ဝေရော့၏ ထိုမေးခွန်းကြောင့် ဝေမင်ထင်နဲ့ ယွမ်တို့ဇနီးမောင်နှံ၏ မျက်လုံးထဲတွင် အပြစ်မကင်းတဲ့ အရိပ်အယောင်များမှာ ထင်ဟပ်သွားလေတော့သည်။
"ကျွန်မရဲ့ ဆန္ဒက အရေးမပါဘူးဆိုမှတော့ ကျွန်မလည်း စိတ်မရှိတော့ပါဘူး… တကယ်တော့လည်း ဘာမှတတ်နိုင်တာမှ မဟုတ်တာ… မိဘတွေနဲ့ ဝေးကွာခဲ့ရတဲ့ ဆယ့်သုံးနှစ်တာကို လက်လွတ်ခဲ့ရ ပြီးပြီပဲ...အခုတော့ လူတွေကို လှည့်စားတတ်တဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပေါ့"
ဝေရော့သည် ဝေမိသားစုအပေါ် နားလည်ပေးသကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်လေသည်။
ဧည့်ခန်းထဲတွင် ရှိနေသောလူတိုင်းမှာမူ တိတ်ဆိတ်သွားကြသည်။
အထူးသဖြင့် ဝေမင်ထင်နဲ့ ယွမ်တို့သည် အစပိုင်းတွင် ဝေချင်းဝမ်ကို သနားနေခဲ့ကြပေမဲ့လည်း ယခုအခါတွင် ထိုကလေးမလေး၏ မည်သည့်အရာမျှ လုယူတတ်ခြင်း မရှိသည့် အမူအရာသည် သူတို့ကို ပို၍ပင် စိတ်မကောင်း ဖြစ်စေသည်။
ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဝေရော့ကို ပြောလိုက်လေသည်။
"ရော့ရော့... သမီးဟာ အမေတို့ရဲ့ သမီးအရင်းပါ…အမေတို့မှာ သွေးသားတော်စပ်မှု ရှိတယ်...အခု သမီးပြန်ရောက်လာပြီဆိုတော့ အစ်မကြီးဖြစ်ဖြစ်… ဒုတိယသမီးဖြစ်ဖြစ် အမေတို့နှလုံးသားထဲမှာ သမီးရဲ့ အရေးပါမှုက အတူတူပါပဲ...လွဲချော်ခဲ့ရတဲ့ ဆယ့်သုံးနှစ်တာ သံယောဇဉ်ကို အမေတို့ ပြန်ဖြည့်ဆည်းပေးပါ့မယ်"
"ဟုတ်ကဲ့ပါ"
ဝေရော့သည် ဝမ်းသာအားရဖြင့် သဘောတူလိုက်ပေမဲ့ စိတ်ထဲမှာတော့ တခြား အစီအစဉ် ရှိနေခြင်း ဖြစ်သည်။
ဝေမင်ထင်သည် တည်ကြည်သော အသံဖြင့် ပြောလိုက်လေသည်။
"ဒါဆို ဒီကိစ္စက ဒီမှာတင် အဆုံးသတ်ပြီ…နောင်ဆိုရင် မောင်နှမတွေ အချင်းချင်း သင့်တင့်အောင် နေကြ… ရိချန်နဲ့ ဝမ်ဝမ်... ရော့ရော့က အခုမှ ပြန်ရောက်တာဆိုတော့ မသိတာတွေ အများကြီး ရှိလိမ့်မယ်…သူ့ကို သေချာ ဂရုစိုက်ပေးကြဦး"
"စိတ်ချပါ အဖေ"
ဝေရိချန်သည် ပြန်ဖြေလိုက်ပြီး ဝေချင်းဝမ်မှာလည်း ခေါင်းငုံ့ကာဖြင့် အသံတိုးတိုးလေး ပြောလိုက်လေသည်။
"သမီး သိပါပြီ"
ထိုကိစ္စ ပြီးသွားသည့်အခါတွင် ဝေမင်ထင်သည် စာကြည့်ခန်းကို ပြန်လိုက်ကာ မြို့တော်မှ
လူကြီးတွေဆီသို့ အခြေအနေများကို ရှင်းပြသည့် ပြန်စာရေးဖို့ ပြင်လိုက်လေသည်။
လက်ဖက်ရည်သောက် စကားပြောပြီးသည့် နောက်တွင် ဝေရော့ကို ယွမ်ကိုယ်တိုင် ထင်စုန်းယွမ် အဆောင်အထိ လိုက်ပို့ပေးလေသည်။
ဝေရော့သည် ဒုတိယသခင်မလေး အဖြစ်ကို လက်ခံလိုက်ခြင်းသည် ယွမ်တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် လမ်းတစ်လျှောက်လုံးတွင် ဝေရော့အတွက် အဝတ်အစား အသုံးအဆောင်မှ စ၍ အစေခံများအထိ အကုန်စီစဉ်ပေးမည်ဟု တဖွဖွပြောနေလေတော့သည်။
အမှန်ဆိုလျှင် ဝေအိမ်တော်သည် ချမ်းသာလွန်းလှသည့် အနေအထားမရှိပေ။
ဘိုးဘေးများ ချန်ထားခဲ့သည့် ပစ္စည်းတွေများမှာလည်း ကုန်သလောက် ရှိနေပြီဖြစ်ပြီး ဝေမင်ထင်၏ လစာသည်လည်း ပမာဏ များများစားစား မရှိပေ။
သို့ပေမဲ့လည်း ဝေချင်းဝမ်တွင်ရှိသမျှ အသုံးအဆောင်များကိုလည်း ဝေရော့ဆီသို့ အညီအမျှ ပေးချင် နေခြင်းဖြစ်သည်။
ဝေရော့သည် ပိုက်ဆံနှင့် ပစ္စည်းများ ပေးခြင်းကိုမူ လက်ခံသော်လည်း လူအင်အား စီစဉ်ပေးမည်ကို ငြင်းပယ်လိုက်လေသည်။
လက်ရှိတွင် ရှို့မေ တစ်ယောက်တည်းဖြင့်ပင် လုံလောက်ပြီဖြစ်ပြီး သူမ၏ အခန်းထဲကို သူစိမ်းများ ဝင်ထွက်နေသည်ကို မကြိုက်ဘူးဟုပင် အကြောင်းပြလိုက်ခြင်းဖြစ်သည်။
ယွမ်အနေဖြင့်လည်း ဝေရော့၏ ဆန္ဒကို လိုက်လျောပေးပြီး လိုအပ်လာလျှင် ပြောရန်ကိုသာ မှာကြားခဲ့လေသည်။
အဆောင်သို့ ပြန်ရောက်၍ အခန်းထဲဝင်လိုက်ကာ တံခါးပိတ်လိုက်သည်နှင့် အစောပိုင်းတွင် တည်ငြိမ်နေသည့် ဝေရော့သည် ချက်ချင်းပင် ပုံစံပြောင်းသွားလေသည်။
“ဒီလို ဟန်ဆောင်ပြီး လက်ဖက်ရည်သောက်ရတာ တော်တော် ပင်ပန်းတာပဲ…ဒီအားနဲ့ဆို ဂျုံခင်းတစ်ခင်းတောင် ရိတ်သိမ်းလို့ ရတယ်”
ဝေရော့သည် ပိုက်ဆံရှာရန်အတွက် အလုပ်လုပ်ခြင်းမှ ရလာသည့် ပင်ပန်းမှုသည်သာ အကောင်းဆုံးဟု တွေးထင်ထားခြင်းဖြစ်သည်။
ထို့အပြင် ယင်းကဲ့သို့သော လူမှုရေးကိစ္စများကို ရင်ဆိုင်ရသည်မှာ ရင်ဘတ်ထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ အလွန်ကိုပင် စိတ်ပင်ပန်းစေသည်။
ကနဦး မူရင်းဝတ္ထုဇာတ်လမ်းကို သိထားသည့် ဝေရော့မှာမူ ဝေမင်ထင်နှင့် ယွမ်တို့ ပြောမည့်စကားများကို ကြိုသိနေခြင်းဖြစ်သည်။
မူရင်းဝေရော့တွင် ထိုကိစ္စနဲ့ ပတ်သက်ပြီး ဝေမင်ထင်နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။
အကြောင်းမှာ သူမသည် ဆယ့်သုံးနှစ်လုံးလုံး ဆင်းရဲဒုက္ခ ခံခဲ့ရသောကြောင့် အစ်မကြီးနေရာကို ရသင့်သည်ဟု ယူဆခဲ့သောကြောင့်ဖြစ်သည်။
အဆုံးတွင်မူ မူရင်းဝေရော့သည် အစ်မကြီးနေရာကို ရခဲ့သော်ငြားလည်းပဲ အိမ်ရှိလူတိုင်းမှာမူ မတရား ခံလိုက်ရသည့် ဝေချင်းဝမ်ကိုသာလျှင် သနားသွားကြပြီး ဝေရော့ကို အမြင်မကြည် ဖြစ်ခဲ့ကြသည်။
အမှန်အားဖြင့်ဆိုရလျှင် မူရင်းဝေရော့သည် အစ်မကြီးနေရာကိုပင် လိုချင်ခြင်း မဟုတ်ပေ။
သူမ၏ လိုချင်မှုအစစ်မှာ မိဘအရင်းများ၏ ဂရုစိုက်မှုနှင့် အချစ်သာလျှင် ဖြစ်သည်။
သို့ပေမဲ့လည်း သူမ ဖော်ပြလိုက်သည့် နည်းလမ်းမှာ အနည်းငယ် ကြမ်းတမ်းသွားခဲ့ခြင်း ဖြစ်သည်။
ဝေရော့မှာမူ သူမ၏အဆင့်အတန်းအတွက် သူများပေးမည်ကို မျှော်လင့်နေသည်ထက် ကိုယ့်အားကိုယ်ကိုး တိုက်ယူခြင်းသည်သာလျှင် ပိုကောင်းသည်ဟု ယူဆနေခြင်းလည်း ဖြစ်သည်။
သူများအပေါ်တွင် အများကြီး မျှော်လင့်ချက် မထားခြင်းသည် ကိုယ့်ဘဝကို ပိုပြီး ပျော်ရွှင်စေသည်ဟုလည်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အခွင့်အရေးရလျှင် ဝေအိမ်တော်မှနေ၍ ခွဲထွက်ကာ ကိုယ်ပိုင်အိမ်ထောင်စု ထူထောင်ရန် သူမ စဉ်းစားထား သေးသည်။
ထို့အပြင် ယနေ့တွင် ပြောခဲ့သည့် သမီးကြီးနှင့် ဒုတိယသမီး ကိစ္စတွင် ဝေမင်ထင်တို့ ဇနီးမောင်နှံသည် အဆုံးအဖြတ် ပေးနိုင်ခြင်းမျိုးလည်း ရှိမနေပေ။
တကယ့် အဆုံးအဖြတ်ပေးမည့်သူမှာ မြို့တော်တွင် ရှိနေသော အဘိုးကြီးပင် ဖြစ်သည်။
မူရင်းဝတ္ထုထဲတွင် ပါဝင်သော အဘိုးဖြစ်သူသည် မျိုးရိုးသွေးသားကိုသာလျှင် အရမ်းတန်ဖိုးထားသည့်သူ ဖြစ်သောကြောင့် ဝေချင်းဝမ်သည် ဝေမိသားစု၏ သွေးသားမဟုတ်မှန်းကိုသာ သိသွားလျှင် သူမကို သမီးဦး (မြေးဦး) အဖြစ် ထားရန် သဘောတူခြင်း အလျဉ်းမရှိပေ။
ထို့ကြောင့် သူမသည် ဝေမင်ထင်တို့နှင့် ရန်ဖြစ်နေမည့်အစား ထိုပြဿနာကို အဘိုးကြီးဆီ ပစ်ပေးလိုက်ပြီး ဝေမင်ထင်တို့ ဇနီးမောင်နှံကိုသာလျှင် အဘိုးကြီးနှင့် ယှဉ်ပြိုင်ခိုင်းလိုက်သည်က ပိုကောင်းမွန်ခြင်းပင် ဖြစ်သည်။
နောက်လာမည့် သုံးရက်အတွင်းတွင် ဝေရော့သည် အိမ်တော်ထဲတွင် အေးဆေးစွာ နေထိုင်ရင်း အိမ်တော်၏ အခြေအနေအရပ်ရပ်ကို လေ့လာခဲ့လေသည်။
ဝေမိသားစု၏ စီးပွားရေး အခြေအနေမှာ ကောင်းမွန်လှခြင်း မရှိပေ။
ဘိုးဘေးများ၏ ပစ္စည်းများမှာလည်း ကုန်လုနီးပါး ရှိနေပြီဖြစ်သောကြောင့် အပေါ်ယံ ဂုဏ်ပကာသနကိုသာလျှင် ထိန်းထားနိုင်နေခြင်းမျိုး ဖြစ်သည်။
ရှင်းဆန်းခရိုင်တွင် သူမ၏အဖေ ဝေမင်ထင်သည် အဆင့် (၆) အဆင့်ရှိသည့် စစ်ဗိုလ်ချုပ် တစ်ယောက်သာ ဖြစ်ပြီး လစာမှာလည်း အကန့်အသတ်တစ်ခုသာ ရရှိခြင်းဖြစ်သည်။
ကြားရသည်မှာ ဂျပန်ဓားပြများကို နှိမ်နင်းသည့် ကိစ္စရပ်များ အဆင်မပြေသောကြောင့် ဧကရာဇ်မင်းမြတ်မှ ထိုင်ကျိုးနယ်ရှိ အရာရှိများကို မကျေမနပ် ဖြစ်နေလေသည်။
သို့ပေမဲ့လည်း ဝေမိသားစုသည် သူမ၏ မွေးစားမိဘများဖြစ်သည့် ဟေးမိသားစုထက်ကိုပင် အများကြီး ပိုပြီး အဆင့်အတန်း မြင့်နေခြင်း ဖြစ်သည်။
ယွမ်သည် နေ့တိုင်း ဝေရော့ဆီ လာလည်ပြီး စားစရာ ဝတ်စရာလေးများ လာပေးတတ်သေးသည်။
ဝေမင်ထင်အနေဖြင့် အလုပ်အရမ်းများသောကြောင့် အိမ်ကို ပြန်မလာသည်မှာ ရက်အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။
ဝေရော့သည်သာမက သူ့မိန်းမဖြစ်သူ ယွမ်သည်ပင်လျှင် သူ့ကို တွေ့ရန် ခက်ခဲလှပေသည်။
အစ်ကိုကြီး ဝေရိချန်မှာမူ စာသင်သည့်အရာများနှင့် အလုပ်များနေသော်လည်း လာရောက်တိုင်းတွင် ရှင်းဆန်ခရိုင်၏ နာမည်ကြီး မုန့်လေးများကို ယူလာပေးတတ်သည့်အပြင် ထိုအရပ်ဒေသ၏ ဓလေ့ထုံးစံများကိုလည်း ပြောပြတတ်သေးသည်။
ဝေယီလင်းမှာ တစ်ခါမှ လောက်ရောက်ခဲ့ခြင်း မရှိပေ။ တစ်ခါတုန်းက ဝေရော့၏ အဆောင်ရှေ့မှ ဖြတ်သွားရင်း ဝေရော့နှင့် မျက်လုံးချင်း ဆုံသွားပေမဲ့လည်း ချက်ချင်းပင် မျက်နှာလွှဲပြီး ခပ်မြန်မြန် ထွက်သွားခဲ့လေသည်။
ဝေချင်းဝမ်သည်လည်း ခဏခဏ လာလည်ပြီး ပစ္စည်းလေးများ လာပေးတတ်သော်လည်း လာသည့်အခါတိုင်းတွင် ငိုတော့မည့် မျက်နှာထားဖြစ်နေသဖြင့် ဝေရော့မှ ပြန်လွှတ်လိုက်ရလေသည်။
အခြားသောအချိန်များတွင် သူမကို စည်းကမ်းသင်ပေးရန်အတွက် တာဝန်ပေးခံထားရသည့် အထိန်းတော်လီနှင့်သာလျှင် အများဆုံး တွေ့ရခြင်း ဖြစ်သည်။
သို့ပေမဲ့လည်း အထိန်းတော်လီသည် ဝေရော့ ပျင်းရိနေလျှင်တောင် ပစ်ထားတတ်ခြင်း ဖြစ်သည်။
စတုတ္ထမြောက်နေ့ရောက်သောအခါတွင် ဝေရော့သည် အထိန်းတော်လီဆီမှ စည်ကမ်းသင်ကြားခြင်း မရှိသည့် နားရက်တစ်ရက်ကို ရခဲ့လေသည်။
ဝေရော့လည်း မနက်စာစားပြီးသည်နှင့် ရှို့မေကို ပေါက်ပြားတစ်လက် ရှာခိုင်းလိုက်ပြီး သူမသည် ခြံဝင်း၏ အနောက်ဘက်တွင် ရှိနေသာ မြေကွက်လပ်လေးတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီစဉ်နေလေသည်။
သူမ၏ ကိုယ်ပိုင်နယ်မြေအဆင့်တက်ရန်အတွက် စိုက်ပျိုးရန် လိုအပ်နေခြင်း ဖြစ်သည်။
နယ်မြေထဲတွင် စိုက်နေလျှင် အဆင့်တက်ခြင်းမှာ အလွန်နှေးသွားမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်သည်။
မိုကျားကျ ရွာမှနေ၍ ထွက်လာပြီးကတည်းကပင် သူမ ရွာတွင် စိုက်ပျိုးခဲ့သည့် လယ်ကွက်များမှနေ၍ အတွေ့အကြုံရမှတ်များ ရမည် မရမည်ကို သေချာမသိရှိပေ။
မည်သို့ပင် ဖြစ်နေပါစေ အတွေ့အကြုံရမှတ်များလေ ကောင်းလေဖြစ်သည်။
ထင်စုန်းယွမ် အဆောင်သည် အတော်ကျယ်သောကြောင့် ဝေရော့သည်လည်း အနောက်ဘက် ထောင့်စွန်းလေးလောက်တွင် သီးပင်စားပင်လေးများကို အနည်းငယ် စိုက်ပျိုးလိုက်လေသည်။
ထိုအရာသည် ခြံဝင်း၏ အလှအပကိုလည်း ထိခိုက်မည် မဟုတ်ပေ။
ဝေရော့သည် မြေကို တက်တက်ကြွကြွဖြင့်ပင် ပေါက်တူးဖြင့်ဆွလိုက်ပြီးသည်နှင့် တစ်နာရီလောက် အချိန်အတွင်းတွင် (၂) မီတာ ပတ်လည်လောက်ရှိသည့် မြေကွက်လေးကို ပြင်လိုက်လေသည်။
ထို့နောက် ရှို့မေနှင့်အတူ ဝါးများကို ခွဲလိုက်ကာ နံရံဘေးတွင် စင်လေးတစ်ခု ဆောက်လိုက်လေသည်။
ထိုစင်လေးပေါ်တွင် ဘူးသီး ဖရုံသီးများ စိုက်ပျိုးရန် စဉ်းစားထားခြင်းဖြစ်သည်။
ဝေရော့သည် အလုပ်နားလိုက်ပြီး ကျောက်စားပွဲတွင် ထိုင်လျက် ရေသောက်နေသည့်အချိန်တွင် လူငယ်လေးတစ်ယောက်မှ တံခါးလာခေါက် လေသည်။
တံခါးခေါက်သံကို ကြားသည်နှင့် ရှို့မေ လည်း သွားဖွင့်ပေးလိုက်လေသည်။
ဝါးခုတ်သံများသည် ဘေးခန်းတွင် စာကျက်နေသည့် ဒုတိယသခင်လေး ဝေကျင်းယီ ကို အနှောင့်အယှက် ဖြစ်စေသောကြောင့် အသံလျှော့ပေးရန် လာပြောခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။
***