ဝေရော့သည် ခြံဝင်းကို ပြုပြင်ပြောင်းလဲနေသည်ကို သိလိုက်ရသောအခါ ယွမ်သည် စိတ်ထဲတွင် တစ်မျိုးလေး ခံစားရသော်လည်း မည်သည်မှဝင်ပြောခဲ့ခြင်း မရှိပေ။
သူမ၏သမီးသည် ကျေးလက်တွင် ကြီးပြင်းလာသည်ဆိုသောကြောင့် ယခုကဲ့သို့ အသားမကျသေးခြင်းမှာ သဘာဝကျလှပြီး နောင်အခါတွင်မှ ဖြည်းဖြည်းချင်း သင်ပေးရသည်ဟု တွေးထားခြင်းဖြစ်သည်။
သို့ပေမဲ့လည်း ဝေယီလင်းမှာမူ ထိုအရာကို သဘောကျခြင်း မရှိသည့်အတွက် အစ်ကိုကြီးဖြစ်သူ ဝေရိချန်ထံသို့ သွားရောက်ကာ တိုင်ကြားလေသည်။
"အစ်ကိုကြီး…ဝေရော့ကအစ်ကို့ခြံကိုဖျက်ဆီးနေပြီ….
အစ်ကိုကြီးကစာကျက်ဖို့အေးဆေးတဲ့နေရာလေးဖြစ်အောင်ဖယ်ပေးလိုက်တာကို သူကတော့ အဆင့်အတန်းမရှိတဲ့ ခြံကြီးဖြစ်အောင် ပြောင်းပစ်နေတယ်"
"သူ ဘာတွေပြောင်းပစ်လို့လဲ"
ဝေရိချန်လည်း သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
အကြောင်းမှာ သူသည် ယခုရက်ပိုင်းများတွင် စာသင်နေရသောကြောင့် ဝေရော့အကြောင်း သိပ်မသိလိုက်ခြင်း ဖြစ်သည်။
"သူကအစ်ကို့ခြံထဲမှာဟင်းသီးဟင်းရွက်တွေစိုက်နေတာလေအရမ်းကိုအောက်တန်းကျတာပဲ...သခင်မလေးတစ်ယောက်က ဒါမျိုးဆိုရင် ဘယ်လိုလုပ်မလဲ အရှက်ခွဲလိုက်တာပဲလေ"
ဝေယီလင်းသည် တွေးမိလေ ပိုပြီး စိတ်မသက်မသာ ဖြစ်လေ ဖြစ်နေလေသည်။
"ဟင်းသီးဟင်းရွက် စိုက်တာလား…သိပ်ပြီးတော့ အဆင့်မမြင့်ဘူးဆိုပေမဲ့ ဒါက ကိစ္စကြီးမှ မဟုတ်တာ အရှက်ရစရာလို့ မတွေးပါနဲ့"
ဝေရိချန်လည်း ပြုံးလိုက်ကာ ညီဖြစ်သူကို နှစ်သိမ့်လိုက်လေသည်။
"ဘာလို့အရှက်မရရမှာလဲ…ကျူံယီဘိုအိမ်တော်ကခေါ်လာတဲ့သူကအရှက်မရှိတဲ့ကျေးလက်တောသူမကြီးလို့လူတွေပြောနေကြပြီ…သူမက သခင်မလေးနဲ့ လုံးဝမတူဘူး"
ထိုစကားကို ကြားလိုက်သည်နှင့် ဝေရိချန်၏မျက်နှာမှာလည်း တည်တံ့သွားလေသည်။
"ဘယ်သူက ကွယ်ရာမှာ အတင်းပြောနေတာလဲ…အစေခံတွေက သခင်ကို ကွယ်ရာမှာ ဘယ်လိုလုပ် အပုပ်ချရဲတာလဲ…ယီလင်း... နောက်ခါ အဲဒီလိုမျိုး ကြားရင် ရှေ့ထွက်ပြီး တားဆီးရမယ်နော်"
"မတားဘူး…ကျွန်တော် သူ့ဘက်က စကားမပြောပေးဘူး…သူက အရှက်ရစရာကြီး"
ဝေယီလင်းသည် နှုတ်ခမ်းစူကာဖြင့် ပြောနေခြင်းမှာ သူမှားသည်ဟု မသိသောကြောင့်ဖြစ်သည်။
"အစ်ကိုကြီး... အစ်ကိုကရော စိတ်မဆိုးဘူးလား…သူက အစ်ကို့ခြံကို အမှိုက်ပုံကြီးဖြစ်အောင် လုပ်နေတာကို"
"အခု အဲဒီခြံက သူ့ရဲ့ နေအိမ်ဖြစ်နေပြီ… သူ ဘယ်လိုပြင်ဆင်ချင်လဲဆိုတာ သူ့ကိစ္စပဲ ငါ ဝင်မစွက်ဖက်သင့်ဘူး...နောက်ပြီး ယီလင်း... မင်းက ဝမ်ဝမ်ကို ချစ်ပြီး ကာကွယ်ပေးချင်တာကို ငါနားလည်ပါတယ် ငါလည်း ဝမ်ဝမ်ကို သနားတာပဲ… ဒါပေမဲ့ ဝေရော့ကလည်း မင်းရဲ့ အစ်မပဲ…သူ ဘာမှမမှားထားဘူး...မင်း သူ့အပေါ် ဒီလိုမဆက်ဆံသင့်ဘူး"
ဝေရိချန်လည်း ညီဖြစ်သူကို ဆုံးမစကား ဆိုလိုက်သည်။
"ကျွန်တော် သူ့ကို အစ်မလို့ မသတ်မှတ်ချင်ဘူး ကျွန်တော့်မှာ ဝမ်ဝမ်ရှိရင် လုံလောက်ပြီ ဝေရော့ရောက်လာကတည်းက မမဝမ်ဝမ်က ခိုးငိုနေရတာ ခဏခဏပဲ… မမက သူ့ဆီသွားပြီး ပစ္စည်းတွေ သွားပေးတာတောင် သူက ဂရုမစိုက်ဘူး မမဝမ်ဝမ်က ဘာမှပြန်မပြောဘဲ ထွက်လာခဲ့ရတာ အရမ်းသနားဖို့ကောင်းတယ်"
"ယီလင်း... ဒီစကားတွေကို ဒီမှာတင် အဆုံးသတ်ရမယ် နောင်ဆိုရင် မင်းစိတ်ထဲမှာ ဘာပဲရှိရှိ ဒါမျိုး ထပ်မပြောပါနဲ့ ငါ့ရှေ့မှာရော မိဘတွေရှေ့မှာရော အဓိကကတော့ မင်းရဲ့ အစ်မကြီးရှေ့မှာ လုံးဝမပြောနဲ့ မင်း ထပ်ပြောနေဦးမယ်ဆိုရင်တော့ အဖေ့ဆီခေါ်သွားပြီး အပြစ်ပေးခိုင်းရလိမ့်မယ်"
ဝေရိချန်၏ ပြတ်ပြတ်သားသား ပြောလိုက်သော စကားကြောင့် ဝေယီလင်းလည်း မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းစူလျက်ဖြင့်ပင် သဘောတူလိုက်ရလေသည်။
"သိပါပြီ... မပြောတော့ဘူးဆို မပြောတော့ဘူးပေါ့"
ဝေယီလင်းသည်လည်း ဝေရိချန်ဘေးတွင် ငြိမ်ငြိမ်လေးထိုင်ကာ စာအုပ်ဖတ်နေတော့သည်။
သူသည် စိတ်ဂဏာမငြိမ်သည့်သူ ဖြစ်သော်ငြားလည်းပဲ ဝေရိချန်ဘေးတွင်ရှိနေသောအခါ အေးအေးဆေးဆေး နေတတ်ခြင်း ဖြစ်သည်။
ခဏကြာတွင် ဝေချင်းဝမ်၏ အနီးကပ်အစေခံဖြစ်သူ ချွေဟယ်သည် မုန့်ပန်းကန်လေးကိုင်ပြီး ရောက်လာလေသည်။
"သခင်လေးအစ်ကိုတော်နဲ့ သခင်လေးသုံး... သခင်မလေး က ကိတ်မုန့်လေးတွေ လုပ်ထားလို့ သခင်လေးတို့အတွက် လာပို့ခိုင်းလိုက်တာပါ...သခင်လေးအစ်ကိုတော်ကိုလည်း စာဖတ်တာတင် အာရုံမစိုက်ဘဲ ကျန်းမာရေးအတွက် အနားယူဖို့လည်း မှာလိုက်ပါတယ်ရှင်"
ဖြူဖွေးလွန်းလှသည့် ကြွေပန်းကန်ပေါ်တွင် ရွှေအိုရောင်ဝါးပွင့်လေးများ ဖြန်းထားသည့် ကိတ်မုန့်လေးများမှာ အလွန်ပင် လှပပေသည်။
ထိုအရာသည် ပြီးခဲ့သည့်နှစ် ဝါးပွင့်ချိန်တွင် ဝေချင်းဝမ် ကိုယ်တိုင်လုပ်ထားသည့် ဝါးပွင့်ပျားရည်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဝေယီလင်းမှာမူ ဝမ်းသာအားရဖြင့် မုန့်ပန်းကန်ကို ယူလိုက်ပြီး မုန့်တစ်ဖဲ့ကို ပါးစပ်ထဲထည့်ကာ အားရပါးရ စားတော့သည်။
"မမဝမ်ဝမ်က ငါတို့အပေါ် အရမ်းကောင်းတာပဲ…စားလို့ကောင်းတဲ့ မုန့်တွေတောင် လုပ်ပေးတယ်... မွှေးနေတာပဲ"
ဝေရိချန်မှာမူ မုန့်ကို ထိကိုင်ခြင်းပင် အလျဉ်းမရှိပေ။
"အစ်ကိုကြီး... ဘာလို့မစားတာလဲ…မမဝမ်ဝမ်လုပ်တဲ့ မုန့်ကို မကြိုက်လို့လား"
"ယီလင်း... ဒီမုန့်ပန်းကန်ကို ထင်စုန်းယွမ်ဆီ ယူသွားပြီး ဝေရော့ကို ပေးလိုက်ပါ"
ဝေရိချန်မှ ညီဖြစ်သူကို အမိန့်ပေး ခိုင်းစေလိုက်လေသည်။
"ဘာလို့လဲ…ဒါ မမဝမ်ဝမ် ကိုယ်တိုင်လုပ်ထားတာလေ"
ဝေယီလင်း မျက်နှာပျက်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဝေရော့ အိမ်ပြန်ရောက်တာ ရက်တော်တော်ကြာနေပြီ…မင်း သူနဲ့ အဆင်ပြေအောင် မနေရသေးဘူးမလား"
ထို့နောက် ဝေရိချန်လည်း ထပ်မံကာ ညီဖြစ်သူကို ဖြောင့်ဖြလိုက်ပြန်သည်။
"ဒါပေမဲ့ မမလုပ်ထားတာကို သူ့ကို ဘာလို့ ပေးရမှာလဲ"
ဝေယီလင်းသည် အခြားသောစကားများကိုပါ ထပ်မံပြောကြားချင်ပါသော်လည်း အစ်ကိုဖြစ်သူကို ကြောက်ရွံ့မိသည့်အတွက် ထိုစကားမှလွဲ၍ ထပ်ပြောခြင်းမရှိခဲ့ပေ။
"ဒါ ဝမ်ဝမ်လုပ်ထားတာမို့လို့ ပိုပြီးတော့ ဝေရော့ကို ဝေမျှပေးသင့်တာပေါ့…မင်းလည်း စားရသလို ဝမ်ဝမ်ရဲ့ စေတနာကိုလည်း ဝေရော့ဆီ ရောက်အောင် လုပ်ပေးရာ ရောက်တာပေါ့" ဟု ဝေရိချန်က ပြောလိုက်လေသည်။
"ဒါပေမဲ့..."
"စကားနားထောင်စမ်း"
ဝေရိချန်လည်း မျက်နှာထား တည်တည်ဖြင့် ပြောလိုက်တော့သည်။
"ကောင်းပါပြီ"
ဝေယီလင်းသည် အစ်ကိုဖြစ်သူ၏ စကားကို မလွန်ဆဲရဲသည့်အတွက် မုန့်ပန်းကန်ကို ကိုင်ကာ မကျေနပ်စွာဖြင့် ထင်စုန်းယွမ်သို့ ထွက်လာခဲ့လေသည်။
ဝေယီလင်းသည် ထင်စုန်းယွမ်ခြံအတွင်းသို့ ဝင်လိုက်သောအခါ လှေကားပေါ်တက်နေသည့် ဝေရော့ကို မြင်လိုက်ရသောကြောင့် ဒေါသများ ထပ်မံထွက်လာပြန်သည်။
"မင်း ဘာလို့ အဲဒီလောက် မြင့်တဲ့နေရာကို တက်နေတာလဲ…လူတွေ မြင်သွားရင် လူရယ်စရာ ဖြစ်ကုန်တော့မှာပဲ"
ဝေရော့မှာလည်း အသံကြားလိုက်သဖြင့် ကြည့်လိုက်ရာ သူမကို ကြည့်နေသည့် ဝေယီလင်းကို တွေ့လိုက်ရသည်။
"လှေကားတက်တာက ဘာလို့ အရှက်ရစရာ ဖြစ်ရမှာလဲ"
"အရှက်ရစရာ ဖြစ်တာပေါ့…ဘယ်သခင်မလေးမှ မင်းလိုမျိုး ဟိုခုန်ဒီတက် မလုပ်ဘူး"
"ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်ရင် မကြည့်နဲ့လေ... အပေါက်ကနေ ညာဘက်ကို ချိုးပြီး ပြန်ထွက်သွားလိုက်"
ဝေရော့သည်လည်း ပြတ်သားသောလေသံဖြင့် ပြန်လည်ပြောလိုက်လေသည်။
သူမကို အစအဆုံးမနှစ်မြို့သည့် ကလေးတစ်ယောက်အတွက် သူမ အချိန်ဖြုန်းရန် မလိုအပ်ဟု တွေးလိုက်သည့်အတွက်လည်း ဖြစ်သည်။
"မင်း... ငါက မင်းကို ကြည့်ချင်လွန်းလို့ လာတယ်မှတ်နေလား"
ထိုအခါတွင် ဝေယီလင်းသည် ဒေါသတကြီးဖြင့် အော်လိုက်လေသည်။
"ဒါဆို ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... မကြည့်ချင်ရင် ဘာလို့ အားစိုက်ပြီး ဒီအထိ လာနေသေးလဲ"
ဝေရော့လည်း ပြန်လည်ချေပကာ မေးလိုက်သည်။
ဝေယီလင်းသည် ထွက်သွားချင်သော်လည်းပဲ ဝေရော့မှ နှင်လွှတ်သောကြောင့် ထွက်သွားရသည့်အဖြစ်ကို မနှစ်မြို့သဖြင့် ပေကပ်ကာ မထွက်သွားပဲ နေနေတော့သည်။
"ဒါ ငါ့အိမ်ပဲ...ငါလာချင်တဲ့အချိန်လာမယ်၊ သွားချင်တဲ့အချိန် သွားမယ်"
ဝေယီလင်းသည် မထွက်သွားသည့်အပြင် ဝေရော့၏ ခြံထဲတွင် ချထားသည့် ဝါးကုလားထိုင်ပေါ်တွင်ပါ ဝင်ထိုင်လိုက်လေသည်။
ဝေရော့သည် ဝေယီလင်းကို နှင်လွှတ်၍ မရသည်ကို သိရှိသောကြောင့် လှေကားပေါ်မှ ဆင်းလာကာ သူ၏ရှေ့တွင် ရပ်လိုက်လေသည်။
"ထားပါတော့"
ဝေရော့က လူကြီးတစ်ယောက်၏ စိတ်အခြေအနေဖြင့် ရှစ်နှစ်သားကို ဆက်လက် မငြင်းခုန်ချင်သည့်အတွက် အိမ်ထဲသို့ ဝင်လိုက်လေသည်။
"နေဦး…ငါ မင်းကို ပစ္စည်းလာပေးတာ"
ဝေယီလင်းသည် ပြောပြောဆိုဆိုဖြင့် လှမ်းတားလိုက်ကာ သူယူလာသည့် ဝါးပွင့်ကိတ်မုန့်များကို ပြလိုက်လေသည်။
"ဒါက ဝါးပွင့်ကိတ်မုန့်ပဲ…ကောက်ညှင်းမှုန့်၊ သကြား၊ ဆီတို့နဲ့ လုပ်ထားပြီး မွှေးကြိုင်တဲ့ ဝါးပွင့်ပျားရည်နဲ့ တွဲစားရတာ…အလွန်နူးညံ့ပြီး စားလို့ကောင်းတယ်" ဟု ဝေယီလင်းသည် ဂုဏ်ယူစွာဖြင့် ရှင်းပြလေသည်။
"ငါက ဝါးပွင့်ကိတ်မုန့် မစားဖူးဘူး ထင်နေတာလား"
ဝေရော့လည်း ထိုသို့ပြောလိုက်ပြီး ရယ်မောလိုက်လေသည်။
"မင်း စားဖူးလား...မစားဖူးလားတော့ ငါမသိဘူး ဒါပေမဲ့ ငါ့မမဝမ်ဝမ် ကိုယ်တိုင်လုပ်တဲ့ မုန့်ကိုတော့ မင်း တစ်ခါမှ စားဖူးမှာ မဟုတ်ဘူး သူလုပ်တဲ့ ပျားရည်က တခြားနေရာတွေနဲ့ မတူဘူး သူ ဒီမုန့်လုပ်တိုင်း အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့ လုစားကြတာ"
"သူ မုန့်ကောင်းကောင်း လုပ်တတ်တာက ငါနဲ့ ဘာဆိုင်လို့လဲ"
"မုန့်လုပ်တတ်တာက တစ်ပိုင်းပဲ ငါ့မမက စန္ဒယား၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီမှာလည်း ထူးချွန်တယ် သူက ဒီခရိုင်တစ်ခုလုံးက ဆရာကြီးတွေ အသိအမှတ်ပြုထားတဲ့ ပညာတတ် သခင်မလေးပဲ"
"ဒါဆို ဘာဖြစ်လဲ...မင်း ငါ့ကို ဘာပြောချင်တာလဲ"
"ငါ ပြောချင်တာက ငါ့မမက အရမ်းထူးချွန်တယ် မင်းထက် အဘက်ဘက်က သာတယ် သူက ငါတို့ရဲ့ သွေးသားရင်းချာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါတို့အတွက်တော့ သူက ဝေမိသားစုရဲ့ အစ်မကြီးပဲ ဒါကြောင့် နောင်ဆိုရင် မင်းရဲ့ အဆင့်အတန်းကို သိပါ မမကို နှိပ်စက်တာမျိုး မလုပ်နဲ့ သူ့ကို စိတ်မဆိုးစေနဲ့ ဒုတိယသခင်မလေး နေရာမှာပဲ ငြိမ်ငြိမ်လေးနေပြီး မမနဲ့ သွားမပြိုင်နဲ့ အဲဒါ မင်းလုပ်နိုင်မလား"
ဝေရော့လည်း ထိုစကားကို ကြားလိုက်သည်နှင့် မထိန်းနိုင်တော့ကာ ရယ်ချလိုက်လေသည်။
"မင်း ဘာကို ရယ်တာလဲ"
ဝေယီလင်းသည် ဝေရော့ရယ်မောနေသည်ကို မကျေနပ်သည့် ပုံစံဖြင့် မျက်နှာကို ဆူပုတ်ကာ မေးလိုက်လေသည်။
***