အဲ့လိုနဲ့ ကျုပ်လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး စိတ်တွေလေနေတာမို့ ညစာတောင်မစားနိုင်တော့ပဲ စောစောစီးစီးအနားယူခဲ့လိုက်တယ်။ 'အရှင်မမဖဲဝါ'ပြောခဲ့တာကတော့ ပထမနည်းလမ်းအတိုင်းအဆင်မပြေရင် ဒုတိယနည်းလမ်းကိုသုံးရမယ်လို့ပြောခဲ့တာပဲ။
"ဝုတ်။ ဝုတ်။ ဝုတ်။"
နားထဲမှာခွေးဟောင်သံကြားရတာမို့ မျက်လုံးတွေဖွင့်ကြည့်တော့ 'အရှင်မမဖဲဝါ'ရဲ့ခွေးနက်ကြီးမဲမှောင်က သာမန်ခွေးလေးတစ်ကောင်အဖြစ်နဲ့ကျုပ်ကိုလာကြိုနေတယ်။ ကျုပ်က 'အရှင်မမဖဲဝါ'နဲ့ ဟိုးအရင်တုန်းကဆုံခဲ့ရတဲ့ သစ်သားအိမ်လေးရဲ့ရှေ့မှာရောက်နေတာပဲ။ ဒါဆိုရင်တော့ ကျုပ်ကို 'အရှင်မမဖဲဝါ'ကိုယ်တိုင်လာတွေ့ပြီဆိုတာသိလိုက်ရတယ်။
"အစ်မတော် ကျုပ်ဝင်လာခဲ့ပြီနော်။"
ပိတ်ထားတဲ့တံခါးချပ်ကိုတွန်းဖွင့်လိုက်ပြီး အိမ်လေးရဲ့အတွင်းကိုဝင်ခဲ့လိုက်တယ်။ ဝင်ဝင်ချင်းမှာပဲ နက်မှောင်ကျော့ရှင်းတဲ့ဆံကေသာထက်မှာ အဝါရောင်စကားပန်းပွင့်ကို ပန်ဆင်ထားတဲ့ 'အရှင်မမဖဲဝါ'ကိုမြင်လိုက်ရတယ်။
"အစ်မတော်ပေးခဲ့တဲ့ ပုံတူရုပ်တုလေးကိုဖျက်ဆီးမိခဲ့လို့ ကျုပ်တောင်းပန်ပါတယ်ဗျာ။"
"နင့်ရဲ့အခုလက်ရှိအဆင့်နဲ့လည်း ဒါတွေကလိုမှမလိုတော့ပဲဟယ်။ ငါကတမင်ဖျက်ဆီးခိုင်းရင်ရော နင်ကဖျက်ဆီးပစ်မှာမို့လို့လားဟဲ့။"
"ဟို ကျုပ်ကိုအစ်မတော်ပေးခဲ့တဲ့ပစ္စည်းလေးဆိုတော့ ကျုပ်မဖျက်ဆီးရက်ပါဘူး။"
ပျက်ဆီးသွားခဲ့တဲ့ 'နဝမမြောက်မဖဲဝါပုံတူရုပ်တု'လေးကို ကျုပ်ဘယ်လိုရခဲ့သလဲသိချင်ရင် 'နဝမမြောက်မဖဲဝါ'ဆိုတဲ့အပိုင်းလေးကိုသာပြန်ရှာပြီးဖတ်ကြည့်ကြပါ။
"အေးလေ။ နင်ကငါဖျက်ဆီးခိုင်းရင်တောင်မဖျက်ဆီးပစ်နိုင်ဘူးဆိုတော့ ပျက်ဆီးအောင်ကြံရတာပေါ့။"
"ဒါဆို အဲ့ဒီအကောင်က ဘာကောင်လဲဆိုတာ အစ်မတော်သိနှင့်နေပြီးသားလား။"
"ငါ့အနေနဲ့က သိတယ်ဆို အဲ့ဒီလူက သာမန်လူမဟုတ်ဘူး။ အခုလက်ရှိ ဒေါက်တာဘခက်တို့အိမ်ဆောက်ပြီးနေနေတဲ့နေရာက ဟိုးယခင်ကတည်းကရှိခဲ့တဲ့ နန်းတွင်းသင်္ချိုင်းကြီးတစ်ခုပေါ့။ နန်းတွင်းမှာရှိကြတဲ့ ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တွေသေဆုံးသွားပြီဆိုရင် အဲ့ဒီသင်္ချိုင်းမှာလာရောက်မြှုပ်နှံကြတယ်။ နင်ရင်ဆိုင်ခဲ့ရတာက တစ်ချိန်တုန်းကနန်းတွင်းမှာ အရေးပါအရာရောက်တဲ့လူတစ်ယောက်ဖြစ်ခဲ့တဲ့ ဆေးဆရာကြီးတစ်ယောက်ပဲ။ အဲ့ဒီဆေးဆရာကြီးမှာ တစ်ချိန်လုံးဖြစ်ချင်ခဲ့တဲ့ဆန္ဒတစ်ခုရှိခဲ့တယ်။အဲ့ဒါကဘာလဲဆိုရင် 'မသေဆေး'ဖော်စပ်ချင်ခဲ့တာပေါ့။ သူ့ဘဝတစ်လျောက်လုံး အဲ့ဒီ'မသေဆေး'ဖော်စပ်ရင်းနဲ့ပဲ အချိန်ကုန်လွန်ခဲ့တယ်။နန်းရှင်က ဆေးဆရာကြီးအနေနဲ့ ကျရှုံးမှုတွေများလာတဲ့အခါ သူပြောတဲ့'မသေဆေး'ဆိုတာလည်းမရှိနိုင်ဘူးဆိုပြီး အမျက်ထွက်ကာ ကားစင်တင်ပြီးခေါင်းဖြတ်သတ်လိုက်တယ်။ အဲ့ဒါနဲ့တင်ပြီးသွားပြီလားဆိုတော့မဟုတ်သေးဘူး။ သူ့ရဲ့ဝိညာဉ်ကိုပါချုပ်ထားလိုက်ပြီး အဲ့ဒီနေရာမှာ အစောင့်အဖြစ်ထားရှိခဲ့တယ်။ မင်းအမိန့်နဲ့ ချုပ်နှောင်ထားခဲ့တာဆိုတော့ ဘယ်လိုမှမကျွတ်လွတ်နိုင်ပဲဖြစ်နေတော့တာပေါ့။ လူ့ဘဝမှာတုန်းကစွဲလန်းခဲ့တဲ့ 'မသေဆေး'ဖော်စပ်တာကို မကျွတ်မလွတ်ဘဝနဲ့လည်း ဆက်ပြီးလုပ်နေတုန်းပဲ။ အဲ့ဒီမြေနေရာကို ကျိန်စာတိုက် လိပ်ပြာလှသူတွေကိုဖမ်းဆီးချုပ်နှောင်ပြီး 'ဝိညာဉ်ဆေးလုံး'တွေစီရင်နေခဲ့တာ။"
'အရှင်မမဖဲဝါ'က ကျုပ်ကိုအဖြစ်အပျက်အစအဆုံးရှင်းပြနေရင်းက ခြေထောက်နားမှာရှိနေတဲ့ ခွေးကလေး မဲမှောင်ကိုပွေ့ချီလိုက်ပြီး ခေါင်းကိုပွတ်သပ်ပေးနေတယ်။
"ငါကဒါတွေကိုသိနှင့်နေတာအတော်ကြာခဲ့ပါပြီ။ အထက်ပုဂ္ဂိုလ်တွေကလည်းဘာမှမပြောသေးတာမို့ ဒီကိစ္စကိုမဖြေရှင်းပဲထားထားရတာ။ အခုလိုနင်ရောက်လာတော့ ရေကန်အသင့်ကြာအသင့်ဖြစ်သွားတာပေါ့။"
"ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ အစ်မတော်။"
"နင်နဲ့ငါ အဲ့ဒီကောင်ရှိတဲ့နေရာကိုသွားပြီး ရင်ဆိုင်ဖြေရှင်းရမှာပေါ့။ နင်လိုက်ရဲတယ်မလား။"
"ကျုပ်က အစ်မတော်ကိုကူညီဖို့ဆို ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်သင့်ပဲဗျို့။"
"ကောင်းပြီ။ လာမဲ့လကွယ်ညမှာ ငါနင့်ကိုလာခေါ်မယ်။ နင်အဆင်သင့်ပြင်ထားလိုက်နော်။"
"ကောင်းပါပြီ အစ်မတော်။ကျုပ်စောင့်နေပါ့မယ်။"
"ဆရာ ဘယ်သူ့ကိုစောင့်နေတာတုန်းဆရာရဲ့။ ဧကန္တ အလင်္ကာကိုစောင့်နေတာများလား။"
ကိုဖိုးတေရဲ့အသံကြောင့် ကျုပ်အိပ်နေရာကနိုးလာခဲ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ပြန်ဖြေရသေး။
"မ မဟုတ်ပါဘူးကိုဖိုးတေရ။ ကျုပ်အိပ်မက်မက်ပြီးယောင်နေတာပါ။"
"အယ် ငါ့ဆရာကတော့ အိပ်မက်ထဲမှာတောင်ထည့်မက်တယ်ဆိုတော့ ရိုးတော့မရိုးတော့ဘူးဗျ။"
"ဟာ ကိုမိုးကြိုးကပါ ဝင်ပြောပြန်ပြီလား။"
"ကျုပ်တို့ဆရာ ရှက်သွားပြီ။ ကြည့်အုံး ကြည့်အုံး။ဆရာရေ ကျုပ်တို့အောက်ကစောင့်နေမယ်နော်။မနက်စာစားဖို့ အမြန်ဆင်းခဲ့နော်ဆရာ။"
ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့က ကျုပ်ကိုစနောက်ပြီးတာနဲ့ မနက်စာစားဖို့ အောက်ထပ်ကိုဆင်းသွားလေရဲ့။ ကျုပ်ကတော့ ရှက်လွန်းလို့ မျက်နှာသစ်ရာနေရာမှာ အကြာကြီးထိုင်လိုက်မိတယ်။ မျက်နှာသစ်ပြီးသွားတော့ မနက်စာစားဖို့ ကိုဖိုးတေတို့စောင့်နေရာကိုလာခဲ့ပြီး မနက်စာစားလိုက်တယ်။ ဒေါက်တာဘခက်ရဲ့မျက်နှာတော့ သိပ်မကောင်းဘူးပေါ့။
"ကိုဖိုးတေ။ လကွယ်ညကဘယ်တော့တုန်းဗျ။"
"ဟာ ဆရာကလည်း မနက်ဖြန်ဆို လကွယ်ညပဲလေ။ဆရာအလုပ်လုပ်စရာရှိလို့လား။"
"ဟုတ်တယ်ကိုဖိုးတေရ။ ကျုပ်မနက်ဖြန်ညမှာ သွားစရာရှိတယ်။ အဲ့ဒါကိုဖိုးတေတို့က ဒီမှာနေခဲ့မှဖြစ်မှာနော်။"
"ဘယ်ကိုသွားမှာမို့လဲဆရာရဲ့။ ပြီးတော့ ဘယ်လောက်တောင်ကြာမှာလဲ။"
"ကျုပ်သွားစရာရှိတယ်ဆိုတာက ဒေါက်တာဘခက်ရဲ့ဇနီးကိုကုသပေးဖို့သွားမှာကိုဖိုးတေရ။ ဘယ်လောက်ကြာမယ်ဆိုတာတော့ ကျုပ်လည်းမပြောတတ်သေးဘူး။"
"ကျုပ်တို့က ဒီအိမ်မှာဆရာ့ကိုစောင့်နေရမယ်ဆိုပါတော့။"
"ဒါပေါ့ဗျာ။ ဒီအိမ်ကို စောင့်ရှောက်ဖို့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ကို တာဝန်ပေးခဲ့ချင်တယ်။"
"စိတ်သာချထားလိုက်ဆရာရေ။ ကျုပ်တို့ရှိနေသရွေ့ ဘယ်ကောင်မှ အိမ်အရိပ်ကို မနင်းစေရဘူး။"
"ဟုတ်ပြီဗျာ။ ဒါဆို ကျုပ်ပြင်ဆင်စရာရှိတာတွေသွားလုပ်တော့မယ်။"
ဒေါက်တာဘခက်ကတော့ နှုတ်ဆိတ်ကာတစ်ခုခုကိုတွေးတောနေပုံပဲ။ ကျုပ်တို့စကားဝိုင်းထဲမှာတောင် ဝင်မပြောပုံထောက်ရင် သူ့အနေနဲ့ စဉ်းစားစရာတွေများလွန်းလို့ဖြစ်မှာပါ။ ကျုပ်ရဲ့ပညာစက်တွေ အာဏာစက်တွေကိုပြန်လည်နိုးထလာအောင်လုပ်ရပြန်သေး။
"ကောင်လေး။ မင်းအဲ့ဒီမကောင်းဆိုးဝါးကောင်ကို ရင်ဆိုင်နိုင်ပါ့မလား။"
"ကျုပ်အနေနဲ့ မယှဉ်နိုင်စရာအကြောင်းတော့မရှိပါဘူး။ ဒါနဲ့ကျုပ်အစ်မတော်မဖဲဝါခေါ်တဲ့နောက်ကိုလိုက်သွားရင် နာမ်ခန္ဓာနဲ့ပဲ သွားရမယ်ထင်တယ်နော် ဗျဂ္ဂ။"
"အင်း အဲ့ဒါလည်းဖြစ်နိုင်တယ်ကွ။ဘာလို့ဆို မင်းက ဟိုဘက်လောကအထိခြေဆန့်ရမှာဆိုတော့ သတိကြီးကြီးထားဟေ့။"
ဗျဂ္ဂကလည်း ကျုပ်ကိုဂရုစိုက်ဖို့အတန်အတန်မှာနေသေးတာ။ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေရတာနဲ့နေ့လည်စာတောင်လွတ်သွားတယ်။ ညနေစောင်းတော့ ကျုပ်အတွက်လိုအပ်တာတွေအားလုံးအဆင်သင့်ဖြစ်နေပြီ။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးလည်း ညီးစီစီကြီးဖြစ်နေတာမို့ ရေမိုးချိုးထမင်းစားပြီး ကမ္မဠာန်းရှုနေလိုက်တယ်။ ကျုပ်စိတ်တွေအရမ်းကိုတည်ငြိမ်နေပြီး အရာအားလုံးတိတ်ဆိတ်နေတဲ့အချိန် အမြင်အာရုံထဲမှာ ပုံရိပ်တစ်ခုက ထင်ထင်ရှားရှားပေါ်လာခဲ့တယ်။ အမှောင်ထုထဲကနေ အရောင်တလက်လက်နဲ့ တောက်ပနေတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရတယ်။ ရွှေရောင်မျက်ဝန်းတစ်စုံက ကျုပ်ကိုစိုက်ကြည့်နေပြီး ခဏအကြာမှာ အရောင်တောက်နေတဲ့မျက်ဝန်းအိမ်ထဲကနေ မျက်ရည်စတွေစီးကျလာခဲ့တယ်။ ဒေါက်ကနဲအသံမြည်သွားတာမို့ စီးကျလာတဲ့မျက်ရည်စဟာ ပုလဲလုံးအဖြစ်အသွင်ပြောင်းလဲသွားတာကို လည်းထူးဆန်းစွာတွေ့မြင်လိုက်ရတယ်။ နောက်တော့ တစ်စုံတစ်ခုက ကျုပ်ကိုတွန်းထုတ်လိုက်သလိုခံစားလိုက်ရပြီး ကျုပ်ရဲ့မူလခန္ဓာဆီကိုပြန်ရောက်လာခဲ့တာပေါ့။ မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ အချိန်အားဖြင့်က ညသန်းခေါင်တောင်ရှိပါပေါ့လား။ မနက်ဖြန်ကျရင်လည်း အစ်မတော်မဖဲဝါနဲ့အတူ မကောင်းဆိုးဝါးကောင်ကို ရင်ဆိုင်ရပေအုံးမှာမို့ အိပ်စက်အနားယူဖို့တွေးပြီး ခေါင်းချလိုက်တော့တယ်။
"ဂျစ် ဂျစ် ဂျစ်။ ရှပ် ရှပ် ရှပ်။"
ခေါင်းအုံးပေါ်ကိုခေါင်းချလိုက်တာနဲ့ နားထဲမှာ ခြေသံလိုလို တစ်ခုခုကိုကုတ်ခြစ်နေတဲ့အသံလိုလိုကြားလိုက်ရတာမို့ မျက်လုံးတွေကမှိတ်မရ။ အသံလာရာကို နားစွန့်ကြည့်တော့ ကျုပ်တို့အနားယူရာအခန်းရဲ့ရှေ့က ဖြတ်လျောက်သွားကြောင်းသိလိုက်ရတယ်။ အသံကခပ်ဝေးဝေးကိုရောက်သွားတော့မှ တံခါးကိုအသာအယာဖွင့် နောက်ကနေလိုက်သွားကြည့်မိတယ်။ ထူးဆန်းစွာပဲ တစ်အိမ်လုံးတိတ်ဆိတ်နေပြီး အပ်ကျသွားရင်တောင်အသံကြားရလောက်အောင်ကို ငြိမ်သက်နေခဲ့တယ်။စောနကမြင်လိုက်ရတဲ့ လူရိပ်သဏ္ဍာန်နောက်ကို လိုက်သွားရင်း အိမ်အနောက်ဘက်ဆီကိုရောက်လာခဲ့တယ်။ အိမ်အပြင်ရောက်တော့မှ တစိမ့်စိမ့်တိုက်ခတ်နေတဲ့လေစိမ်းတွေကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာတာကို သတိထားမိတယ်။ ကောင်းကင်တစ်ခွင်မှာလည်း မိုးသားတိမ်တိုက်တွေကြောင့်မဲမှောင်နေပြီး တခါတရံလက်ကနဲဖြစ်သွားတဲ့ လျှပ်ပန်းလျှပ်နွယ်တွေကြောင့် ကျုပ်ရှေ့ကလူကို ကောင်းစွာမြင်နေရသေးတယ်။အဲ့ဒီလူက ကျုပ်အထင်ဒေါက်တာဘခက်ရဲ့အမျိုးသမီး ဒွေးလေးရွှင်ဖြစ်နေမလား။ လက်ကနဲဖြစ်သွားတဲ့ အလင်းရောင်ကြောင့် ဝတ်ထားတဲ့အဝတ်အစားကိုကြည့်ခြင်းအားဖြင့် အဲ့ဒီလူက ဒေါက်တာဘခက်ရဲ့အမျိုးသမီးဆိုတာသေချာနေပြီ။ သူဘာဆက်လုပ်မလဲဆိုတာဆက်ပြီးစောင့်ကြည့်နေတုန်း ပူးကပ်စီးနင်းခြင်းခံထားရတဲ့ဒွေးလေးရွှင်က ဘေးဘီကိုကြည့်ပြီး ခြုံအကွယ်တစ်ခုထဲကိုဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။ တကယ်လို့ ဒွေးလေးရွှင်သာပျောက်သွားခဲ့ရင် ကျုပ်တို့ဆက်လုပ်ရမဲ့အလုပ်တွေက အကုန်လုံးကမောက်ကမတွေဖြစ်ကုန်မှာအသေအချာပဲ။
"ဒွေးလေးရွှင်။ ဒွေးလေးရွှင်။ ကျုပ်ခေါ်တာကြားလား။ ကျုပ်ခေါ်တာကြားရင် အသံပြုပါအုံးဗျ။ ဒွေးလေးရွှင်။"
ဒေါက်တာဘခက်ရဲ့အမျိုးသမီးဝင်သွားတဲ့ ခြုံထဲကိုအမြန်လိုက်ရှာရင်း ဒွေးလေးရွှင်ရဲ့နာမည်ကို အော်ခေါ်နေမိတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲရှာရှာ ရှာလို့မတွေ့တဲ့အပြင် မိုးတွေကပါ သည်းကြီးမဲကြီးရွာလာခဲ့တာမို့ လက်လျော့ပြီးသာ အိမ်ထဲကိုပြန်ဝင်ခဲ့ရတော့တယ်။ ဒီအကြောင်းတွေကိုတော့ မနက်ဖြန်မှပဲ အစ်မတော်မဖဲဝါကိုပြောပြပြီး ဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်ရမှာပေါ့လေ။
***