ဝေရော့နှင့် သူမ၏အထိန်းတော် အတွေ့များသည်ကို မိခင်ဖြစ်သူ ယွမ်ရှီးမှ ခေါ်ယူကာပင် သတိပေးစကား ဆိုလာလေသည်။
"ရော့အာ... သမီးနဲ့အထိန်းတော်ကြီး သံယောဇဉ်ကြီးတာ ကောင်းတဲ့အချက်ဆိုပေမယ့် သတိတော့ထားရ မယ်နော်..ထိန်းတော်ကြီးက အိမ်တော်ကို ခဏခဏလာနေရင် သမီးရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူး"
"နားလည်ပါပြီ အမေ..ကျွန်မ သတိထားပါ့မယ်"
ဝေရော့သည်လည်း ငြင်းခုန်ခြင်းပြုမနေတော့ကာ အမြန်ပင် ပြန်ဖြေလိုက်လေသည်။
အကြောင်းမှာ ထိုကဲ့သို့ဖြစ်လာမည်ကို သူမ ကြိုတင်ခန့်မှန်းထားခြင်းကြောင့်ဖြစ်သည်။
နန်းတွင်းအရာရှိကတော်တစ်ဦးအနေဖြင့် ယခင်အထိန်းတော်နှင့် တစ်နေကုန် နီးနီးကပ်ကပ် ဆက်ဆံနေခြင်းမှာ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
ကံကောင်းသည်မှာ ခိုစာပို့စနစ်ကို ကောင်းကောင်းအသုံးချနိုင်သည့်အတွက် အထိန်းတော်ရှုလည်း လာစရာမလိုကာ ခိုစာပို့ခြင်းဖြင့်သာ ဆက်သွယ်နေခြင်းဖြစ်သည်။
ယွမ်ရှီးသည်လည်း ဝေရော့ဖြေလိုက်သည်ကို ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောတော့သည်။
"ရော့အာ... ဒီရက်ပိုင်း စစ်မက်ရေးရာတွေက တင်းမာနေတယ်..ခရိုင်ဝန်ကတော်က ကတော်တွေ သခင်မလေးတွေအားလုံးကို စုစည်းပြီး မနက်ဖြန် မြို့မြောက်ဘက်က ဟွာဖဘုရားကျောင်းမှာ စစ်သည်တွေအတွက် ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားတယ်..သမီးလည်း အမေနဲ့အတူ လိုက်ခဲ့ရမယ်နော်"
"မဖြစ်မနေ သွားရမှာလားဟင်..မသွားလို့ မရဘူးလား" ဟု ဝေရော့က မေးလေသည်။
"သမီးက အပြင်ထွက်ရတာ ဝါသနာပါတာမဟုတ်ဘူးလား..ဘာလို့ မသွားချင်ရတာလဲ"
"အပြင်ထွက်တာ ဝါသနာပါပေမယ့် လူမှုရေးပွဲတွေ သွားရတာကိုတော့ မကြိုက်ဘူး..အဲဒီလိုနေရာမျိုးမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာကိုလည်း ကျွန်မ ကျွမ်းကျင်တာမဟုတ်ဘူး"
ဝေရော့သည်လည်း သူမစိတ်ထဲတွင်ရှိသော အကြောင်းအရာကို ကွယ်ဝှက်မနေပဲ ပြောပြလိုက်လေသည်။
ကတော်တွေ သခင်မလေးတွေ အုပ်စုကြီးကြားထဲမှာ ဟန်ဆောင်ပန်ဆောင် ဆက်ဆံရမည်ကို တွေးကြည့်ရုံနှင့်ပင် သူမ ပင်ပန်းနေပြီ ဖြစ်သည်။
ထိုသို့ဝေရော့ ဖြေလိုက်ခြင်းကြောင့် ယွမ်ရှီးလည်း လေးလေးနက်နက် ရှင်းပြလိုက်တော့သည်။
"ရော့အာ... သမီးက အရင်လို မဟုတ်တော့ဘူး..ဒီလို လူမှုဆက်ဆံရေးတွေက မရှိမဖြစ် လိုအပ်တယ်..နောက်ပြီး အမေက ခရိုင်ဝန်ကတော်ကို သမီးဝမ်ဝမ်လိုပဲ ခရိုင်ဝန်အိမ်တော်မှာ ပညာသင်ဖို့ ခေါ်သွားချင်တဲ့အကြောင်း ပြောထားတယ်..အဲဒါကြောင့် ခရိုင်ဝန်ကတော်က သမီးကို လူချင်းတွေ့ပြီး သမီးက ဘယ်လိုလူမျိုးလဲဆိုတာ သိအောင် သမီးအပေါ် သံသယတွေ ကင်းစင်အောင် လိုက်ခဲ့ရမှာနော်"
ယွမ်ရှီးသည် မည်သို့မည်ပုံကို အတိအကျမပြောသော်လည်း ဝေရော့သည် တစ်ခုခုဆိုလိုနေခြင်းကို သိနေသည်။
အကြောင်းမှာ သူမသည် တောမှတက်လာသောသူဖြစ်သည့်အတွက် အခြားသခင်မလေးများကဲ့သို့ စာပေတတ်မြောက်မှု မရှိမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“တကယ်လား... ကျွန်မ အမှားအယွင်းလုပ်မိမှာကို အမေ မကြောက်ဘူးလား" ဟု ဝေရော့က မေးလိုက်သည်။
"သမီး ဒီရက်ပိုင်း ပြုမူနေထိုင်တာတွေက အရမ်းကောင်းပါတယ်.. စာပေမှာ မနှံ့စပ်သေးပေမယ့် တော်တော်လေး လိမ္မာနေပါပြီ.. အမေကတော့ အရမ်းကျေနပ်တယ်.. သတိထားရမှာ တစ်ခုပဲရှိတယ်... သမီးနဲ့ ဝမ်ဝမ် ငယ်ငယ်က ကလေးချင်းမှားခဲ့တဲ့ကိစ္စကို အပြင်လူတွေကို လုံးဝမပြောပါနဲ့ သမီးက ကျန်းမာရေးမကောင်းလို့ တောမှာ သွားနားနေခဲ့တာ အခုမှ မိဘတွေဆီ ပြန်လာတာလို့ပဲ ပြောပါ ဒါက သမီးအတွက်ရော ဝမ်ဝမ်အတွက်ပါ ကောင်းလိမ့်မယ်"
"ဒါဆို... တကယ်ပဲ သွားရတော့မှာပေါ့"
"သွားရမှာပဲ"
ယွမ်ရှီးသည် သဘောထား တင်းမာလာတော့သည်။
"ရော့အာ... လိမ္မာစမ်းပါ.. ဒီလိုကိစ္စမျိုးတွေကို အနှေးနဲ့အမြန် သမီး ကျင့်သားရအောင် လုပ်ရမယ်"
ဝေရော့လည်း သက်ပြင်းချလိုက်ပြီး မတတ်သာသည့်အဆုံးတွင်တော့ လက်ခံလိုက်ရသည်။
"သိပါပြီရှင်"
မူရင်းဝတ္ထုထဲတွင်မူ ယွမ်ရှီးသည် ဝေရော့ကို ခေါ်သွားချင်ခြင်း အလျဉ်းမရှိပေ။
မူရင်းဝေရော့သည် သွားချင်လွန်း၍ ပူဆာလွန်းသည့်အတွက်သာ ခေါ်သွားခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် အခြေအနေများမှာ ပြောင်းပြန်အနေအထားသို့ ရောက်နေခြင်း ဖြစ်သည်။
သူမသည် မသွားချင်သော်လည်း ယွမ်ရှီးမှ အတင်းခေါ်နေခြင်း ဖြစ်သည်။
ဝေရော့သည် စဉ်းစားကြည့်ရင်းဖြင့်ပင် ရယ်ချင်လာလေသည်။
ဘာလို့မူရင်းဝတ္ထုအတိုင်းဖြစ်မနေသည်ကို နားမလည်ပေ။
မူရင်းဝတ္ထုထဲတွင် ဤဆုတောင်းပွဲခရီးစဉ်သည် ဒရာမာအကြီးကြီး တစ်ခုဖြစ်သည်။
ပထမအချက်တွင် ဝေရော့သည် ထိုဆုတောင်းပွဲတွင် အမှားအယွင်းအကြီးကြီးတစ်ခု လုပ်လိုက်သည့်အတွက် ယွမ်ရှီးလည်း အရှက်ကွဲခဲ့ရသည်။
ဒုတိယအချက်တွင် ဇတ်လိုက်မင်းသမီးဖြစ်သူ ဝေချင်ဝမ်းသည် ဇာတ်လိုက်မင်းသားဖြစ်သူနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။
ဝေရော့သည် အဆောင်ကို ပြန်ရောက်သောအခါတွင် ရှို့မေကို မှာကြားလိုက်လေသည်။
"ရှို့မေ... ငါတို့ယူလာတဲ့ အထုပ်တွေထဲမှာ ကန်စွန်းဥခြောက်နဲ့ ကန်စွန်းဥကြော်တွေ ပါလား ရှာကြည့်စမ်း"
ရှို့မေသည် အထုတ်လေးနှစ်ထုပ်ကို ယူလာကာ မေးလိုက်လေသည်။
"သခင်မလေး ဗိုက်ဆာလို့လား"
"မဟုတ်ပါဘူး..မနက်ဖြန် အမေနဲ့အတူ ဘုရားကျောင်းသွားရမှာမို့ အဲဒါလေးတွေ ယူသွားမလို့လေ ကျောပိုးအိတ်လှလှလေး နှစ်အိတ်လောက် ရှာပေးပါဦး"
"လမ်းမှာ ဗိုက်ဆာမှာ စိုးလို့လားဟင်"ဟု ရှို့မေက သိချင်စိတ်ဖြင့် မေးသည်။
"မဟုတ်ဘူး... ငါ့မှာ တခြားအစီအစဉ် ရှိတယ်"
ဝေရော့သည် လျှို့ဝှက်သည့် အခြေအနေဖြင့် ပြန်ဖြေလိုက်သည်။
အပြင်ထွက်ရသည်ကို ရှောင်မရသည့်အတွက် ထိုသို့အပြင်ထွက်ရခြင်းမှ တစ်ခုခုပြန်ရရမည် ဟု တွေးနေခြင်းဖြစ်သည်။
ဝမ်မေယွမ်တွင်ရှိနေသော ဝေချင်းဝမ်သည်လည်း ဝေရော့ဘုရားကျောင်းသို့လိုက်မည်ကို ကြားသိသွားသည်။
"အမေက တကယ်ပဲ အစ်မကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာလား" ဟု ဝေချင်းဝမ်က အထိန်းတော်လီကို မေးသည်။
"ဟုတ်ပါတယ် သခင်မလေး.. သခင်မကြီးက အစ်မဖြစ်သူက အနှေးနဲ့အမြန် အပြင်ထွက်ရမှာပဲ မနက်ဖြန်က အချိန်ကောင်းပဲလို့ ပြောပါတယ်"
"မြန်လှချည်လား..."
ဝေချင်းဝမ်သည် ခေါင်းငုံ့လျက်အနေအထား ဖြစ်သွားလေသည်။
အမေကိုယ်တိုင် ဝေရော့ကို ခေါ်သွားရန်အတွက် ဆုံးဖြတ်လိုက်ခြင်းသည် ဝေရော့ကို သခင်မလေးအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့ သခင်မလေး..ဒါက အစ်မဖြစ်သူအတွက် ကောင်းတဲ့အချက် ဖြစ်ချင်မှဖြစ်မှာပါ.. ကတော်တွေအများကြီးရှေ့မှာ သူသာ အမှားလုပ်မိရင် ရှင်းဆန်ခရိုင်တစ်ခုလုံးရဲ့ ရယ်စရာ ဖြစ်သွားမှာပေါ့"
အထိန်းတော်လီသည် ဝေချင်းဝမ်ကို နှစ်သိမ့်စကားဆိုလိုက်သည်။
"ကျွန်မကတော့ အစ်မကို အမှားလုပ်စေချင်တာ မဟုတ်ပါဘူး ဒါပေမဲ့..."
ဝေချင်းဝမ်မှာ တီးတိုးကာဖြင့် ရေရွတ်လိုက်လေသည်။
နောက်တစ်နေ့ရောက်သောအခါတွင် ဝေရော့သည် ယွမ်ရှီး၏ တိုက်တွန်းချက်ကြောင့် အဝတ်အစားများ သေချာပြင်ဆင်ပြီး ဝတ်ဆင်လိုက်လေသည်။
ထို့အပြင် ဝေရော့သည် အဝါနုရောင် ရင်စေ့အင်္ကျီလေး အစိမ်းနုရောင် အပေါ်ဝတ်နှင့် အစိမ်းရင့်ရောင် စကတ်ကို ဝတ်ဆင်ထားသည်။
ဆံပင်ကိုလည်း ယခုခေတ်စားနေသော ဆံထုံးပုံစံဖြင့် ထုံးထားသည်ကို ကြည့်ရသည်မှာ လန်းဆန်းတက်ကြွကာ နေတော့သည်။
ဝေအိမ်တော်ရောက်ပြီးချိန်မှစ၍ ဝေရော့ ယခုကဲ့သို့ ဝတ်စားဆင်ယင်ခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ယွမ်ရှီးသည် ဝေရော့ပြင်ဆင်ထားသည်ကို ကြည့်ကာ ကျေနပ်စွာဖြင့် ပြုံးလျက် ပြောလိုက်လေသည်။
"ရော့အာ... သမီး ဝတ်ထားတာ တကယ်လှတယ်"
ထို့နောက် ယွမ်ရှီးသည် ဝေရော့လက်ထဲတွင် ကိုင်ထားသော အစားအသောက်သေတ္တာကို တွေ့လိုက်ရသည့်အတွက် မေးလိုက်လေသည်။
"ရော့အာ... အဲဒါ ဘာသယ်လာတာလဲ"
***