"ဟွိုင်ပေ့မြို့က ဟူကျိုးနယ်ထဲမှာ ရှိတာလေ" ဟု ဝေကျင်းယီက ဆိုသည်။
"ဟုတ်သားပဲ.. သခင်မလေးအစ်မတော်က ဟွိုင်ပေ့မြို့က လာတာဆိုတော့ ဒီစာရွက်တွေရှိတာ မဆန်းတော့ဘူးပေါ့"
ရှောင်ပေ့က တီးတိုလေး ရေရွတ်လိုက်လေသည်။
"ဒီစာရွက်က ဈေးမချိုဘူးနော်"
ဝေကျင်းယီ၏ အသံမှာ လေးလေးနက်နက် ဖြစ်သွားတော့သည်။
သာမန်စာရွက်မှာ ဆယ်ရွက်လျှင် ငွေတစ်ပြားသာ ကျသော်လည်း စစ်ပေါင်ကျဲ စာရွက်မှာမူ တစ်ရွက်လျှင် ငါးပြားအထိ ပေးရသဖြင့် ဈေးမှာ ၅ ဆလောက် ပိုကြီးနေခြင်းဖြစ်သည်။
အရေးကြီးသည်မှာ ထို စာရွက်သည် ဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်။
သို့သော်လည်း ဝေရော့သည် စာရွက်များကို အရွက် ၂၀ တောင် ပေးခဲ့ခြင်း ဖြစ်သည်။
“သူမက ဒီလောက်ငွေတွေ ဘယ်ကရတာလဲ..ပြီးတော့ ငါ့အပေါ် ဘာလို့ ဒီလောက်ကောင်းပြနေရတာလဲ..သူမရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ”
ဝေကျင်းယီသည် တစ်ယောက်တည်း စဉ်းစားရခက်နေလေသည်။
ထင်စုန်းယွမ်သို့ ပြန်ရောက်သောအခါ ဝေရော့သည် ကုတင်ပေါ်တွင် ပျင်းရိစွာဖြင့် လှဲလျောင်းလိုက်တော့သည်။
ဗိုက်ပြည့်သွားသောအခါတွင် ဦးနှောက်သည်ဟာလာဟင်းလင်း ဖြစ်သွားသည့်အတွက် ငေငိုင်းရန်ပင် အကောင်းဆုံးအချိန် ဖြစ်နေသည်။
"သခင်မလေး... ကျွန်မကြည့်ရတာ သခင်မလေးက သခင်ကြီး..သခင်မကြီးနဲ့ သခင်လေးအစ်ကိုတော်တို့ထက် သခင်လေးနှစ် အပေါ် ပိုပြီး ကောင်းပြနေသလိုပဲနော်.. တကယ်တော့ သခင်လေးအစ်ကိုတော်က သခင်မလေးအပေါ် ပိုပြီး နွေးထွေးကြင်နာတာ မဟုတ်ဘူးလား.. သခင်လေးနှစ်ကတော့ အေးစက်စက်နဲ့ စကားတောင် မပြောချင်ဘူးလေ"
ရှို့မေသည် အခြေအနေများကို နားမလည်စွာဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အစ်ကိုကြီးနှစ်နဲ့ ဆက်ဆံရတာက ငါ့အတွက် ဖိအားမရှိလို့ပဲ"
"သခင်လေးအစ်ကိုတော်နဲ့ဆိုရင် ဖိအားရှိလို့လား"
"ရှိတာပေါ့…အစ်ကိုကြီး ဝေရိချန်အပေါ် ငါကောင်းပြရင် လူတွေက ငါ့ကို မိဘတွေရဲ့ အချစ်ကို လုနေတယ်လို့ ထင်ကြလိမ့်မယ်... ဒါပေမဲ့ အစ်ကိုကြီးနှစ်ကတော့ ဒီအိမ်တော်မှာ အရိပ်လို လူမျိုးပဲလေ... သူ့အပေါ် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ငါ့အတွက် ဘာဖိအားမှ မရှိဘူး... ငါ့စိတ်ကြိုက် ပြုမူလို့ရတယ်"
ဝေရော့သည် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
ဝေရော့သည် မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်များကို ရရှိထားသူဖြစ်သည့်အတွက် မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော နာကျင်မှုများကို ဆင်ခြင်တုံတရားဖြင့်ပင် မဖျောက်ဖျက်နိုင်ပေ။
ထို့ကြောင့် ယွမ်ရှီးနှင့် ဝေရိချန်တို့ သူမအပေါ် ကောင်းပြနေပေမဲ့လည်း ဝေရော့မှာ သူတို့ကို စိတ်ရင်းဖြင့် မဆက်ဆံနိုင်သေးပေ။
ဝေကျင်းယီမှာမူ မူရင်းဝတ္ထုထဲတွင်လည်း အရေးပါနေခြင်းမရှိသည့် ဇာတ်ကောင်ဖြစ်သည့်အပြင် သူမ၏ ဦးနှောက်ထဲတွင်လည်း အငြိုးအတေးမရှိသူတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။
နောက်တစ်နေ့ရောက်သောအခါ ဝေရော့သည် ကန်းစွန်းဥများ ခူးနေစဉ်တွင် ရှို့မေမှ အလောတကြီးဖြင့် ပြေးဝင်လာလေသည်။
"သခင်မလေး... အပြင်မှာ အိမ်တော်အစောင့်တွေနဲ့ ကျန့်ယုံအစ်ကိုကြီး ရန်ဖြစ်နေတယ်”
ကျန့်ယုံဆိုသည်မှာ ဝေရော့၏ အထိန်းတော်ဖြစ်သည့် အထိန်းတော်ရှု၏ သားပင် ဖြစ်သည်။
အထိန်းတော်ရှုသည် ဝေရော့ထံသို့ စာပေးပို့ရန် နှစ်ရက်ဆက်တိုက် ကြိုးစားခဲ့သော်လည်း အစောင့်များမှ မောင်းထုတ်ခဲ့သဖြင့် သူမ၏သားဖြစ်သူမှာ ဒေါသထွက်ကာ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဝေရော့သည် တံခါးဝသို့ ရောက်သောအခါ အသက် (၁၄) နှစ်အရွယ်ပင် ရှိသေးသည့် နေလောင်ထားသော အသားအရေနှင့် တောင်သူတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် ရှုကျန့်ယုံကို တွေ့လိုက်ရသည်။
ထိုသူသည် ဝေရော့ကို မြင်လိုက်ရသောအခါ ဝမ်းသာသွားသော်လည်း မိခင်ဖြစ်သူ၏ မှာကြားချက်ကို သတိရကာ စကားကို ထိန်းပြောနေလေသည်။
ထိုစဉ် ဝေရိချန်မှာလည်း တံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။
"သူက ငါ့ အထိန်းတော်ရဲ့ သားပါ" ဟု ဝေရော့က ပြောလိုက်သောအခါ ဝေရိချန်လည်း အခြေအနေကို နားလည်သွားလေသည်။
"မင်း သူ့ကို အခု တွေ့လို့မရသေးဘူး.. ဒါပေမဲ့ မင်းရဲ့ အထိန်းတော်ကို တွေ့ချင်ရင်တော့ ငါ စီစဉ်ပေးပါ့မယ်"
ဝေရိချန်သည် ဝေရော့ကို နားလည်အောင် ရှင်းပြလိုက်လေသည်။
ထို့နောက် သူသည် ကျန့်ယုံကို မနက်ဖြန်တွင် သူ့မိခင်အား လွှတ်လိုက်ရန် ပြောဆိုကာ လွှတ်ပေးလိုက်သည်။
"ဒီကိစ္စကို အမေ့ကိုလည်း သွားပြောပြလိုက်ဦး… အမေက မင်းရဲ့ အထိန်းတော်နဲ့ တွေ့တာကို တားမှာမဟုတ်ပေမဲ့ ကြိုတင်အသိပေးထားတာက ပိုကောင်းတယ်"
ဝေရိချန်သည် ဝေရော့ကို အကြံပေးလိုက်လေသည်။
ထို့ပြင် အမေဖြစ်သူနှင့် ရင်းနှီးမှု ပိုရရှိအောင် ကြိုးစားရန် တိုက်တွန်းလိုက်သော်လည်း ဝေရော့မှာတော့ "အခြေအနေ ကြည့်ရမှာပေါ့" ဟုသာ အေးစက်စွာ တုံ့ပြန်စကား ပြောခဲ့လေသည်။
နောက်တစ်နေ့တွင်အထိန်းတော်ရှု ရောက်လာသောအခါ ဝေရော့ကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ ငိုကြွေးတော့သည်။
"အထိန်းတော်ကြီး... ဘာလို့ ငိုနေတာလဲ.. ကျွန်မကို တွေ့ရတာ မပျော်ဘူးလား"
ဝေရော့သည်လည်း အထိန်းတော်ကို ပုဝါလေးကမ်းပေးလိုက်ကာ ပြောလိုက်လေသည်။
"ပျော်တာပေါ့ သမီးလေးရယ်.. ဟေးမိသားစုကလူတွေက ကျေးဇူးကန်းလိုက်တာ.. ဘာလို့ဆို သူတို့က သမီးလေးရဲ့ မိဘအရင်းတွေ မဟုတ်လို့ပဲ..အခုတော့ သမီးလေးက မိဘအရင်းတွေဆီ ပြန်ရောက်ပြီး သခင်မလေး ဖြစ်နေပြီဆိုတော့ အထိန်းတော်ကြီး အရမ်းဝမ်းသာတာပေါ့"
အထိန်းတော်ရှုသည် စိတ်လှုပ်ရှားစွာဖြင့် သူမနှင့်အတူ ယူဆောင်လာသည့် အထုပ်ကလေးကို ဖွင့်လိုက်ပြီး ထိုအထုတ်ကလေးထဲမှ သစ်သားသေတ္တာလေး တစ်လုံးကို ထုတ်လိုက်သည်။
ထိုသေတ္တာထဲတွင်တော့ သေသေချာချာ စီရီထားသော ငွေတုံးလေးများ ရှိနေလေသည်။
***