"ဆရာ။ ထတော့လေဗျာ။ နေတောင်အတော်မြင့်နေပြီ။"
" ဟုတ်သားဆရာရေ။ ဒေါက်တာဘခက်က မနက်စာစားဖို့တောင် ခေါ်ခိုင်းနေပြီဗျ။"
ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ အသံကြားတော့မှ အိပ်ယာပေါ်က အိပ်မှုန်စုန်မွှားနဲ့လူးလဲထလိုက်တယ်။ မနေ့ညက ခြံစောင့်ဦးလေးကြီးနဲ့ စကားပြောပြီးတာနဲ့ အိပ်ယာဆီတန်းပြန်လာကတည်းက အိပ်ပျော်သွားတာ အခုမှနိုးတာပဲ။ ကပြာကယာမျက်နှာသစ်ပြီး ဒေါက်တာဘခက်စီစဉ်ပေးတဲ့ မနက်စာကို စားလိုက်ကြတယ်။ ကျုပ်တို့ကတောသူတောင်သားဆိုတော့ ဒေါက်တာဘခက်ကျွေးတဲ့မနက်စာကို မစားတတ်ပေါင်။ ကော်ဖီနဲ့ ဘီစကစ်မုန့်တွေချကျွေးတာမို့ မနက်စာစားရတာ မတင်းတိမ်သလိုခံစားရတယ်။
"တူမောင်တို့ အားမနာနဲ့။ စားချင်တာရှိရင်လည်းပြောနော်။ ကျုပ်စီစဉ်ပေးမှာပေါ့။"
"ဒါဖြင့်ဗျာ ကျုပ်တို့ဒါကြီးတွေမစားတတ်ဘူးဖြစ်နေတယ်။ ကျုပ်တို့အတွက် ထမင်းလေးနဲ့ ပဲပြုတ်လေးဖြစ်ဖြစ်စီစဉ်ပေးပါလားဗျာ။"
"ရစေရမယ်။ ခဏစောင့်။"
အားလုံးသိကြတဲ့အတိုင်း အစားအသောက်နဲ့ပတ်သက်ရင် တားမရဆီးမရသူက ကိုဖိုးတေ။ ဒေါက်တာဘခက်ကလည်း ကိုဖိုးတေပြောတာကို ရအောင်စီစဉ်ပေးတယ်။ ခဏအကြာမှာ အမျိုးသမီးတစ်ယောက်က ထမင်းပူနဲ့ ပဲပြုတ်နဲ့ သေချာနှံ့နေအောင်နယ်ပြီး ကျုပ်တို့ရှေ့မှာလာချပေးတယ်။အဲ့ဒီတော့မှ မနက်စာကို အားရပါးရစားဖြစ်တော့တယ်။ စားသောက်ပြီးသွားတော့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ကို ခြံစောင့်ဦးလေးကြီးနဲ့အတူ 'သာမညမြို့'ဈေးထဲကိုစေလွှတ်ပြီး ဒီညမှာကျုပ်လုပ်မဲ့အကြံအစဉ်အတွက် လိုအပ်တာတွေ သွားဝယ်ခိုင်းလိုက်တယ်။ ကျုပ်ကတော့ ဒေါက်တာဘခက်နဲ့အတူ ဒေါက်တာဘခက်ရဲ့အမျိုးသမီးအခြေအနေကို သိရှိဖို့ အိမ်မှာနေခဲ့လိုက်တာပေါ့။
"ဒီအခန်းထဲမှာ ကျုပ်မိန်းမရှိတယ်။အခြေအနေကို တူမောင်တစ်ချက်ကြည့်ချင်လား။"
"ကျုပ် နည်းနည်းပါးပါးတော့ အကဲခတ်ကြည့်ချင်တယ်ဗျာ။"
ဒေါက်တာဘခက်က ကျုပ်ရှေ့ကဝင်သွားပြီး ဇနီးဖြစ်သူကို ဖြေညှင်းစွာခေါ်လိုက်တယ်။
" မယ်ရွှင်။ ကျုပ်ဝင်လာပြီနော်။ ဒီမှာ မင်းကိုကုသပေးဖို့ဆရာတစ်ယောက်ခေါ်လာတယ်။မင်းကိုသူနဲ့မိတ်ဆက်ပေးချင်လို့ ခေါ်လာခဲ့တာ။"
ပြတင်းပေါက်ရှိရာမျက်နှာမူရင်း ကုလားထိုင်တစ်လုံးပေါ်မှာ မလှုပ်မရှက် ပကတိငြိမ်သက်နေတဲ့ အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရတယ်။ အဲ့အမျိုးသမီးရှေ့ကိုသွားလိုက်ပြီး မျက်နှာကိုစေ့စေ့ကြည့်လိုက်တော့ မျက်တောင်တစ်ချက်မခတ်တာကို သတိထားမိလိုက်တယ်။
" ကျုပ်နာမည် 'စိုင်းမောက်'လို့ခေါ်ပါတယ်။ ဒီက ဒွေးလေးရွှင်ကို ဆေးကုသပေးဖို့ရောက်လာတယ်ဆိုပါတော့။ ဒီဘက်ကပုဂ္ဂိုလ်ကိုတော့ သိလောက်မယ်ထင်ပါတယ်။ ဒါက ဒွေးလေးရွှင်ရဲ့ ခင်ပွန်းဒေါက်တာဘခက်လေ။"
ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ရင်း ဒေါက်တာဘခက်ရှိရာဘက်ကိုလက်ညှိုးထိုးပြလိုက်ပြီး အခြေအနေကိုအကဲခတ်ကြည့်တယ်။ ဒါလည်း ဘာမှထူးခြားမလာပါဘူး။မလှုပ်မရှက် ငြိမ်သက်မြဲ ငြိမ်သက်ဆဲပါ။ အဲ့ဒီအမျိုးသမီးရဲ့မျက်ဝန်းအိမ်ထဲမှာတော့ ကိုယ့်ကိုကိုယ် စိတ်ပျက်အားငယ်နေတဲ့ပုံရိပ်တွေကို ကျုပ်မြင်နေရတယ်။
"ကဲပါ။ ကျုပ်တို့ ကိုဖိုးတေ တို့ပြန်လာတာကိုစောင့်ပြီး စီစဉ်ကြတာပေါ့။ ခုတော့ ခဏလောက်အနားယူခိုင်းလိုက်ပါအုံး။"
ဒေါက်တာဘခက်နဲ့ ကျုပ်တို့ အခန်းထဲကထွက်လာပြီးနောက် ဈေးထဲကိုသွားကြတဲ့ ကိုဖိုးတေတို့ပြန်အလာကို စောင့်စားနေကြတယ်။ နေ့လည်မွန်းမတည့်ခင်အချိန်မှာ ဈေးထဲသွားကြတဲ့သူတွေပြန်ရောက်လာကြတယ်။
"အမလေးဆရာရယ် ဆရာရှာခိုင်းတဲ့ပစ္စည်းကို မနည်းလိုက်ရှာပြီးဝယ်ခဲ့ရတယ်။ ဈေးတစ်ခုလုံးလည်းနှံ့နေအောင်သွားရတာ ခြေထောက်ကိုတိုလို့ပါ့။"
ထုံးစံအတိုင်း ပြန်ရောက်တာနဲ့ ပင်ပန်းကြောင်းငြီးငြူနေသူက ကိုဖိုးတေ။ ကိုမိုးကြိုးကတော့ ကျုပ်မှာလိုက်တဲ့ ဝါးလုံးတွေကိုသေချာစည်းပြီးထမ်းလာတယ်။ ခြံစောင့်ဦးလေးကြီးက ခြင်းတောင်းအကြီးကြီးကိုထမ်းလို့ပေါ့။
"ကိုဖိုးတေတို့လည်း အခုမှပြန်ရောက်တာဆိုတော့ခဏနားကြအုံးဗျာ။ ကျုပ်စီစဉ်စရာရှိတာတွေစီစဉ်လိုက်အုံးမယ်။ညနေအမီ အမြန်ဆုံးစီစဉ်မှဖြစ်မယ်။"
"ဟုတ်ဟုတ်ဆရာ။ ကျုပ်တို့လည်းရေမိုးချိုးထမင်းစားပြီးတာနဲ့ ဆရာ့ကိုလာကူပါ့မယ်။"
အစစအရာရာ ကျုပ်တို့နဲ့လွှဲထားတာမို့ ဒေါက်တာဘခက်က တစ်ခွန်းတောင်ဝင်မပြောပဲ ကြည့်ရုံသာကြည့်နေတယ်။ ကိုမိုးကြိုးထမ်းလာတဲ့ ဝါးလုံးတွေကိုခွဲခြမ်းပြီး ဝါးစားပွဲတစ်လုံး အလျင်အမြန်လုပ်လိုက်တယ်။ ကိုဖိုးတေကိုတော့ ဈေးထဲကဝယ်လာတဲ့ အမဲသားတစ်ပိဿာကို နူးအိနေအောင်ချက်ခိုင်းထားလိုက်ပြီး ထမင်းအိုးပါတည်ခိုင်းလိုက်တယ်။ ဒီလိုတွေလုပ်နေရပြီဆိုရင် ကျုပ်ဘာလုပ်မလဲဆိုတာ ကိုဖိုးတေ ကောင်းကောင်းကြီးသိနေတာပေါ့။ ဒီလိုနဲ့ပဲ ညနေမစောင်းခင်အားလုံးပြင်ဆင်လို့ပြီးသွားခဲ့တယ်။ တစ်နေ့လုံးလည်း ချွေးတွေသံတွေနဲ့ အလုပ်လုပ်နေရတာဆိုတော့ ညနေမစောင်းခင် ရေမိုးချိုးပြီး ဗိုက်ဖြည့်လိုက်တယ်။ အားလုံးလည်းအဆင်သင့်ဖြစ်နေပြီမို့ သင်္ချိုင်းတကာအပိုင်စားရထားတဲ့ 'အရှင်မမဖဲဝါ'ကိုပင့်ဖိတ်ဖို့စတင်လုပ်ဆောင်ရတော့တယ်။
"ဆရာ။ အိမ်ဝန်းထဲမှာ မဖဲဝါကိုပင့်မှာဆိုတော့ ဖြစ်ပါ့မလားဗျ။ တစ်ခုခုဖြစ်သွားရင် ပြဿနာကကျုပ်တို့ဘက်လှည့်လာမှာနော်။"
"ရပါတယ်ကိုဖိုးတေရာ။ ပြဿနာမရှိပါဘူး။ ဒီနေရာကလည်း အရင်က သင်္ချိုင်းဟောင်းကြီးပဲလေ။ ဘာမှမဖြစ်ပါဘူး။အားလုံးက ကျုပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်။"
တစ်ခုခုဆို အစိုးရိမ်လွန်တတ်တဲ့ ကိုဖိုးတေကို ဘာမှမစိုးရိမ်ဖို့ပြောရင်း 'အရှင်မမဖဲဝါ'ကိုပင့်ဖိတ်လိုက်တယ်။ ကျုပ်ဘေးမှာ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့က တစ်ဖက်တစ်ချက်စီမှာ ရပ်နေကြတယ်။ ဒေါက်တာဘခက်နဲ့ ခြံစောင့်ဦးလေးကြီးတို့ကိုတော့ အိမ်ထဲကိုပဲဝင်နေခိုင်းရတယ်။ ခဏအကြာမှာ ကျုပ်တို့ရှေ့က စားသောက်စရာတွေတင်ထားတဲ့ ဝါးစားပွဲလေးဟာ သိသိသာသာလှုပ်ရမ်းလာခဲ့ပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်တွေ မီးသေသွားတယ်။ ဒါဆိုရင်တော့ 'အရှင်မမဖဲဝါ'ရောက်နေပြီဆိုတာသေချာတယ်။ ကျုပ်ဘယ်သူဘယ်ဝါကို ပင့်ဖိတ်တယ်ဆိုတာကိုသာသိရင် ဒေါက်တာဘခက်တို့ လန့်နေမှာစိုးလို့ 'အရှင်မမဖဲဝါ'နဲ့ မနောချင်းဆက်သွယ်ပြီးသာ မေးမြန်းလိုက်ရတယ်။
" မတွေ့ရတာအတော်တောင်ကြာပါပြီလား အစ်မတော်။"
"အေး။ ငါ့ကိုခေါ်တာဘာကိစ္စလဲ။"
'အရှင်မမဖဲဝါ'ကဝါးစားပွဲပေါ်မှာထိုင်ကာ ပူဇော်ပသထားတဲ့ စားသောက်ဖွယ်ရာတွေကိုစားသောက်ရင်း ကျုပ်ကိုပြန်မေးတော့ အခုလက်ရှိ ဒီအိမ်ထဲမှာဖြစ်နေတဲ့ပြဿနာတွေကို သေချာလေးရှင်းပြလိုက်တယ်။
"ကောင်းပြီ။ နင့်ဆီမှာငါပေးအပ်ထားတဲ့ နဝမမြောက်မဖဲဝါပုံတူအရုပ်လေးရှိတယ်မလား။"
"အဲ့ဒီအရုပ်လေးဆိုရင်တော့ ကျုပ်ဆီမှာရှိပါတယ်။ အဲ့ဒီအရုပ်နဲ့ ကျုပ်ဘာဆက်လုပ်ရမလဲ။"
"ဟုတ်ပြီ။ ဒါဆိုရင် နည်းလမ်းနှစ်ခုရှိတယ်။ ပထမနည်းလမ်းက အဲ့ဒီရုပ်တုကိုပြ ငါ့ရဲ့အာဏာစက်နဲ့အမိန့်ပြန်ပြီး ကျိန်စာထုတ်တာပဲ။ ဒုတိယနည်းလမ်းက အန္တရာယ်လည်းများသလို ငါကိုယ်တိုင်ကိုင်တွယ်ရမဲ့အပိုင်းဖြစ်သွားပြီ။ တကယ်လို့ ဒုတိယနည်းလမ်းကိုသာလုပ်ရမယ်ဆိုရင် နင်ငါ့ကိုကူညီမှဖြစ်မယ် 'စိုင်းမောက်'။"
"ကျုပ်အစ်မတော်ခိုင်းတာအကုန်လုပ်ပါ့မယ်။ဒုတိယနည်းလမ်းကိုသုံးရမယ်ဆိုရင်လည်း အစ်မတော်ကို ကူညီဖို့အဆင်သင့်ပါပဲ။"
"ကောင်းပြီ။ ပထမနည်းလမ်းကိုသုံးကြည့်လိုက်။ အဲ့ဒီနည်းနဲ့အဆင်မပြေရင် နင့်ကိုငါကိုယ်တိုင်လာတွေ့မယ်။"
"ကောင်းပါပြီအစ်မတော်။ ကျုပ်ကြိုးစားကြည့်လိုက်ပါ့မယ်။"
'အရှင်မမဖဲဝါ'နဲ့ စကားပြောဆိုပြီးတဲ့နောက် ကြက်သီးတွေဖြန်းကနဲထသွားပြီး တစ်ကိုယ်လုံးတုန်သွားတယ်။
"ဆရာ။ အဆင်ပြေရဲ့လား။ "
"ကျုပ်ဘာမှမဖြစ်ဘူးကိုဖိုးတေ။ကျုပ်ကိုအရမ်းဒေါသဖြစ်နေတဲ့ တစ်ခုခုကြောင့်အခုလိုဖြစ်သွားတာ။"
"ခွမ်းးးးးး။ "
ကျုပ်တို့စကားပြောနေခိုက် အိမ်အပေါ်ထပ်ကနေ ပြတင်းပေါက်မှန်ကိုခွဲကာအောက်ကို ခုန်ချလာတဲ့ ဒေါက်တာဘခက်ရဲ့ဇနီးဖြစ်သူကိုမြင်လိုက်ရတော့ အားလုံးအံ့အားသင့်ကုန်ကြတယ်။
" မယ်ရွှင်။ ဘယ်လိုဖြစ်ပြီးခုန်ချလာတာလဲ။ "
ဇနီးဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုသတိမထားမိပဲ အိမ်ထဲကထွက်လာတော့မဲ့ ဒေါက်တာဘခက်ကို ထွက်မလာခဲ့ဖို့ ဟန့်တားလိုက်တယ်။ နောက်တော့ ဒွေးလေးရွှင်ရဲ့အနားကိုအသာအယာကပ်သွားပြီး ကျုပ်လွယ်အိတ်ထဲက 'နဝမမြောက်မဖဲဝါ'ရဲ့ပုံတူရုပ်တုလေးကိုထုတ်ပြီး အစ်မတော်ပြောခဲ့သလိုအမိန့်ပြန်လိုက်တယ်။
"ဟော့ဒီ အမျိုးသမီးအား ဝင်ရောက်နှောက်ယှက်နေတဲ့ မကောင်းဆိုးဝါးကောင်။သင်္ချိုင်းတကာအပိုင်စားရတဲ့မဖဲဝါကိုယ်စား မင်းကိုငါအမိန့်ပေးမယ်။ အခုချက်ချင်း ဒီရုပ်ဒီခန္ဓာထဲကနေထွက်သွားစမ်း။ မထွက်ရင်တော့ ငါ့အဆိုးမဆိုနဲ့နော်။ ငါ့လက်ထဲမှာကိုင်ထားတဲ့ရုပ်တုကိုမြင်လား။ ဒါဘယ်သူလဲသိတယ်မဟုတ်လား။"
"သောက်ကလေးက ကိုယ့်အဆင့်ကိုယ်မသိသေးဘူးပဲ။ မင်းဘာသာမင်း ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ဘူး။ မင်းပြောတဲ့ မဖဲဝါဆိုတဲ့ကောင်မကိုလည်း ဂရုမစိုက်ဘူး။ အခုငါဝင်ပူးထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဝိညာဉ်လိပ်ပြာဟာ ငါ့အပိုင်ဖြစ်နေပြီ။ သူ့ကိုငါပိုင်သွားပြီကွ။ဟားးးဟားးးးဟားးးး။"
အမျိုးသမီးတစ်ဦးထံကထွက်လာတဲ့အသံဟာ ဩဇာအာဏာအပြည့်နဲ့ ယောက်ျားရင့်မာကြီးတစ်ယောက်ရဲ့အသံဖြစ်နေတာကြောင့် အင်မတန်အစွမ်းကြီးမားတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ဒီခန္ဓာကိုယ်ကို အပိုင်စီးထားလိုက်ပြီဆိုတာ သေချာနေပြီ။ ခဏအကြာမှာ 'နဝမမြောက်မဖဲဝါ'ရဲ့ပုံတူအရုပ်တင်ထားတဲ့ ကျုပ်ရဲ့လက်ဖဝါးပေါ်မှာ ပြင်းထန်လွန်းလှတဲ့အပူရှိန်ကိုခံစားလိုက်ရတယ်။ မျက်စိရှေ့မှာတင် ကျုပ်လက်ပေါ်ကရုပ်တုလေးဟာ ပြာအတိဖြစ်ပြီး လေနဲ့အတူပျောက်ကွယ်သွားတော့တယ်။
"ဟာ ဆရာ့လက်ပေါ်ကရုပ်တုမရှိတော့ဘူး။ "
"ဆရာ သတိထားနော်။"
ကိုမိုးကြိုးနဲ့ ကိုဖိုးတေ တို့က ကျုပ်ကိုစိုးရိမ်တကြီးနဲ့သတိလှမ်းပေးကြတယ်။ မကောင်းဆိုးဝါးကောင်ဝင်ရောက်ပူးကပ်နေတဲ့ ဒွေးလေးရွှင်က ကျုပ်ကိုစားမတတ်ဝါးမတတ်မျက်လုံးတွေနဲ့စိုက်ကြည့်နေတာမို့ပေါ့။
" မင်းကိုပြတဲ့ပညာက အကင်းလေးပဲရှိသေးတယ်။ ငါ့ကိုလာရှုပ်ရင် မင်းအသေဆိုးနဲ့သေဖို့သာပြင်ထား။"
သွားရေတများများနဲ့ ပြောချင်ရာတွေအော်ပြောပြီးတဲ့နောက် ဒွေးလေးရွှင်က ချက်ချင်းပဲပျော့ခွေကျသွားတော့တယ်။ ကိုဖိုးတေက ဒွေးလေးရွှင်ကိုပြေးဖမ်းလိုက်ပြီးတာနဲ့ အနားယူဖို့အိမ်ထဲကိုခေါ်ဆောင်သွားတော့တယ်။ အခြေအနေတွေငြိမ်သက်သွားပြီဆိုတော့မှ ဒေါက်တာဘခက်တစ်ယောက် အိမ်ထဲကထွက်လာပြီး ကျုပ်အနားကိုကပ်ကာစိတ်ပျက်နေတဲ့အသံနဲ့ တိုးတိုးလေးမေးတယ်။
"တူမောင်။ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ။"
"အနာရှိရင်ဆေးရှိပါတယ်။ ဘာမှလည်းမစိုးရိမ်ပါနဲ့။ ကျုပ်လုပ်တဲ့ကိစ္စကို အဆုံးထိတိုင်အောင် လုပ်ပေးမှာပါ။ အခုတော့ ဒွေးလေးရွှင်အနားမှာနေပေးလိုက်ပါအုံး။"
ဒေါက်တာဘခက်ကိုစိတ်မပူဖို့ပြောလိုက်ပြီး ဇနီးဖြစ်သူအနားမှာနေပေးဖို့ပြောလိုက်တော့ အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။
"ကောင်လေး။ ဒါကြီးကို မင်းကိုင်တွယ်နိုင်ပါ့မလား။"
"မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်သိမတုန်းဗျဂ္ဂရယ်။"
ကျုပ်လက်ဖဝါးပေါ်က မီးလောင်ဒဏ်ရာကြီးကိုတော့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့တစ်ယောက်မှမသိကြဘူးပေါ့လေ။
***