အစေခံမလေး ရှို့မေသည် တံခါးဝတွင် ကင်းစောင့်သကဲ့သို့ ရပ်နေရင်းမှနေကာ ဝေရော့ကို လှမ်းမြင်လိုက်သည်နှင့် အပြေးလေး ထွက်လာလေသည်။
ဝေရော့၏ ကျောပိုးခြင်းတောင်းထဲမှ ဆေးမြစ်များကို မြင်လိုက်ရသည့်အခါ စိတ်မကောင်းဖြစ်နေသော ဆူပူသံလေးနှင့် ပြောလိုက်သည်။
"သခင်မလေးရယ်... ဘာလို့တောင်ပေါ်ကိုတစ်ယောက်တည်းတက်သွားရတာလဲ…အန္တရာယ် ဘယ်လောက်များလဲ သိရဲ့လား"
ပြောပြောဆိုဆိုနှင့်ပင် ရှို့မေသည် ဝေရော့ဆီမှ ခြင်းတောင်းကို လွှဲယူလိုက်သည်။
"ချစ်ရတဲ့ရှို့ရှို့ရယ်...ငါကအန္တရာယ်ရှိတဲ့ချောက်ကမ်းပါးတွေဆီမသွားပါဘူး…တကယ်ပြောတာပါ…တောင်ပေါ်မှာ တန်ဖိုးကြီးတဲ့ ဆေးမြစ်တွေ အများကြီး ရှိနေတာကို မခူးရင် နှမြောစရာကြီးလေ"
"မရဘူးနော်…သခင်မလေးရဲ့ ခန္ဓာကိုယ်က ကျွန်မလို သန်မာတာ မဟုတ်ဘူး…သွားချင်ရင်
ကျွန်မကို ခေါ်သွားနော် အဲ့တာမှ သခင်မလေး ငှားပေးတဲ့ ဆရာသင်ပေးထားတဲ့ သိုင်းပညာတွေကို အသုံးချလို့ ရဦးမှာပေါ့"
"မင်းကို တောင်ပေါ်ခေါ်သွားရင် ငါ့အတွက် ဘယ်သူက ထမင်းချက်ပေးမှာလဲ...ငါ့ရဲ့ ဝမ်းဗိုက်လေးက မင်းကိုပဲ အားကိုးနေရတာလေ"
ဝေရော့လည်း ရှို့မေကို ချွဲ့နွဲ့ကာ ပြောလိုက်လေသည်။
အမှန်အားဖြင့်ဆိုရလျှင် ယနေ့သွားခဲ့သောခရီးသည် သူမအတွက် အတော်လေး ပင်ပန်းခဲ့ခြင်းဖြစ်သည်။
အကြောင်းမှာ ဆေးမြစ်ရှာရန် ခရီးဝေးလျှောက်ခဲ့ရသည့်အပြင် ကလေးမွေးပေးလိုက်ရသည်မှာလည်း သူမ၏ အားအင်အားလုံး ကုန်ခမ်းသွားသလိုပင် ဖြစ်ချေသည်။
"ပြန်လာမှ ချက်ပေးလို့ ရတာပဲလေ…သခင်မလေး တစ်ယောက်တည်း တောင်ပေါ်သွားနေတော့ ကျွန်မ အိမ်မှာ စိတ်ပူနေရတာ...ထမင်းချက်တာတောင် အာရုံမရဘူး…. ဆားနဲ့ သကြားတောင် မှားထည့်ချင်နေတာ"
ရှို့မေကလည်း ထေ့ငေါ့ကာ ပြန်ပြောလေသည်။
"ဗိုက်ဆာပြီ..."
ဝေရော့လည်း ထိုသို့ပြောလိုက်ပြီး မျက်လုံးလေးများ ကလည်ကလည်ဖြင့် ကြည့်လိုက်လေသည်။
"သခင်မလေးကတော့ စကားလမ်းကြောင်း လွှဲပြန်ပြီ"
ရှို့မေသည် သက်ပြင်းချလိုက်ကာဖြင့် ပြန်လည်ပြောလိုက်လေသည်။
"ငါ့ကို ဗိုက်ဆာအခံခိုင်းနေတာလား,,,,,ငါက အရမ်းပိန်နေတာ တွေ့တယ်မလား" ဟု ပြောရင်း သူမ၏ ဗိုက်ကလေးကို ပွတ်ပြနေပြန်သည်။
အစောပိုင်း လူနာကယ်ခဲ့သောအခါတွင် အရေးကြီးသည့် အခြေအနေတွင် မျက်မှောင်ပင် မကြုတ်ခဲ့သည့် သူမသည် ယခုအခါတွင်တော့ ထမင်းတစ်နပ်အတွက်နှင့် အစေခံမလေးကို ကလေးတစ်ယောက်လို ချွဲနေပါတော့သည်။
"ကဲပါ... ကဲပါ... ဟင်းတွေ ချက်ထားတာ ကြာပြီ…. မီးဖိုပေါ်မှာ နွေးထားတုန်းမို့…. အခု သွားပြင်ပေးမယ်နော်"
ရှို့မေသည် တိုးတိုးလေး တီးတိုးရေရွတ်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
သူမ၏ သခင်မလေး ဗိုက်ဆာနေသည့် မျက်လုံးလေးများကို မြင်သောအခါ လျစ်လျှူရှုမထားနိုင်တော့ပေ။
ဝေရော့ နေထိုင်သည့် အိမ်ဝင်းထဲတွင် ပန်းပင်များ၊ ဆေးဖက်ဝင်အပင်များနှင့် သီးနှံပင်များ စုံလင်စွာ ရှိနေသည်။
နေရာလွတ်လေး တစ်ခုတွင်တော့ ကျောက်စားပွဲလေး တစ်လုံး ရှိပြီး ရာသီဥတု သာယာလျှင် ဝေရော့သည် ထိုနေရာတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်းဖြင့် နေပူဆာလှုံရသည်ကို နှစ်သက်ခြင်းဖြစ်သည်။
ထိုနေရာသည် ဟေးမိသားစုပိုင် သီးခြားဝင်းလေးတစ်ခုဖြစ်ပြီး ဝေရော့နှင့် သူမ၏ အစေခံမလေး ရှို့မေ နှစ်ယောက်တည်းသာ နေထိုင်ကြခြင်းဖြစ်သည်။
ဝေရော့သည် ဤကမ္ဘာသို့ ကူးပြောင်းလာသည့်အခါတွင် ဝတ္ထုထဲမှ ဇာတ်ပို့နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
မူရင်းဝတ္ထုထဲတွင် သူမသည် အရာရှိမျိုးနွယ် ဝေမိသားစု၏ သမီးအရင်းဖြစ်သော်လည်း ကုန်သည်မျိုးနွယ် ဟေး မိသားစုဆီ ရောက်သွားခဲ့သူဖြစ်သည်။
ကုန်သည်မိသားစုတွင် သုံးနှစ်သားအထိ ကြီးပြင်းလာပြီးနောက် ဗေဒင်ဆရာတစ်ယောက်မှာ သူမသည် "မိဘကို ဒုက္ခပေးမည့်သူ" ဟု ဟောကိန်းထုတ်လိုက်သဖြင့် ထိုသီးခြားဝင်းလေးဆီ ပို့ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
သူမနှင့်အတူ အထိန်းတော်တစ်ယောက်နှင့် အစေခံမလေး ရှို့မေတို့သာ လိုက်ပါခွင့်ရခဲ့သည်။
ထိုအချိန်မှစ၍ ဟေးမိသားစုသည် လစဉ်ငွေငါးကျပ်ပေးပို့ရုံမှလွဲ၍ သူမကို လုံးဝ ပစ်ထားခဲ့ကြခြင်းဖြစ်သည်။
ပွဲတော်ရက်များတွင်မူ သူမကို လာကြည့်ကြခြင်း မရှိပေ။
ယခုအခါတွင် ဝေရော့သည် အသက် (၁၃) နှစ်ရှိပြီဖြစ်ပြီး ၎င်းခြံဝင်းထဲတွင် နေထိုင်သည်မှာ ဆယ်နှစ်တိတိ တိုင်ခဲ့ပြီး ဖြစ်သည်။
ဝေရော့အနေဖြင့်တော့ ထိုအခြေအနေသည် အလွန်အေးချမ်းပြီး ရွာသားများနှင့် ပေါင်းသင်းရသည်ကို ပိုနှစ်သက် နေခြင်းဖြစ်သည်။
သူမသည် ဟေးမိသားစုဆီလည်း မပြန်ချင်သကဲ့သို့ မိဘအရင်းများဆီလည်း သွားချင်ခြင်း အလျဉ်းမရှိပေ။
အကြောင်းအရင်းမှာ မူရင်းဝတ္ထုထဲတွင် သူမသည် မည်သည့်အိမ်ကို ရောက်နေစေပါမူ ဘဝမှာ ခက်ခဲမည်ကို သိနေသောကြောင့် ဖြစ်သည်။
နောက်နေ့ မနက်ပိုင်း မနက်စာစားပြီးနောက် ဝေရော့နှင့် ရှို့မေတို့ အပြင်ထွက်ခဲ့ကြသည်။
ဝေရော့ နေထိုင်သည့် အိမ်လေးသည် တောင်ကုန်းများကို နောက်ခံထားကာ အိမ်ရှေ့တွင်မူ လယ်ကွင်းကျယ်ကြီးများလည်း ရှိသည်။
စိုက်ပျိုးရေးရာသီဖြစ်သဖြင့် ရွာသားများသည် လယ်ထဲတွင် ပျိုးပင်များ စိုက်ရင်း အလုပ်များနေကြလေသည်။
ဝေရော့ ဖြတ်သွားရာတွင် ရွာသားများမှာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
"တို့အိမ်ကလူကြီးဒီနေ့တောင်ပေါ်ကနေယုန်တစ်ကောင်ရလာတယ်…သခင်မလေးအတွက်ယုန်ခြေထောက်တစ်ဖက်ချန်ထားတယ်…နောက်မှ ရှို့မေကို လာယူခိုင်းလိုက်ဦးနော်"
"သခင်မလေး ဝေရော့... ဒီနေ့ ကန်စွန်းရွက်တွေ ခူးလာတယ်…ပေးချင်လို့ ရှို့မေကို ထည့်ပေးလိုက်မယ်နော်"
"သခင်မလေး... ပြီးခဲ့တဲ့အပတ်က ပေးတဲ့ဆေးက တကယ်စွမ်းတာပဲ…တို့မြေးလေး သောက်ပြီး ချက်ချင်း သက်သာသွားတယ်"
ဝေရော့မှာလည်း အားလုံးကို ပြုံးရွှင်စွာ နှုတ်ဆက်ပြီး သူမ၏ လယ်ကွက်ထဲသို့ ရောက်လာသည်။
အခြားသူနှင့် ညီတူစွာပင် သူမသည်လည်း ဖိနပ်ကိုချွတ်လျက် ရွှံ့နွံထဲသို့ ခြေဗလာဖြင့် ဆင်းကာ ပျိုးပင်များကို ကိုယ်တိုင် စိုက်ပျိုးပါတော့သည်။
ရှို့မေသည် သူမကို အနားယူရန်ပြောပြီး သူမသာ စိုက်ပေးမည်ဟု အကြိမ်ကြိမ် တောင်းဆိုသော်လည်း ဝေရော့မှာမူ လက်ခံခြင်းမရှိခဲ့ပေ။
သူမသည် ကိုယ်တိုင်စိုက်ရမည့် အကြောင်းရင်းမှာ သပ်သပ် ရှိနေသောကြောင့် ဖြစ်သည်။
ဝေရော့သည် ယင်းကမ္ဘာသို့ ကူးပြောင်းလာစဉ်ကပင် ပါလာသည့် "ကိုယ်ပိုင်နယ်မြေ" တစ်ခု ရှိပေသည်။
ထိုနယ်မြေသို့ ဝင်ရသည့် ဝင်ပေါက်သည် သူမ၏ ဘယ်ဘက်လက်ဖဝါးပေါ်မှ မှဲ့နီလေးတစ်ခု ဖြစ်သည်။
၎င်းနယ်မြေထဲတွင် ရိုးရှင်းသည့် သက်ငယ်မိုး အိမ်လေးတစ်လုံး ရှိသည်။
အစပိုင်းတွင် ထိုအိမ်လေးတွင် မည်သည့်အရာမှ ရှိနေခြင်းမရှိပေ။
အိမ်အပြင်ဘက်တွင် မြူများ ထူထပ်ကာ ဖုံးလွှမ်းနေသည့်အလား ဖြူဖွေးနေပြီး မည်သည့်အရာမှ မရှိပေ။
နောက်ပိုင်းတွင် ဝေရော့သည် အိမ်လေးကို ပြုပြင်ပြီး ပရိဘောဂများ ထည့်သွင်းကာ ပစ္စည်းများ စုဆောင်းခဲ့သည်။
အိမ်အတွင်းပိုင်းကို သူမ ပြုပြင်မွမ်းမံမှုများရှိလျှင် အပြင်ဘက်တွင် ထူထပ်နေသော မြူများမှာလည်း တဖြည်းဖြည်း လွင့်ပြယ်သွားကာ (၂) မီတာ ပတ်လည်လောက်ရှိသည့် မြေကွက်လေး တစ်ကွက် ပေါ်လာလေသည်။
ထိုမြေကွက်ပေါ်မှာ သူမသည် စပါးများကို စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
စပါးများမှာလည်း ရင့်မှည့်ပြီး ရိတ်သိမ်းသည့်အခါတွင် ဝေရော့သည် အတွေ့အကြုံရမှတ် များ ရရှိလာသည်။
အကြိမ်အနည်းငယ် စိုက်ပျိုးပြီးနောက်တွင် အတွေ့အကြုံရမှတ်များ ပြည့်သွားပြီး ထိုနယ်မြေသည်လည်း အဆင့်မြင့်သွားကာ ထူထပ်နေသော မြူများမှာ ထပ်မံ လွင့်ပြယ်သွားပြီး မြေကွက်သစ်တစ်ခု ထပ်မံပေါ်လာ ပြန်သည်။
ထိုအခါ ကန်စွန်းဥများကိုလည်း ထပ်မံစိုက်ပျိုးခွင့် ရလာပြန်သည်။
ထိုအခါမှ ဝေရော့သည် သူမ၏ ကိုယ်ပိုင်နယ်မြေတွင် စိုက်ပျိုးရာမှနေ၍ အဆင့်မြှင့်တင်နိုင်ပြီး နယ်မြေများ ကျယ်ပြန့်လာကာ မျိုးစေ့အသစ်များ ရနိုင်သည်ကို နားလည်သွားလေသည်။
ဤသည်မှာ ယခင်အချိန်အခါတွင် သူမ ဆော့ခဲ့ဖူးသည့် ပျော်ရွှင်ဖွယ်စိုက်ပျိုးရေးဂိမ်းနှင့် အလွန်တူနေသည်ကို သတိထားမိခဲ့သည်။
ဝေရော့သည် နယ်မြေထဲမှ ရရှိလာသော မျိုးစေ့များကို အပြင်လောကတွင်လည်း စိုက်ပျိုးသည်။
ရိတ်သိမ်းသည့်အခါတွင် အတွေ့အကြုံရမှတ် ရသော်လည်း သူမ ကိုယ်တိုင် စိုက်ပျိုးမှသာ ရခြင်းဖြစ်သည်။
ထိုသို့ရရှိလာသောအခါတွင် ရွာသားများကို ဝေပေးပြီး သူတို့ စိုက်ပျိုးသည့် အသီးအနှံများအတွက်တော့ အတွေ့အကြုံရမှတ် မရနိုင်ပေ။
ထို့ကြောင့် သူမသည် နယ်မြေထဲတွင်သာမက အပြင်ဘက်မှာပါ ကိုယ်တိုင် လယ်အလုပ်များ လုပ်နေရခြင်း ဖြစ်သည်။
သခင်မလေးနှင့် အစေခံမလေးတို့ အလုပ်ရှုပ်နေစဉ်မှာပင် ဝေရော့၏ လယ်ကွင်းဘေးသို့ အထိန်းတော်နှစ်ယောက်နှင့် လူအုပ်စုတစ်စု ရောက်လာသည်။
ခြေဗလာနှင့် ရွှံ့တွေ ပေကျံနေသည့် ဝေရော့ကို မြင်လိုက်ရသည့်အခါ အထိန်းတော်နှစ်ယောက်သည် မနှစ်မြို့သည့် ပုံစံဖြင့် ကြည့်လိုက်ကြသည်။
“ဒါ ဘယ်လိုပုံစံကြီးလဲ… အိမ်က အစေခံတွေတောင် သူမထက် ပိုပြီး သပ်ရပ်နေသေးသည်” ဟု သူတို့အနေဖြင့် တွေးထင်လိုက်ခြင်း ဖြစ်သည်။
"ကျွန်မတို့က စစ်ဗိုလ်ချုပ်အိမ်တော်က လူတွေပါ…သခင်ကြီးနဲ့ သခင်မကြီးရဲ့ အမိန့်အရ သခင်မလေးကို အိမ်တော်ကို ပြန်ခေါ်ဖို့ လာတာပါ" ဟု အထိန်းတော်ကြီးမှ သူတို့ လာရသည့် အကြောင်းအရာကို ရှင်းပြလိုက်လေသည်။
“စစ်ဗိုလ်ချုပ်အိမ်တော်”
ရှို့မေလည်း ထိုစကားကို ကြားလိုက်သောအခါ အံ့အားသင့်သွားပြီး ပြန်လည်ပြောလိုက်လေသည်။
"ရှင်တို့လူမှားနေပြီထင်တယ်….ကျွန်မတို့သခင်မလေးကမြို့ထဲကဟေးမိသားစုရဲ့သမီးပါ…စစ်ဗိုလ်ချုပ်ဆိုတာလည်း မသိပါဘူး"
"အရင်ကတော့ ဟုတ်ခဲ့တာပေါ့…ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး" ဟု အထိန်းတော်တစ်ယောက်မှ ပြောလိုက်သည်။
"ကျွန်မတို့ သခင်ကြီးက အရာအားလုံးကို စုံစမ်းပြီးပါပြီ…ဟိုင်နင်း မှာတုန်းက ဟေးမိသားစုနဲ့ ကျွန်မတို့ သခင်မကြီးတို့ဟာ ကွမ်ယင်ဘုရားကျောင်းမှာ တစ်ချိန်တည်း ကလေးမွေးခဲ့ကြတယ်…အဲဒီအချိန် လူဆိုးတွေနဲ့ တွေ့ခဲ့ပြီး တောင်ပေါ်ကို ထွက်ပြေးရတဲ့ အခြေအနေမှာ ကလေးချင်း မှားသွားခဲ့တာပါ"
အခြားအထိန်းတော်တစ်ယောက်မှလည်းထပ်မံကာဖြည့်စွတ်ပြောပြန်သည်။
"မင်းကို မွေးစားထားတဲ့ ဟေးမိသားစုကလည်း မင်းကို ပြန်ခေါ်သွားဖို့ သဘောတူပြီးသားပါ"
ထိုစကားကို ကြားလိုက်ရသည့် ရှို့မေမှာလည်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်လျက် မည်သည့်စကားမျှပင် ပြောနိုင်ခြင်းမရှိတော့ပေ။
***