အထိန်းတော်ကျန်းမှတော့ မယုံသင်္ကာဖြစ်နေသည့် အနေအထားဖြင့် ကြည့်နေသည်။
သို့ပေမဲ့လည်း ရထားလုံးပေါ်မှ ဆင်းသွားသည့် ရှို့မေသည် ဈေးသည်လက်ထဲသို့ ငွေပြားနှစ်ပြား အသာလေး ထည့်ပေးလိုက်သည်ကို မြင်လိုက်ရသည့်အခါမှတွင်သာ စိတ်အေးချမ်းသွားတော့သည်။
ထို့နောက် အစောင့်များကိုလည်း အကူအညီတောင်းခြင်းမရှိကာ ပင်လယ်စာခြင်းတောင်းကြီးကို ရှို့မေသည် တစ်ယောက်တည်း ရထားလုံးပေါ်သို့ မတင်လိုက်သည်ကို ကြည့်ကာ အထိန်းတော်ကျန်းသည် အတွေးများစွာ တွေးနေမိလေသည်။
အဲ့ဒီသခင်မလေးဆီမှာ ပိုက်ဆံတွေ ဒီလောက်ရှိနေခြင်းမှာ မြို့တော်မှ အဘိုးဖြစ်သူ ပေးလိုက်သည့် လက်ဆောင်များကြောင့် ဖြစ်မည်ဟု တွေးလိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့လည်း သူမ၏ ကိုယ်ပိုင်ပိုက်ဆံဖြစ်သည့်အတွက် ခုလောက်ထိ ငွေသုံးရန် မသင့်ကြောင်းနှင့် အိမ်ထောင်မှုကို မည်သို့ စီစဉ်ရမည် မသိနေခြင်းမှာ စိုးရိမ်စရာတစ်ခုဟု စိတ်ထဲတွင် ညည်းညူနေမိသည်။
ထင်စုန်းယွမ်ကို ပြန်ရောက်လာသောအခါ ရှို့မေသည် ပင်လယ်စာခြင်းတောင်းကြီးကို သယ်လာပြီး ဝေရော့ရှေ့တွင် ချလိုက်လေသည်။
"ရှို့ရှို့... ငါတို့ ဘာလုပ်ကြမလဲဆိုတော့..." ဟု ဝေရော့သည် ပင်လယ်စာခြင်းကို စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
"သခင်မလေး... ဟော့ပေါ့ စားချင်တာ မဟုတ်လား"
ရှို့မေသည်လည်း ဝေရော့၏ စိတ်ကို သိနေခြင်းဖြစ်သည့်အတွက် ချက်ချင်းပင် ပြန်လည်ကာ ခွန်းတုံ့ပြန်လိုက်သည်။
"ဟုတ်တယ် ရှို့ရှို့ရယ်…နင်ကတော့ ငါ့အကြိုက်ကို အသိဆုံးပဲ"
ဝေရော့သည်လည်း ရှို့မေ့၏ ပြန်ဖြေမှုကြောင့် ဝမ်းသာအာရဖြစ်ကာ ပြန်လည်ကာ ပြောလိုက်လေသည်။
"တခြားကိစ္စတွေမှာတော့ ကျွန်မ မခန့်မှန်းတတ်ပေမဲ့ စားဖို့သောက်ဖို့ ဆိုရင်တော့ သခင်မလေးရဲ့ မျက်လုံးကို ကြည့်ရုံနဲ့ ဘာလုပ်ချင်တယ်ဆိုတာ ကျွန်မ သိပြီးသားပါ"
"အေး... အဲဒါဆို အချို့ကို ဟော့ပေါ့လုပ်စားမယ် ကျန်တာတွေကိုတော့ အခြောက်လှမ်းဖို့ ပြင်ဆင်ကြတာပေါ့"
ဝေရော့လည်း ပူပူစပ်စပ် ဟော့ပေါ့အနှစ်များ လတ်ဆက်နေသော ပင်လယ်စာများကို တွဲဖက်စားသုံးရမည်ဆိုသော အတွေးများဖြင့် သွားရည်များပင် ကျလောက်သည်အထိ ဖြစ်နေလေသည်။
"ဒါပေမဲ့ သခင်မလေး... ကျွန်မတို့မှာ မီးဖိုချောင်လည်း မရှိဘူး.. အိုးလည်း မရှိဘူးလေ.. ဟော့ပေါ့ ဘယ်လိုလုပ်မလဲ"
"ဘေးက အိမ်တော် မှာ မီးဖိုချောင်အသေးလေး ရှိတယ်လေ အဲဒီမှာ သွားငှားလိုက်မယ်" ဟု ဝေရော့က ဆိုလိုက်လေသည်။
"ဟုတ်သားပဲ…ဘေးအိမ်မှာ မီးဖိုချောင်ရှိတာပဲ"
ရှို့မေသည် ပြောရင်းဖြင့်ပင် တစ်ခုခုကို သတိရသွားသည်။
"နေဦး သခင်မလေး... သခင်လေးနှစ်နဲ့ ရင်းနှီးအောင်ဆိုပြီး ပဲငါးပိရည် သွားပေးတာက ဒါအတွက် ကြိုတင်ပြင်ဆင်ထားတာလား"
"အဲ... အဲလိုမဟုတ်ပါဘူး.. ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူးနော်"
ဝေရော့လည်း မျက်နှာပူစွာဖြင့် ငြင်းလိုက်လေသည်။
ရှို့မေလည်း ခေါင်းညိတ်ပြလိုက်သည်။
“သခင်မလေးက အဲဒီလိုလူမျိုး ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်” ဟု တီးတိုးရေရွတ်လိုက်သေးသည်။
"ကဲ... အဲဒါတွေက အရေးမကြီးပါဘူး…အဓိကက ဟော့ပေါ့ချက်ဖို့ နေရာရှိဖို့ပဲ.. ရှို့ရှို့... နင် အားလုံးပြင်ဆင်ထားပေး ငါ ဘေးအိမ်ကို သွားပြောလိုက်ဦးမယ်"
ထို့နောက် ရှို့မေလည်း ဝေရော့ စုဆောင်းထားသည့် ဟင်းခတ်အမွှေးအကြိုင်တွေကို သွားယူလေသည်။
ယခုရောက်ရှိနေသောခေတ်တွင် ငရုတ်သီးမရှိသကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်ဟူ၍လည်း မရှိပေ။
ဝေရော့သည် သူမ၏ အရသာရှိရှိစားနိုင်ရေးအတွက် ဟင်းခတ်အမွှေးအကြိုင်များကို စုဆောင်းထားကာ ကိုယ်ပိုင်အထုပ်ကလေးများ ပြုလုပ်၍ သိမ်းဆည်းထားလေသည်။
"ဒါ နောက်ဆုံးအထုပ်ပဲနော် သခင်မလေး…ဒါကုန်ရင်တော့ အမွှေးအကြိုင်တွေ ထပ်ရှာရဦးမယ်" ဟု ရှို့မေမှ ပြောလိုက်လေသည်။
ဝေရော့လည်း ခေါင်းညိတ်လိုက်ပြီး "ငါတို့ အခြေအနေ နည်းနည်းတည်ငြိမ်လာရင် အမွှေးအကြိုင်တင်မကဘူး ဆေးဖက်ဝင်အပင်တွေကိုပါ ထပ်ရှာရမယ်" ဟု ပြောလိုက်လေသည်။
ဝေရော့သည် ယင်းကျူယွမ်၏ အိမ်တံခါးကို သွားခေါက်လိုက်လေသည်။
ထိုအချိန်တွင် အစေခံလေး ရှောင်ပေ့မှ ထွက်လာပြီး “သခင်မလေး... ဘာကိစ္စရှိလို့လဲခင်ဗျာ" ဟု အံ့သြတကြီးဖြင့် မေးလိုက်လေသည်။
"နင်တို့ မီးဖိုချောင်လေး ခဏငှားချင်လို့... အပြန်အလှန်အနေနဲ့ ငါတို့က ပင်လယ်စာ ဟော့ပေါ့ ကျွေးမယ်လေ ငါ့ရှို့ရှို့ရဲ့ လက်ရာက တကယ့်ကို ရှယ်ပဲနော် နင်တို့ လုံးဝ မရှုံးစေရဘူး"
"သခင်မလေး... ဒါတော့ ကျွန်တော် ဆုံးဖြတ်လို့ မရဘူးခင်ဗျ...သခင်လေးကို မေးကြည့်ပါဦးမယ်"
ဝေရော့သည် ခေါင်းပြူပြီး ကြည့်လိုက်သောအခါ ဝေကျင်းယီသည် ရှစ်မြှောင့်ကန်နားတွင်ရှိနေသော ဇရပ်လေးတွင် ထုံးစံအတိုင်း စာဖတ်နေသည်ကို တွေ့လိုက်ရသည်။
ဝေကျင်းယီသည် ဝေရော့ကို မြင်လိုက်သောအခါတွင် မျက်နှာမှာ ပို၍ပင် တည်သွားလေသည်။
ဝေရော့မှာတော့ သူ့ကို သွားလေးဖြဲပြီး လက်လှမ်းပြလိုက်လေသည်။
ဝေကျင်းယီသည် ရှောင်ပေ့ကို တစ်ခုခု ပြောလိုက်လေသည်။
ရှောင်ပေ့သည် အားနာသည့် မျက်နှာဖြင့် ပြန်လာပြီး "သခင်မလေး... သခင်လေးက ပြောပါတယ် စားချင်တာရှိရင် မီးဖိုချောင်ကြီးမှာပဲ မှာလိုက်ပါတဲ့... ဒီက မီးဖိုချောင်က သေးတော့ အဆင်မပြေမှာ စိုးလို့ပါတဲ့"
"ငါ့မှာ အကုန်ပါပြီးသား... နေရာလေးပဲ ပေးရင်ရပြီ... မီးဖိုချောင်ကြီးက အဆင်မပြေလို့ပါ... ငါက အကြာကြီး ချက်ရမှာမို့လို့"
ဝေရော့သည်လည်း အလျှော့ပေးခြင်းမရှိကာ ဝေကျင်းယီရှိရာသို့ သွားလိုက်လေသည်။
"အစ်ကိုကြီးနှစ်"
"အစ်ကိုကြီးနှစ်" ဆိုသည့် ခေါ်သံကြောင့် ဝေကျင်းယီလည်း အနည်းငယ်မျှ တွန့်သွားလေသည်။
"အစ်ကိုကြီးနှစ်... မီးဖိုချောင်လေး ငှားပါနော်... ငါတို့ ဟော့ပေါ့ချက်စားရင် အစ်ကိုကြီးလည်း အတူတူစားပေါ့...တကယ် အရသာရှိတာ စိတ်ချ"
ဝေရော့၏ မျှော်လင့်ချက်အပြည့်ဖြစ်နေသည့် မျက်ဝန်းများကို ကြည့်ပြီး ဝေကျင်းယီလည်း နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရပါတော့သည်။
"မင်းသဘောပဲ"
မကြာခင်မှာပင် ဝေရော့နှင့် ရှို့မေတို့သည် အထုပ်အပိုးများ အပြည့်အစုံဖြင့် မီးဖိုချောင်အတွင်းသို့ ရောက်လာကြတော့သည်။
ရှို့မေမှာ ဟင်းချက်သည်ကို ဝေရော့က မီးတက်လာစေရန် မီးထိုးပေးရလေသည်။
အိုးပူလာသောအခါ ဝက်ဆီကို ထည့်လိုက်ပြီး ဝက်ဆီ အရည်ပျော်လာကာမှ ဝေရော့၏ အထူးဖော်မြူလာဖြင့် ပေါင်းစပ်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို လောင်းထည့်လိုက်လေသည်။
မွှေးကြိုင်နေသည့် အနံ့များမှာ မီးဖိုချောင်တွင်သာမက တစ်ခြံလုံးကိုပင် ပြန့်နှံ့သွားတော့သည်။
"သခင်လေး... ဘာနံ့လဲမသိဘူး...အရမ်းမွှေးတာပဲနော်"
ရှောင်ပေ့လည်း အနံ့ရသောအခါ နှခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်ကို ဝေကျင်းယီလည်း ဂရုစိုက်ခြင်းမရှိပဲ စာကိုသာ ဆက်လက်ဖတ်နေလေသည်။
ထို့နောက် ဝေရော့လည်း မီးဖိုခန်းထဲမှနေ၍ ပြေးထွက်လာကာ ဝေကျင်းယီကို မေးလိုက်လေသည်။
"အစ်ကိုကြီးနှစ်... အစ်ကို့ခြံထဲက မျှစ်တွေက တော်တော်လှတာပဲ... အဲဒါလေး အချို့ကို ချိုးပြီး ဟော့ပေါ့ထဲ ထည့်ချက်ရင် သိပ်ကောင်းမှာပဲနော်…ရမလားဟင်"
***