အမှန်အားဖြင့်ဆိုရလျှင် မူရင်းဝေရော့သည် အနည်းငယ် ခေါင်းမာရိုင်းစိုင်းခဲ့သော်လည်း သူမ၏ အမှားဖြစ်ခဲ့ခြင်း မဟုတ်ပေ။
ဟေးမိသားစုသည် ကျေးလက်တောရွာတွင် ပစ်ထားခဲ့သည့် ဆယ်နှစ်တာဆိုသည့် အချိန်ကာလ အတွင်းတွင် သူမသည် အလွန်ပင် ပင်ပန်းဆင်းရဲခဲ့ခြင်း ဖြစ်သည်။
ပိုက်ဆံမရှိ စားစရာမရှိ သည့်အပြင် နွေးထွေးသည့် အဝတ်အစားမရှိရုံမျှမက ပညာသင်ပေးမည့်သူနှင့်အဖော်ပြုပေးမည့် ဆွေမျိုးဟူ၍လည်း ရှိမနေပေ။
ထိုကဲ့သို့သော နာကျင်မှုများနှင့် နာကြည်းချက်များကို ဘေးလူများ နားလည်နိုင်စွမ်း ရှိနိုင်မည် မဟုတ်ချေ။
သူမ၏နေရာကို တစ်ယောက်ယောက်များ အစားထိုးဝင်ယူလိုက်ပြီး သူမကိုယ်စား ကောင်းကောင်းမွန်မွန် နေထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူမ ဒေါသထွက်သည့် အကြောင်းအရာမှာလည်း သဘာဝကျလွန်း လှသည်။
ဒါပေမဲ့ အခု ဝေရုမှာတော့ မင်းသမီးဘက်ကနေ သူမကို အရင်လာမနှောင့်ယှက်သရွေ့ သူမဘက်ကလည်း ပြဿနာရှာမည် မဟုတ်ပေ။
ဇာတ်ပို့တစ်ယောက်၏ အသက်ရှင်သန်ရေး နည်းလမ်းမှာ မင်းသားကိုလည်း လုယူခြင်း မရှိသကဲ့သို့ မိဘအချစ်ကိုလည်း ပြိုင်ဆိုင်ပြီး လုယူမှာ မဟုတ်ပေ။
ထို့ကြောင့် မြေပြင်တွင် ဒူးထောက်နေသည့် ဝေချင်းဝမ်ကို ဝေရော့လည်း ပြတ်သားစွာ ပြောလိုက်လေသည်။
"ကျွန်မရှေ့မှာ ဒူးမထောက်ပါနဲ့…. ကျွန်မက ဘုရားကျောင်းက ဘုရားရုပ်တု မဟုတ်ဘူး… ဘယ်သူ့ဦးချမှုကိုမှ မလိုချင်ဘူး… ရှင်ဒူးထောက်လို့ ကျွန်မအတွက်လည်း ဘာမှမထူးသလို ရှင့်အတွက်လည်း ဘာမှဖြစ်မလာ ဘူး..ကျွန်မက ရှင့်ဆုတောင်းတွေကိုလည်း ပြည့်ဝအောင် မလုပ်ပေးနိုင်ဘူးလေ…တောရွာတွေမှာ ဘုရားပွဲလုပ်ရင် လူတိုင်းက ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းကြတာ တွေ့ဖူးတယ်မလား"
"ဒါပေမဲ့... ညီမလေးအပေါ် အကြွေးတင်နေသလို ခံစားရလို့ပါ…အခုလိုလုပ်တာက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနည်းဆုံးတော့ အပြစ်ရှိစိတ်ကို လျော့စေလို့ပါ"
"ရှင် အပြစ်ရှိသလို ခံစားရရင် ကျွန်မကို ပြန်ပေးဆပ်ရမှာလေ…. ကိုယ့်ရဲ့ အပြစ်ရှိစိတ်ကို ဘယ်လိုလျော့ပါးအောင် လုပ်ရမလဲဆိုတာပဲ မတွေးသင့်ဘူး မဟုတ်လား"
ဝေရော့လည်း ထိုကဲ့သို့ ပြန်မေးလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့် ဝေချင်းဝမ်လည်း မှင်သက်သွားလေသည်။
ယွမ်နှင့် ဝေရိချန်တို့လည်း ထိုနည်းတူစွာပင် အံ့အားသင့်သွားကြသည်။
ဝေချင်းဝမ်ထိုသို့ပြုမူလိုက်ခြင်းမှာ ဝေရော့အတွက်တော့ မည်သည့် အကျိုးမှ မရှိပေ။
ဝေချင်းဝမ်သည် အပြစ်ရှိသလို ခံစားနေရသည်ကို သူတို့က သနားနေမိသော်လည်း ဝေရော့ဘက် မှ ကြည့်လျှင်လည်း ထိုလုပ်ရပ်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာသာ ဖြစ်ပေသည်။
ခဏလောက်ကြာသောအခါ ဝေချင်းဝမ်သည် ဝေရော့ကို မေးလိုက်သည်။
"ဒါဆို... ပြန်ဖြည့်ဆည်းပေးနိုင်အောင် ညီမလေး ဘာလိုချင်လဲ…ညီမလေး ဘာပဲခိုင်းခိုင်း အမ လုပ်ပေးဖို့ အသင့်ပါပဲ"
"ပထမဆုံးအနေနဲ့ အရင်ထလိုက်ပါ…ရှင် အဲဒီလို ဒူးထောက်နေတာကို လူတွေမြင်ရင် ကျွန်မက ရှင့်ကို နှိပ်စက်နေတယ် ထင်ကုန်ဦးမယ်"
ဝေရော့သည် ပတ်သက်မှုများကို အစပိုင်းကတည်းကပင် ခွဲခြားထားချင်နေခြင်း ဖြစ်သည်။
သူမကြောင့် ဒူးထောက်ရခြင်း မဟုတ်ကြောင်းကိုလည်း လူအများကို သိစေချင်နေခြင်းလည်း ဖြစ်သည်။
ထိုသို့ မလုပ်လျှင် ဝေချင်းဝမ်သည် ဝမ်းနည်းပြပြီး သူမကို အပြစ်တင်ခံရအောင် လုပ်လိုက်လျှင် ဝေရော့အတွက် နစ်နာရုံသာ ရှိလိမ့်မည်။
ဝေရိချန်သည် ရှေ့သို့တိုးလာကာ ဝေချင်းဝမ်ကို ထူပေးလိုက်သည်။
ဝေချင်းဝမ်လည်း ဖြည်းဖြည်းချင်း ထလာပြီး ဝေရော့ကို ကြည့်လိုက်လေသည်။ ထို့နောက် တိုးတိုးလေးမေးလိုက်သည်။
"ညီမလေးမှာ ဘာများ ခိုင်းစရာ ရှိမလဲ"
"မလောပါနဲ့ဦး…. အချိန်တွေ အများကြီး ရှိပါသေးတယ်…ကျွန်မက အခုမှ ရောက်တာဆိုတော့ ဘာမှမသိသေးဘူး ရှင်က ဘယ်သူလဲ…ကျွန်မအပေါ် ဘာတွေ အကြွေးတင်နေလဲ ဆိုတာတောင် အခုမှ စသိရတာပဲ ရှိသေးတယ်"
ဝေရော့ ပြောလိုက်သည့်စကားကြောင့် ဝေချင်းဝမ် ထပ်မံကာ ဆွံ့အသွားရပြန်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဖြည်းဖြည်းချင်းပေါ့"
ယွမ်က မျက်ရည်သုတ်ရင်း စိတ်ကို ထိန်းကာဖြင့် ပြောလိုက်လေသည်။
"ရော့ရော့... သမီးရဲ့ မောင်နှမတွေကို အရင်မိတ်ဆက်ပေးမယ်နော်"
"သမီးအဖေက ဒီနေ့တော့ အိမ်မှာ မရှိဘူး…သမီးကို အရမ်းတွေ့ချင်နေပေမဲ့ အခု မြို့ပြင်မှာ ဂျပန်ဓားပြတွေ သောင်းကျန်းနေတော့ အဖေက တာဝန်မပျက်ကွက်ရဲလို့ သွားတယ်ကွယ်"
ရှင်းဆန်းခရိုင်သည် ပင်လယ်နှင့် နီးစပ်သဖြင့် ဂျပန်ဓားပြများ ခဏခဏ လာရောက်နှောင့်ယှက်လေ့ရှိသည်။
စစ်အရာရှိတစ်ဦး ဖြစ်သည့် ဝေမင်ထင်သည် ပြည်သူများ၏ လုံခြုံရေးအတွက် မိသားစုကို ခေတ္တခဏမျှ ခွဲခွာသွားရပြီး တာဝန်ထမ်းဆောင်နေရခြင်းလည်း ဖြစ်သည်။
သမီးအရင်း ပထမဆုံး အိမ်ပြန်ရောက်သည့် နေ့မှာပင် သူ့မှာ ခွင့်ယူနိုင်ခဲ့ခြင်း မရှိပေ။
ထို့နောက် ယွမ်သည် ဆက်လက်ကာ မိတ်ဆက်ပေးလေသည်။
"ဒါက သမီးရဲ့ အစ်ကိုကြီး ဝေရိချန်…မြို့တော်မှာတုန်းကလည်း အစ်ကိုကြီးပဲ…ဒီမှာလည်း သူ့ကို အစ်ကိုကြီးလို့ ခေါ်ပေါ့"
နူးညံ့သိမ်မွေ့သည့် ပုံစံရှိသည့် ဝေရိချန်က ဝေရော့ကို ပြုံးပြကာ နှုတ်ဆက်လိုက်လေသည်။
"ညီမလေး... ဘာပဲလိုလို အစ်ကို့ကို ပြောနော်"
ဝေရိချန်မှာ နှုတ်ဆက်ကာ နူးညံ့စွာ ပြောဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်သောအခါ ဝေရော့လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ယွမ်သည် ဘေးတွင်ရှိသော ကုလားထိုင်တွင် ထိုင်နေသည့် ကောင်လေးကို ညွှန်ပြသည်။
"ဒါက သမီးရဲ့ မောင်လေး ဝေယီလင်း ဒီနှစ်မှာ ခုနစ်နှစ် ရှိပြီ"
နာမည်အခေါ်ခံလိုက်ရသည့် ဝေယီလင်းမှာ မျက်နှာဆူပုတ်ပုတ်နှင့် ဝေရော့ကို မနှုတ်ဆက်ချင်ပေ။
ယွမ်သည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သဖြင့် လေသံမကြည်မလင်ဖြင့် အစ်မ ဟု ခေါ်လိုက်လေသည်။
နှုတ်ဆက်ပြီးသည်နှင့် မျက်နှာကို တခြားဘက်သို့ လှည့်သွားတော့သည်။
ယွမ်သည် ဆက်လက်ကာ မိတ်ဆက်ပေးနေသည်။
"နောက်ပြီး... သမီးမှာ မယားငယ်က မွေးတဲ့ အစ်ကိုတစ်ယောက်လည်း ရှိသေးတယ်…နာမည်က ကျင်းယီ တဲ့ သူကတော့ အပြင်သိပ်မထွက်ဘူး…အခု ဒီဝင်းထဲမှာပဲ ရှိတယ်"
ယွမ်သည် ထိုမယားငယ်သားအကြောင်းကို သိပ်မပြောချင်ပေ။
သူမနှင့် ခင်ပွန်းသည်မှာ အလွန်ချစ်ခင် ကြသော်လည်း ထိုမယားငယ်၏သားသည် ယွမ်၏ ရင်ထဲတွင် စိုက်ဝင်နေသော ဆူးတစ်ချောင်းသကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့နောက် ယွမ်သည် ဝေချင်းဝမ်ကို တစ်ချက်ကြည့်လိုက်သည်။
ယွမ်သည် ခဏလောက် တွန့်ဆုတ်သွားသည်။ အကယ်၍သာ ဝေချင်းဝမ်ကို သေချာမိတ်မဆက်ပေးလျှင် သူမ ဝမ်းနည်းသွားမည်ကို စိုးရိမ်နေသည့်အပြင် ဝေရော့ကိုလည်း ဝေချင်းဝမ်သည် ယင်းအိမ်တွင်သာ ဆက်နေမည် ဖြစ်ကြောင်းကို ပြောပြလျှင် ဝေရော့ စိတ်မကောင်းဖြစ်မည်ကိုလည်း ကြောက်နေမိခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ယွမ်သည် ဝေရော့ကို ထပ်မံကာပြောလိုက်သည်။
"ဒါကတော့ ချင်းဝမ်ပါ…သူမက... သမီးနဲ့ ကလေးချင်း မှားသွားခဲ့တဲ့သူပေါ့…အထိန်းတော်ကြီးတွေလည်း သမီးကို ပြောပြပြီးလောက်ပြီ ထင်ပါတယ်…အမေတို့ တိုင်ပင်ပြီးတာကတော့... သမီးလည်း အမေ့အနားမှာ နေရမယ်… ချင်းဝမ်လည်း ဆက်နေမယ်…သမီးတို့ နှစ်ယောက်လုံးဟာ ဝေမိသားစုရဲ့ သခင်မလေးတွေပါပဲ"
ယွမ်သည် ဝေရော့၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်နေသော်လည်း ဝေရော့အနေဖြင့် အေးဆေးစွာပင် ပြန်လည် ဖြေလိုက်လေသည်။
"ဟုတ်ကဲ့"
ထိုသို့ အေးစက်စက် တုံ့ပြန်မှုသည် အားလုံးအတွက် ထူးဆန်းနေစေသည်။
ထို့နောက် ဝေရိချန်သည်လည်း ဝင်ပြောလိုက်သည်။
"အမေ... ညီမလေး ခရီးပန်းလာပြီ ထင်တယ်…ခဏလောက် အနားယူပါစေဦး"
"ဟုတ်သားပဲ... သမီးကို အရင်သွားနားခိုင်းရမယ်"
ယွမ်သည် ဝေရော့လက်ကို ဆွဲကာ သူမ၏ အဆောင်ဆီသို့ ခေါ်သွားလေသည်။
စစ်ဗိုလ်ချုပ်အိမ်တော်သည် သိပ်မကြီးသော်လည်း အနောက်ဘက်တွင် အဆောင် (၆) ခု ရှိသည်။
ပုံမှန်အတိုင်းဆိုလျှင် အဆောင် (၅) ခုတွင် လူတွေ ရှိနေပြီး အစွန်ဆုံးတွင်ရှိနေသော အဆောင်ကျဉ်းလေး တစ်ခုသာလျှင် အလွတ်ရှိသည်။
ဝေရိချန်သည် စာဖတ်ရသည်ကို ကြိုက်နှစ်သက်သဖြင့် အစွန်ဆုံးတွင်ရှိသော အဆောင်တွင် သွားနေမည်ဟု ဆိုကာ သူ၏ အဆောင်ကို ဝေရော့ကို ပေးလိုက်ခြင်း ဖြစ်သည်။
ဝေရော့ နေရမည့် ဝင်းလေး၏ ဆိုင်းဘုတ်မှာ "ထင်စုန်းယွမ်" ဟု အစ်ကိုဖြစ်သူ ဝေရိချန် ကိုယ်တိုင် အမည်ပေးထားခြင်း ဖြစ်သည်။
ခြံဝင်းမှာလည်း ကျယ်ဝန်းပြီး ထင်းရှူးပင်များနှင့် သပ်သပ်ရပ်ရပ် ရှိလှသည်။
ယွမ်သည် ဝေရော့ကို အခန်းထဲသို့ ခေါ်သွားပြီး မိန်းကလေးတစ်ယောက် ကြိုက်မည့် ပုံစံမျိုး ပြင်ဆင်ပေး ထားသည်။
ဘီရိုထဲတွင်လည်း ဝေချင်းဝမ်နှင့် အရွယ်တူ အဝတ်အစားသစ်များကို အသင့်ထည့်ပေးထားသည်။
ယွမ်သည် ဝေရော့ကို ခဏနားရန်နှင့် ညစာစားချိန်မှ လာခေါ်မည်ဟု မှာကြားကာ ထွက်သွားသည်။
ယွမ် ထွက်သွားသည်နှင့် ရှို့မေသည် ဝေရော့၏ ပစ္စည်းများကို အခန်းထဲသို့ ယူဆောင်လာပေးလေသည်။
"သခင်မလေးသာ အမှားမခံခဲ့ရရင် ငယ်ငယ်ကတည်းက ဒီလိုနေရာမျိုးမှာ နေခဲ့ရမှာ"
ရှို့မေသည် မခံမရပ်နိုင် ဖြစ်မိသဖြင့် ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။
ဘေးလူများ မရှိတော့သည့်အတွက် ဝေရော့သည် ကုတင်ပေါ်သို့ ချက်ချင်းလှဲချလိုက်ပြီး ပုံစံမပျက် အိပ်စက် လိုက်လေသည်။
အပြင်ဘက်တွင် မည်မျှပင် ထိန်းသိမ်းကာ နေရသော်လည်း မိမိအခန်းတွင်တော့ လွတ်လွတ်လပ်လပ် နေရခြင်းကို သဘောကျနှစ်သက်သူ ဖြစ်သည်။
***