"ဒါပေမဲ့..."
ဝေချင်းဝမ်သည် ဝေမင်ထင်ကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
"လာထိုင်ပါ…တခြားဘာမှ မတွေးနဲ့…မင်းနဲ့ ငါတို့ကြားမှာ သွေးသားတော်စပ်မှု ရှိသည်ဖြစ်စေ…မရှိသည်ဖြစ်စေ မင်းဟာ ဝေမိသားစုရဲ့ သမီးပဲလို့ အဖေနဲ့အမေ ပြောထားပြီးသားပဲ"
ဝေမင်ထင်သည် စကားကို ပြတ်သားစွာ ပြောလိုက်သည်။
"ဟုတ်တယ်…အဖေ့ပြောတာမှန်တယ်…ဘာမှ တွေးမနေနဲ့…ဘယ်သူမှ ဝေမိသားစု သခင်မလေးဆိုတဲ့ မင်းရဲ့ အဆင့်အတန်းကို လှုပ်ခါအောင် မလုပ်နိုင်ဘူး" ဟု ယွမ်သည်လည်း ထောက်ခံလိုက်သည်။
အားလုံးမှ ဝိုင်းဖျောင်းဖျကြသဖြင့် ဝေချင်းဝမ်သည် ဖြည်းဖြည်းချင်း စားပွဲဆီ လျှောက်လာပြီး ထိုင်လိုက်သည်။
ထိုအခါမှသာ ယွမ်သည် သူမဘေးတွင်ရှိသော ဝေရော့ကို လှမ်းကြည့်ပြီး ဝေရော့၏ မျက်နှာအမူအရာ ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ကာမှသာ စိတ်အေးသွားရသည်။
ထမင်းစားပွဲသည် အလွန်တိတ်ဆိတ်လွန်းလှသည်။
လူတိုင်းသည် ဝေရော့ကို ခိုးခိုးကြည့်နေကြကာ ကုန်သည်အိမ်တွင် ဆယ်နှစ်ကျော် နေလာခဲ့သည့် သူမ၏ စားသောက်ပုံမှာ စနစ်ကျနေခြင်း မရှိပဲ အမှားအယွင်း လုပ်မိမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်လောက်အောင်ပင် ဝေရော့သည် အလွန်အေးဆေး တည်ငြိမ်စွာဖြင့် စနစ်တကျ စားသောက်နေသည်မှာ မြို့တော်တွင် နေထိုင်သည့် သခင်မလေးတစ်ယောက်၏ စံနှုန်းနှင့် အပြည့်အဝ ကိုက်ညီနေခြင်း ဖြစ်သည်။
ညစာစားပြီးနောက်တွင် အားလုံး လက်ဖက်ရည်သောက်ရင်း အရေးကြီးသည့် ကိစ္စတစ်ခုကို ဆွေးနွေးကြသည်။
အခြေအနေ ကောင်းနေသည်ဟု ယူဆကာ ဝေမင်ထင်သည် ဝေရော့ကို စကားစလိုက်သည်။
"ရော့ရော့... သမီး ဒီနှစ်တွေမှာ အများကြီး ပင်ပန်းခဲ့ရပြီ…မြို့တော်က အဘိုးနဲ့ ဦးလေးနှစ်ယောက်လုံးလည်း ကလေးချင်း မှားသွားတဲ့ကိစ္စကို သိပြီးပြီ…မကြာခင်မှာပဲ သမီးရဲ့နာမည်ကို မိသားစုဝင်စာရင်းထဲမှာ ထည့်သွင်းကြေညာတော့မှာပါ"
လွန်ခဲ့သည့် ရက်ကပင် ဝေမင်ထင်သည် မြို့တော်မှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး နှစ်ရက်အတွင်း ပြန်စာပို့ရမည်ဖြစ်ရာ ဝေရော့ကို ချက်ချင်းဆိုသလိုပင် ပြောပြထားရန် လိုအပ်နေခြင်း ဖြစ်သည်။
"ဟုတ်ကဲ့"
ဝေရော့သည် ခေါင်းငြိမ့်လိုက်ရုံမျှသာ ထူးလိုက်ပြီး အားလုံး မျှော်လင့်ထားသကဲ့သို့ ဝမ်းသာအားရ ဖြစ်နေသည့်ပုံ မပြခဲ့ပေ။
ဝေမင်ထင်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ ဝေရော့ကို ကြည့်လိုက်ပြီး ခေတ္တခဏမျှစဉ်းစားကာ ပြောလိုက်သည်။
"ငါတို့ တိုင်ပင်ပြီးတာကတော့... သမီးရဲ့ နာမည်ကို ချင်းဝမ်ရဲ့ နောက်မှာ ထည့်ဖို့ ဆုံးဖြတ်ထားတယ်. ဒါကြောင့် သမီးက ဝေမိသားစုရဲ့ ဒုတိယသခင်မလေး ဖြစ်မှာပေါ့…အဆင်ပြေရဲ့လား"
ထိုစကားကို ကြားလိုက်ရသည့်အခါတွင် ဝေရော့သည် မော့ကြည့်လိုက်ကာ ဝေမင်ထင်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ထိုမျက်လုံးအစုံမှာ ကြည်လင်တောက်ပနေပြီး ဝမ်းနည်းခြင်း ဝမ်းသာခြင်း အရိပ်အယောင် အလျဉ်းမရှိပေ။
စစ်သူကြီးတစ်ဦး ဖြစ်သည့် ဝေမင်ထင်သည် အိမ်တွင် အလွန်ဩဇာရှိသူတစ်ယောက် ဖြစ်သည်။
ကလေးများသည် ငယ်စဉ်ကပင် သူ့ကို ကြောက်ကြသည်။
အချစ်ခံ ဝေချင်းဝမ်မှာပင် ဝေမင်ထင် မျက်နှာတည်နေလျှင် သူ့မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။
ဝေရော့မှာတော့ ဘာမှမပြောရသေးခင်မှာပင် ဝေချင်းဝမ်သည် ရုတ်တရက် ထရပ်လိုက်ပြီး မိဘနှစ်ပါးရှေ့မှာ ဒူးထောက်ချလိုက် ပြန်သည်။
"အဖေ... အမေ... သမီး တောင်းပန်ပါတယ်…ရော့ရော့ကိုပဲ အစ်မကြီးအဖြစ် သတ်မှတ်ပေးပါ"
"ဝမ်ဝမ်... မင်း ဘာလုပ်ပြန်တာလဲ"
ယွမ်၏ မျက်လုံးထဲတွင်မူ စိတ်မကောင်းဖြစ်မှုများ အပြည့်ဖြစ်သွားသည်။
"အဖေနဲ့ အမေ... ဒီနှစ်တွေမှာ ဝေမိသားစုမှာ ကြီးပြင်းခွင့်ရပြီး မိဘတွေရဲ့ သမီးအဖြစ် ပျော်ရွှင်ခဲ့ရတာတင် သမီး အရမ်းကျေနပ်ပါပြီ…သမီးကို မိဘတွေအနားမှာ ဆက်ထားပေးမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ. အစ်မကြီးဆိုတဲ့ နေရာကို ဆက်ပြီး မယူရဲတော့ပါဘူး…ဒုတိယသခင်မလေး နေရာတင်မကဘူး…အစေခံတစ်ယောက်အဖြစ် ထားရင်တောင် သမီး ကျေကျေနပ်နပ် နေပါ့မယ်"
ဝေမင်ထင်နှင့် ယွမ်တို့သည် မျက်မှောင်ကြုတ်ကာဖြင့် အလွန်အားနာသွားပြီး စိတ်မကောင်း ဖြစ်သွားကြသည်။ ဝေချင်းဝမ်သည် ထပ်မံကာ ဦးတိုက်လိုက်လေသည်။
"အဖေနဲ့ အမေ... သမီးရဲ့ တောင်းဆိုမှုကို လိုက်လျောပေးပါ"
ဦးတိုက်သံမှာလည်း အလွန်ကျယ်လောင်လှသည်။
ယွမ်သည် ဝေချင်းဝမ်မှာမူ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်မည်ကို စိုးရိမ်သဖြင့် အမြန်တားလိုက်ရသည်။
"ဝမ်ဝမ်... မလုပ်နဲ့တော့…မင်းရဲ့ စိတ်ရင်းကို အဖေနဲ့အမေ သိပါတယ်"
"အဖေနဲ့ အမေက အရမ်းချစ်ပေးကြပေမဲ့ သမီးက အဲဒီနေရာနဲ့ မထိုက်တန်လို့ပါ..."
"မိုက်လိုက်တာ... ဘာတွေ ပြောနေတာလဲ…မထိုက်တန်ဘူးဆိုတဲ့ စကားကို နောက်ခါ မပြောနဲ့တော့… မင်းဟာ ငါတို့သမီးပဲ… ငါတို့က မိသားစုဝင်တွေပဲ…ဒါက ဘယ်တော့မှ မပြောင်းလဲဘူး"
ယွမ်သည် ဝေချင်းဝမ်ကို ရင်ခွင်ထဲတွင် ထည့်ဖက်ထားလိုက်ကာ အလွန်သနားနေမိသည်။
ဝေယီလင်းသည်လည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းလာပြီး ဝေချင်းဝမ်နှင့် ယွမ်တို့ကို ဝိုင်းဖက်လိုက်သည်။
"မမက ကျွန်တော့်ရဲ့ မမ အမြဲဖြစ်နေမှာပဲ…အဲဒီလို စကားမျိုး မပြောနဲ့"
ဝေယီလင်းသည် ငိုမဲ့မဲ့ဖြင့် အော်ပြောနေသည်။
ထိုပုံရိပ်ကို ကြည့်ပြီး ဝေမင်ထင်၏ မျက်နှာထားမှာ တင်းမာနေပြီး မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားသည်။
ဝေရိချန်လည်း စိတ်လှုပ်ရှားသွားသော်လည်း ဝင်ပြောခြင်းမရှိပဲ ဝေရော့ဘက်ကိုသာ လှမ်းကြည့်နေသည်။
ဝေရော့ စိတ်မကောင်းဖြစ်သွားမည်ကို သူ စိုးရိမ်မိနေခြင်းဖြစ်သည်။
ခဏအကြာတွင် ယွမ်သည် ဝေချင်းဝမ်ကို လွှတ်ပေးလိုက်ပြီး ကလေးနှစ်ယောက်ကို နေရာမှာ ပြန်ထိုင်စေသည်။
ဝေချင်းဝမ်သည် ဝေယီလင်း၏ တွဲပေးမှုဖြင့် ထလာသော်လည်း ခြေကုန်လက်ပန်း ကျနေသကဲ့သို့ ယိုင်ထိုးနေသည်။
ယွမ်သည်လည်း ဝေမင်ထင်၏ ဘေးသို့ ပြန်ထိုင်လိုက်သည်။
အားလုံး ပြန်ထိုင်ပြီးသည့်နောက်တွင် ဝေမင်ထင်နှင့် ယွမ်တို့၏ အကြည့်များမှာ ဝေရော့ဆီသို့ ပြန်ရောက်လာသည်။
ဝေရော့၏ နှုတ်ခမ်းဖျားမှာ အပြုံးလေးတစ်ခု ရှိနေပြီး သူမ၏ ကြည်လင်သည့် အသံလေးသည် ခန်းမထဲတွင် ဖြစ်ပေါ်နေသော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သူမသည် ဝေမင်ထင်ကို မေးလိုက်သည်။
"မိဘတွေက ဒီလိုဆုံးဖြတ်တာဟာ ကျွန်မက နောက်မှ မွေးလို့လားဟင်"
"မဟုတ်ပါဘူး..."
ဝေမင်ထင်၏ ပြန်ဖြေသည့် အသံမှာ အနည်းငယ် တုန်ယင်နေသည်။
ဇနီးသည်နှစ်ယောက် ကလေးမွေးသည့် အချိန်အရဆိုလျှင် ဝေကတော် ယွမ် သည် ဟေးကတော်ထက် အနည်းငယ် စောမွေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝေရော့သည် ဝေချင်းဝမ်ထက် အနည်းငယ် စောမွေးခဲ့သူ ဖြစ်သည်။
"ဒါဆို ဘာကြောင့်လဲဟင်"
ဝေရော့သည် ဝေမင်ထင်ကို သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆက်မေးသည်။
ထိုမျက်လုံးများသည် အလွန်ကြည်လင်လွန်း၍လား သို့မဟုတ် တခြားအကြောင်းကြောင့်လား ဆိုသည်မှာ မသိသော်ငြားလည်းပဲ ဝေမင်ထင် ဆွံ့အသွားသည်။
ထိုအချိန်တွင် ယွမ်သည် အမြန်ဝင်ရှင်းပြသည်။
"အဲဒါကလေ... ဝမ်ဝမ်က မိသားစုစာရင်းထဲကို အစ်မကြီးအနေနဲ့ ဝင်ပြီးသား ဖြစ်နေလို့ပါ...ပြဿနာမတက်အောင် သမီးနာမည်ကို သူ့နောက်မှာပဲ တန်းဖြည့်လိုက်ရင် ဘာမှ ပြင်စရာ မလိုတော့လို့ပါ"
ဝေယီလင်းက ကြားဖြတ်ပြောလိုက်သည်။
“ကျွန်တော့်မမက အစ်မကြီး…အိမ်တော်ရဲ့ သမီးဦးပဲ...မင်းက မမဆီက အဲဒီနေရာကို လုယူလို့ မရဘူး"
ဝေမိသားစု၏ ပထမအိမ်တော်နှင့် ဒုတိယအိမ်တော်မှာ သမီးမရှိကြပေ။
ဝေရော့ မရောက်လာခင်အချိန်ထိ ဝေချင်းဝမ်သည် တစ်ဦးတည်းသော သမီးဦး ဖြစ်ခဲ့သည်။
မြို့တော်ကဲ့သို့ မျိုးရိုးဂုဏ်သရေကြီးသည့် နေရာမျိုးတွင် "သမီးဦး" (သို့မဟုတ်) "အစ်မကြီး" ဆိုသည့် အသုံးအနှုန်းမှာ အလေးသာမှု ရှိသည်။
"ယီလင်း. ဘာတွေ လျှောက်ပြောနေတာလဲ"
ယွမ်သည် သားငယ်ဖြစ်သူကို အော်ငေါက်ပြီး တားလိုက်ရသည်။ ဝေယီလင်းသည် အော်ခံရသဖြင့် နှုတ်ခမ်းစူကာ စိတ်ကောက်သွားသည်။
ယွမ်သည် ဝေရော့ဘက်သို့ လှည့်လိုက်ကာ ထပ်ရှင်းပြလေသည်။
"အစ်မကြီးဖြစ်ဖြစ်…ဒုတိယသမီးဖြစ်ဖြစ် အဆင့်အတန်းက အတူတူပါပဲ ဒါပေမဲ့ အိမ်မှာရော မြို့တော်မှာပါ လူတိုင်းက ဝမ်ဝမ်ကို အဲဒီလိုပဲ ခေါ်နေကျဖြစ်နေလို့ ရုတ်တရက်ကြီး ပြောင်းလိုက်ရင် ဘယ်သူမှ ကျင့်သားရမှာ မဟုတ်လို့ပါ"
"ဒါ အဓိက အကြောင်းရင်းလားဟင်"
ဝေရော့က ထပ်မံကာ မေးခွန်းထုတ်လိုက်သည်။
ဝေမင်ထင်က တည်ကြည်သည့် မျက်နှာဖြင့် ပြန်လည်ကာ ဖြေလိုက်လေသည်။
"ငါ အမေနဲ့ တိုင်ပင်ပြီး အဘက်ဘက်က စဉ်းစားပြီးမှ ဒီလို ဆုံးဖြတ်လိုက်တာပါ”
အားလုံးသည် ဝေရော့၏ အဖြေကို စောင့်နေကြသည်။
ဝေရော့သည် သူမအတွက် အစ်မကြီးနေရာကို ရအောင် တိုက်ပွဲဝင်ဦးမည်ဟု အားလုံးအနေဖြင့် ထင်ထားချိန်တွင် သူမသည် မထင်မှတ်ထားသည့် အဖြေကို ပေးလိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်မကပဲ ဒုတိယသခင်မလေး လုပ်ပါ့မယ်"
ထိုစကားကြောင့် အားလုံးမှာ အံ့အားသင့်သွားကြရသည်။
အစောပိုင်းတွင် ဝေရော့ဘက်မှ မေးခွန်းထုတ် နေပုံအရဆိုလျှင် သူမသည် အလွန်မကျေမနပ် ဖြစ်နေသည်ဟု ထင်ရသော်လည်း ယခုအခါတွင် ချက်ချင်းကြီး သဘောတူလိုက်ပြန်သည်။
"ရော့ရော့... သမီး တကယ်ကြီး စိတ်ထဲ ဘာမှမရှိဘူးလား"
ယွမ်လည်း အလောတကြီးဖြင့် မေးလိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသလိုပေါ့…အားလုံးအတွက် ပြောင်းရလဲရတာ အလုပ်ရှုပ်နေပါဦးမယ် အဖေကလည်း အခုတလော အလုပ်များနေတာဆိုတော့ ဒီလိုကိစ္စသေးသေးလေးတွေနဲ့ အလုပ်မရှုပ်သင့်ဘူးလေ ဒါမှမဟုတ်... အကယ်၍ ကျွန်မက စိတ်ရှိတယ်ဆိုရင်ရော အဖေနဲ့အမေက စိတ်ကူးပြောင်းကြမှာမလို့လား"
ဝေရော့သည် အပြုံးချိုချိုလေး ပြုံးကာဖြင့် ပြန်လည်မေးလိုက်သောအခါ သူမ၏ မျက်လုံးထဲတွင် လှည့်ကွက်ကလေးတစ်ခု ရှိနေပုံ ရသည်။
***