နောက်တစ်နေ့မနက်မှာစောစောထပြီး ဒေါက်တာဘခက်ကို မနေ့ညက အဖြစ်အပျက်အကြောင်းပြောပြဖို့အသွား ဇနီးဖြစ်သူရဲ့အခန်းထဲမှာ ဒေါကတာဘခက်နဲ့အတူ ဒွေးလေးရွှင်ကိုတွေ့လိုက်ရတာမို့ အံ့ဩသွားရတယ်။
"တူမောင်။ လာလေကွာ။ ဒီမှာ မင်းဒွေးလေးနဲ့ စကားပြောနေတာ။ လာ လာ။"
ဒေါက်တာဘခက်ရဲ့ဖိတ်ခေါ်မှုကြောင့် အခန်းထဲကိုဝင်သွားတော့ ဒွေးလေးရွှင်ရဲ့မျက်နှာမှာ ကျုပ်ကိုကျေနပ်တဲ့ပုံတော့မတွေ့ရဘူး။
"ဒွေးလေးရွှင်။ ဘယ်လိုနေသေးလဲဗျ။ နေရထိုင်ရတာရော အဆင်ပြေရဲ့လား။"
ကျုပ်ဘက်ကစကားစပြောလိုက်ပေမဲ့ မျက်နှာတည်ကြီးနဲ့စိုက်ကြည့်နေတဲ့ဒွေးလေးရွှင်ကိုကြည့်ရင်း အခြေအနေကိုသဘောပေါက်လိုက်တယ်။
"ဒါဆို ကျုပ်ပြင်ဆင်စရာရှိတာတွေသွားပြင်ဆင်လိုက်ပါအုံးမယ်။ မကြာခင်မှာ ဒွေးလေးရွှင်ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့မယ်လို့ ကျုပ်ရဲရဲကြီးအာမခံပါတယ်။"
" အားကိုးပါတယ်တူမောင်ရယ်။ ကျုပ်အခြေအနေကိုလည်း တူမောင်တို့သိပြီးသားပဲ။ ကျုပ် ကျုပ်တော်တော်အသုံးမကျခဲ့တာပါ။"
"အဲ့လိုလည်းမဟုတ်ပါဘူး။ အားလုံးအဆင်ပြေသွားမှာပါ။"
ကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့ ဒေါက်တာဘခက်ကို အားပေးနှစ်သိမ့်ပြီး အခန်းထဲကအသာလစ်ထွက်ခဲ့လိုက်တယ်။ ထမင်းစားခန်းထဲမှာကတော့ ကျုပ်ကိုစောင့်နေကြတဲ့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ရှိနေကြတယ်။
" ဆရာ ဒီနေ့တော့ စောစောနိုးနေသားပဲဗျ။ "
" စောစောနိုးတာတော့မဟုတ်ဘူးကိုဖိုးတေရေ။ မနေ့ညကတည်းက ကောင်းကောင်းအိပ်မရပါဘူးဗျာ။"
ဗိုက်ကဆာဆာနဲ့မို့ ကိုဖိုးတေတို့နဲ့အတူ မနက်စာဝင်စားလိုက်ပြီး ကျုပ်မရှိခိုက် ဒီအိမ်မှာဘယ်လိုနေခဲ့ရမယ်ဆိုတာ သေချာမှာနေရတယ်။
"စိတ်ချစမ်းပါဆရာရယ်။ ကျုပ်တို့ဒီကိုမလာခင်တုန်းကလည်း မကြည်ပြာတို့အိမ်မှာနေခဲ့ပြီးပြီပဲ။ ကျုပ်တို့အတွက်မပူနဲ့။ဆရာသာ လုပ်စရာရှိတာကို ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ။"
ကိုဖိုးတေရဲ့ပြောစကားကြောင့် စိတ်ပူနေတာတွေနည်းနည်းလျော့သွားတယ်။ ဒီနေ့လည်းတစ်နေကုန် ကမ္မဌာန်းထိုင်ရင်း အစ်မတော်မဖဲဝါလာခေါ်မဲ့အချိန်ကို စောင့်ဆိုင်းနေမိတယ်။ အဲ့ဒီလိုနဲ့ ညနေစောင်းတော့ ခွေးအူသံတစ်ချက်ကြားလိုက်ရတယ်။ ဒီအသံက အစ်မတော်မဖဲဝါရဲ့ခွေးနက်ကြီးမဲမှောင်ရဲ့အသံဆိုတာကျုပ်ကောင်းကောင်းကြီးသိတာပေါ့။ ကမ္မဌာန်းထိုင်နေရာက ထလိုက်ပြီး အိမ်ရှေ့ကိုထွက်ကြည့်တော့ နွားမဒန်းလောက်ရှိမဲ့ ခွေးနက်ကြီးက အိမ်ရှေ့မှာရပ်နေတာတွေ့ရတယ်။ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့ကို အကျိုးအကြောင်းပြောပြီးတာနဲ့ ခွေးနက်ကြီးခေါ်ဆောင်ရာကို လိုက်လာခဲ့လိုက်တယ်။ 'သာမညမြို့'ရဲ့အစွန်က ကွင်းပြင်ကျယ်ကြီးတစ်နေရာရောက်တော့ ခွေးနက်ကြီးရဲ့ခြေလှမ်းတွေက တုန့်ကနဲရပ်သွားတယ်။
"အူ ဝူး ဝူး။"
ခွေးနက်ကြီးက ဆွဲဆွဲငင်ငင်နဲ့တစ်ချက်အူလိုက်တဲ့အချိန် ကျုပ်တို့ရှေ့မှာ တံခါးပေါက်တစ်ချပ်ပေါ်လာခဲ့ပြီး သူ့အလိုလိုပွင့်သွားခဲ့တယ်။ ခွေးနက်ကြီးကဝင်သွားတာမို့ ကျုပ်ပါလိုက်ဝင်ခဲ့ရတယ်။ တံခါးရဲ့တစ်ဖက်ခြမ်းမှာက အစ်မတော်မဖဲဝါကျုပ်ကိုတွေ့ရင် ဆုံနေကျ နေရာလေးကိုတွေ့လိုက်တယ်။ ဒါဆိုရင်တော့ ရှေ့မှာမြင်နေရတဲ့ သစ်သားအိမ်လေးထဲမှာ အစ်မတော်မဖဲဝါရှိနေတယ်ဆိုတာ မပြောပြလည်းကျုပ်သိလိုက်တာပေါ့။ သစ်သားအိမ်ထဲမှာ အစ်မတော်မဖဲဝါကိုမြင်လိုက်ရတာမို့ အိမ်လေးအတွင်းကိုဝင်ခဲ့လိုက်တယ်။
" ရောက်လာပြီလား။ နင်ပါတော့ ငါ့အတွက်အကူအညီရတာပေါ့ဟယ်။ခဏတော့စောင့်အုံး။ ဟိုအကောင်နေတဲ့နေရာကို ပြန်မရောက်သေးဘူးလို့သိထားသေးတယ်။"
"ကောင်းပါပြီအစ်မတော်။ ကျုပ်လည်းလိုအပ်တဲ့ဆေးဝါးတွေပြင်ထားလိုက်အုံးမယ်။"
အစ်မတော်က ကျုပ်ကိုအိမ်ထဲကတစ်နေရာမှာထိုင်စောင့်ခိုင်းထားတာမို့ လိုအပ်တဲ့ဆေးဝါးတွေပြင်ဆင်ရင်းစောင့်နေလိုက်တယ်။ ခဏကြာတော့ အစ်မတော်က ကျုပ်ကိုတစ်နေရာသွားကြဖို့ပြောလာတယ်။
" စိုင်းမောက်။ နင်ပြင်စရာရှိတာတွေပြင်ပြီးပြီလား။ အခုချက်ချင်းပဲသွားရအောင်။"
"ကျုပ်ကတော့ အဆင်သင့်ပဲအစ်မတော်ရေ။"
"ကဲ ဒါဆို လာသွားကြစို့။"
အစ်မတော်မဖဲဝါက သူ့ရဲ့ခွေးနက်ကြီးပေါ်ကိုလွှားကနဲခုန်တက်လိုက်တယ်။ ကျုပ်လည်း ခွေးနက်ကြီးပေါ်ကိုတက်ခဲ့ရတာပေါ့။ကျုပ်တို့ခွေးနက်ကြီးပေါ်ကိုရောက်ပြီဆိုတာနဲ့ အလွန်မြန်တဲ့အရှိန်နဲ့စတင်ပြေးတော့တယ်။ ကျုပ်မျက်လုံးတွေကို လေတွေတရစပ်တိုးဝင်လာတာမို့ မျက်လုံးတွေကိုစုံမှိတ်ပြီးလိုက်လာရတယ်။
"ငါတို့သွားမဲ့နေရာတော့ရောက်ပြီ။ မဲမှောင် နင်ပြန်တော့ အလိုရှိရင်ခေါ်လိုက်မယ်။"
အရှိန်ကတဖြေးဖြေးကျလာပြီး တစ်နေရာမှာတုန့်ကနဲရပ်လိုက်ပေမဲ့ ကျုပ်မျက်လုံးတွေကိုတော့ မဖွင့်ကြည့်နိုင်သေးဘူး။ လေတိုးတဲ့အရှိန်ကြောင့် မျက်လုံးထဲဝင်လာတဲ့ ဖုန်တွေသဲတွေမရှိတော့အောင် ပွတ်သပ်နေရသေးတာ။ခြေထောက်အောက်က အထိအတွေ့မရှိတော့တာကြောင့် ကျုပ်တို့စီးလာတဲ့ခွေးနက်ကြီးကတော့ နေရာကနေပျောက်သွားပြီဆိုတာကို သိလိုက်ရတယ်။ ကျုပ်မျက်လုံးတွေဖွင့်လို့ရတဲ့အချိန်မှာ ရှေ့မှာမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရတယ်။ ပြိုပျက်နေတဲ့ ရှေးခေတ်နန်းဆောင်ကြီးတစ်ဆောင်ကိုတွေ့လိုက်ရပြီး အတွင်းထဲကနေ ကယ်ပါယူပါတစာစာ အော်ဟစ်နေတဲ့အသံတွေကြောင့် ခေါင်းတွေပါကိုက်လာခဲ့တယ်။
"အခုလို နင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ ဘယ်လိုနေလဲ။"
"အတွင်းထဲက အော်သံတွေက ကျုပ်ကိုခေါင်းကိုက်စေတာတော့အမှန်ပဲအစ်မတော်။"
"အဲ့ဒီအော်သံတွေက ဟိုမကောင်းဆိုးဝါးကောင်စီမံထားတဲ့ ဝိညာဉ်ဆေးလုံးတွေက အသက်ဝင်ပြီး အော်ဟစ်နေတဲ့အသံတွေလေ။"
"တောက်။ တော်တော် ယုတ်မာတဲ့လူပဲ။"
ဒေါသဖြစ်လွန်းလို့ စိတ်ထဲကစကားသံတွေတောင်အပြင်ကိုထွက်လာခဲ့တယ်။
"နင်ဒေါသဖြစ်တာတွေကိုငါနားလည်ပါတယ်။ ဒီကောင့်ကို အမြစ်ပြတ်သုတ်သင်ဖို့က အဓိကပဲ။ အဲ့ဒါကိုပဲ အာရုံစိုက်ထား။ ကြားလား။"
"ဟုတ်ကဲ့ပါအစ်မတော်။"
ကျုပ်နဲ့အစ်မတော်မဖဲဝါတို့ ရှေ့မှာမြင်နေရတဲ့ နန်းဆောင်အဟောင်းကြီးထဲကို သတိကြီးစွာထားရင်း ဝင်လာခဲ့ကြတယ်။ တံခါးပေါက်များစွာကိုဖြတ်သန်းပြီးတဲ့နောက် မီးရောင်မှိန်ပျပျပဲရှိတဲ့ အခန်းငယ်လေးထဲမှာ ကုန်းကုန်းကွကွနဲ့အလုပ်ရှုပ်နေတဲ့လူရိပ်သဏ္ဍာန်တစ်ခုကိုတွေ့လိုက်ရတယ်။
"ဖိုးသက်ရှည်။ အတော်ကိုမှအလုပ်ရှုပ်နေတာပါ့ပဲ။"
"ဟမ် နင် နင်တို့က ဒီနေရာကိုဘယ်လိုသိပြီးဘယ်လိုရောက်လာကြတာလဲ။"
"အဲ့ဒါတွေအသာထားစမ်းပါအုံး။ နင်လုပ်နေတဲ့အလုပ်တွေကို ရပ်တန်းကရပ်လိုက်တော့။ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့နော်။"
"အောင်မာ။ သင်္ချိုင်းစောင့်တဲ့ဟာမက ကြီးကြီးကျယ်ကျယ်နဲ့ နင့်အဆင့်နဲ့ငါလိုနန်းတွင်းဆေးဆရာတစ်ယောက်ကို ပြောရဲဆိုရဲရှိလှချည်လား။"
"နင့်ဟာနင် နန်းတွင်းဆေးဆရာမကလို့ ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေငါဂရုစိုက်မယ်ထင်သလား။ အခုနင်က လူမဟုတ်တော့ဘူးနော်။ ကိုယ့်ကိုကိုယ် ဘယ်ဘဝရောက်နေလဲဆိုတာလည်း သတိရအုံး။"
အစ်မတော်မဖဲဝါနဲ့ မကျွတ်မလွတ်ဖြစ်နေတဲ့ နန်းတွင်းဆေးဆရာဦးသက်ရှည်တို့ စကားများနေခိုက်လိုအပ်မယ်ထင်ရတဲ့ဆေးဝါးတွေနဲ့ အင်းတွေကိုကျုပ်အသင့်ပြင်ထားလိုက်တယ်။
"တောက်။ ငါ့ကိုပမာမခန့်လာလုပ်နေတဲ့ကောင်မ ကိုာ့်အဆင့်ကိုယ်သိစမ်း။"
"အုန်း။ဝုန်း။"
ဦးသက်ရှည်က သူ့လက်ထဲကဆေးလုံးတစ်လုံးကို မြေကြီးပေါ်ပစ်ပေါက်လိုက်တော့ အမဲရောင်အခိုးအငွေ့တွေထွက်လာပြီး မြေကြီးထဲကနေ ရုပ်ပျက်ဆင်းပျက်နာနာဘာဝပေါင်းစုံတိုးထွက်လာခဲ့တယ်။
"ဘုန်း။ဘုန်း။ဘုန်း။"
အလွန်မြန်တဲ့အရှိန်နဲ့ အစ်မတော်မဖဲဝါက မြေကြီးထဲကထွက်လာသမျှ မကောင်းဆိုးဝါးတွေကို တစ်ကောင်ချင်းလိုက်ရိုက်နေတာပေါ့။ အရေအတွက်မမျှတာကတစ်ကြောင်း ဆက်တိုက်ထွက်လာနေတာကတစ်ကြောင်းနဲ့မို့ အချိန်ကြာလာတော့ အစ်မတော်မဖဲဝါရဲ့ရိုက်ချက်တွေက သိသိသာသာအားလျော့လာတာကိုသတိထားလိုက်မိတယ်။ အဲ့အချိန်ကျုပ်လက်ထဲက ငရဲမီးလျှံအင်းကို ပစ်လိုက်ပြီး အစ်မတော်ကိုရှောင်နေဖို့ သတိလှမ်းပေးလိုက်တယ်။
"အစ်မတော် လွတ်ရာကိုအမြန်ရှောင်။ကျုပ်အင်းတစ်ချပ်ပစ်လိုက်ပြီ။"
"အုန်း။ အုန်း။ အုန်း။ "
ဆက်တိုက်ဆိုသလိုပြင်းထန်လွန်းလှတဲ့ပေါက်ကွဲသံတွေထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။
"ဒီလောက်လေးနဲ့ ငါ့ကိုနိုင်ပြီမထင်နဲ့။ ငါ့ရဲ့အစွမ်းကိုမင်းတို့သိအောင်ပြရသေးတာပေါ့ကွာ။ဟားးးဟားးး။"
ဦးသက်ရှည်က သူ့လက်ထဲက အနီရောင်ဆေးလုံးလေးတွေကို ဝါးစားလိုက်ပြီးချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်း နဂိုကထက်အဆပေါင်းများစွာကြီးမားသွားပြီး အနီရောက်ဘီလူးကြီးတစ်ကောင်အဖြစ်ကိုအသွင်ပြောင်းလဲသွားခဲ့တယ်။
"အယုတ်တမာကောင် ဝိညာဉ်တွေကိုစားသုံးပြီး ဘီလူးအဖြစ်ပြောင်းလဲလိုက်တာပဲ။"
ထန်းပင်တစ်ပင်နီးပါးရှိတဲ့ ဘီလူးကြီးကိုကြည့်ရင်း ကျုပ်နဲ့ အစ်မတော်မဖဲဝါတို့ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရခက်နေကြတယ်။ အဲ့ဒီအချိန် ကျုပ်ရဲ့ခန္ဓာကိုယ်ကအပူရှိန်တွေ တဖြေးဖြေးတိုးလာနေတာကိုသတိထားလိုက်မိတယ်။ ခဏကြာတော့ ကျုပ်ရဲ့ခန္ဓာကိုယ်အတွင်းကနေ မှော်စက်ရောင်နဂါးကြီးနဲ့ သွေးနဂါးတို့ဟာ ကျုပ်အမိန့်မရပဲပေါ်ထွက်လာကြတယ်။
"ဂီးးးး။ ဂရားးးး။"
"ကောင်လေး။ နဂါးကြီးနှစ်ကောင်က ထိန်းမရသိမ်းမရဖြစ်နေလို့ လွှတ်ပေးလိုက်ရပြီ။"
ကျုပ်နားထဲမှာ ကြားလိုက်ရတဲ့အသံပိုင်ရှင်က ဗျဂ္ဂ။ မထူးတော့မဲ့အတူတူ ထွက်လာတဲ့နဂါးကြီးနှစ်ကောင်ကိုပဲအသုံးချပြီး အနီရောင်ဘီလူးကြီးကိုရင်ဆိုင်ရုံပဲရှိတော့တာပေါ့။
"မှော်စက်ရောင်နဂါးနဲ့သွေးနဂါးတို့ သင်တို့ကိုပိုင်ဆိုင်တဲ့ငါ့အမိန့်ကိုနာခံစမ်း။ သင်တို့မျက်စိရှေ့မှာရှိနေတဲ့ ဘီလူးကိုလှုပ်မရအောင်ချုပ်ထားလိုက်ကြစမ်း။"
ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ နဂါးကြီးနှစ်ကောင်က ကျုပ်ပြောနေတာတွေကိုနားလည်ကြပုံပဲ။ ကျုပ်ရဲ့စကားသံဆုံးတာနဲ့ နဂါးကြီးတွေရဲ့အရွယ်အစားဟာ အဆမတန်ကြီးမားလာပြီး အနီရောင်ဘီလူးကြီးကိုလှုပ်မရအောင်ရစ်ပတ်ထားလိုက်ကြတယ်။
"လွှတ်စမ်း။ ငါ့ကိုလွှတ်စမ်း။ လွှတ်ကြစမ်း။"
"ဖောင်း ။ ဖောင်း ။ ဖောင်း။"
ရစ်ပတ်ချုပ်နှောင်ထားတဲ့ နဂါးကြီးနှစ်ကောင်ကို ဘီလူးကြီးက တဖောင်းဖောင်းနဲ့မြည်အောင်ထုနှက်နေတော့တယ်။ နဂါးကြီးတွေကလည်း ဘီလူးကြီးရဲ့လည်ပင်းကို ကိုက်ခဲထားပြီး ဘယ်လိုပဲလုပ်လုပ် လွတ်မသွားအောင် ရစ်ပတ်ထားကြတာပေါ့။
"နင့်မှာ ဒီလိုအဆင့်မြင့်ပညာရပ်တွေလည်းရှိတာပဲလား။"
"ဒီနဂါးကြီးတွေကို ကျုပ်ထိန်းသိမ်းထားရတာ အတော်ကြာပါပြီအစ်မတော်။ဟုတ်တော့လည်းဟုတ်သား။ အခုမှပဲအစ်မတော်ကမြင်ဖူးတာကိုး။"
"အုန်း ။ အုန်း ။ အုန်း ။"
ဘီလူးကြီးကလည်း နဂါးနှစ်ကောင်ရဲ့လက်ကလွတ်အောင် အသေအကြေကိုရုန်းနေတာ။ ကျုပ်ရဲ့နဂါးကြီးတွေကလည်း ဘီလူးကြီးရဲ့လည်ပင်းကို ပြတ်ထွက်မသွားရုံတမယ်ကိုက်ခဲထားတာ။
"စိုင်းမောက်။ နင့်မှာ ဒီကောင့်ကိုရှင်းပစ်နိုင်လောက်မဲ့တစ်ခုခုမရှိဘူးလား။ အချိန်တွေကြာလာရင် မကောင်းဘူးနော်။"
"ကျုပ်ကြိုးစားကြည့်ပါအုံးမယ်အစ်မတော်။"
အခုမှကျုပ်သတိရတယ်။ နတ်ဘီလူးသိုက်ကပေးလိုက်တဲ့ ခေါင်းလောင်းလေးကျုပ်မှာရှိတာပဲ။ အခုတော့ အဲ့ဒီခေါင်းလောင်းလေးကိုတီးဖို့အချိန်ကျလာပြီ။ ကျုပ်လွယ်အိတ်ထဲက ခေါင်းလောင်းလေးကိုထုတ်ပြီး တီးလိုက်တဲ့အချိန် ကျုပ်တို့ရှေ့မှာ ရွှေရောင်ချပ်ဝတ်တန်ဆာအပြည့်နဲ့ နတ်ဘီလူးစစ်သည်တစ်ရာတိတိပေါ်လာခဲ့တယ်။
"နတ်ဘီလူးတို့ သင်တို့ရှေ့က မကောင်းဆိုးဝါးဘီလူးကို အမြစ်ပြတ်သုတ်သင်ပေတော့။"
ကျုပ်ရဲ့အမိန့်ပေးသံအဆုံးမှာ ရွှေရောင်နတ်ဘီလူးစစ်သည်တွေက အနီရောင်ဘီလူးကြီးရှိရာကိုပြေးဝင်သွားကြပြီး လက်ထဲက ဓားတွေ ပုဆိန်တွေနဲ့ အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်လိုက်ကြတယ်။
" မင်း မင်းဘယ်လိုကောင်လဲ။ မင်းမှာ ဘာလို့ ဒီလိုအဆင့်မြင့်တဲ့မှော်ဝင်ပစ္စည်းတွေရှိနေရတာလဲ။ အားးး။ ကယ် ကယ်ကြပါအုံး။ မခံနိုင်တော့ဘူး။ ငါမခံစားနိုင်တော့ဘူး။"
နောက်ဆုံးမှာ အနီရောင်ဘီလူးကြီးက အသံနက်ကြီးနဲ့အော်ဟစ်ရင်း အခိုးအငွေ့တွေဖြစ်ကာပျောက်ကွယ်သွားတော့တယ်။ နဂါးကြီးနှစ်ကောင်ကလည်းတာဝန်တွေပြီးပြီဆိုတော့ ကျုပ်ရဲ့ခန္ဓာကိုယ်အတွင်းကသူတို့ရဲ့နေထိုင်ရာ နေရာကိုပြန်ရောက်သွားကြတယ်။
"ဟူးးးးးး။ ပင်ပန်းလိုက်တာအစ်မတော်ရယ်။ "
"နားဖို့ကြံမနေနဲ့အုံး။ ဒီနေရာမှာ ဝိညာဉ်ဆေးလုံးအဖြစ်ဖမ်းဆီးခံထားရတဲ့သူတွေကိုကယ်ရအုံးမယ်။"
"ဟုတ်ကဲ့ပါအစ်မတော်။ကျုပ်စီစဉ်လိုက်ပါ့မယ်။"
အသံတွေကြားနေရတဲ့ဘက်ကိုဦးတည်သွားလိုက်ပြီး အရောင်တလက်လက်နဲ့ဆေးလုံးတွေအများကြီးကိုတွေ့လိုက်ရတာမို့ ကောက်ကိုင်ကြည့်လိုက်မိတယ်။ ဖန်လုံးလေးတွေလိုဖြစ်နေတဲ့ဆေးလုံးတွေရဲ့အတွင်းမှာ အခိုးအငွေ့တွေကြားမှာ ပြေးလွှားနေတဲ့ မကျွတ်လွတ်နိုင်တဲ့ ဝိညာဉ်တွေကိုတွေ့လိုက်ရတယ်။ ဒီဆေးလုံးတွေအဖြစ်ပြောင်းလဲခြင်းခံရတဲ့သူတွေထဲမှာဒေါက်တာဘခက်ရဲ့ဇနီးလို စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့လူတွေလည်းရှိချင်ရှိနေနိုင်တယ်။ ကျုပ်ရဲ့ပညာစက်တွေနဲ့ ဆေးလုံးထားရှိရာအခန်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။တစ်လက်စတည်း နန်းဆောင်အဟောင်းကြီးကိုပါ မီးလောင်တိုက်သွင်းခဲ့ရတာပေါ့။
" နင်လည်းပင်ပန်းနေမှာ။ဟိုပြန်ရောက်ရင် အေးအေးဆေးဆေးအနားယူလိုက်ပါ။"
အစ်မတော်မဖဲဝါက သူ့ရဲ့ခွေးနက်ကြီးကိုခေါ်ပြီး ကျုပ်ကို ဒေါက်တာဘခက်တို့အိမ်ရှေ့ထိလိုက်ပို့စေတယ်။ ဒေါက်တာဘခက်တို့အိမ်ရှေ့ကိုရောက်တာနဲ့ ကျုပ်တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုမလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး လဲမကျရုံတမယ်ပါပဲ။
"ဟာ ဆရာပြန်လာပြီ။ ဆရာပြန်လာပြီကိုမိုးကြိုးရေ။"
ကျုပ်ကိုမြင်တဲ့ ကိုဖိုးတေက အပြေးရောက်လာပြီးကြိုတယ်။ သူ့နောက်မှာက ကိုမိုးကြိုးလည်းပါလာတာသေးတာတွေ့ရတယ်။
"ဆရာ ဒီတစ်ခါပြန်လာတာစောသားပဲဗျ။ ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ကိုပြောပြအုံးနော်။"
"အဲ့ကိစ္စတွေသိချင်ရင်နောက်မှ အေးဆေးပြောပြပါ့မယ်ကိုဖိုးတေရာ။ အခုတော့ ကျုပ်နားချင်နေပြီဗျ။"
"ဟုတ်ပြီဆရာ။ ကျုပ်ဆရာ့ကို နားဖို့အခန်းထဲခေါ်သွားပေးမယ်။ ဒေါက်တာဘခက်ကလည်း ဆရာ့ကိုမျှော်နေတာဗျ။"
"တူမောင်။ ဘေးမသီရန်မခပဲ ပြန်ရောက်လာတာကျုပ်ဖြင့်သိပ်ဝမ်းသာတာပဲ။ ဒီတော့ ကျုပ်မိန်းမ ဘယ်တော့လောက်ပြန်ကောင်းလာနိုင်မလဲဟင်။"
"အစ်ကိုဘခက်။ အစ်ကိုဘခက်။"
ကိုဖိုးတေနဲ့စကားတွေပြောနေတုန်း ဒေါက်တာဘခက်ပါရောက်လာပြီး ကျုပ်ကိုမေးခွန်းတွေဆက်တိုက်ကိုမေးတော့တာ။ ဒေါက်တာဘခက်ရဲ့မေးခွန်းတွေကိုမဖြေနိုင်ခင် နောက်ကျောဘက်ဆီကအသံကြားလိုက်ရတာမို့ လှည့်ကြည့်တော့ လူကောင်းပကတိအတိုင်းဖြစ်နေတဲ့ ဒွေးလေးရွှင်ကိုမြင်လိုက်ရတယ်။ ဒေါက်တာဘခက်ကတော့ ဒွေးလေးရွှင်ကိုမြင်လိုက်ရတာနဲ့ အားရဝမ်းသာပြေးဖက်ပြီး ကလေးတစ်ယောက်လိုရှိုက်ကြီးတငင် ငိုကြွေးနေတော့တာပေါ့။
"မယ်ရွှင် မင်း မင်းပြန်လာပြီပေါ့နော်။ မင်းတကယ်ပြန်လာပြီပေါ့။ အီးးးးးဟီးးးးးး။"
အခြေအနေတွေကိုဘာမှမသိသေးတဲ့ ဒွေးလေးရွှင်က ကြောင်အမ်းအမ်းနဲ့ ကျုပ်တို့အားလုံးကိုစိုက်ကြည့်နေတယ်။ ကျုပ်လည်း အေးဆေးအနားယူပြီးမှ အဖြစ်အပျက်အားလုံးကိုရှင်းပြတော့မယ်လို့တွေးပြီး ကျုပ်တို့နေထိုင်ရာအခန်းကို ကိုဖိုးတေကိုလိုက်ပို့ခိုင်းလိုက်ပါတော့တယ်။
***
ပြီး။
မှတ်ချက်။ ။စိတ်ကူးယဉ်ရေးသားထားသောဇာတ်လမ်းဖြစ်ပါသဖြင့် အမှားများပါခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းအား
ဦးထိပ်ထားလျက်
လေးစားစွာဖြင့်
မောင်ပိုင်(ပုလဲ)