"ရှို့မေ... ဒီတောင်က ဘယ်ရွာပိုင်တာလဲဆိုတာ သွားစုံစမ်းချေ"
ဝေရော့သည် ရှို့မေကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ရှို့မေသည် ဝေရော့ကို ခပ်သွက်သွက်လေး ဖြေလိုက်ပြီး လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော ဒေသခံများဆီသို့ ခပ်သွက်သွက် ပြေးသွားသည်။
ခဏအကြာတွင် သူမ ပြန်ရောက်လာပြီး မေးလာသမျှကို ဝေရော့ကို ပြောပြလိုက်လေသည်။
"သခင်မလေး... ဒီတောင်ရဲ့နာမည်က ရှောင်ယန်တောင်တဲ့…မနီးမဝေးက ယွဲ့ရင်းရွာ ပိုင်တာပါ….မြေမျက်နှာသွင်ပြင်က အရမ်းမတ်စောက်ပြီး လှေကားထည်လယ်ကွင်း ဖော်ထုတ်ဖို့ စရိတ်က အရမ်းကြီးတာကြောင့် ဒီအတိုင်း ပစ်ထားကြတာတဲ့…. ရွာသားတွေက အဲဒီတောင်ပေါ်မှာ ထင်းခုတ်ဖို့လောက်ပဲ သုံးကြတယ်"
"သူတို့ ရောင်းမလားဆိုတာရော မေးခဲ့သေးလား" ဟု ဝေရော့က မေးလိုက်လေသည်။
"မေးခဲ့တာပေါ့"
ရှို့မေသည် ဝေရော့နှင့်အတူ နှစ်ပေါင်းများစွာ နေလာသူဖြစ်ရာ ဝေရော့ တွေးနေသည့်အရာများကို သိပြီးသားဖြစ်သည်။
"ကျွန်မမေးခဲ့တဲ့သူက ယွဲ့ရင်းရွာက မဟုတ်ပေမဲ့ သူပြောတာကတော့ ဈေးတည့်ရင် ရွာသားတွေက သေချာပေါက် ရောင်းမှာပဲတဲ့… ဂျပန်ဓားပြတွေကြောင့် ရှင်းဆန်ခရိုင်ကလူတွေ ဒုက္ခရောက်နေကြတာ၊ အဲဒီထဲမှာ ယွဲ့ရင်းရွာက ပိုဆိုးတယ်တဲ့…တခြားရွာတွေမှာ စိုက်ပျိုးလို့ရတဲ့ လယ်နည်းနည်းပါးပါး ရှိသေးပေမဲ့ ယွဲ့ရင်းရွာကတော့ စိုက်ပျိုးရခက်တဲ့ တောင်ကုန်းအလွတ်တွေပဲ ရှိတာပါတဲ့"
"အင်း... သိပြီ"
ဘေးတွင် နားထောင်နေသော အထိန်းတော်ကျန်းမှာ ဝေရော့ကို အထင်သေးသည့်အလား ခပ်ငေါ့ငေါ့လေး ရယ်မောလိုက်လေသည်။
"သခင်မလေး... ဒီရှောင်ယန်တောင်ကို ဝယ်ချင်လို့လား"
"မေးကြည့်ရုံတင်ပါ၊ အခြေအနေကို သိချင်လို့လေ"
ဝေရော့သည် အထိန်းတော်ကျန်းမေးသည်ကို ခပ်ပေါ့ပေါ့ ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"မေးတာကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ တောင်ဝယ်ဖို့ဆိုတဲ့ စိတ်ကူးကိုတော့ ဗိုက်ထဲမှာပဲ သိမ်းထားလိုက်ပါ သခင်မလေးရယ်... ကျွန်မတို့ အိမ်တော်က ရှင်းဆန်ခရိုင်ကို ရောက်တာ သုံးနှစ်ရှိမှ မန်ထိုတောင်ကို ဝယ်နိုင်ခဲ့တာ... အခု အခြေအနေတွေ မကောင်းဘူးဆိုပေမဲ့ အဲဒီတောင်ရဲ့ဈေးကတော့ အနည်းဆုံး ငွေပြားတစ်ထောင် အောက်တော့ မရှိနိုင်ဘူး.. မစဉ်းစားပါနဲ့ဦး"
"ငွေပြားတစ်ထောင်... တကယ်ကို မနည်းတဲ့ ပမာဏပဲ"
ဝေရော့သည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။
"သခင်မလေး သိတာ ကောင်းပါတယ်... တောကဘဝကို လွမ်းတယ်ဆိုရင်လည်း မန်ထိုတောင်က ကိုယ်ပိုင်လယ်ကွက်တွေကိုပဲ ကြည့်ပါ... အရင်လို ကိုယ်တိုင်ဆင်းမလုပ်ပါနဲ့ဦး.. အလုပ်သမားတွေ မြင်သွားရင် ရယ်စရာ ဖြစ်ကုန်ပါဦးမယ်" ဟု အထိန်းတော်ကျန်းက သတိပေးသည်။
အိမ်တော်ထဲတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် အိမ်သားများသာ သိသည့်အတွက် အရှက်ကွဲခြင်း မရှိသော်လည်း အပြင်မှာပါ လျှောက်လုပ်နေလျှင် ရှင်းဆန်ခရိုင်တစ်ခုလုံး၏ ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
"ကောင်းပါပြီ"
ဝေရော့သည် အထိန်းတော်နှင့် အငြင်းပွားမနေတော့ကာ မန်ထိုတောင်ခြေတွင် ခဏတာမျှ ပတ်ကြည့်ပြီးနောက် အိမ်သို့ ပြန်ခဲ့သည်။
ဝေအိမ်တော်တွင် ဝေချင်းဝမ်သည် ဝေယီလင်းကို စာကူးခိုင်းရင်း ကြီးကြပ်နေသည်။
ဝေယီလင်းသည် ငယ်စဉ်ကတည်းကပင် ဆော့ကစားရတာ ဝါသနာပါပြီး စာဖတ်ရသည်ကို မနှစ်သက်သူဖြစ်သည်။
ယနေ့တွင်လည်း ကျောင်း၌ ရန်ဖြစ်ခဲ့သဖြင့် ယွမ်ရှီးက စိတ်ဆိုးကာ "ရှုအာ" ကျမ်းကို ကူးခိုင်းပြီး အပြစ်ပေးထားခြင်းဖြစ်သည်။
"ယီလင်းလေး... မြန်မြန်ကူးလေ၊ မိုးချုပ်ရင် မပြီးဘဲနေမယ်… ညစာမစားရရင် ဗိုက်ဆာလိမ့်မယ်" ဟု ဝေချင်းဝမ်က သနားကရုဏာဖြင့် ပြောသည်။
"သုံးခေါက်တောင် ကူးရမှာ အရမ်းများတယ်... မမ... ကျွန်တော့်အစား ကူးပေးပါလား.. မမက ကျွန်တော့်လက်ရေးကို တုပြီး ရေးပေးရင် အမေ သိမှာမဟုတ်ပါဘူး"
ဝေယီလင်းသည် ကလေးစိတ်ဖြင့် အစ်မဖြစ်သူကို ချွဲ့နွဲ့ပြောလေသည်။
"မဖြစ်ဘူးလေ..."
ဝေချင်းဝမ်သည် ကူးပေးရန် တွန့်ဆုတ်နေသော်လည်း "မမက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးမမပဲလေ" ဆိုသည့် စကားကြောင့် စိတ်ပျော့သွားရပြန်သည်။
သူမအတွက် ယခုအချိန်တွင် သူမအပေါ် စိတ်ရင်းမှန်ဖြင့် တွယ်တာသူမှာ ဤမောင်လေးသာ ရှိတော့သည်ဟု ခံစားနေရခြင်းကြောင့်လည်း ဖြစ်သည်။
"ဒါဆိုလည်း... တစ်ခေါက်ပဲ ကူးပေးမယ်နော်... ကျန်တဲ့ နှစ်ခေါက်ကိုတော့ ကိုယ်တိုင်ကူးရမယ်"
"ဟုတ်ကဲ့ မမက ကျွန်တော့်ကို အချစ်ဆုံးဆိုတာ သိသားပဲ အဲဒီ အသစ်ရောက်လာတဲ့သူနဲ့ မတူဘူး၊ သူက နေ့တိုင်း ဘာလုပ်နေမှန်းလည်း မသိဘူး ဒီနေ့တောင် အမေ့ဆီက ခွင့်တောင်းပြီး အပြင်ထွက်သွားသေးတယ်"
"သူ အပြင်ထွက်သွားတာလား... ဘယ်ကိုလဲ" ဝေချင်းဝမ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"မြို့မြောက်ဘက်က လယ်ကွင်းတွေကို သွားကြည့်တာတဲ့ သူက လယ်စိုက်ရတာကို အရမ်းကြိုက်နေရင် တောမှာပဲ နေခဲ့ပါလား၊ ဘာလို့ ပြန်လာတာလဲ မသိဘူး"
ဝေယီလင်းသည် မနှစ်မြို့သည့် ပုံစံဖြင့် ပြန်လည် ဖြေလိုက်လေသည်။
"အမေရော လိုက်သွားလား"
"သူတစ်ယောက်တည်း သွားတာပါ..အမေက အိမ်မှာ အလုပ်တွေ အရမ်းများနေတာ၊ သူ့နောက်လိုက်ပြီး အချိန်ဖြုန်းနိုင်မှာ မဟုတ်ဘူး"
"အဲဒီလိုလား..." ဝေချင်းဝမ်သည် တစ်စုံတစ်ခုကို စဉ်းစားရင်း မျက်နှာငယ်သွားသည်။
ဝေယီလင်းလည်း သူမကို ချက်ချင်းပင် နှစ်သိမ့်လေသည်။
"မမ မစိုးရိမ်ပါနဲ့..အမေက သူ့အပေါ် ကောင်းတယ်ဆိုပေမဲ့ အမေ့နှလုံးသားထဲမှာ ဝေချင်းရော့ထက် မမကို ပိုချစ်တာ သေချာပါတယ်"
ဝေချင်းဝမ်လည်း ခေါင်းခါ ပြလိုက်သည်။
"ရပါတယ်... သူက တောမှာ အကြာကြီး ဒုက္ခခံခဲ့ရတာဆိုတော့ မိဘတွေက သူ့အပေါ် ကောင်းပေးသင့်တာပေါ့ မမက သူ့အပေါ် အကြွေးတင်နေတာပဲလေ"
မြို့မြောက်ဘက်မှ အပြန်လမ်းတွင် ဝေရော့သည် ရထားလုံးပြတင်းပေါက်မှတစ်ဆင့် လမ်းဘေးမြင်ကွင်းများကို ကြည့်ရှုနေသည်။
လမ်းဘေးတွင် တောင်းရမ်းစားသောက်နေသော သူဖုန်းစားများမှာ သူမ မြင်ဖူးသည်ထက် ပို၍ပင် များပြားလွန်းလှသည်။
မြို့ထဲမှာလည်း သူမ ထင်သလောက် စည်ကားခြင်း မရှိပေ။
အထိန်းတော်ကျန်းကို မေးကြည့်ရာ အများစုမှာ ဒေသခံ တံငါသည်များ ဖြစ်ကြောင်း သိရသည်။
ဂျပန်ဓားပြများကြောင့် ပင်လယ်မထွက်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်ရာမှ သူဖုန်းစားများ ဖြစ်ကုန်ကြခြင်းဖြစ်သည်။
ထို့ပြင် မိုးလေဝသမှာလည်း မမှန်သဖြင့် စပါးအထွက်နှုန်း ကျဆင်းကာ လယ်သမားများလည်း ဒုက္ခရောက်နေကြသည်။
ထိုလူများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ဟူသည် မရှိတော့ကာ ထုံထိုင်းနေကြသည်။
ဝေရော့သည် ထိုမြင်ကွင်းကြောင့် စိတ်မကောင်း ဖြစ်နေစဉ် လမ်းဘေး၌ ပင်လယ်စာရောင်းနေသော ဈေးသည်တစ်ဦးကို တွေ့လိုက်ရသည်။
တံငါသည်အချို့သည် အသက်စွန့်ကာ ညဘက်တွင် ပင်လယ်ထွက်၍ ငါးဖမ်းလာကြခြင်း ဖြစ်သော်လည်း လူများမှာ ဝယ်ယူနိုင်စွမ်း မရှိသဖြင့် ခြင်းတောင်းထဲတွင် ငါးများစွာ ကျန်နေခြင်း ဖြစ်သည်။
ဝေရော့သည် ပင်လယ်စာများမှာ အလွန်လတ်ဆတ်နေသည်ကို မြင်သဖြင့် ရှို့မေကို အားလုံးဝယ်ခိုင်းလိုက်သည်။
"သခင်မလေး... ပင်လယ်စာက ဈေးမချိုဘူးနော်... ဒီခြင်းတောင်းကြီး အကုန်လုံးဆိုရင် အနည်းဆုံး ငွေပြားနှစ်ပြားလောက် ကျမှာ သခင်မလေးမှာ ပိုက်ဆံပါလို့လား"
ထိုအခါတွင် အထိန်းတော်ကျန်းမှ စိုးရိမ်တကြီးဖြင့် တားလိုက်လေသည်။ အကယ်၍ ငွေမပေးနိုင်ပါက အိမ်တော်၏ သိက္ခာကျမည်ကို စိုးရိမ်သည့်အပြင် အိမ်တော်က စိုက်ပေးရမည်ကိုလည်း သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
"သိပါတယ်၊ ကျွန်မရဲ့ပိုက်ဆံနဲ့ ဝယ်မှာပါ" ဟု ဝေရော့က အေးဆေးစွာ ပြန်ပြောလိုက်သည်။
“ကိုယ့်ပိုက်ဆံ…သူမက ဘယ်ကနေ ပိုက်ဆံတွေရလာတာလဲ”
***