ဝေရော့သည် အထိန်းတော်နှစ်ယောက်ကို ကြည့်လိုက်ကာ ခေတ္တခဏမျှ တိတ်ဆိတ်နေလေတော့သည်။
သူမကို လာခေါ်သည့်အထိန်းတော်နှစ်ယောက်မှာ ဝေရော့တစ်ယောက် အံ့ဩလွန်းသဖြင့် မှင်သက်နေသည်ဟု ထင်မှတ်နေချိန်မှာပင် ဝေရော့သည် တည်ငြိမ်သောလေသံဖြင့် ပြန်လည်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ သိပါပြီ"
ကုန်သည်မိသားစုထံမှ စွန့်ပစ်ခံသမီးအဖြစ်မဟုတ်ပဲ စစ်ဗိုလ်ချုပ်အိမ်တော်၏ သမီးအရင်း ဖြစ်နေခြင်းမှာ တစ်ခဏမျှလောက်အတွင်းတွင် အဆင့်အတန်းမှာ အဆမတန်ပင် မြင့်တက်သွားသည်ကို သိလိုက်ရပါလျက်နှင့် သူမ၏ တုံ့ပြန်မှုမှာ ဘာကြောင့်ထိုမျှလောက် တည်ငြိမ်နေရသည်ကိုပင် အထိန်းတော်ကြီးနှစ်ယောက်လည်း နားမလည်စွာဖြင့်
တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် ကြည့်လိုက်ကြသည်။
"သခင်မလေး... သေချာကြားရရဲ့လား…ကျွန်မတို့က စစ်ဗိုလ်ချုပ်အိမ်တော်ကပါ…ဝေမိသားစုရဲ့ ဘိုးဘေးတွေက တိုင်းပြည်အတွက် အမှုထမ်းခဲ့တဲ့သူတွေပါ… သခင်မလေး ကျွန်မတို့နောက် လိုက်ခဲ့ရင် နောင်မှာ အရာရှိကတော် သခင်မလေးဘဝနဲ့ နေရတော့မှာပါ"
အထိန်းတော်ကြီးမှလည်း ဝေရော့နားမလည်ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ထပ်မံကာ ရှင်းပြလေတော့သည်။
"အင်း... ကြားပါတယ်…"
ဝေရော့၏ မျက်နှာမှာမူ မူလအတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
ဝေရော့သည် ထိုမျှလောက် တည်ငြိမ်နေရခြင်းမှာ ယင်းကဲ့သို့နေ့မျိုး ရောက်လာမည်ကို ကြိုတင်သိနေသောကြောင့် ဖြစ်သည်။
သူမသည် တည်တည်ငြိမ်ငြိမ်မရှိလျှင် ဘာမှထူးခြားမည် မဟုတ်သည့်အတွက် တွေး၍မနေခြင်း ဖြစ်သည်။
သူမကို ပစ်ထားခဲ့သည့် ဟေးမိသားစုသည်လည်း သူမအပေါ် သံယောဇဉ် မရှိသကဲ့သို့ပင် ထိုသို့မှားယွင်းခဲ့သည့် ပတ်သက်မှုများကြောင့်ပင် စစ်ဗိုလ်ချုပ်အိမ်တော်နှင့် အဆက်အသွယ် ရသွားမည်ကိုသာ လိုလားနေကြခြင်းလည်း ဖြစ်သည်။
ဝေမိသားစုသည်လည်း အရာရှိမျိုးနွယ် ဖြစ်သည့်အတွက် သူတို့၏ သမီးအရင်းသည် အပြင်မှာ မည်ကဲ့သို့သော ဒုက္ခများနှင့်ရင်ဆိုင်နေရမည့်အကြောင်းကိုပင် အခြားသောသူများ ပြောနေမည်ကို လိုလားမည်မဟုတ်ပေ။
ဝေရော့ကိုယ်တိုင်မှာမူ ဝေမိသားစုဆီကို သွားချင်စိတ်မရှိပေ။
သို့သော် စနစ်ပြင်းထန်လှသည့် ဤကမ္ဘာတွင် သူမ မသွားဖို့ ငြင်းဆန်ရန် ခက်ခဲလွန်းလှသည်ကိုလည်း သိနေသည်။
"ဒါဆို သခင်မလေး... ကျွန်မတို့နဲ့ လိုက်ခဲ့ပါ...မိဘအရင်းတွေနဲ့ တွေ့ဖို့ အိမ်တော်ကို လိုက်ခဲ့ရပါမယ် ဟေးမိသားစုဆီ သွားနေဖို့ မလိုတော့ပါဘူး…ကျွန်မတို့ သခင်ကြီးက သူတို့နဲ့ အားလုံး ပြောဆိုပြီးပါပြီ"
အထိန်းတော်ကြီးက ထပ်မံကာ တိုက်တွန်းလိုက်ပြန်သည်။
ဤတောရွာသည် မြွေ၊ ကြွက်နှင့် ပိုးမွှားများမှာ ပေါလွန်းလှပြီး ညစ်ပတ်ဆင်းရဲလွန်းသဖြင့် လူနေသည့်နေရာပင် ဟုတ်၍လားဟုပင် ထိုလူများမှ တွေးနေကြခြင်း ဖြစ်သည်။
ဟေးမိသားစုသည်လည်း ထိုကိစ္စကို ကန့်ကွက်ခြင်း ရှိမည်မဟုတ်သည်မှာ အတိအကျပင်ဖြစ်သည်။
"ပစ္စည်းတွေ အရင်ပြန်သိမ်းရဦးမယ်"
"ဒီကပစ္စည်းတွေ ယူမနေပါနဲ့တော့…. အိမ်တော်မှာ အကုန်အသစ်တွေ ရှိပါတယ်" ဟု အထိန်းတော်ကြီးက ဆိုသည်။
၎င်းနေရာတွင်ရှိနေသော ပစ္စည်းများသည် တန်ဖိုးမရှိဟု တွေးနေသည့်အတွက် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် ဝေရော့မှာမူ သူမ၏ ကိုယ်ပိုင်ပစ္စည်းများကိုသာ သုံးချင်သည် ဟု အပြတ်ပြောလိုက်သည်ကို အထိန်းတော်ကြီးများမှာ မကျေနပ်သော်လည်း အမိန့်ကို နာခံရမည်ဖြစ်သည့်အတွက် လက်ခံလိုက်ခြင်းဖြစ်သည်။
ဝေရော့သည် လယ်ထဲမှ တက်လာသည်နှင့်တပြိုင်နက် ကိုယ်လက်သန့်စင်လိုက်ကာ ရှို့မေနှင့်အတူ ပစ္စည်းများကို သိမ်းဆည်းပါတော့သည်။
အပြင်ပန်းကြည့်လျှင် ပစ္စည်းများမှာ ဟောင်းနွမ်းနေသော်လည်း အိမ်တွင်းအပြင်အဆင် များမှာမူအတော်လေးကိုပင် သပ်ရပ်လွန်းလှသည်။
သူမသည် တန်ဖိုးရှိသည့် ပစ္စည်းများဖြစ်သည့် ဂိုဒေါင်ထဲရှိ အိုးများနှင့် အခြောက်လှမ်းထားသည့် ဆေးမြစ်များကို တပါးတည်း သယ်ယူစေသည်။
ရွာထိပ်တွင်နေထိုင်သော လောင်လီတို့ ဇနီးမောင်နှံကို အသစ်စိုက်ထားသည့် လယ်ကွက်ကို အပ်နှံခဲ့ပြီး သူမ၏အထိန်းတော်ဆီသို့ ပေးရန် စာတစ်စောင်ကိုလည်း ချန်ထားခဲ့သည်။
ဝေရော့၏ သိမ်းဆည်းထားသည့် ပစ္စည်းများကို မြင်လိုက်ရသည့်အခါ အထိန်းတော်ကြီးများ၏ မျက်နှာများမှာ ပျက်ချင်းမလှ ပျက်သွားလေသည်။
ထို့အပြင် ထိုလူများသည် ယင်းအိုးမည်းကြီးများကို ကြည့်ကာ "တောမှာကြီးလာတော့လည်း ဒီလောက်ပဲ သိတာပေါ့" ဟု အထင်သေးမိကြသည်။
ဝေရော့လည်း ရှင်းပြရန် ကြိုးစားသော်လည်း သူတို့မှာမူ နားလည်မည်မဟုတ်ဟု တွေးကာ မည်သည့်စကားမှ ပြောနေခြင်းမရှိပဲ ရထားလုံးပေါ် တင်ပေးလိုက်ကြသည်။
ထို့နောက် သူမတို့၏ လမ်းခရီးမှာ သုံးရက်မျှ ကြာမြင့်ခဲလေသည်။
သုံးရက်အကြာတွင် ဝေရော့သည် ဆယ်နှစ်တာ နေထိုင်ခဲ့သည့် ဟွိုင်ပေ့ဟုခေါ်သော ရွာလေးမှ ထိုင်ကျိုးပြည်နယ် ရှင်းဆန်ခရိုင်သို့ ရောက်ရှိလာလေသည်။
သူမ၏ ဖခင်အရင်း ဝေမင်ထင်သည် ထိုနေရာတွင် စစ်ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
ဝေရော့ကို အထိန်းတော်ကြီးများမှနေ၍ ဘေးတံခါးဘက်မှ ခေါ်ဆောင်သွားပြီးနောက် နောက်ဆုံးတွင် သူမ၏ မိခင် ယွမ်နေထိုင်သည့် အဆောင်သို့ ရောက်လာသည်။
ဝေရော့သည် အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ယွမ်သည် သူမဆီသို့ အလျင်အမြန်ပြေးလာကာ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
ဝေရော့၏ ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားကာ ခြေလက်များမှာလည်း ခဲဆွဲထားသကဲ့သို့ မလှုပ်မယှက် ဖြစ်နေမိသည်။
ထို့နောက် ယွမ်သည် မည်သည့်စကားမျှပင် ပြောဆိုခြင်းမရှိပဲ ငိုယိုရင်းဖြင့်ပင်ဝေရော့၏ မျက်နှာကို ပွတ်သပ်နေလေသည်။
သူမ၏ လည်ပင်းပေါ်သို့ နွေးထွေးသည့် မျက်ရည်များ ကျလာသည့်အခါတွင် ဝေရော့တစ်ယောက်လည်း အနည်းငယ်မျှ အံ့အားသင့် မျှင်သက်သွားလေသည်။
“သူမ ငိုနေတာလား...”
စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း ယွမ်၏ စစ်မှန်သည့် မျက်ရည်များကို ခံစားလိုက်ရသည့်အခါတွင် ဝေရော့လည်း သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားလေတော့သည်။
ထိုအရာသည် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ကြောင့် ဖြစ်နိုင်သည့်အပြင် ယခင်ဘဝ၌ သေဆုံးသွားခဲ့သည့် သူမ၏ မိခင်ကို သတိရသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
"အမေရယ်... ဝမ်းမနည်းပါနဲ့တော့…ညီမလေး ပြန်လာတာ ကောင်းတဲ့ကိစ္စပဲလေ…ကျွန်တော်တို့ ပျော်ရမှာပေါ့"
သားကြီးဖြစ်သူ ဝေရိချန် က ရှေ့ထွက်လာကာ သူ၏မိခင်ကို အားပေးရှာသည်။
ကလေးချင်း မှားသွားသည်ကို သိလိုက်ရသည့်အချိန်မှစ၍ သူ၏မိခင်မှာ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေခဲ့သည်မှာ ဆယ်ရက်ခန့်ပင် ရှိနေပြီ ဖြစ်သည်။
ယွမ်သည် သားဖြစ်သူ၏ ချော့မော့မှုကြောင့် စိတ်အနည်းငယ်မျှ ပြန်လည်တည်ငြိမ်လာခဲ့သည်။
သူမသည် ဝေရော့ကို သေချာကြည့်ကာ ဂရုတစိုက်လေး လေးနက်စွာ ပြောလိုက်လေသည်။
"မင်း ဒီနှစ်တွေမှာ အများကြီး ဒုက္ခရောက်ခဲ့ရမှာပဲ…အမေ အကုန်လုံး ပြန်ဖြည့်ဆည်းပေးပါ့မယ်ကွယ်"
ထိုအချိန်တွင် ဝေချင်းဝမ်သည် ဝေရော့ရှေ့တွင် ဒူးထောက်ချလိုက်သည်။
မည်သည့်စကားမှ မပြောခင် သူမသည် ကြမ်းပြင်နှင့်ဦးခေါင်းကို တိုက်လိုက်လေသည်။
ယွမ်သည် အလန့်တကြားဖြစ်သွားကာ ချက်ချင်းဆိုသလိုပင် သူမကို ထူပေးလိုက်ရသည်။
"ဝမ်ဝမ်... မင်း ဒါ ဘာလုပ်တာလဲ"
"အမေ... သမီးကို မတားပါနဲ့…ဒါ သမီး ညီမလေးအပေါ် အကြွေးတင်နေတာပါ...သမီး ဘယ်လောက်ပဲ ဒူးထောက်ထောက် ညီမလေးရဲ့ ကံကောင်းခြင်းတွေကို ယူသုံးခဲ့တာကို ပြန်မပေးနိုင်ဘူးဆိုတာ သိပါတယ်…ဒါပေမဲ့... အနည်းဆုံးတော့ တစ်ခုခု လုပ်ပေးချင်လို့ပါ..."
ဝေချင်းဝမ်၏ မျက်လုံးထဲတွင် မျက်ရည်များ အပြည့်ဖြစ်နေပြီး စကားလုံးများမှာလည်း စစ်မှန်လှသည်။
ထိုပုံစံကို မြင်လိုက်ရသည့်အခါ ယွမ်သည် စိတ်မကောင်း ဖြစ်သွားလေသည်။
“ကလေးတွေမှာ ဘာအပြစ်ရှိမှာလဲ… နှစ်ယောက်လုံးက အပြစ်ကင်းကြပါတယ်…အမှားက ကံကြမ္မာပဲ ဖြစ်ရမယ်” ဟု ယွမ်က တွေးနေမိသည်။
ဝေရော့သည် သူမ၏ရှေ့တွင် ဒူးထောက်နေသည့် ဝေချင်းဝမ်ကို ကြည့်လိုက်ကာ ထိုသူသည် မူရင်းဝတ္ထုထဲမှာ ပါရှိသည့် နုနယ်လွန်းလှသော မင်းသမီးဖြစ်ကြောင်းကို ချက်ချင်းဆိုသလိုပင် သိလိုက်သည်။
ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်းပင် သူမသည် နုနယ်ပျော့ပျောင်းပြီး အမျိုးသားများမြင်လျှင် သနားစရာ ကောင်းနေသူတစ်ယောက်အဖြစ် ထင်မှတ်စရာကောင်းလှပေသည်။
မူရင်းဝတ္ထုထဲတွင် ဝေရော့သည် ပထမဆုံး အိမ်ရောက်လာသည့်အခါ ဝေချင်းဝမ်က ယခုကဲ့သို့ပင် ဒူးထောက် ခဲ့ခြင်းဖြစ်သည်။
သို့သော်မူရင်း ဝေရော့မှာမူ ယခုကဲ့သို့ တည်ငြိမ်ခြင်းမရှိကာ ဝေချင်းဝမ်ကို ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းခဲ့သည်။
ထိုအခါတွင် ဝေချင်းဝမ်သည် ပိုမိုကာ ငိုကြွေးပြခဲ့ပြီး သူမသည် အပြစ်ရှိသူပါဟု ပြောကာ အနစ်နာခံပြခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ရပ်ကြောင့် မိခင်ဖြစ်သူ ယွမ်သည် သမီးအရင်းကို သနားနေရာမှ ဝေချင်းဝမ်ကို ပို၍ပင် သနားသွားကာ ဝေရော့ကိုပင် ရိုင်းစိုင်းသူ ဟု မြင်သွားခဲ့ခြင်း ဖြစ်သည်။
***