ယွမ်ရှီးနှင့် ဝေချင်းဝမ်တို့သည် ဝေရော့၏စကားကြောင့် ခေတ္တခဏတွင် မည်သည့်စကားမျှ ပြောရမည်ကို မသိသကဲ့သို့ပင် ဖြစ်သွားကြသည်။
ဝေရော့မှာတော့ တည်ကြည်သော မျက်နှာထားဖြင့် သူတို့နှစ်ဦးကို စိတ်သက်သာရာရစေရန်အတွက် ဆက်လက် နားချလေသည်။
"အရာရာကို အကောင်းဘက်ကတွေးပြီး စိတ်ကိုပြောင်းလဲကြည့်ပါလို့ အမေကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်လား ကျွန်မတို့နှစ်ယောက်လုံးက အမေ့နှလုံးသားထဲမှာ အရေးပါမှုက အတူတူပဲဆိုရင်တော့ ဘယ်သူက အစ်မကြီးဖြစ်ဖြစ် ဘယ်သူက အငယ်ဖြစ်ဖြစ် ပိုပြီးနစ်နာတယ်ဆိုတာ မရှိတော့ပါဘူး ချင်းဝမ်လည်း အမေ့ဆီက တောင်းဆိုခဲ့တဲ့အတိုင်း အခုတော့ အရာအားလုံး လက်တွေ့ဖြစ်လာပြီဆိုတော့ ဝမ်းနည်းနေစရာ မလိုတော့ဘူးပေါ့"
ယွမ်ရှီးနှင့် ဝေချင်းဝမ်တို့မှာလည်း ရုတ်တရက် ဆွံ့အသွားကြသည်။
သူတို့ပြောခဲ့သမျှ စကားလုံးတိုင်းကို ဝေရော့သည် သူတို့ထံသို့ ပဲ့တင်ထပ်သကဲ့သို့ပင် ပြန်လည်ကာ ပြောနေလေသည်။
ဝေရော့သည် ဝေချင်းဝမ်ကို ထပ်မံကာ ပြောလိုက်လေသည်။
"တကယ်တော့ ညီမလေး ကျွန်မကို ပထမဆုံး စတွေ့တုန်းက အစ်မ လို့ ခေါ်ခဲ့တာပဲလေ ညီမလေးရဲ့ စိတ်ထဲမှာလည်း ကျွန်မကို အစ်မအဖြစ် အသိအမှတ်ပြုထားပြီးသားလို့ ထင်ပါတယ် အဲ့ဒါကြောင့် ကျွန်မက အစ်မကြီးဖြစ်လာတာကို ညီမလေး တကယ်ပဲ မျှော်လင့်နေခဲ့မှာပါ"
"ဟုတ်... ဟုတ်ပါတယ်... အစ်မပြောတာ မှန်ပါတယ်..."
ဝေချင်းဝမ်သည် မလိုချင်သော်လည်း အောင့်သက်သက်ဖြင့် ပြန်ဖြေလိုက်ရသည်။
ဝေရော့သည် ထိုမျှလောက်ထိသော အနေအထားဖြင့် စကားကိုအပိတ်သဘောမျိုး ပြောထားသည့်အတွက် ဝေချင်းဝမ်၏ မျက်ရည်များသည် မျက်ဝန်းအိမ်ထဲ၌ ဝေ့နေသော်လည်း အပြင်သို့ ကျမလာရဲတော့ပေ။
ထိုအခါ ဝေရော့သည် ပုဝါတစ်ထည်ကို မျက်ရည်များသုတ်ရန်အတွက် ကမ်းပေးလိုက်လေသည်။
ထို့နောက် ဝေရော့သည် "မျက်ရည်တွေ သုတ်လိုက်ဦး" ဟု ပြောလိုက်လေသည်။
ဝေချင်းဝမ်သည် ဝေရော့ကမ်းပေးသည့် ပုဝါကို ယူလိုက်သော်လည်း မသုံးရဲခဲ့ပေ။
ပုဝါသည် သန့်ရှင်းသော်လည်း အသားမှာ ကြမ်းတမ်းလှပြီး လျှော်ဖတ်များလွန်း၍ ဖြူဖျော့နေကာ မည်မျှကြာအောင် သုံးစွဲထားမှန်း မသိနိုင်သောကြောင့် ဖြစ်သည်။
ဝေရော့၏ စကားများကြောင့် ယွမ်ရှီးနှင့် ဝေချင်းဝမ်တို့ မျက်ရည်ကျခြင်း အခြေအနေမှာ ရပ်တန့်သွားပြီး ခဏမျှ စကားပြောကာ အဆောင်သို့ ပြန်ခိုင်းလိုက်တော့သည်။
ဝေရော့နှင့် ဝေချင်းဝမ် ထွက်သွားပြီးနောက် ယွမ်၏အစေခံမလေး ချွေဖိန်သည် လက်ဆောင်စာရင်းတစ်ခုကို ယွမ်ရှီးထံသို့ တင်ပြလာသည်။
ထိုအရာသည် ဝေရော့၏ အဘိုးထံမှ ပြန်စာနှင့်အတူ ဝေရော့အတွက် ပေးလိုက်သော လက်ဆောင်များ ဖြစ်သည်။
ထို့အပြင် စာထဲတွင်လည်း ဝေရော့သည် အပြင်လောက၌ နှစ်ပေါင်းများစွာ ဒုက္ခပေါင်းများစွာကိုခံခဲ့ရသဖြင့် ထိုနစ်နာမှုများကို ပြန်လည်ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း ဖော်ပြထားသေးသည်။
ပေးပို့လာသော ပစ္စည်းစာရင်းများကို ကြည့်ရင်းဖြင့်ပင် အစောပိုင်းက ဝမ်းနည်းပူဆွေးနေသော ဝေချင်းဝမ်ကို အမှတ်ရသွားသောကြောင့် ယွမ်ရှီးသည် ခေတ္တခဏမျှစဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
အဘိုးဖြစ်သူ ပေးလိုက်သော ပစ္စည်းများကို နှစ်စုခွဲကာ တစ်စုကို ဝေရော့၏ ထင်စုန်းယွမ်သို့လည်းကောင်း ကျန်တစ်စုကို ဝေချင်းဝမ်၏ ဝမ်မေယွမ်သို့လည်းကောင်း ပို့ခိုင်းလိုက်သည်။
ထို့ပြင် ချွေဖိန်ကိုလည်း စကားများမှာလိုက်သေးသည်။
ယွမ်မှာလိုက်သည်မှာ အဘိုးဖြစ်သူမှ မြေးမများအတွက် ပေးလိုက်သော လက်ဆောင်ဟုသာ ပြောရန်နှင့် အခြားအကြောင်းရင်းများကို မပြောပြရန် ချွေဖိန်ကို အထူးမှာကြားလိုက်သည်။
မကြာမီမှာပင် ဝေရော့နှင့် ဝေချင်းဝမ်တို့ နှစ်ယောက်လုံး လက်ဆောင်သေတ္တာကြီး နှစ်လုံးစီ လက်ခံရရှိကြသည်။
ဝေရော့ဆီသို့ ရောက်လာသော သေတ္တာများမှာ ကြီးမားပြီး လေးလံလှသည်။
သို့သော် ဖွင့်ကြည့်လိုက်သောအခါ တန်ဖိုးမကြီးသည့် ကြေးထည်ပစ္စည်းများသာ အများအပြား ပါဝင်နေသည်။
ဝေရော့၏ ညွှန်ကြားချက်အရ ရှို့မေသည် အဘိုးဖြစ်သူကို ရိုသေမှုပြသသည့်အနေဖြင့် ထိုပစ္စည်းများကို အခန်းထဲ၌ တစ်ခုချင်း စီရီထားလိုက်လေသည်။
စီစဉ်နေရင်းဖြင့်ပင် ရှို့မေသည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"သခင်မလေး... ကျွန်မတို့ မိသားစုက အင်မတန် အစွမ်းထက်ပြီး ထင်ရှားကျော်ကြားတဲ့ မျိုးရိုးဆို ဘာလို့ ဒီပစ္စည်းတွေက သခင်မလေးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလောက်တောင် မကောင်းရတာလဲဟင်"
"မျက်နှာပြင်ကိုပဲ ကြည့်လို့မရဘူး ရှို့မေ ဝေမိသားစုက ဟေးမိသားစုရဲ့ အမြင်မှာတော့ လက်လှမ်းမမီနိုင်တဲ့ အဆင့်အတန်းရှိပေမဲ့ တကယ်တမ်းမှာတော့ အထဲရောက်မှပဲ ဘယ်လောက်ချမ်းသာသလဲဆိုတာ သိနိုင်တာလေ ဘယ်လောက်ပဲ ထင်ရှားတဲ့မျိုးရိုးဖြစ်ဖြစ် ထာဝရ ချမ်းသာကြွယ်ဝနေမှာ မဟုတ်ဘူး တစ်နေ့နေ့မှာ ပျက်စီးသွားတတ်တဲ့ အချိန်တွေလည်း ရှိတာပဲ"
"ဟုတ်ကဲ့"
ရှို့မေလည်း ဝေ့ရော့၏စကားကို နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် ငါတို့က အဝေးကို ကြည့်ရမယ် ဒီအိမ်တော်ထဲက ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေနဲ့ စည်းစိမ်တွေအတွက် ပူပန်မနေသင့်ဘူး အပြင်လောကမှာ ပိုကျယ်ပြောတဲ့ ကမ္ဘာကြီးရှိတယ် ပိုများတဲ့ စည်းစိမ်တွေက ငါ့ကို စောင့်ကြိုနေတာ"
ဝေရော့သည် သူ၏စဉ်းစားထားသည့်အရာလေးကို ပြောပြလေသည်။
"ဟုတ်ကဲ့…သခင်မလေး ပြောတာ မှန်ပါတယ်"
ရှို့မေသည် ဝေရော့၏ အနား၌ နှစ်ပေါင်းများစွာ နေလာခဲ့သဖြင့် ဝေရော့၏ ကိုယ့်အားကိုယ်ကိုးတတ်သည့် အတွေးအခေါ်များကို အပြည့်အဝ လက်ခံထားပြီးသား ဖြစ်သည်။
စကားပြောရင်းဖြင့်ပင် ရှို့မေသည် တိုးတိုးလေးဖြင့် ရေရွတ်လိုက်လေသည်။
"အထိန်းတော်ရှု တို့ ဘယ်တော့များမှ ရောက်လာမလဲ မသိဘူးနော်"
အထိန်းတော်ရှုသည် ဝေရော့ကို နို့တိုက်ကျွေးခဲ့သူဖြစ်ပြီး ဝေရော့အပေါ်တွင်လည်း အလွန်ကြင်နာသူ ဖြစ်သည်။
မူရင်းဝတ္ထုထဲတွင် သူမသည် ဝေရော့ကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးခဲ့ပြီး အသက်ပင် ပေးခဲ့ရခြင်းဖြစ်သည်။
ယခုဘဝတွင်မူ ဝေရော့သည် သူမအား ဟေးမိသားစုနှင့် အလုပ်ဆက်ဆံရေးကို စောစီးစွာ ဖြတ်တောက်ခိုင်းခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ အပြင်လောကတွင် စီးပွားရေးလုပ်ရန်အတွက် ဝေရော့သည် နောက်ကွယ်မှနေ၍ အကြံပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဝေရော့၏ မူလရည်ရွယ်ချက်မှာ အထိန်းတော်ကို ကျေးဇူးဆပ်ရန်နှင့် သူတို့ဇနီးမောင်နှံ၏ ဘဝအေးချမ်းစေရန် ဖြစ်သော်လည်း သူတို့မှာမူ ရသမျှ ပိုင်ဆိုင်မှုအားလုံးကို ဝေရော့အတွက်သာ သိမ်းဆည်းထားပေးခဲ့သည့်အပြင် သူတို့အနေဖြင့်လည်း ဝေရော့၏ ပစ္စည်းများကို ခေတ္တထိန်းသိမ်းပေးသူများအဖြစ်သာ ခံယူထားကြခြင်း ဖြစ်သည်။
မိုကျားကျရွာမှ ထွက်လာစဉ်တွင် ဝေရော့သည် ရွာထိပ်တွင်နေထိုင်သော အဘိုးအိုလီ၏အိမ်၌ စာတစ်စောင် ချန်ထားခဲ့လေသည်။
အချိန်အားဖြင့် တွက်ကြည့်မည်ဆိုလျှင် အထိန်းတော်တို့ ထိုချန်ထားခဲ့သည့်စာကို မြင်ပြီးပါက ထိုင်ကျိုးနယ်သို့ လာနေလောက်ပြီ ဖြစ်သည်။
ဝေရော့ဘက်မှာကဲ့သို့ပင် ဝေချင်းဝမ်လည်း သစ်သားသေတ္တာကြီးများကို လက်ခံရရှိခဲ့သည်။
သို့သော် ဖွင့်ကြည့်လိုက်သောအခါ တန်ဖိုးမကြီးသော ကြေးထည်များကို တွေ့လိုက်ရသဖြင့် ဝေချင်းဝမ် စိတ်ပျက်သွားလေသည်။
ဘေးနားတွင် ရှိနေသော အထိန်းတော်လီမှာလည်း ပစ္စည်းများကို ရေတွက်ရင်း မျက်မှောင်ကြုတ်ကာဖြင့် ပြောလိုက်လေသည်။
"သခင်မလေး... မြို့တော်က ပို့လိုက်တဲ့ ပစ္စည်းတွေက အရင်နှစ်တွေကထက် အများကြီး ညံ့သွားသလိုပဲနော် အရင်ကဆိုရင် ပိုးဖဲကတ္တီပါ အကောင်းစားတွေ ပို့တာ ဒီနှစ်တော့ အဝတ်စ တစ်စတောင် မပါဘူး"
ဝေချင်းဝမ်သည် ခေါင်းငုံ့ကာဖြင့် အားငယ်သောအသံဖြင့် ပြောလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မက ဝေမိသားစုရဲ့ သွေးသားအရင်းမှ မဟုတ်တာ အဘိုးကလည်း ကျွန်မနာမည်ကို မိသားစုစာရင်းထဲမှာ ဆက်ထားပေးတာတောင် ကျေးဇူးတင်လှပါပြီ အဲဒီ ပိုးဖဲတွေ၊ ပုလဲတွေ၊ ကျောက်သံပတ္တမြားတွေကတော့ ဝေမိသားစုရဲ့ သမီးအရင်းဆီပဲ ရောက်သွားမှာပေါ့ ကျွန်မလို အပြင်လူဆီ ဘယ်ရောက်လာပါ့မလဲ"
"သခင်မလေး... ဘာတွေ လျှောက်ပြောနေတာလဲ သခင်ကြီး၊ သခင်မကြီး၊ သခင်လေးတို့ အားလုံးက သခင်မလေးကို သမီးအရင်းလိုပဲ သတ်မှတ်ထားတာလေ သခင်မလေးက အပြင်လူ မဟုတ်ပါဘူး"
"အဲဒါက ဘာထူးမှာလဲ အဘိုးရဲ့ အဓိပ္ပာယ်က ရှင်းနေတာပဲ ကျွန်မက ဝေမိသားစုရဲ့ သမီးဦးဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာ..."
ဝေချင်းဝမ်၏ မျက်လုံးများမှာ ပြောနေရင်းဖြင့်ပင် နီမြန်းလာပြီး မျက်ရည်များ စီးကျလာပြန်သည်။
အထိန်းတော်လီသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စူးစမ်းလိုက်ကာ လူသူမရှိသည်မှာ သေချာသဖြင့် ဝေချင်းဝမ်၏ နားနားသို့ ကပ်လျက် တိုးတိုးလေး ပြောလိုက်သည်။
"သခင်မလေး... ကိုယ့်ကိုယ်ကိုယ် အားမလျှော့ပါနဲ့ ကြည့်ပါဦး သခင်လေးသုံးယောက်ထဲမှာ ကျွန်မတို့ သခင်ကြီးက အလားအလာ အရှိဆုံးပဲ သခင်လေးအစ်ကိုတော်ဆိုရင်လည်း အသက် (၁၂) နှစ်နဲ့တင် ပညာတတ်တစ်ယောက် ဖြစ်နေပြီလေ နောက်နှစ်အနည်းငယ်ဆိုရင် သူ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပတော့မှာ"
"သခင်မလေးမှာ သခင်ကြီးနဲ့ သခင်မကြီး၊ သခင်လေးတို့ရဲ့ အချစ်ရှိနေတာပဲ နောင်ကျရင် ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ နေရာကို ရောက်မှာပါ အဘိုးကြီးရဲ့ အသိအမှတ်ပြုမှုက သခင်မလေးအတွက် အဲဒီလောက် အရေးမကြီးပါဘူး"
ဝေချင်းဝမ်သည် အထိန်းတော်ပြောလိုက်သည်ကို နားထောင်သော်လည်း စိတ်ထဲတွင်တော့ လုံခြုံခြင်း မရှိသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
"ဒါပေမဲ့ အဖေ၊ အမေနဲ့ အစ်ကိုကြီးရဲ့ အချစ်တွေကို အစ်မကြီးနဲ့ ခွဲဝေခံစားရတော့မယ်... ကျွန်မ သူတို့ရဲ့ အချစ်ကို မမျှဝေချင်ဘူး.. အခု ကျွန်မရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီအိမ်တော်မှာ အားကိုးစရာက သူတို့ရဲ့ အချစ်ပဲ ရှိတာလေ..."
"ဒီရက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေခဲ့တယ် ကံကြမ္မာကို အပြစ်မတင်ဖို့၊ တိမ်ပေါ်ကနေ ရွှံ့နွံထဲ ကျသွားတာကို သူတစ်ပါးကို ရန်မငြိုးထားဖို့ ဝေချင်းရော့ကတော့ အိမ်တော်ထဲ ဝင်လာပြီးကတည်းက ကျွန်မ သူ့ကို အမြဲ အကောင်းမြင်ပြီး ဆက်ဆံခဲ့တယ် ဒါပေမဲ့ အဘိုးရဲ့ အစီအစဉ်ကို သိလိုက်ရတဲ့အခါ...
အရင်က ကျွန်မအပေါ် အရမ်းကောင်းခဲ့တဲ့ အဘိုးက ခုလို လုပ်လိုက်မယ်လို့ တွေးမိရင် ကျွန်မ ကြောက်မိတယ် ဝေချင်းရော့က ဘာမှလည်း တောင်းဆိုမနေဘူး ဒါပေမဲ့ အဘိုးက သူ့ကို အစ်မကြီးနေရာ ပေးလိုက်တယ်ဆိုတာ အဘိုးက သူ့ကို ဘယ်လောက် အလေးထားသလဲဆိုတာ ပြနေတာပဲ"
***