ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်ကြီး... ကျင်းဝူပြန်း အရူးထပြီး စိတ်ဖောက်ပြန်နေတာက သူများ လုပ်ကြံလို့ ဆေးမိပြီး ဖြစ်သွားရတာပါ။ လွန်ခဲ့တဲ့ ခြောက်လလောက်က ကျုပ် သူ့ကို ကုသပေးလိုက်လို့ ပျောက်ကင်းသွားပါပြီ။”
ဤအချက်မှာ မှန်ကန်၏။ ကျင်းဝူပြန်း၏ ဘိန်းစွဲရောဂါကို ယွင်ကျုံးဟဲ့ ကုသပေးခဲ့ပြီး ဖြစ်သည်။ အနည်းငယ် စိတ်မမှန်သေးသော်လည်း ယခင်ကကဲ့သို့ ရူးသွပ်ခြင်း မရှိတော့ပေ။
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ကျုပ်သမီးက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း သိသင့်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သိပါတယ်။ သူမက အရည်အချင်းရှိပြီး တာရှီစာသင်ကျောင်းရဲ့ နံပါတ်တစ် အမျိုးသမီး ပညာရှင်ပါ။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။ သူမက အသက်နှစ်ဆယ်ကျော်တဲ့ထိ အိမ်ထောင် မပြုသေးတာ သူ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ ခင်ပွန်းမျိုးကို ရှာနေလို့ပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “သခင်ကြီး မသိသေးတဲ့ အချက်တစ်ချက် ရှိပါတယ်။ ကျင်းဝူပြန်းက ကလေးဆန်တယ် ဆိုပေမဲ့ သူ့ရဲ့ ပညာအရည်အချင်းက အရမ်းမြင့်မားပါတယ်။ စာပေ၊ ကဗျာ နဲ့ အထွေထွေ ဗဟုသုတတွေမှာ ထူးချွန်ပါတယ်။ ပုံမှန်အချိန်မှာ အပျော်အပါး မက်သလိုနေပြီး သူ့အရည်အချင်းတွေကို ဖုံးကွယ်ထားရုံပါ။”
သောက်ကျိုးနည်း။ ဤစကားကို မည်သူက ယုံမည်နည်း။ ကျင်းဝူပြန်းဆိုသည်မှာ ဘာမှမတတ်၊ အသုံးမကျသည့် လူပေါ့လူသွမ်းတစ်ယောက်ဖြစ်၏။ တစ်ချို့နေရာများတွင် ပါရမီပါကောင်း ပါနိုင်သော်လည်း စာပေကဗျာ ဘက်မှာတော့ သုညသာဖြစ်သည်။
ယွင်ကျုံးဟဲ့က အဆိုပြုလိုက်သည်။ “သခင်ကြီး... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ လူတွေအားလုံးရဲ့ ရှေ့မှာ သခင်မလေး ထန်ထိုင်ဖူဖင်း ကိုယ်တိုင် မေးခွန်းထုတ်ပြီး ကျင်းဝူပြန်းနဲ့ မော့ယိုတို့ရဲ့ အရည်အချင်းကို စစ်ဆေးကြည့်ရအောင်။ နိုင်တဲ့သူက သခင်မလေးကို လက်ထပ်ခွင့် ရပါစေ။
တကယ်လို့ ကျင်းဝူပြန်း နိုင်ခဲ့ရင် ပိုင်ယင်ဆားကွင်းရဲ့ နှစ်စဉ် ဝင်ငွေနဲ့ သံထည်လုပ်နည်း လျှို့ဝှက်ချက်ကို ဆက်သပါ့မယ်။ ဒါပေမဲ့ ကျုပ်ကို ကျင်းဝူပြန်း နားမှာပဲ ပြန်နေခွင့်ပေးပါ။
တကယ်လို့ မော့ယို နိုင်သွားခဲ့ရင် လေခွင်းချိုင့်ဝှမ်းနဲ့ လက်ထပ်မဟာမိတ်ကိစ္စ ပျက်ပြယ်ပြီး ကျင်းမိသားစု ပျက်သုဉ်းပါစေတော့။ ကျုပ်လည်း သခင်မလေး ထန်ထိုင်ဝူယန်ကို ကြည်ကြည်ဖြူဖြူ လက်ထပ်ပြီး သခင်ကြီးကို သစ္စာရှိရှိ အမှုထမ်းပါ့မယ်။”
ထန်ထိုင်မြဲ့မင်သည် ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် မေးလိုက်၏။ “မင်း ဘာလို့ ကျင်းမိသားစုအပေါ် ဒီလောက် သစ္စာရှိနေရတာလဲ။ ကျုပ်ရဲ့ ထန်ထိုင်မိသားစုက ကျင်းမိသားစုထက် အများကြီး ပိုအင်အားကြီးတယ် မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က ရှက်ရွံ့နေသည့် လေသံဖြင့် ပြောလိုက်သည်။ “ကျုပ်... ကျုပ်က ကျင်းကျုံးယွဲ့ကို လက်ထပ်ချင်လို့ပါ။ သူ့ကို ရူးမတတ် ချစ်နေလို့ပါ။”
ထန်ထိုင်မြဲ့မင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ကျုပ် သဘောတူတယ်။ ဖူဖင်းကို လူသိရှင်ကြား စာပေပြိုင်ပွဲ လုပ်ခိုင်းမယ်။ မော့ယိုနဲ့ ကျင်းဝူပြန်း ယှဉ်ပြိုင်ကြပြီး နိုင်တဲ့သူ ကျုပ်မိသားစုနဲ့ လက်ထပ်ရမယ်။”
ယွင်ကျုံးဟဲ့က ဦးညွှတ်လိုက်သည်။ “ကျေးဇူးကြီးလှပါတယ် သခင်ကြီး”
ထန်ထိုင်မြဲ့မင်က သတိပေးလိုက်၏။ “တကယ်လို့ ဒီပြိုင်ပွဲမှာ ကျင်းဝူပြန်း ရှုံးခဲ့ရင် မင်းက ဝူယန်ကို လက်ထပ်ပြီး ကျုပ်ရဲ့ သားမက်အဖြစ် နေရမှာနော်။”
ယွင်ကျုံးဟဲ့သည် ရှေ့တွင် ရပ်နေသော ရုပ်ဆိုးလွန်းသည့်၊ သွားရည်များ စီးကျနေသည့် ထန်ထိုင်ဝူယန်ကို ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားသည်။
“ကတိ တည်ပါစေ။”
ယွင်ကျုံးဟဲ့ အံကြိတ်ကာ ပြောလိုက်သည်။ “ကျုပ် ကတိဝန်ခံချက် လက်မှတ်ထိုးပေးပါ့မယ်။”
ထန်ထိုင်မြဲ့မင်က ခေါင်းခါလိုက်၏။ “ကျုပ်က ဝန်ခံချက်တွေ ဘာတွေ မလိုချင်ဘူး။ ဒါပေမဲ့ တစ်ချက်ရှိတယ်။ ဒီပြိုင်ပွဲမှာ မင်း ပါဝင်ခွင့်မရှိဘူး။ မင်းကို မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားမယ်။ ရလဒ်ထွက်မှ ပြန်လွှတ်ပေးမယ်။”
ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ စကားပင် မပြောနိုင်တော့ချေ။
ကျင်းဝူပြန်းက ဘာမှမတတ်သည့် အသုံးမကျသူဖြစ်ပြီး မော့ယိုက တာရှီစာသင်ကျောင်းရဲ့ နံပါတ်တစ် ပညာရှင်ဖြစ်၏။ ယွင်ကျုံးဟဲ့ ဘေးနားမှာ မရှိဘူးဆိုလျှင် ကျင်းဝူပြန်း အယောက်တစ်ရာ ရှိနေလျှင်တောင်မှ ရှုံးမှာ သေချာနေသည်။
ထိုသို့ဆိုလျှင် ကျင်းမိသားစု ပျက်စီးပြီဖြစ်၏။ ယွင်ကျုံးဟဲ့သည်လည်း ထိုဘီလူးမ ထန်ထိုင်ဝူယန်ကို ယူရတော့မှာဖြစ်၏။
“ဒါပေမဲ့... ဒါပေမဲ့... ကျုပ် ကိုယ်တိုင် မြင်တွေ့ခွင့် လိုချင်ပါတယ်။” ယွင်ကျုံးဟဲ့ နောက်ဆုံး ကြိုးစား ကြည့်လိုက်သည်။
“မရဘူး။”
ထန်ထိုင်မြဲ့မင်က ပြတ်သားစွာ ပြောလိုက်၏။ “ဒီစိတ်ကူးကို ဖျက်လိုက်တော့။ သူတို့နှစ်ယောက် ပြိုင်နေတဲ့အချိန် မင်း လုံးဝ ရှိနေလို့ မဖြစ်ဘူး။ မင်း လက်ခံရင်ခံ၊ လက်မခံရင် အခုချက်ချင်း ဝူယန်နဲ့ မင်္ဂလာခန်း ဝင်လိုက်တော့။”
ယွင်ကျုံးဟဲ့သည် ရုပ်ဆိုးလှသော ထန်ထိုင်ဝူယန်ကို တစ်ချက်ကြည့်လိုက်ရာ မူးမေ့လဲချင်စိတ် ပေါက်သွားသည်။
ထို့နောက် ယွင်ကျုံးဟဲ့ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ကျင်းကျုံးယွဲ့လည်း ရောက်နေလောက်ပြီ။ ကျုပ်... ကျုပ် သူတို့ကို အကြောင်းစုံ သွားပြောပြလို့ ရမလား။”
ထန်ထိုင်မြဲ့မင်က သဘောတူလိုက်သည်။ “ရတယ်။ ဒါပေမဲ့ အချိန် တစ်မော့ (၇ မိနစ်ခန့်) ပဲ ပေးမယ်။ ပြီးရင် မြေအောက်ခန်းထဲ ဝင်ရမယ်။”
“ကောင်းပါပြီ။”
.................
ခဏကြာပြီးနောက် ထန်ထိုင်မိသားစု စစ်သည်များက ယွင်ကျုံးဟဲ့ကို ကျင်းကျုံးယွဲ့ထံ ခေါ်ဆောင်သွားကြ၏။
ဤလက်ထပ်ပွဲအတွက် ကျင်းကျုံးယွဲ့၊ လေခွင်းကတော်နှင့် ကျင်းဝူပြန်းတို့ ရောက်ရှိနေကြပြီး ထန်ထိုင် ရဲတိုက်တွင် တည်းခိုနေကြသည်။
ယွင်ကျုံးဟဲ့ အခန်းထဲသို့ ဝင်သွားပြီး အဖြစ်အပျက်အားလုံးကို ပြောပြလိုက်ချိန်မှာတော့ အခန်းထဲမှ အာမေဋိတ်သံများ ထွက်ပေါ်လာ၏။
လေခွင်းကတော်၊ ကျင်းဝူပြန်းနှင့် ဆရာကြီး ဇိုအန် တို့သည် ယွင်ကျုံးဟဲ့ကို မယုံနိုင်စွာ ကြည့်နေကြသည်။
‘ကျင်းဝူပြန်းနဲ့ မော့ယိုကို အရည်အချင်း ယှဉ်ပြိုင်ခိုင်းမယ် ဟုတ်လား။ ပြီးတော့ ထန်ထိုင်ဖူဖင်း ကိုယ်တိုင် မေးခွန်းထုတ်မှာလား။ ဒါဆို ရှုံးပြီပေါ့။ နေမင်းကြီး အနောက်ဘက်က ထွက်ပြီး မြစ်ရေ ပြောင်းပြန် စီးရင်တောင် ရှုံးမှာ သေချာနေပြီ။ ဒီလက်ထပ်ပွဲက မဖြစ်နိုင်တော့ဘူး။ ကျင်းမိသားစု သေချာပေါက် ပျက်စီးတော့မယ်။ ယွင်ကျုံးဟဲ့လည်း ထန်ထိုင်ဝူယန် ဆိုတဲ့ ရုပ်ဆိုးမကြီးကို ယူရတော့မယ်။’
အချိန် တစ်မော့ မပြည့်ခင်မှာပင် တံခါးပွင့်လာပြီး ယွင်ကျုံးဟဲ့ ထွက်ခွာလာခဲ့၏။
ထန်ထိုင်စစ်သည်များက ယွင်ကျုံးဟဲ့ကို မြေအောက်ခန်းသို့ ခေါ်ဆောင်သွားပြီး ပိတ်လှောင် ထားလိုက်ကြသည်။
ဤစာပေပြိုင်ပွဲသည် ကျင်းမိသားစု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည် ဖြစ်သလို ယွင်ကျုံးဟဲ့၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေလိမ့်မည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ကိုယ်တိုင် ပြိုင်ပွဲတွင် ရှိနေခွင့် မရပေ။ ရလဒ်ထွက်ပေါ်လာမှသာ သူ့ကို ပြန်လွှတ် ပေးမှာဖြစ်သည်။
သုံးရက် ကြာပြီးနောက် ထန်ထိုင်မိသားစု အိမ်တော်တွင် ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်နေ၏။
မကြာသေးမီကမှ ပိုင်ရှင်မဲ့နယ်မြေတွင် လျှို့ဝှက်စာချုပ်ကိစ္စ ဖြစ်ပွားခဲ့ပြီး ယခုအခါ စာပေပြိုင်ပွဲဖြင့် သားမက်ရွေးချယ်ပွဲ ကျင်းပနေပြန်သည်။
ကျင်းမိသားစု နှင့် မော့မိသားစု နှစ်ဖက်စလုံးက ထန်ထိုင်ဖူဖင်းကို လက်ထပ်ခွင့် တောင်းခံထားကြ၏။ လူတိုင်း သိထားကြသည်မှာ ထန်ထိုင်မိသားစုနှင့် လက်ထပ်ခွင့်ရသူသည် အသက်ရှင်ရပ်တည်ခွင့် ရရှိမှာဖြစ်၏။
အထူးသဖြင့် လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုသည် ရိက္ခာပြတ်လပ်မှု ဒဏ်ကို အပြင်းအထန် ခံစားနေရရာ ယခု လက်ထပ်ပွဲသာ ပျက်သွားပါက အကျိုးဆက်ကို တွေးရဲစရာပင် မရှိတော့ပေ။ လူတိုင်း၏ မျက်လုံးထဲတွင် ကျင်းမိသားစုမှာ ကျဆုံးပေတော့မည်။
သို့ပေမည့် ဤပြိုင်ပွဲတွင် ကျင်းဝူပြန်း နိုင်ပါ့မည်လား။ နောက်နေသည်လား။ ဤအသုံးမကျသည့် လူဖျင်းလူသွမ်းက မော့ယိုလို လူနှင့် ယှဉ်ပြိုင်မည်ဆိုပါက မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။ နောက်ထပ် နှစ်တစ်ရာ၊ နှစ်တစ်ထောင် ကြာရင်တောင် ကျင်းဝူပြန်း ရှုံးမှာ သေချာ၏။
လူတိုင်း၏ အမြင်တွင် ထန်ထိုင်မိသားစု၏ လုပ်ရပ်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်။ မော့ယိုကို ရွေးချယ်ပြီးသား ဖြစ်သော်လည်း တရားမျှတသယောင် ထင်ရစေရန် စာပေပြိုင်ပွဲ ကျင်းပပြခြင်းသာ ဖြစ်သည်။
ထန်ထိုင်မိသားစု ခန်းမဆောင်တွင် လူပေါင်း နှစ်ရာခန့် နေရာယူထားကြသည်။ တစ်ဝက်မှာ ပိုင်ရှင်မဲ့ နယ်မြေ၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ပြီး ကျန်တစ်ဝက်မှာ ပညာရှင်များ၊ စာပေသမားများနှင့် တာရှီစာသင်ကျောင်းမှ ဆရာများ ဖြစ်ကြ၏။
သူတို့အားလုံး ဤပြိုင်ပွဲကို သက်သေအဖြစ် လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။ လူလုံးမပြဘဲ နေလေ့ရှိသော မုဆိုးမ နင်ချင်းလည်း ရောက်ရှိလာပြီး ချောမောလှပသော ကျောင်းသူလေး တစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့၏။
ဤပြိုင်ပွဲမှာ မေးမည့် မေးခွန်းများကို ယွင်ကျုံးဟဲ့ ကြိုသိနေသည်လား။ လုံးဝ မသိနိုင်ပေ။ ထန်ထိုင်ဖူဖင်းက ချက်ချင်း စဉ်းစားပြီး မေးမြန်းမှာ ဖြစ်သည်။
ကျင်းဝူပြန်းမှာ တကယ်ပဲ အရည်အချင်း ရှိနေသည်လား။ လုံးဝ မရှိပေ။ သူက ကောက်ရိုးပုံသာသာ လူဖျင်း တစ်ယောက်သာဖြစ်၏။
မော့ယိုက တကယ်ပဲ တာရှီစာသင်ကျောင်းရဲ့ နံပါတ်တစ် ပညာရှင် ဖြစ်နေသည်လား။ ဟုတ်ပေသည်။ သူသည် စာပေ၊ ကဗျာ၊ နက္ခတ္တ၊ ပထဝီ အရာရာ နှံ့စပ်ကျွမ်းကျင်သူ ဖြစ်၏။
ထို့အပြင် ပြိုင်ပွဲဝင်မည့်သူမှာ ကျင်းဝူပြန်း ကိုယ်တိုင် ဖြစ်ပြီး လူစားထိုး၍ မရပေ။ ထိုသို့ဆိုလျှင် မည်သို့မှ နိုင်နိုင်ချေ မရှိချေ။
ခေါင်းပေါက်အောင် စဉ်းစားလျှင်တောင် နိုင်စရာလမ်း မမြင်ပေ။ ကမ္ဘာပျက်ရင်တောင် ကျင်းဝူပြန်း နိုင်စရာ အကြောင်းမရှိချေ။ သို့ပေမည့် ယွင်ကျုံးဟဲ့က နိုင်မည်ဟု ပြောခဲ့သည်။
မည်ကဲ့သို့ နိုင်မည်နည်း။ ဘုရားမှသာ သိပေလိမ့်မည်။ ရူးချင်စရာပင် ကောင်းနေတော့၏။
ထန်ထိုင် ခန်းမဆောင်တွင် ပညာရှင်မလေး ထန်ထိုင်ဖူဖင်းသည် အထက်တွင် ထိုင်နေသည်။
ကျင်းဝူပြန်းနှင့် မော့ယိုတို့သည် ခန်းမအလယ် တစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်လျက် ရှိသည်။ နှစ်ယောက်စလုံးမှာ လူစားထိုးထားခြင်း မရှိသော ကာယကံရှင် အစစ်များ ဖြစ်ကြ၏။
ထန်ထိုင်ဖူဖင်းက ကြေညာလိုက်သည်။ “ဒီပြိုင်ပွဲအတွက် ကျွန်မကိုယ်တိုင် မေးခွန်းထုတ်ပါမယ်။ စုစုပေါင်း မေးခွန်း သုံးခုရှိပြီး နိုင်တဲ့သူက ထန်ထိုင်မိသားစုနဲ့ လက်ထပ်ခွင့် ရပါမယ်။”
“ဆရာမ ဖူဖင်း… မေးပါ။” မော့ယိုက ဦးညွှတ်လျက် ပြောလိုက်၏။
သူက ဆရာမ ဖူဖင်းဟု သုံးနှုန်းလိုက်ခြင်းက ကြားရသူတို့၏ စိတ်ကို လှုပ်ရှားသွားစေသည်။
သူ တမင်ရည်ရွယ် ပြောဆိုလိုက်ခြင်းပင်။ ထန်ထိုင်ဖူဖင်းကဲ့သို့ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးရှိသည့် အမျိုးသမီးတစ်ယောက်သည် ရှေးရိုးစွဲသမားများကို သဘောကျလေ့ မရှိကြောင်း သူ သိ၏။
သူ့ကဲ့သို့ ချောမောခန့်ညားပြီး လွတ်လပ်သော ပညာရှင်ဆန်သူမျိုးကိုသာ သူမ သတိပြုမိပြီး သဘောကျနိုင်သည်။
ကျင်းဝူပြန်းသည်လည်း ရုပ်ရည်ချောမောသော်လည်း မော့ယို၏ ရုပ်ရည်သွင်ပြင်နှင့်ယှဉ်လျှင် များစွာ ကွာခြားနေ၏။
မော့ယိုသည် အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖားလျားချထားကာ အနည်းငယ် ဆိုးသွမ်းသော အငွေ့အသက်ပါသည့် မျက်နှာပေးဖြင့် အမျိုးသမီးများကို ဆွဲဆောင်နိုင်သူ ဖြစ်သည်။
တာရှီစာသင်ကျောင်းတွင် ရှိစဉ်က အမျိုးသမီး အများအပြား သူ့ကို စွဲလမ်းခဲ့ကြသည်။ သူ့ရုပ်ရည်သာမက သူ့အရည်အချင်းကိုပါ နှစ်သက်ခဲ့ကြခြင်း ဖြစ်၏။
ယခု သူက ဆရာမ ဖူဖင်း ဟု ခေါ်လိုက်ခြင်းမှာ တားမြစ်ထားသော အချစ်ဇာတ်လမ်းကို စတင်ရန် မီးမွှေးလိုက်ခြင်းပင်။
တကယ်တမ်းတွင်လည်း ထန်ထိုင်ဖူဖင်းသည် တာရှီစာသင်ကျောင်းမှ ဆရာမတစ်ဦး ဖြစ်သည်မှာ အမှန်တရား ဖြစ်သည်။
ကျင်းဝူပြန်းမှာမူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး ထိုင်းမှိုင်းနေ၏။
‘ကျင်းဝူပြန်းက စိတ်လှုပ်ရှားနေတယ် ဟုတ်လား။ သူက အရူး၊ စိတ်ဖောက်ပြန်နေတဲ့သူ မဟုတ်ဘူးလား။’
မှန်ပေသည်။ သူ တကယ် စိတ်လှုပ်ရှားနေပြီး အနည်းငယ် စိတ်အားထက်သန်နေသယောင် ရှိသည်။ တိုက်ပွဲဝင်ရန် အသင့်ပြင်နေသကဲ့သို့ နားရွက်များကို ထောင်ထားပြီး အာရုံစူးစိုက်နေသည်။ စာပေပြိုင်ပွဲ ဝင်မည့်သူနှင့် မတူဘဲ ဖျော်ဖြေပွဲတစ်ခုခုတွင် ကပြရန် ပြင်ဆင်နေသူနှင့် ပိုတူနေသည်။
မော့ယိုမှာမူ ပေါ့ပါးလွတ်လပ်သော ဟန်ပန် ရှိသည်။ နှစ်ယောက်သား၏ သွင်ပြင်မူယာမှာ ကွာခြားလွန်း လှသည်။ တစ်ယောက်က ငုံးသတ္တဝါလို ဖြစ်နေပြီး တစ်ယောက်က ဒေါင်းကဲ့သို့ ဖြစ်နေ၏။
...............
ထန်ထိုင်ဖူဖင်းက စုတ်တံကို ကိုင်လျက် စာရွက်ပေါ်တွင် စာလုံးတစ်လုံး ရေးလိုက်ပြီး ပြောလိုက်သည်။ “ပထမ မေးခွန်းက ရိုးရှင်းပါတယ်။ ကျွန်မ စာလုံးတစ်လုံး ရေးလိုက်မယ်။ သိပ်မတွေ့ရတဲ့ စာလုံးပါ။ ရိုးရိုးလေးလို့ ထင်ရပေမဲ့ မရိုးပါဘူး။ ဘယ်သူက အရင်ဆုံး ဖတ်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်မလဲ ကြည့်ရအောင်။”
ပရိသတ်များလည်း စိတ်ဝင်စားသွားကြပြီး ထန်ထိုင်ဖူဖင်း လက်ထဲမှ စာရွက်ကို ဝိုင်းကြည့်ကြ၏။
ထန်ထိုင်ဖူဖင်းက ရေးထားသော စာရွက်ကို မြှောက်ပြလိုက်ရာ မော့ ဟူသော စာလုံးကို တွေ့လိုက်ရသည်။
ပရိသတ်များ အသံတိတ်သွားကြ၏။ ဤစာလုံးက မည်ကဲ့သို့ အသံထွက်ရမည်နည်း။ ပုံစံက ရိုးရှင်းသည်။ မျက်လုံးဟု အဓိပ္ပာယ်ရသော စာလုံး သုံးလုံး ပေါင်းထားခြင်း ဖြစ်သည်။ သို့ပေမည့် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
နေ ဟူသည့် စာလုံးသုံးလုံးပေါင်းလျှင် ကျင်း ဟု ဖတ်ရကြောင်း သိကြသော်လည်း မျက်လုံး သုံးလုံး ပေါင်းထားလျှင် မည်သို့ ဖတ်ရမည်နည်း။
ကျင်းဝူပြန်း နားရွက်ထောင်သွားပြီး အာရုံစိုက်လိုက်သည်။ ချက်ချင်း ဖြေဆိုရန် ဟန်ပြင်လိုက်သည်။
သို့ပေမည့် မော့မိသားစု၏ သခင်လေး မော့ယိုက ချက်ချင်း ဖြေလိုက်၏။ “ဒီစာလုံးရဲ့ အသံထွက်က မော့ ပါ။ ကျုပ်ရဲ့ မျိုးရိုးနာမည်နဲ့ အသံတူပါတယ်။ အဓိပ္ပာယ်ကတော့ မျက်ဝန်းနက်နက်၊ အလွန်တရာ လှပသော မျက်လုံး လို့ အဓိပ္ပာယ် ရပါတယ်။”
အဖြေပေးပြီးချိန်တွင် မော့ယို အလွန် ကျေနပ်သွား၏။ အဘယ်ကြောင့်ဆိုသော် ထန်ထိုင်ဖူဖင်း၏ ပထမမေးခွန်းက သူ့ကို မျက်နှာသာပေးနေသောကြောင့်ပင်။ သူ့ကို မသိမသာ ရည်ညွှန်းနေသကဲ့သို့ ခံစားရသည်။
ပရိသတ်များက ထန်ထိုင်ဖူဖင်း၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြ၏။
ထန်ထိုင်ဖူဖင်းက ပြောလိုက်သည်။ “အဖြေ မှန်ပါတယ်။ ပထမ ပွဲစဉ်မှာ သခင်လေး မော့ယို အနိုင်ရပါတယ်။”
ပရိသတ်များ သက်ပြင်းချလိုက်ကြသည်။ ထင်ထားသည့်အတိုင်း ဘာမှ မထူးခြားပေ။
‘ကျင်းဝူပြန်းရဲ့ အရည်အချင်းက ဘယ်လိုလုပ် မော့ယိုကို ယှဉ်နိုင်မှာလဲ။ ဒီနေ့ပွဲက မျက်နှာပြောင်တိုက်ပြီး ကျင်းမိသားစုကို အခွင့်အရေး မပေးဘဲ လုပ်နေတာပဲ။’
ကျင်းဝူပြန်း စိတ်ပူပန်လာ၏။ သာမန်အချိန်တွင် သူ ရူးကြောင်ကြောင် နေတတ်သော်လည်း မိသားစု၏ သေရေးရှင်ရေးနှင့် ကြုံလာချိန်တွင် သူ မည်ကဲ့သို့ လျစ်လျူရှုနိုင်မည်နည်း။
ထို့ကြောင့် လွန်ခဲ့သော လအနည်းငယ်အတွင်း ယွင်ကျုံးဟဲ့၏ ညွှန်ကြားချက်အတိုင်း အထူးလေ့ကျင့်မှု တစ်ခုကို မနားမနေ လေ့ကျင့်ခဲ့ရသည်။ တစ်နေ့လျှင် ၁၈ နာရီခန့် မှန်ရှေ့တွင် ထိုင်ပြီး လေ့ကျင့်ခဲ့ရသည်မှာ ယနေ့အတွက်ပင် ဖြစ်သည်။
သို့ပေမည့် ပထမပွဲစဉ်တွင် ရှုံးသွားခဲ့၏။ နောက်တစ်ပွဲ ထပ်ရှုံးပါက ဤလက်ထပ်ပွဲ ပျက်မှာဖြစ်ပြီး လေခွင်းချိုင့်ဝှမ်း၏ အကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။
***