ထိုအချိန်တွင် သူမသည် ယွင်ကျုံးဟဲ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “ယောက်ျား.. အတူတူ အိပ်ကြစို့လေ။ အတူတူ အိပ်ကြစို့။”
သူမက သိုင်းပညာလည်း တတ်နေသေးသည်။ သိုင်းလောကထဲက အရူးမတစ်ယောက်လိုပင်။
ယွင်ကျုံးဟဲ့တစ်ယောက် ဤဘီလူးမသဖွယ် ရုပ်ဆိုးလှသော ထန်ထိုင်ဝူယန်၏ လက်ထဲတွင် လူပျိုရည် ပျက်ရတော့မည့် အခြေအနေ ဆိုက်ရောက်နေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့အတွက် ငရဲတစ်ဆယ့်ရှစ်ထပ်သို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သေချင်သော်လည်း မသေနိုင်၊ ရှင်ချင်သော်လည်း မရှင်နိုင်သော ဘဝပင်။
ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။ “သခင်ကြီးထန်ထိုင်... ကျုပ် မှားသွားပါပြီ။ ကျုပ် မှားသွားပါပြီ။ သံထည်လုပ်နည်း လျှို့ဝှက်ချက်ကို ပေးပါ့မယ်။”
ထန်ထိုင်မြဲ့မင်က လက်ဝှေ့ယမ်းလိုက်ရာ စစ်သည်အချို့ ဝင်ရောက်လာပြီး ရုပ်ဆိုးလှသော ထန်ထိုင်ဝူယန်ကို ဆွဲခေါ်လိုက်ကြ၏။
သူမကမူ သွားရည်များ ကျဆင်းလျက် ယွင်ကျုံးဟဲ့ဆီသို့ ပြေးဝင်ရန် ကြိုးစားနေဆဲပင်။ ပါးစပ်မှလည်း အဆက်မပြတ် အော်ဟစ်နေသေးသည်။ “ယောက်ျား.. အတူတူ အိပ်မယ်လေ။ အတူတူ အိပ်မယ်။”
ယွင်ကျုံးဟဲ့က လက်နှစ်ဖက် မြှောက်လျက် တောင်းပန်လိုက်၏။ “သခင်ကြီး... သံထည်နည်းပညာ လျှို့ဝှက်ချက်ကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး ဒီအစီအစဉ်ကို ရုပ်သိမ်းပေးပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ယွင်အောက်ထျန်း... မင်းက တကယ် ဉာဏ်ကောင်းပါတယ်။ ဒါပေမဲ့ မှတ်ထားရမှာက လူတွေကို အရူးလို့ ဘယ်တော့မှ မသတ်မှတ်နဲ့။ သံကိုရွှံ့လို လှီးဖြတ်နိုင်တဲ့ ဓားတွေက တကယ်ပဲ မင်း ဖန်တီးခဲ့တာလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “တကယ်ပါ။ ဒီနည်းပညာက တန်ဖိုးဖြတ်မရပါဘူး။ သခင်ကြီးကို ဆက်သပါ့မယ်။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “မလိုဘူး။ နည်းပညာထက်စာရင် မင်းလို လူတော်တစ်ယောက်ကို ကျုပ်က ပိုလိုချင်တယ်။ ကျုပ်ပြောပြီးပြီပဲ။ ကျင်းမိသားစုကို ပျက်စီးချင် ပျက်စီးပါစေတော့။ ဒါပေမဲ့ မင်းလို လူတော်ကိုတော့ ကျုပ်လိုချင်တယ်။”
ယွင်ကျုံးဟဲ့က တုန်ယင်နေသည့် အသံဖြင့် မေးလိုက်၏။ “ဒါဆို... ဒီအမျိုးသမီးကိုပဲ ယူရအုံးမှာလား။”
“ဒါပေါ့။”
ထန်ထိုင်မြဲ့မင်က ဖြေသည်။ “ထန်ထိုင်မိသားစုရဲ့ သမီးတော်က မင်းလို သူတောင်းစားဘဝက လာတဲ့လူနဲ့ မတန်လို့လား။ ကျုပ်က မင်းကို အသုံးချချင်ပေမဲ့ မင်းက ကျုပ်ကို လိမ်ညာခဲ့တဲ့အတွက် သင်ခန်းစာတော့ ပေးရမယ်။
ပြီးတော့ ဖူဖင်းကလွဲရင် ကျုပ်မှာ ဒီသမီးတစ်ယောက်ပဲ ရှိတော့တာ။ သူက ရုပ်ဆိုးပြီး ဉာဏ်မမီပေမဲ့ ဆင်းသက်လာတဲ့ သွေးသားက မြင့်မြတ်တယ်။ မင်းနဲ့ မတန်ဘူးလား။ သူ့ကို ယူပြီးရင် နောက်ထပ် မယားငယ် ချောချောလေးတွေ ထပ်ယူပေါ့။”
“သခင်ကြီး။ ကျုပ် နောက်ဆုံးအနေနဲ့ တစ်ခု တောင်းဆိုချင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အခု မော့မိသားစုက မော့ယို ရောက်နေသလို ကျင်းဝူပြန်းလည်း ရောက်နေပါတယ်။ သူတို့နှစ်ယောက်လုံးက သခင်မလေး ထန်ထိုင်ဖူဖင်းကို လက်ထပ်ခွင့် တောင်းနေကြတာ မဟုတ်လား။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကျုပ်က မော့ယိုကို ရွေးချယ်ပြီးသွားပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာကြောင့်လဲ။ မော့မိသားစုက ပိုပြီး အင်အားကြီးလို့လား။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ကျုပ်က မော့မိသားစုကို သဘောမကျပါဘူး။ သူတို့ အင်အားကြီးလာတာ ကျုပ်အတွက် အကျိုးမရှိဘူး။”
ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။ “ဒါဆို ဘာလို့ မော့မိသားစုနဲ့ လက်ထပ်ဖို့ ရွေးချယ်ရတာလဲ။”
ထန်ထိုင်မြဲ့မင်က ရှင်းပြလိုက်သည်။ “မော့ယိုက ဘယ်လိုလူမျိုးလဲ။ တာရှီစာသင်ကျောင်းရဲ့ နံပါတ်တစ် ပညာရှင်လေ။ သူနဲ့ ဖူဖင်းက လိုက်ဖက်ညီတယ်။ ကျင်းဝူပြန်းက ဘယ်လိုလူမျိုးလဲ။ ကျုပ် ပြောစရာ မလိုတော့ဘူး ထင်တယ်။ ကျုပ် ထန်ထိုင်မြဲ့မင်က အကျိုးစီးပွားကို ကြည့်ပေမဲ့ သမီးရဲ့ ပျော်ရွှင်မှုကိုလည်း ထည့်စဉ်းစားပေးပါတယ်။”
ဤအချက်ကတော့ ငြင်းမရပေ။ မော့ယိုသည် ယဉ်ကျေးသိမ်မွေ့ပြီး အရည်အချင်း ပြည့်ဝသူ ဖြစ်၏။
ကျင်းဝူပြန်းကမူ အရည်အချင်းမရှိ၊ အသုံးမကျ၊ လူရာမဝင်၊ အရူး၊ စိတ်ဖောက်ပြန်သူ တစ်ယောက် ဖြစ်သည်။
ဤယောက်ျားနှစ်ယောက် ယှဉ်ရပ်နေပါက မည်သည့်ဖခင်မဆို သမီးဖြစ်သူကို မော့ယိုနှင့်သာ ပေးစားလိုကြမည် ဖြစ်သည်။ ကျင်းဝူပြန်းကဲ့သို့ အမှိုက်သရိုက်ကို ရွေးချယ်မည် မဟုတ်ပေ။
..................
***