"တစ်နေ့ကျရင် အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့က အဘိုးလိုပဲ ကျွန်မကို ဖိနပ်အဟောင်းတစ်ရံလို စွန့်ပစ်လိုက်မှာကို ကြောက်တယ်... အဲဒီလိုနေ့မျိုး ရောက်လာမှာကို တွေးမိတိုင်း ရင်ထဲမှာ မီးနဲ့မြှိုက်နေသလိုပဲ"
ဝေချင်းဝမ်၏ စကားကို ကြားသောအခါ အထိန်းတော်လီသည် အမြန်ပင် ချော့မော့လိုက်လေသည်။
"သခင်မလေး... အဲဒါတွေ စိုးရိမ်မနေပါနဲ့... သူတို့က သခင်မလေးအစ်မတော်ကို ချစ်တာက သွေးသားတော်စပ်လို့ပါ ဒါပေမဲ့ သခင်မလေးကို ချစ်တာကတော့ ဆယ်နှစ်ကျော်ကြာခဲ့တဲ့ သံယောဇဉ်ကြောင့်လေ ဒါကို ဘယ်သူမှ ဖျောက်ဖျက်လို့ မရပါဘူး"
"သခင်မလေးအစ်မတော်က တောမှာ ဆယ်နှစ်ကျော် နေခဲ့တာ အသိပညာရော၊ ယဉ်ကျေးမှုရော ဘာမှရှိတာမဟုတ်ဘူး အိမ်တော်ကို စရောက်တဲ့ ရက်ပိုင်းမှာတော့ ဟန်ဆောင်ထားနိုင်ပေမဲ့ သူ့အရိုးထဲမှာကတော့ အဲဒီအငွေ့အသက်တွေ ပါမလာဘူး အနှေးနဲ့အမြန် သူ အမှားပြမှာပဲ အခုတော့ အားလုံးက သူ့အပေါ် အားနာစိတ်ရှိနေလို့ သည်းခံနေကြတာ၊ ကြာလာရင်တော့ ဒီသည်းခံမှုတွေက ကုန်ဆုံးသွားမှာပါ"
အထိန်းတော်လီသည် သူ၏တွေးတောမှုကို အကျိုးအကြောင်းဆီလျော်စွာဖြင့် ရှင်းပြလိုက်သည်။
သို့ပေမဲလည်း ဝေချင်းဝမ်သည် ထိုစကားကို လက်မခံသည့် အနေအထားဖြင့် ခေါင်းကိုခါယမ်းပြလေသည်။
"သူက အထိန်းတော်ပြောသလို ရိုင်းစိုင်းပြီး မောက်မာနေရင်တော့ ကျွန်မ ဒီလောက် မပူပန်ပါဘူး ဒါပေမဲ့ ထမင်းဝိုင်းမှာ သူပြုမူတာတွေက သာမန်တောသူမတွေလို မဟုတ်ဘူး အထိန်းတော် ပြောသလို ဖြစ်မလာမှာကို စိုးရိမ်တယ်..."
အထိန်းတော်လီသည် သေချာနေသည့် အနေအထားဖြင့် စိတ်ချလက်ချ ပြုံးလိုက်ကာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ သခင်မလေး ဒီရက်ပိုင်း သူ့ကို စည်းကမ်းသင်ပေးတုန်းက သူ့ရဲ့တကယ့်ပုံစံကို ကျွန်မ မြင်ခဲ့ပြီးပြီ သခင်မကြီးရှေ့မှာ သူလိမ္မာပြနေတာတွေက အားလုံး ဟန်ဆောင်နေတာပါ"
"တကယ်လား"
ဝေချင်းဝမ်လည်း ထိုစကားကိုကြားလိုက်ရသည့်အခါ အပျော်လွန်သွားတော့သည်။
"တကယ်ပေါ့!"
"အထိန်းတော်ကြီး... ကျွန်မလည်း အစ်မရဲ့ ကံဆိုးမှုကို မမျှော်လင့်သင့်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ကျွန်မ အရမ်းကြောက်လို့ပါ... ကျွန်မက အခု ကန်ထဲက မှော်ပင်လေးလိုပဲ၊ သတိမထားရင် ဘယ်ကို လွင့်ပါသွားမလဲ မသိနိုင်ဘူး..."
"ကျွန်မ သိပါတယ် သခင်မလေးရယ်၊ သခင်မလေးက စိတ်ထားကောင်းပါတယ် သခင်မလေးက မကြာသေးခင်ကမှ မတရားတာတွေ အများကြီး ခံစားခဲ့ရလို့ ဒီလိုတွေ တွေးမိတာပါ စိတ်မပူပါနဲ့၊ သခင်မလေးအတွက် လုပ်ပေးသင့်တာတွေကို ကျွန်မ လုပ်ပေးပါ့မယ် သခင်မလေးကတော့ ဝမ်းနည်းမနေပါနဲ့တော့"
အထိန်းတော်လီ၏ နှစ်သိမ့်မှုကြောင့် ဝေချင်းဝမ်၏ စိတ်အခြေအနေသည် အနည်းငယ်မျှ ပြန်ကောင်းလာကာ အိပ်စက်အနားယူလိုက်တော့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ဝေရော့သည် ယွမ်ရှီးထံသို့ သွားကာ အပြင်ထွက်ချင်ကြောင်း ပြောလိုက်သည်။
ခြံထဲတွင် ဟင်းသီးဟင်းရွက် စိုက်ရုံဖြင့် ဝေရော့အတွက် လုံလောက်သည်ဟု မခံစားရပေ။
အကြောင်းအရင်းမှာ နယ်မြေ အဆင့်တက်ရန် အတွေ့အကြုံရမှတ်များစွာ လိုအပ်သည့်အပြင် ဝေမိသားစုမှ ခွဲထွက်သွားသည့်အခါ ရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်အရင်းအနှီးများ ရှာဖွေထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
"ရော့ရော့ ဘယ်ကို သွားချင်လို့လဲ"
ယွမ်ရှီးသည် ငြင်သာစွာ မေးလိုက်လေသည်။
"ခရိုင်ထဲက ရွာတွေနဲ့ လယ်ကွင်းတွေကို သွားကြည့်ချင်လို့ပါ. အဆင်ပြေနိုင်မလားဟင်"
"မြို့ပတ်ဝန်းကျင်က တောင်ပေါ်ရွာတွေကတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ အနောက်မြောက်ဘက်ကိုပဲ သွားရမယ်၊ အရှေ့တောင်ဘက် မြို့ပြင်နဲ့ ပင်လယ်နားကိုတော့ လုံးဝမသွားနဲ့ အဲဒီမှာ ဂျပန်ဓားပြတွေက ဘယ်အချိန် ထွက်လာမလဲ မသိဘူး ဒီလိုလုပ်လေ... မြို့မြောက်ဘက်မှာ အမေတို့ပိုင်တဲ့ လှေကားထည်လယ်ကွင်းတွေ ရှိတယ် အဲဒီကို သွားကြည့်ပေါ့"
ယွမ်ရှီးသည် သူမတို့ ပိုင်ဆိုင်သည့် လယ်ကွင်းအကြောင်း ပြောလိုက်လေသည်။
"ကောင်းပါပြီ"
ထိုအရာသည် ဝေရော့ အလိုရှိနေသည့် အရာတစ်ခု ဖြစ်ပေသည်။
ယွမ်ရှီးသည် သူမကိုယ်တိုင် လိုက်ပို့ချင်သော်လည်း ဝေရော့မှာမူ အားနာသောကြောင့် ငြင်းပယ်လိုက်သည်။
ယွမ်ရှီး လိုက်ပါလာခဲ့လျှင် သူမ လုပ်ရကိုင်ရသည်မှာ အဆင်မပြေဖြစ်တော့မည်ကို သိနေသောကြောင့် ဖြစ်သည်။
"အမေ တစ်ယောက်ယောက်ကိုပဲ ကျွန်မနဲ့ ထည့်ပေးလိုက်ပါ အမေက တစ်အိမ်လုံးရဲ့ ကိစ္စတွေကို စီမံနေရတာ၊ ကျွန်မကြောင့်နဲ့ အလုပ်တွေ မနှောင့်နှေးစေချင်ဘူး"
ဝေရော့သည် လိမ္မာပါးနပ်စွာဖြင့် ငြင်းဆိုလိုက်လေသည်။
ဝေရော့၏ စကားကြောင့် ယွမ်ရှီးသည် သူမကို အလွန်သိတတ်သည့် ကလေးဟု မှတ်ယူကာ သဘောတူလိုက်သည်။
ယွမ်ရှီးသည် ရထားလုံးတစ်စီး၊ အစောင့်တစ်ယောက်နှင့် အထိန်းတော်ကျန်း ကို ဝေရော့နှင့်အတူ လိုက်ပါရန် စီစဉ်ပေးလိုက်သည်။
အထိန်းတော်ကျန်းမှာမူ ထိုသို့လိုက်ပါရသည်ကို စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်။
“ဒီသခင်မလေးက ဘာတွေလဲ…တောမှာ နေခဲ့ရတာ မဝသေးဘူးလား…အိမ်တော်ပြန်ရောက်ပြီး သခင်မလေး ဖြစ်နေတာတောင် တောထဲပဲ ပြန်သွားချင်နေသေးတယ်” ဟု တွေးနေသည်။
သို့သော် သခင်မကြီး၏ အမိန့်ဖြစ်သည့်အတွက် ပြုံးပြုံးလေးပင် လိုက်ပါခဲ့ရသည်။
ရထားလုံးသည် မြို့မြောက်ဘက် တံခါးမှ ထွက်လိုက်သည်နှင့် လှပသော လှေကားထည် လယ်ကွင်းများကို မြင်တွေ့လိုက်ရသည်။
ရှင်းဆန်းခရိုင်သည် အရှေ့တောင်ဘက်တွင် ပင်လယ်နှင့် ထိစပ်နေသဖြင့် မြေဆီလွှာမှာ ဆားငန်ဓာတ်များပါရှိနေပြီး စိုက်ပျိုးရန် မကောင်းသည့် နေရာဖြစ်နေသည်။
အနောက်မြောက်ဘက်တွင်မူ တောင်ကုန်းများ များပြားလှသည်။
ထို့ကြောင့် လူတို့သည် လှေကားထည် လယ်ကွင်းများကို ပြုလုပ်ကာ စပါးစိုက်ကြသော်လည်း လူအင်အား အလွန်လိုအပ်ပြီး စားနပ်ရိက္ခာမှာလည်း လုံလောက်မှု မရှိပေ။
ရထားလုံးကို ရပ်လိုက်သောအခါ ရှို့မေသည် ဝေရော့ကို ကိုင်တွယ်ပေးရင်းဖြင့် ရထားလုံးပေါ်မှ ဆင်းလိုက်လေသည်။
အထိန်းတော်ကျန်းသည် အရှေ့ဘက်တွင်ရှိသော တောင်ကုန်းကို ညွှန်ပြလိုက်လေသည်။
"သခင်မလေး... ဒါက မန်ထိုတောင်ပါ…ဒါက ကျွန်မတို့ အိမ်တော်ပိုင်တဲ့ မြေပါပဲ"
"ဒီ တစ်တောင်လုံးလား"
ဝေရော့သည် ကြည့်နေရင်းဖြင့် မေးလိုက်လေသည်။
"ဟုတ်ပါတယ်"
"တခြားကော ရှိသေးလား"
"မရှိတော့ပါဘူး သခင်ကြီးက ဒီမှာ တာဝန်ကျတာ ငါးနှစ်ပဲ ရှိသေးတော့ အခြေခံ သိပ်မခိုင်မာသေးဘူး ဒါပေမဲ့ မြို့တော်က အဘိုးကြီးဆီမှာတော့ ပိုင်ဆိုင်မှုတွေ အများကြီး ရှိပါတယ်" ဟု အထိန်းတော်ကျန်းက ပြန်ဖြေလိုက်သည်။
ဝေရော့မှာမူ ဝေမိသားစု၏ မြို့တော်မှ အိမ်တော်တွင် အခွံသာ ကျန်တော့သည်ကို သိရှိပြီးသားဖြစ်သည်။
ဝေမင်ထင်သည် အဆင့် (၆) စစ်ဗိုလ်ဖြစ်သော်လည်း ကိုယ်ပိုင်ပိုင်ဆိုင်မှု အချို့ကို ဝယ်ယူနိုင်ခြင်းမှာ သူ၏ စွမ်းဆောင်ရည်ကြောင့်သာ ဖြစ်သည်။
"ဟုတ်ပြီ ကျွန်မ ပတ်ကြည့်လိုက်ဦးမယ်"
ဝေရော့သည် တောင်အောက်လမ်းလေးအတိုင်း လျှောက်သွားလေသည်။
အထိန်းတော်ကျန်းမှာလည်း မလိုက်ချင်သော်လည်း လိုက်ခဲ့ရသဖြင့် အိုမင်းနေသော သူမ၏ အရိုးအဆစ်များ နာကျင်လာကာ စိတ်ထဲမှ ညည်းညူနေတော့သည်။
အထိန်းတော်ကျန်း ပင်ပန်းနေသည်ကို မြင်လိုက်ရသဖြင့် ဝေရော့လည်း သူမကို ရထားလုံးပေါ်တွင်သာ အနားယူခိုင်းလိုက်သည်။
သို့သော် အထိန်းတော်ကျန်းသည် ဝေရော့ တစ်ခုခုကို ထူးဆန်းစွာ ပြုလုပ်လိုက်မည်ကို စိုးရိမ်သဖြင့် ငြင်းပယ်ကာ နောက်မှ ထပ်ကျပ်မကွာ လိုက်လာလေတော့သည်။
လမ်းလျှောက်လာသည်မှာ ခဏကြာသောအခါတွင် ဝေရော့သည် စိုက်ပျိုးခြင်း မပြုရသေးသည့် တောင်ကုန်းအလွတ်တစ်ခုရှေ့တွင် ရပ်လိုက်လေသည်။
***