"မင်းကိုကြည့်ရတာ မုန်းဖို့ကောင်းတယ်ဆိုပေမဲ့ စိတ်ထဲရှိတာ တည့်တည့်ပြောတတ်လို့ တော်တော်လေးတော့ ရိုးသားတယ်လို့ ပြောရမလားပဲ ဒါပေမဲ့ မင်းပြောတာတွေကတော့ တော်တော်လေး အဓိပ္ပာယ်မရှိဘူးနော်"
ဝေရော့လည်း မှတ်ချက်ပေးလိုက်လေသည်။
"ကျွန်တော် ဘယ်မှာ အဓိပ္ပာယ်မရှိတာ လုပ်လို့လဲ"
ဝေယီလင်းသည် ပရမ်းပတာပုံစံဖြင့် ပြန်လည်ဖြေရှင်းလေသည်။
"သွားတော့မယ်"
ဝေရော့သည် ဝေယီလင်းနှင့် ဆက်ပြီး စကားမများချင်သည့်အတွက် သူမ၏အခန်းဘက်သို့ လှည့်ထွက်ခဲ့လေသည်။
ဝေယီလင်းသည် ဝေရော့ရှေ့မှ ပိတ်ရပ်ကာ တားလိုက်ပြန်သည်။
"ရှင်းရှင်းပြောဦး"
"မင်းက ငါ့ကို မြင်ရတာ မုန်းတယ်ဆို အခုကျတော့ ငါ့ကိုမလွှတ်ဘဲ တားနေပြန်ပြီ ဒါမှမဟုတ်...
မင်း တကယ်တော့ ငါ့ကို အစ်မတစ်ယောက်အနေနဲ့ သဘောကျနေတာလား ဝန်မခံရဲတာလား လူလည်လေး၊ မင်းက အတွင်းနဲ့အပြင် မတူပါလား"
ဝေရော့သည် မျက်မှောင်လေးကွေးကာ ချစ်စရာကောင်းသည့် အပြုံးလေးဖြင့် စနောက်လိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"
ဝေယီလင်းတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်ဖြေလိုက်လေသည်။
“လူလည်လေး တဲ့လား”
ထိုစကားသည် သူ့ကို ကြက်သီးများပင် ထစေသည်။
"မဟုတ်ဘူးလား ဒါဆို ငါ့ကို ဘာလို့ တားနေတာလဲ ငါနဲ့ စကားတွေ အများကြီးပြောပြီး သံယောဇဉ် တိုးချင်လို့လား"
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး"
ဝေယီလင်းသည် ကလေးတစ်ယောက်ဖြစ်သည့်အတွက် အသည်းအသန် ခေါင်းခါငြင်းသည်။
"မဟုတ်ရင်လည်း လိမ္မာပါးနပ်စွာနဲ့ ပြန်တော့ မင်းရဲ့ အချစ်ဆုံးမမဆီ သွားကစားချေ မဟုတ်ရင်တော့ မင်း ငါ့ကို တစ်နည်းနည်းနဲ့ ကလေးကလား ချွဲနေတယ်လို့ ငါ တကယ် ထင်မိတော့မယ်"
ဝေယီလင်းလည်း ကြောင်တောင်တောင်လေး ဖြစ်သွားရှာသည်။
ဝေရော့လည်း ပြုံးရယ်ကာဖြင့် အခန်းထဲ ဝင်သွားတော့သည်။
ကျန်ရစ်ခဲ့သည့် ဝေယီလင်းမှာမူ ဝေရော့၏ ကျောပြင်ကို ကြည့်လျက် ဒေါသတကြီး ကျန်ရစ်ခဲ့ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ဝေယီလင်းသည် ဝေချင်းဝမ်ရှိရာ ဝမ်မေယွမ် သို့ ပြေးသွားပြီး ဝေရော့အပေါ် သူ၏မကျေနပ်ချက်များကို ဖွင့်ချပါတော့သည်။
"မမ... ပြောပါဦး အဲဒီဝေရော့က တကယ့် တောသူမ မဟုတ်ဘူးလား…သခင်မလေး တစ်ယောက်က ဘယ်လိုလုပ် ခြံထဲမှာ ဟင်းသီးဟင်းရွက် စိုက်ပြီး နံရံပေါ် လှေကားနဲ့ တက်နေရတာလဲ"
"ယီလင်းလေး လိမ္မာတယ် သူလုပ်တာတွေက မသင့်တော်ဘူးဆိုပေမဲ့ မိသားစုဝင်တွေအနေနဲ့ သူ့အကြောင်း အဲဒီလို မပြောသင့်ဘူးလေ"
မောင်ငယ်လေး၏ စကားကိုကြားလိုက်သည်နှင့် ဝေချင်းဝမ်သည် ရယ်မောကာဖြင့် ဖြေသိမ့်စကားဆိုလိုက်သည်။
"ဒါပေမဲ့ သူက အရမ်း ဒေါသထွက်ဖို့ကောင်းတာပဲ"
ဝေယီလင်းသည် ဝေရော့မှာ သူ့ကို သဘောကျနေတာလား ဟု ပြောင်ချော်ချော် ပြောခဲ့သည်ကို ပြန်တွေးမိတိုင်း ကြက်သီးတဖြန်းဖြန်း ထမိနေကာ တွေးရင်းဖြင့်ပင် ဒေါသထွက်နေခြင်းဖြစ်သည်။
"ယီလင်း စိတ်မဆိုးပါနဲ့တော့ သူက ဘယ်လိုလူမျိုးလဲဆိုတာ သိနေတာပဲ ဒါတွေအတွက်နဲ့ ဒေါသထွက်မနေပါနဲ့ မင်းစိတ်တိုရင် မမလည်း စိတ်မကောင်းဘူးလေ"
ဝေချင်းဝမ်သည် ဝေယီလင်း၏ ခေါင်းလေးကို ပွတ်ပေးလိုက်ရာ သူမ၏ နူးညံ့သောအသံသည် ဝေယီလင်း၏ စိတ်ကို စမ်းရေအေးလေးကဲ့သို့ အေးမြသွားစေသည်။
ဝေယီလင်းလည်း ချက်ချင်းပင် ဒေါသပြေသွားသကဲ့သို့ ခံစားရသည်။
"မမက အရမ်းကြင်နာတာပဲ အချိန်တူတူလောက် မွေးလာတဲ့သူ နှစ်ယောက် ဖြစ်ပေမဲ့ မမက မိုးကောင်းကင်လို ဖြစ်ပြီး သူကတော့ မြေကြီးလိုပဲ ကွာခြားချက်က မတူဘူးနော်"
"မင်းကတော့လေ"
ဝေချင်းဝမ်သည် လက်ညှိုးလေးဖြင့် ဝေယီလင်း၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်သည်။
"နောက်ဆိုရင် အဲဒီလို မဆင်မခြင် စကားဆိုးတွေ မပြောနဲ့နော် အစ်ကိုကြီးပြောတာ မှန်တယ် အဲဒီစကားတွေကို ပြင်ပလူတွေရှေ့မှာ မပြောသင့်ဘူး သူများတွေ သိသွားရင် မင်းကို အပြစ်ရှာလိမ့်မယ် မင်း အမှားလုပ်လို့ မိဘတွေ အပြစ်ပေးတာကို မမ မမြင်ချင်ဘူး"
"သိပါပြီ မမ နောက်ခါဆိုရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းပါ့မယ်"
"ထိန်းရုံတင် မဟုတ်ဘူး သူ့ကို သွားပြီး ပြဿနာမရှာနဲ့ သူ တစ်ခုခုမှားရင် မိဘတွေနဲ့ အစ်ကိုကြီးက ဆုံးမလိမ့်မယ် မင်းက မောင်လေးတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို အဲဒီလို မပြောသင့်ဘူးသိလား"
ဝေချင်းဝမ်သည် မောင်ဖြစ်သူကို နူးညံ့စွာ မှာကြားလေသည်။
"အစ်ကိုကြီးက သူ့ကို ဝါးပွင့်ကိတ်မုန့် သွားပေးခိုင်းလို့ သွားပေးတာလေ သူက ကျေးဇူးမတင်တဲ့အပြင် ရိုင်းပျလွန်းလို့ ကျွန်တော် ခဏလောက် စိတ်မထိန်းနိုင်ဖြစ်သွားတာ ကျွန်တော် စသွားတုန်းကတော့ တကယ်ပဲ သူ့ကို ကောင်းကောင်း စကားပြောဖို့ စိတ်ကူးခဲ့တာပါ"
"အင်းပါ ယီလင်းလေး လိမ္မာမှန်း မမ သိပါတယ်"
"ကံကောင်းတာက မိဘတွေက သူ့ကို အစ်မကြီးနေရာ မပေးလိုက်တာပဲ သူက ကျွန်တော်တို့အိမ်ရဲ့ အစ်မကြီး ဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး"
ဝေယီလင်းသည် ကျိတ်ကာ ဝမ်းသာနေတော့သည်။
"တကယ်တော့ ဒီအစ်မကြီးနေရာက သူ့ကို ပေးသင့်တာပါ မိဘတွေက မမကိုပဲ ဒီလောက်ချစ်နေကြတာ မမ တကယ်ပဲ အားနာမိတယ်"
"မဟုတ်ဘူး မိဘတွေရဲ့ ဆုံးဖြတ်ချက်က အမှန်ကန်ဆုံးပဲလို့ ကျွန်တော် ထင်တယ် မမကပဲ အစ်မကြီး ဖြစ်သင့်တာ ကျွန်တော်တို့ တစ်မိသားစုလုံးက မမကိုပဲ အသိအမှတ်ပြုတယ်"
ဝေချင်းဝမ်က ဝေယီလင်း၏ ခေါင်းကို ပွတ်လိုက်ကာ ညှင်သာစွာ စကားဆိုလိုက်သည်။
"မမကို ဒီလောက်ထိ ယုံကြည်ပေးလို့ ကျေးဇူးပါ ယီလင်း"
"ဒါပေါ့ ကျွန်တော် မှတ်မိသလောက် ကျွန်တော့်ဘေးမှာ အမြဲရှိနေပြီး အရာရာ သင်ပေးခဲ့တာ မမပဲလေ မမကို မယုံရင် ဘယ်သူ့ကို သွားယုံရမှာလဲ"
ဝေယီလင်း မွေးပြီး မကြာမီမှာပင် ဝေမင်ထင်သည် ရှင်းဆန်ခရိုင်သို့ ပြောင်းရွှေ့ခဲ့ရသည်။
သူသည် အလုပ်ကိစ္စများဖြင့် အမြဲ အလုပ်များနေသည့်အပြင် ယွမ်မှာလည်း အိမ်တွင်းရေးကိစ္စများဖြင့် မအားလပ်ခဲ့ပေ။
ဝေရိချန်မှာလည်း စာသင်ကြားမှုဖြင့် အလုပ်ရှုပ်နေသဖြင့် ဝေယီလင်းနှင့် အချိန်အပေးနိုင်ဆုံးသူမှာ ဝေချင်းဝမ်သာ ဖြစ်ပြီး သူမနှင့်သာ သံယောဇဉ် အနက်ရှိုင်းဆုံး ဖြစ်နေခဲ့သည်။
ဝေရော့၏ ခြံဝင်းငယ်လေး ပြုပြင်သည့် အစီအစဉ်မှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။
ယနေ့ မနက်စောစောတွင် ဝေရော့သည် ကြီးထွားလာသည့် ကန်းစွန်းဥနွယ်ပင်များကို ဖြတ်တောက်ပြီး ဘူးစင်အတွက် ပျိုးပင်များကို ခွဲခြားစိုက်ပျိုးနေသည်။
ကန်းစွန်းဥများသည် သူမ၏ ကိုယ်ပိုင်နယ်မြေထဲတွင် ရှိနေသော မျိုးစေ့များ ဖြစ်ပြီး ၎င်းတို့ကို စိုက်ပျိုးခြင်းသည် အတွေ့အကြုံရမှတ်ကို ရရှိစေသည်။
ဘူးသီး ဖရုံသီးများသည်လည်း စိုက်ပျိုးချိန် ရောက်နေပြီ ဖြစ်သဖြင့် ဝေရော့သည် စင်ပေါ်တွင် ရှိနေသော နွယ်ပင်များပေါ်တွင် တက်လျက် အသီးများ တွဲလောင်းကျနေမည့် ပုံရိပ်ကို တွေးကာ ပျော်ရွှင်နေသည်။
အလုပ်လုပ်ပြီးနောက် ခဏအကြာတွင် ဝေရော့သည် ထိုင်လိုက်ကာ ရေသောက်နေစဉ် ယွမ်၏ အစေခံမလေး ချွေဖိန် ရောက်လာပြီး ယွမ်သည် သူမကို ခေါ်နေကြောင်း ပြောလေသည်။
ချွေဖိန်၏ မျက်နှာအမူအရာကို ကြည့်ပြီး ဝေရော့ တစ်ခုခု ဖြစ်နေပြီကိုပင် ရိပ်မိလိုက်သည်။
ယွမ်၏ အိမ်သို့ ရောက်သည့်အခါ ဝေချင်းဝမ်သည်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ယွမ်၏ တည်ကြည်နေသော မျက်နှာကို ကြည့်ပြီး ဝေရော့ တစ်ခုခု ထူးခြားနေပြီဟု ကောက်ချက်ချလိုက်သည်။
ဝေရော့ ဝင်လာသည်ကို မြင်လိုက်သောအခါ ယွမ်သည် သူမ၏ အနီးသို့ လာရန် လက်ယပ်ခေါ်လိုက်သည်။
ဝေရော့သည် အနားသို့ တိုးသွားသော်လည်း အကွာအဝေးတစ်ခုကိုတော့ ထိန်းထားဆဲ ဖြစ်သည်။
"ရော့ရော့... မြို့တော်က စာရောက်လာပြီ သမီးရဲ့ အဘိုးက သမီးရဲ့ နာမည်ကို မိသားစုစာရင်းထဲ ထည့်လိုက်ပြီ ဒီနေ့ကစပြီး သမီးရဲ့ တရားဝင်နာမည်က ဝေချင်းရော့ ဖြစ်သွားပြီ"
ယွမ်သည် မျက်မှောင်များ ကြုတ်နေပြီး ပြောစရာများ ကျန်ရှိနေသေးသည်မှာ သိသာလွန်းလှပေသည်။
"အမေ... ဘာဖြစ်လို့လဲဟင်...စိတ်ညစ်စရာ တစ်ခုခု ရှိလို့လား"
ဝေချင်းဝမ်သည် နူးညံ့စွာ အမြန်မေးလိုက်သည်။
ယွမ်သည် ဝေရော့နှင့် ဝေချင်းဝမ်ကို ကြည့်ကာ စကားပြောရန် ဝန်လေးနေပုံ ရသည်။
အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမလည်း စကားစလိုက်သည်။
"ဝမ်ဝမ်... ငါ မင်းကို ပြောစရာ တစ်ခု ကျန်သေးတယ် နားထောင်ပြီးရင် စိတ်မကောင်း မဖြစ်ပါနဲ့နော်"
"ပြောပါ အမေ သမီး အဆင်ပြေပါတယ်"
"မင်းရဲ့ အဘိုးက... ရော့ရော့ကိုပဲ အစ်မကြီး အဖြစ် သတ်မှတ်ချင်တာတဲ့ မင်းရဲ့ နာမည်ကိုတော့ ရော့ရော့ရဲ့ နောက်မှာပဲ ရေးခိုင်းလိုက်တယ်"
ဝေရော့ အနည်းငယ်မျှ အံ့အားသင့်သွားသည်။
အဘိုးကြီးသည် ယခုကိစ္စတွင် သဘောထား ကွဲလွဲနိုင်သည်ဟု ထင်ထားခဲ့သော်လည်း ဝေမင်ထင်နှင့် ယွမ်တို့ကို မတိုင်ပင်ဘဲ ဒီလောက် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝေချင်းဝမ်မှာလည်း ခဏတာမျှ မှင်သက်သွားပြီး မျက်နှာမှာလည်း သိသိသာသာ ဖြူလျော့သွားကာ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။
"ဝမ်ဝမ်..."
သမီးဖြစ်သူ၏ ပုံစံကို ကြည့်ပြီး ယွမ်၏ ရင်ထဲမှာ ပို၍ပင် လေးလံသွားရသည်။
"အမေ..."
ဝေချင်းဝမ်သည် ယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကြိုးပြတ်သွားသည့် ပုလဲကုံးလေးကဲ့သို့ မျက်ရည်များ တဖြောက်ဖြောက် ကျလာတော့သည်။
ယွမ်သည်လည်း ရင်ထဲတွင် နာကျင်ရပြီး ဝမ်းနည်းနေသော သမီးကို မည်သို့နှစ်သိမ့်ရမှန်း မသိ ဖြစ်နေရှာသည်။
ဝေရော့မှာမူ ဘေးမှနေ၍ နှစ်သိမ့်စကား ဆိုလိုက်လေသည်။
"တကယ်တော့ အစ်မကြီးဖြစ်ဖြစ် ဒုတိယသမီးဖြစ်ဖြစ် အရေးမကြီးပါဘူး မိဘတွေရဲ့ အချစ်က အတူတူပဲလေ ဘာမှ လျော့သွားမှာ မဟုတ်ပါဘူး"
ယွမ်သည် ခဏတာမျှ ကြောင်သွားပြီးနောက် ထိုစကားသည် လွန်ခဲ့သည့် နှစ်ရက်ကပင် သူမ ဝေရော့ကို ပြောခဲ့သည့် စကားများ ဖြစ်နေမှန်း သတိရသွားသည်။
ဝေရော့မှနေ၍ ဆက်ပြောလေသည်။
"ပြီးတော့ ဒါက အစ်မချင်းဝမ် မူလက တောင်းဆိုခဲ့တဲ့ ဆန္ဒပဲလေ အခု ဆန္ဒပြည့်သွားပြီဆိုတော့ အစ်မချင်းဝမ်လည်း ပျော်သင့်တာပေါ့"
အမှန်ပင် ထိုစကားများသည် ဝေချင်းဝမ် ကိုယ်တိုင်ပြောခဲ့သည့် စကားများပင် ဖြစ်သည်။
ထို့ကြောင့် ဝေချင်းဝမ်သည် ယွမ်၏ ရင်ခွင်ထဲမှ ခေါင်းမော့လာကာ ဝေရော့ကို ကြောင်လျက်သား ကြည့်နေသည်။
သူမသည် ဒဏ်ရာရနေသည့် ယုန်ငယ်လေးတစ်ကောင်နှင့် တူလွန်းလှသည်။
"မဟုတ်ဘူးလား"
ဝေချင်းဝမ် ကြောင်ကြည့်နေသည်ကို ဝေရော့မှ ပြန်လည်ကာ မေးခွန်းထုတ်လိုက်လေသည်။
***