ထိုသေတ္တာလေးထဲတွင် ငွေဒင်္ဂါးပြား ငါးပြားနှင့် ငွေတုံးအသေးတစ်တုံးစီကို တစ်တန်းလျှင် ငါးတုံး၊ နှစ်တန်းစီ၍ အထပ်နှစ်ထပ်၊ စုစုပေါင်း ငွေတုံးအလေးချိန် ငွေပြားတစ်ရာတိတိ ရှိသည်။
"ဒါက ပြီးခဲ့တဲ့ ခြောက်လအတွင်း ဆိုင်ကရတဲ့ အမြတ်ငွေတွေပါ သခင်မလေး…သခင်မလေး အလိုရှိတဲ့အတိုင်း အကြွေတွေကို ငွေတုံးတွေအဖြစ် လဲလှယ်ခဲ့ပြီး အကြွင်းအကျန်တွေကိုတော့ စာရင်းထဲမှာပဲ အရင်မှတ်ထားပါတယ်"
ဝေရော့သည် ပေါ့ပါးသော ငွေစက္ကူများထက် လေးလံသော ငွေတုံးစစ်စစ်များကိုသာ ပိုကြိုက်နှစ်သက်သူဖြစ်သဖြင့် အထိန်းတော်ကြီး ရောက်လာသည့်အခါတိုင်း လေးလံသော ငွေသေတ္တာနှင့်အတူ ရောက်လာလေ့ရှိသည်။
ထိုအခါတွင် ငွေများယူလာသည့်အပြင် ပြီးခဲ့သည့် ခြောက်လစာ ဆိုင်စာရင်းဇယားများနှင့် မှိုခြောက်ခြင်းတောင်း တစ်တောင်းလည်း ပါလာလေသည်။
"ကျန့်ယုံက သခင်မလေး ဒီမှာ အစားအသောက် အဆင်မပြေမှာ စိုးလို့ သခင်မလေး ကြိုက်တတ်တဲ့ မှိုတွေကို ဝယ်ပြီး အခြောက်လှမ်းထားတာပါ...အချို့ကိုတော့ သခင်မလေး သင်ပေးထားတဲ့နည်းအတိုင်း ကြော်ပြီး အိုးထဲမှာ အလုံပိတ်ထည့်ပေးလိုက်ပါတယ်"
"အထိန်းတော်ရော၊ ဦးလေးရှုနဲ့ ကျန့်ယုံကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မကြောင့်နဲ့ ဒီလောက်ဝေးတဲ့လမ်းကို လာခဲ့ရတာ"
"မပင်ပန်းပါဘူး သမီးလေးရယ်"
အထိန်းတော်ရှုသည် ဝမ်းသာစွာဖြင့် ပြုံးပျော်လျက်ပင် ပြောလေသည်။
"အထိန်းတော်တို့က မပင်းပန်းပါဘူးကွယ်... လမ်းမှာ ရထားလုံးနဲ့လာတာပဲ...အလေးအပင်တွေဆိုရင်လည်း ကျန့်ယုံတို့သားအဖကပဲ အကုန်သယ်တာလေ...သမီးလေးကို ကူညီခွင့်ရတာက အထိန်းတော်တို့အတွက် အပျော်ဆုံးပဲ သမီးလေးသာ အကြံမပေးရင် အထိန်းတော်ကြီးတို့သားအဖလည်း ဒီလိုဘဝမျိုး ရောက်လာမှာ မဟုတ်ဘူး"
ထို့နောက် ဝေရော့လည်း ဆက်လက်ကာ မေးလေသည်။
"ဟွိုင်ပေ့မြို့က အစီအစဉ်တွေကော အဆင်ပြေရဲ့လား"
"စိတ်ချပါ သခင်မလေး...အဲဒီက ခြံဝင်းကို ဦးလေးချန်းကို အပ်ခဲ့ပါတယ် သူက အဲဒီမှာ နေလာတာ ကြာပြီဆိုတော့ အားကိုးရပါတယ်"
"ကျွန်မ မှာထားတဲ့ ပစ္စည်းတွေရော အကုန်ပါလား"
"ပါပါတယ်... ကန်စွန်းဥ သုံးကားအပြည့် ပါလာပါတယ်"
"ကောင်းပြီ... ဒါဆို နောက်ထပ်လုပ်ရမယ့် အစီအစဉ်ကို ပြောမယ်... မြို့မြောက်ဘက်က ရှောင်ယန်တောင်ကို ကျွန်မ သဘောကျတယ် အထိန်းတော်နဲ့ ဦးလေးရှု သွားညှိနှိုင်းကြည့်ပါ..ဈေးတည့်ရင် ဝယ်လိုက်ပြီး ကန်စွန်းဥစိုက်မယ်.ပြီးတော့ ဂျပန်ဓားပြတွေကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ တံငါသည်တွေနဲ့ လယ်သမားတွေကို စုံစမ်းပါ..စိတ်ရင်းကောင်းပြီး အလုပ်ကြိုးစားမယ့်သူဆိုရင် အငှားအလုပ်သမားအဖြစ် ခန့်လိုက်ပါ"
အထိန်းတော်ရှုသည် သဘောတူပြီး သူမတို့မိသားစု နေထိုင်ရန် အိမ်တစ်လုံးကိုလည်း မြို့ထဲတွင် ရှာဖွေရန်အတွက် ဝေရော့က မှာကြားလိုက်သည်။
အထိန်းတော်ရှုသည် ပြန်ထွက်ရန်ပြင်လိုက်ချိန်တွင် ဝေချင်းဝမ်၏ အဆောင်ဖြစ်သည့် ဝမ်မေယွမ်ရှေ့မှ ဖြတ်သွားရာ အထိန်းတော်လီသည် ဝေချင်းဝမ်ကို ကဲ့ရဲ့သည့်အနေအထားဖြင့် ပြောလိုက်လေသည်။
"ကြည့်ပါဦး သခင်မလေး... အခုလေးတင် ဖြတ်သွားတာ သခင်မလေးအစ်မတော်ရဲ့ အထိန်းတော်လေ မနေ့ကမှ သူ့သားက အိမ်ရှေ့မှာ လာရမ်းကားနေတာ တော်သေးတာပေါ့ သခင်လေးအစ်ကိုတော်က တားလိုက်လို့..မဟုတ်ရင် လူရယ်စရာ ဖြစ်တော့မှာ"
ဝေချင်းဝမ်မှာတော့ "ဘာမှမဖြစ်တာ တော်ပါသေးတယ်..." ဟုသာ တိုးတိုးလေး ရေရွတ်မိသည်။
အထိန်းတော်ရှုတို့ သားအဖသည် ယွဲ့ရင်းရွာမှ လူကြီးများနှင့် ညှိနှိုင်းကာ ငွေပြားတစ်ထောင်ဖြင့် ရှောင်ယန်တောင်ကို ဝယ်ယူရန် သဘောတူညီမှု ရခဲ့သည်။
ဤမျှလောက်သော ငွေပမာဏမှာ ဝေရော့ စုဆောင်းထားသမျှ၏ တစ်ဝက်ခန့် ရှိပြီး စွန့်စားမှုတစ်ခုပင် ဖြစ်သည်။
သို့ပေမဲ့လည်း ဝေရော့သည် တုံ့ဆိုင်းနေခြင်းမရှိကာ ဝယ်ယူရန်ပင် ဆုံးဖြတ်လိုက်လေသည်။
ကျန့်ယုံသည်လည်း မြို့ထဲတွင် အလုပ်လက်မဲ့ဖြစ်နေသော တံငါသည်အချို့ကို အလုပ်သမားအဖြစ် ခန့်အပ်ခဲ့သည်။
ထိုသူများသည် ကန်စွန်းဥ ဟုခေါ်ဆိုသော အသီးအနှံကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
ကျန့်ယုံတို့သားအဖသည်လည်း ထိုအသီးအနှံမှာ ဟွိုင်ပေ့မြို့တွင် များစွာအထွက်တိုးကြောင်းနှင့် ထိုအသီးအနှံ၏ မျိုးစေ့ကို နိုင်ငံခြားသေင်္ဘာကြီးတစ်စီးပေါ်မှ ရရှိကြောင်းရှင်းပြလိုက်ပြီး သူတို့ကိုယ်တိုင် ဦးစီးကာ စိုက်ပျိုးလေသည်။
ကန်စွန်းဥစိုက်ပျိုးခြင်းမှာ စပါးစိုက်ခြင်းထက် လူအင်အားများများဖြင့် စိုက်ပျိုးသည့်အတွက် အလုပ်သမားများမှာလည်း စိတ်သက်သာရာ ရသွားကြသည်။
တစ်ချိန်တည်းမှာပင် အထိန်းတော်ရှုသည် အိမ်တော်နှင့် မနီးမဝေးတွင် အိမ်တစ်လုံးဝယ်ယူကာ အခြေချပြီး မြေစာချုပ်များကို ဝေရော့ထံသို့ လာရောက်အပ်နှံကြလေသည်။
ထို့အပြင် ဝေရော့သည်လည်း အထိန်းတော်ရှုကို တာဝန်တစ်ခု ထပ်မံကာ ပေးလိုက်လေသည်။
"အထိန်းတော်ကြီး... မြို့တောင်ဘက်က မြေရိုင်းတွေအကြောင်းလည်း စုံစမ်းပေးပါဦး... အဲဒီဘက်က ဂျပန်ဓားပြရန်ကနေလည်း ဘေးကင်းတယ်လို့ ကြားတယ်"
"မြို့တောင်ဘက်က မြေရိုင်းတွေလား.. အဲဒီမြေတွေက ဆားငန်မြေတွေမို့ ဘာစိုက်စိုက် သေကုန်မှာနော် သခင်မလေး"
"သိပါတယ်...ဒါကြောင့်ပဲ မြေရိုင်းဖြစ်နေတာပေါ့... ဒါပေမဲ့ အဲဒီမြေတွေကို ရတနာအဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်း ကျွန်မမှာ ရှိကောင်းရှိနိုင်တယ်...အဲဒီဆားငန်မြေမှာ သီးနှံစိုက်လို့ရရင် မြေဝယ်စရိတ်လည်းသက်သာမယ် အလုပ်သမားတွေလည်း ပိုခန့်နိုင်မယ်...ရှင်းဆန်ခရိုင်ရဲ့ စားနပ်ရိက္ခာ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်လိမ့်မယ်"
အထိန်းတော်ရှုသည် ဆားငန်မြေတွင် သီးနှံစိုက်မည်ဆိုသည်မှာ မဖြစ်နိုင်ဟု ထင်သော်လည်း ဝေရော့ကိုမူ အကြွင်းမဲ့ ယုံကြည်သည်။
အကြောင်းအရင်းမှာ လွန်ခဲ့သော နှစ်များအတွင်း သခင်မလေးသည် မဖြစ်နိုင်သောအရာများစွာကို ဖြစ်နိုင်အောင် လုပ်ပြခဲ့သောကြောင့်ပင် ဖြစ်သည်။
***