"ဗိုက်ဆာမှာစိုးလို့ စားစရာလေး နည်းနည်းပါးပါး ယူလာတာပါ" ဟု ဝေရော့က ပြန်ဖြေသည်။
ထိုစကားကိုကြားလိုက်ရသောကြောင့် ယွမ်ရှီးလည်း အနည်းငယ်မျက်မှောင်ကြုတ်ကာဖြင့် ပြောလိုက်သည်။
“ရော့အာ... ဒီနေ့ ဟွာဖဘုရားကျောင်းမှာ ဆုတောင်းပြီးရင် ကျောင်းတိုက်က ကျွေးတဲ့ သက်သတ်လွတ်ကို စားကြမှာဆိုတော့ ဗိုက်ဆာမှာ မဟုတ်ပါဘူး"
"ဒါက သရေစာသဘောမျိုးပါ အဓိက ထမင်းနပ်ကို မထိခိုက်ပါဘူး တခြားအိမ်က သခင်မလေးတွေ ဗိုက်ဆာနေရင်လည်း ဝေမျှပေးလို့ ရတာပေါ့"
ဝေရော့၏ ရှင်းပြမှုနှင့် သူမ ပြင်ဆင်လာသော စားသောက်ကုန်သေတ္တာမှာ အလွန်လှပသေသပ်နေသည်ကို မြင်ရသဖြင့် ယွမ်ရှီးအနေဖြင့်လည်း ဆက်တားနိုင်ခြင်း မရှိတော့ပေ။
တောင်ပေါ်တက်သည့်အခါတွင်တော့ ထိုသေတ္တာကို အစေခံမလေး ချွေဖိန် လက်ထဲသို့ အပ်ထားရန်သာ မှာကြားလိုက်သည်။
ထိုခရီးစဉ်တွင် လူဦးရေလျှော့ချရန်အတွက် ရထားလုံးမောင်းသူနှင့် အစောင့်များအပြင် ယွမ်ရှီးသည် ချွေဖိန်တစ်ယောက်တည်းကိုသာ ခေါ်လာခဲ့ပြီး ဝေရော့နှင့် ဝေချင်းဝမ်တို့မှာ အစေခံမပါဘဲ လိုက်ပါလာကြခြင်း ဖြစ်သည်။
ဝေချင်းဝမ်သည်လည်း အိမ်ရှေ့သို့ ရောက်လာပြီး သေချာစွာ ဝတ်စားဆင်ယင်ထားသည့် ဝေရော့ကို မြင်လိုက်ရသဖြင့် အံ့ဩသွားကာ ချက်ချင်းပင် မျက်နှာလွှဲလိုက်သည်။
ဝေရော့မှာတော့ သူမကို ဂရုစိုက်နိုင်ခြင်းမရှိပေ။
သူမ၏ စိတ်ထဲတွင် အသီးအနှံစိုက်ပျိုးရန်နှင့် ငွေရှာရန်သာ အာရုံရှိနေသောကြောင့် ငေးငိုင်၍သာ လိုက်ပါလာလေသည်။
ယွမ်ရှီးသည် ဝေချင်းဝမ်ကို လှည့်ကြည့်ကာ "ဝမ်ဝမ်... ဒီနေ့ ဟွာဖဘုရားကျောင်းကို ခြေကျင်တက်ပြီး ဆုတောင်းရမှာဆိုတော့ သမီးရဲ့ ကျန်းမာရေးက ခံနိုင်ပါ့မလားလို့ အမေ စိုးရိမ်မိတယ်" ဟု ဆိုသည်။
"အမေ စိတ်မပူပါနဲ့..ကျွန်မ အဆုံးထိ လျှောက်နိုင်သည်ဖြစ်စေ၊ မလျှောက်နိုင်သည်ဖြစ်စေ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ဖေဖေနဲ့ စစ်သည်တော်တွေ ဂျပန်ဓားပြတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ဖို့နဲ့ ဘေးကင်းဖို့အတွက် ကျွန်မ ခြေလှမ်းတိုင်းမှာ ဆုတောင်းပေးချင်လို့ပါ"
ဝေချင်းဝမ်၏ လိမ္မာပါးနပ်သော စကားကြောင့် ယွမ်ရှီးမှာ ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။
သူမ၏သမီးမှာ ပညာတတ်ရုံသာမက မိဘပေါ်တွင်လည်း အလွန်သိတတ်သောကြောင့် အပြစ်ပြောစရာပင် မရှိချေ။
ကတော်များကြားတွင်လည်း ဝမ်ဝမ်သည် အမြဲတမ်း ချီးကျူးခံရဆုံးသူ ဖြစ်ခဲ့သည်။
သို့ပေမဲ့လည်း ယနေ့တွင်တော့ အခြေအနေသည် အနည်းငယ်မျှ ထူးခြားသွားနိုင်သည်။
ယွမ်ရှီးသည် ပြတင်းပေါက်မှာ ငေးငိုင်ကြည့်နေသော ဝေရော့ကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။
ဝေရော့ကို ဝမ်ဝမ်ကဲ့သို့ ချီးကျူးခြင်းမခံရလျှင်တောင်မှ အကဲ့ရဲ့တော့ မခံရစေချင်ခြင်းမှာ အမှန်ပင်ဖြစ်သည်။
မြို့မြောက်ဘက်ရှိ ရှန်းမူတောင် ခြေရင်းသို့ ရောက်သောအခါ ခရိုင်ဝန်ကတော်၊ လက်ထောက်ခရိုင်ဝန်ကတော်နှင့် အခြားမိသားစုဝင်များ အားလုံး ရောက်ရှိနေကြပြီဖြစ်သည်။
ဝေအိမ်တော်မှ မိသားစုဝင်များ ရောက်လာသည်ကို လူအားလုံး၏ အကြည့်များ စုပြုံရောက်လာလေသည်။
ဝေအိမ်တော်တွင် သမီးတစ်ဦး အသစ်ရောက်လာသည်ဟူသော သတင်းမှာ ပြန့်နှံ့နေသဖြင့် ဝေရော့ကို စပ်စုချင်နေကြခြင်း ဖြစ်သည်။
ဝေရော့သည် ထိုအကြည့်များကို ရှောင်ရှားလိုက်ခြင်းမရှိပဲ အေးဆေးစွာပင် ရင်ဆိုင်လိုက်သည်။
ဝေရော့ကို ကြည့်နေသော ကတော်များနှင့် သခင်မလေးများမှာ အံ့သြသွားကြသည်။
အကြောင်းမှာ ဝေရော့၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် နူးညံ့ချောမွေ့သော အသားအရေမှာ အဆောင်ထဲတွင်သာ နေထိုင်ကြီးပြင်းလာသည့် သခင်မလေးများနှင့်မခြား လှပနေခြင်းကြောင့် ဖြစ်သည်။
ဝေအိမ်တော်မှ ဝေရော့ကို တောထဲတွင် ကြီးပျင်းလာသည်ဟု မပြောလျှင် မည်သူမှ သိမည်မဟုတ်ပေ။
ခရိုင်ဝန်ကတော် ချန် သည် သူမ၏သမီး ချန်ချိုက်ဆန် နှင့်အတူ ယွမ်ရှီးကို လာရောက်နှုတ်ဆက်သည်။
"ကတော်ဝေ... ရှင့်မှာ ဒီလောက်လှတဲ့ သမီးနှစ်ယောက်ရှိတာ တကယ်ကို အားကျစရာပဲ တခြားသူတွေအတွက် နေရာတောင် ကျန်ပါဦးမလား"
ယွမ်ရှီးသည် ရယ်မောရင်းဖြင့်ပင် ပြန်လည်ကာ နှုတ်ဆက်လိုက်ပြီး သမီးချင်း ချီးမွမ်းခန်း ဖွင့်ကြလေသည်။
ထိုစဉ် မြို့မြောက်ဘက်မှ နာမည်ကြီး ပညာတတ်မိသားစုဖြစ်သော ရှဲ့ မိသားစု ရောက်ရှိလာသည်။
ရှဲ့မိသားစုသည် လွန်ခဲ့သော နှစ် ၂၀ အတွင်း အမြင့်ဆုံးစာမေးပွဲအောင်မြင်သူ 'ကျင်းရှီ' ထွက်ပေါ်ခဲ့သည့် ဂုဏ်သရေရှိသော မိသားစုဖြစ်သည်။
ရှဲ့ကတော်နှင့် သူမ၏သမီး ရှဲ့ရင်း တို့သည် ရထားလုံးပေါ်မှ ဆင်းလာကြသည်။
အခြားသခင်မလေးများနှင့် မတူဘဲ ရှဲ့ရင်းသည် ရထားလုံးပေါ်မှ ခုန်းဆင်းလိုက်ခြင်းသမှာ ရဲရင့်ပြတ်သားမှုကို ပြသခြင်းဖြစ်သဖြင့် ထူးခြားနေခြင်းဖြစ်သည်။
ရှဲ့ကတော်သည် ယွမ်ရှီးနှင့် ခရိုင်ဝန်ကတော်ကို နှုတ်ဆက်နေရင်းဖြင့်ပင် ဝေရော့ကို သတိပြုမိသွားသည်။
"ဝေမိသားစုရဲ့ သခင်မလေးက တကယ့်ကို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတာပဲ..ကတော်ဝေနဲ့ တူလိုက်တာ" ဟု ချီးကျူးလိုက်သည်။
***