ရှို့မေသည် ရေနွေးတစ်ခွက်ကို ငှဲ့လိုက်ကာ ဝေရော့ကို တိုက်လိုက်သည်။
"သခင်မလေး... ကျွန်မကြည့်ရတာ စစ်ဗိုလ်ချုပ်အိမ်တော်က တော်တော်ကောင်းပါတယ်…သခင်မကြီးနဲ့ အစ်ကိုကြီးကလည်း သခင်မလေးအပေါ် အရမ်းကောင်းကြတာပဲ…ဒီတော့ ဒီမှာပဲ အေးအေးဆေးဆေး နေလိုက်ပါတော့လား…အားကိုးရမယ့် နောက်ခံတွေလည်း အများကြီးရှိသွားပြီဆိုတော့ နောင်ဆို သခင်မလေးအတွက် အဆင်ပြေသွားမှာပါ"
"ဟေး... သူတို့က ကိုယ့်အပေါ် ကောင်းကြတာမှန်ပေမဲ့ ဇာတ်လိုက်မင်းသမီးနဲ့ အကျိုးစီးပွားချင်း ပဋိပက္ခမဖြစ်သရွေ့ပဲလေ"
"ဇာတ်လိုက်မင်းသမီး…သခင်မလေး ဘယ်သူ့ကို ပြောတာလဲဟင်"
"ဘယ်သူ့ကိုမှမဟုတ်ပါဘူး…ကိုယ်ဘာသာလျှောက်ပြောနေတာပါ…မေလေး...ပစ္စည်းတွေကိုသေချာသိမ်းထားလိုက်ဦး…လူအမြင်ကပ်စရာ ဖြစ်မယ့်ဟာတွေကိုတော့ ဖျောက်ပစ်လိုက်"
ဝေရော့လည်း ရှို့မေကို အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး…ခဏလောက် အိပ်စက်အနားယူလိုက်ပါဦး" ဟု ရှို့မေက ဆိုသည်။
ဝေရော့လည်း ညဘက်တွင် မိသားစုဝင်များနှင့် တွေ့ရဦးမည်ဖြစ်သဖြင့် အားအင်ပြန်ဖြည့်ရန်အတွက် အိပ်စက်သင့်သည်ဟု ယူဆလိုက်သည်။
သူမ အိပ်ပျော်ခါနီးအချိန်တွင် ဟွိုင်ပေ့ရွာမှနေ၍ သူမကို လိုက်ခေါ်ခဲ့သည့် အထိန်းတော်ကြီး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် အထိန်းတော်လီ ဆိုသူ ရောက်လာသည်။
ရှို့မေသည် တားဆီးရန် ကြိုးစားသော်လည်း အထိန်းတော်လီသည် သူမကို ဂရုစိုက်နေခြင်းမရှိကာ ဝေရော့ အိပ်ခန်းအတွင်းထိ ဝင်လာခဲ့လေသည်။
"သခင်မလေးက ဘာလို့ နေ့လယ်ကြောင်တောင် အိပ်နေရတာလဲ"
အထိန်းတော်ကြီးသည် ဝေရော့၏ အိပ်ယာရှေ့တွင် မျက်နှာထားတင်းတင်ဖြင့် ရပ်နေလေသည်။
ထိုအခါ ဝေရော့လည်း ထထိုင်လိုက်ကာ အကြောဆန့်လျက် အထိန်းတော်ကြီးကို ပြန်လည်ကာ မေးလိုက်သည်။
"အထိန်းတော်ကြီး ဘာကိစ္စရှိလို့လဲ"
"သခင်မကြီးက သခင်မလေးကို အိမ်တော်ရဲ့ အစဉ်အလာတွေ…စည်းကမ်းတွေကို သင်ပေးဖို့ ကျွန်မကို လွှတ်လိုက်တာပါ.... ပြီးတော့ သခင်မလေးကို အဝတ်အစားလဲပြီး ကျွန်မနဲ့အတူ အဆောင်ကို လိုက်ခဲ့ဖို့ ပြောခိုင်းလိုက်ပါတယ်"
ပြောပြီးသည်နှင့်အထိန်းတော်လီသည် ဝေရော့ကို စဉ်းစားရန် ငြင်းဆန်ရန် အစရှိသည့် အခွင့်အရေးများပေးခြင်း မရှိပဲ အပြင်တွင် စောင့်နေရန်အတွက် လှည့်ထွက်သွားသည်။
"သခင်မလေး..."
ရှို့မေလည်း မျက်မှောင်ကြုတ်လိုက်သည်။
"သခင်မကြီးကလည်း... သခင်မလေး အိမ်ရောက်ကာစပဲ ရှိသေးတာကို အနားမပေးဘူးလား မသိဘူး"
သူမ၏ သခင်မလေးအပေါ် သခင်မကြီးသည် ကြင်နာသည်ဟု အစောပိုင်းတွင် ချီးကျူးထားမိရာ ယခုအခါတွင်တော့ မျက်နှာအဖြတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"ဒါအမေက အထိန်းတော်ကြီးကို စည်းကမ်းတွေ သင်ပေးဖို့ မှာလိုက်တာ ဖြစ်မှာပါ…ဒါပေမဲ့ အခုချက်ချင်း သင်ခိုင်းတာကတော့ အမေ့စိတ်ကူး မဟုတ်လောက်ဘူး…. အထိန်းတော်လီမှာ သူ့ကိုယ်ပိုင် အကြံအစည် ရှိလိမ့်မယ်" ဟု ဝေရော့မှ ပြောလိုက်သည်။
အထိန်းတော်လီသည် မြို့တော်ရှိ ဦးလေး ကျူံယီအိမ်တော်မှ ဆင်းသက်လာသူဖြစ်ပြီး သူမ၏ အဆင့်အတန်းသည် အိမ်တော်ရှိ သာမန်အစေခံများထက် မြင့်မားသည်။
ထို့ကြောင့် သူမသည် သူမကိုယ်သူမ အခွင့်အာဏာရှိသည်ဟု ယူဆထားပြီး လမ်းခရီးတစ်လျှောက်တွင်လည်း ဝေရော့၏ ပျင်းရိသည့် အလေ့အကျင့်များကို မကျေမနပ် ဖြစ်နေခဲ့သူတစ်ယောက်လည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အထိန်းတော်လီသည် ဝေချင်းဝမ်ကို ငယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်လာသူဖြစ်ပြီး သူမ၏ သမီးဖြစ်သူ ချွေဟယ်သည်လည်း ဝေချင်းဝမ်၏ အနီးကပ် အစေခံမလေး ဖြစ်သည်။
မူရင်းဝတ္ထုကို ဖတ်ဖူးသည့် ဝေရော့သည် ထိုအချက်ကို ကောင်းကောင်းသိနေခြင်း ဖြစ်သည်။
"သခင်မလေး ဘာလုပ်ဖို့ စိတ်ကူးထားလဲဟင်"
ရှို့မေသည် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ကိစ္စမရှိဘူး… သူ ဘာလိုချင်တာလဲဆိုတာ ငါသိတယ်"
ထိုသို့ပြောပြီးသည်နှင့် ဝေရော့သည် အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းထဲသို့ ရောက်သည့်အခါတွင် အထိန်းတော်လီသည် ဝေရော့၏ အနေအထိုင်နှင့် ပတ်သက်ပြီး စတင်ကာ ညွှန်ကြားလေသည်။
"သခင်မလေး ရော့ရော့... အခု သခင်မလေးက စစ်ဗိုလ်ချုပ်အိမ်တော်ကို ရောက်နေပြီဆိုတော့ အရင်ကလိုနေလို့မရတော့ဘူး…အပြောအဆိုအမူအရာတိုင်းကိုအထူးဂရုစိုက်ရမယ်…ပေါ့ပေါ့ပါးပါးနေလို့မရတော့ဘူး…မဟုတ်ရင် သူများတွေ ရယ်စရာ ဖြစ်ကုန်လိမ့်မယ်…အဲဒါက သခင်မလေး တစ်ယောက်တည်း မျက်နှာပျက်ရတာ မဟုတ်ဘူး…. စစ်ဗိုလ်ချုပ်အိမ်တော်နဲ့ မြို့တော်က ကျုံ့ယီအိမ်တော်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သိလား"
"ကျွန်မက အဲဒီလို မနေတတ်ဘူး"
ဝေရော့သည်လည်း သွယ်ဝိုက်နေခြင်းမရှိကာ တည့်တိုးပင် ပြောလိုက်လေသည်။
"သခင်မလေး... အဲဒါ ဘာစကားလဲ"
အထိန်းတော်လီ၏ မျက်နှာထားမှာ ချက်ချင်းဆိုသလိုပင် တင်းမာသွားလေသည်။
"ကျွန်မက စစ်ဗိုလ်ချုပ်အိမ်တော်ရဲ့ သခင်မလေး မဟုတ်ဘူးလား…ဘေးလူတွေ ဘာတွေးမလဲဆိုတာ ကျွန်မက ဘာလို့ ဂရုစိုက်နေရမှာလဲ"
ဝေရော့သည်လည်း မောက်မာသည့် ပုံစံဖြင့် ခပ်အေးအေးပင် ဆိုလိုက်သည်။
"သခင်မလေး... အဲဒီလိုစကားမျိုး အပြင်မှာ မပြောပါနဲ့…မဟုတ်ရင် လူရယ်စရာ ဖြစ်လိမ့်မယ်"
"ရယ်ချင်လည်း ရယ်ပေါ့…သူတို့က ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ…ကျွန်မရဲ့ အဘိုးက ကျူံယီ မဟုတ်ဘူးလား သူက အရမ်းဩဇာရှိတာ မဟုတ်လား…ဒါဆို ကျွန်မက ဘာကို ကြောက်နေရမှာလဲ"
အထိန်းတော်လီလည်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်... ဒီနေ့ကစပြီး သခင်မလေးက ကျွန်မဆီမှာ စည်းကမ်းတွေ သင်ရမယ်…ကျွန်မပြောတာတွေကို သေချာမှတ်သားထားပါ…မြင်ရသူတိုင်းက သခင်မလေးတစ်ယောက်လို့ ထင်ရအောင် ကြိုးစားပါ"
"သိပါပြီ"
ဝေရော့သည် စိတ်မရှည်သည့် ပုံစံဖြင့် ပြန်လည် ဖြေလိုက်လေသည်။
ထို့နောက် အထိန်းတော်လီသည် ညစာစားချိန်တွင် လူကြီးများရှေ့၌ အမှားမလုပ်မိစေရန် အခြေခံစည်းကမ်း အချို့ကို တတွတ်တွတ် ရှင်းပြနေသော်လည်း ဝေရော့မှာမူ ဟိုကြည့်ဒီကြည့်ဖြင့်သာ အာရုံမရသည့်ပုံမျိုး နေနေခြင်း ဖြစ်သည်။
"ကဲ... သခင်မလေး ဆက်သင်ဖို့ စိတ်ပါပုံမရတော့ဘူးဆိုတော့ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့"
အထိန်းတော်လီသည် သင်ကြားမှုကို ရပ်နားလိုက်ပြီး ရှို့မေအား ဝေရော့ကို သေချာကြည့်ထားရန် နှင့် လျှောက်မသွားစေရန် မှာကြားကာ ထွက်သွားလေသည်။
အထိန်းတော်လီ ထွက်သွားပြီးသည်နှင့် ရှို့မေသည် ဝေရော့ကို နားမလည်စွာဖြင့် မေးလိုက်လေသည်။
"သခင်မလေး... သခင်မလေးက တမင်တကာ မသိနားမလည်သလို ဟန်ဆောင်နေတာတောင် အထိန်းတော်လီက ဘာလို့ အများကြီး ဆက်မသင်ပေးတော့တာလဲ"
"ဘာလို့လဲဆိုတော့ သူက ငါ့ကို ထူးချွန်စေချင်တာ မဟုတ်လို့ပေါ့…ဒီနေ့ သူလာတာက ငါ့ကို အကဲစမ်းဖို့ပဲ…ငါ့ကို သင်ပေးဖို့က သူ့ရဲ့ အဓိကတာဝန် မဟုတ်ဘူး"
ဝေရော့က ပြုံးကာဖြင့် ရှို့မေမေးသည်ကို ပြန်လည်ဖြေပေးလိုက်သည်။
မူရင်းဝတ္ထုထဲတွင်လည်း အထိန်းတော်လီသည် ဝေရော့ကို စည်းကမ်းများ သင်ပေးသော်လည်း စိတ်ပါလက်ပါ မရှိခဲ့ပေ။
ဝေရော့၏ အပြုအမူ ညံ့ဖျင်းသည့်တိုင် သူမသည် မည်သို့မျှ အပြစ်ပေးခဲ့ခြင်း မရှိပေ။
အပေါ်ယံကြည့်လျှင် သည်းခံပေးသကဲ့သို့ ထင်ရသော်လည်း အမှန်ဆိုလျှင် ဝေရော့ကို ထူးချွန်လာစေပြီး ဝေချင်းဝမ်၏ အရိပ်ကို ဖုံးလွှမ်းသွားမည်ကို သူမအနေဖြင့် မလိုလားခဲ့ခြင်း ဖြစ်သည်။
ဝေရော့သည် အထိန်းတော်လီနှင့် တစ်နာရီခွဲခန့် အချိန်ဖြုန်းပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်လာကာ တစ်ရေးမျှ အိပ်လိုက်သည်။ နိုးလာသည့်အခါတွင် ညနေစောင်းနေပြီဖြစ်သဖြင့် သခင်မကြီး ယွမ်ကိုယ်တိုင် သူမကို လာခေါ်သည်။
လမ်းတစ်လျှောက်တွင်လည်း ယွမ်သည် ဝေရော့၏ လက်ကို ဆွဲထားရင်းဖြင့်ပင် အိမ်တော်တွင် နေရသည်မှာ အဆင်ပြေရဲ့လား အခန်းထဲမှာ လိုတာရှိလားဟု ဂရုတစိုက် မေးမြန်းနေလေသည်။
ညစာစားခန်းထဲသို့ ရောက်သည့်အခါတွင် ဝေရော့သည် တစ်နေ့လုံး မတွေ့ရသေးသည့် ဖခင်ဖြစ်သူ ဝေမင်ထင်ကို တွေ့လိုက်ရသည်။
အရပ်အမောင်း မြင့်မားပြီး တည်ကြည်သည့် သူ၏ ပုံစံမှာ မူရင်းဝတ္ထုထဲမှ ဖော်ပြချက် အတိုင်းပင် ဖြစ်သည်။
ဝေရော့ကို မြင်လိုက်ရသည့်အခါ ဝေမင်ထင်၏ မျက်နှာသည် လှုပ်ရှားသွားပြီး ရှေ့သို့ နှစ်လှမ်းလောက် တိုးလာသော်လည်း ချက်ချင်း ပြန်ရပ်လိုက်သည်။
သူ၏ စိတ်လှုပ်ရှားမှုကို အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် ထိန်းချုပ်လိုက်ဟန် တူသည်။
"ရော့ရော့... ဒါက သမီးရဲ့ အဖေပဲ"
ယွမ်သည် မိတ်ဆက်ပေးလိုက်သည်။
"အဖေ"
ဝေရော့လည်း နှုတ်ဆက်လိုက်သည်။
"အင်း..."
ဝေမင်ထင်သည် အသံနက်ကြီးဖြင့် ပြန်ထူးသည်။ သူသည် တစ်စုံတစ်ရာကို ထိန်းချုပ်ထားသကဲ့သို့ ဝေရော့ကို အကြာကြီး စိုက်ကြည့်နေလေသည်။
ဝေရော့သည် တစ်ခုခု ပြောမည်ဟု ထင်ထားသော်လည်း သူ့၏ တုံ့ပြန်မှုမှာမူ ယွမ်ထက် အများကြီး ပိုအေးစက်နေသည်။
"ထိုင်ကြတော့"
ဝေမင်ထင်သည် အားလုံးကို ထိုင်ရန် ပြောလိုက်လေသည်။ ထိုနေရာသည် မြို့တော်မဟုတ်သဖြင့် အမျိုးသားနှင့် အမျိုးသမီး စားပွဲခွဲရသည့် စည်းကမ်းများကို လျှော့ပေါ့ထားပြီး အားလုံး စားပွဲတစ်ခုတည်းမှာပင် ထိုင်ကြရလေ သည်။
ယွမ်သည် ဝေရော့ကို သူမ၏ ဘေးတွင် ထိုင်စေသည်။ အားလုံး ထိုင်လိုက်ကြသည့်အခါတွင် ဝေချင်းဝမ်သည် ဘေးတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဝေမင်ထင်နှင့် ယွမ်တို့ နှစ်ယောက်လုံးသည် မှင်သက်သွားပြီး အခြေအနေမှာမူ အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
ထိုအချိန်မှာပင် ဝေယီလင်းသည် ကုလားထိုင်ပေါ်မှ ခုန်ဆင်းသွားကာ ဝေချင်းဝမ်ကို ဆွဲကာ စားပွဲဆီသို့ ခေါ်လာသည်။
"မမ... လာစားလေ"
"ယီလင်း... မမက... မမက စားပွဲမှာ မထိုင်သင့်တော့ပါဘူး..."
ဝေချင်းဝမ်သည် ထိုသို့ တိုးတိုးလေး ပြန်ပြောသည်။
"ဘာလို့ မထိုင်ရမှာလဲ… မမက ကျွန်တော့်ရဲ့ အစ်မပဲ…ကျွန်တော်တို့က မိသားစုဝင်တွေပဲလေ"
ဝေယီလင်းသည် ဗိုလ်ကျသည့်လေသံဖြင့် အော်ပြောလိုက်လေသည်။
***