ယွမ်ရှီးသည် ထိုစကားကြောင့် ဝမ်းသာသွားပြီး ပြုံးရယ်ကာဖြင့် ပြန်လည်ကာ ဖြေကြားလိုက်လေသည်။
"ရှဲ့ကတော်ကလည်း မြှောက်လွန်းနေပါပြီ ဒီကလေးက လွန်ခဲ့တဲ့နှစ်တွေမှာ တော်တော်လေး ဒုက္ခခံခဲ့ရတာပါ သူ့ကို ထူးချွန်ထက်မြက်ဖို့ မတောင်းဆိုပါဘူး နောင်အနာဂတ်မှာ အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် နေထိုင်သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"
လူစုံပြီဖြစ်၍ ခရိုင်ဝန်ကတော်သည် ခရီးစဉ်စတင်ကြောင်း ကြေညာသည်။
တောင်ပေါ်တက်သည့် အစီအစဉ်ရေးဆွဲမှုမှာလည်း အလွန်အဆင့်အတန်းရှိပြီး စနစ်ကျလှသည်။
ရှဲ့ကတော်နှင့် သူမ၏သမီး ရှဲ့ရင်းက ရှေ့ဆုံးမှနေကာ ထို့နောက်တွင်တော့ ယွမ်ရှီး၊ ဝေရော့နှင့် ဝေချင်းဝမ်၊ ၎င်းနောက်မှ ခရိုင်ဝန်ကတော်နှင့် သမီး၊ ထို့နောက်မှ အခြားအရာရှိကတော်များနှင့် ရှင်းဆန်ခရိုင်ရှိ ဂုဏ်သရေရှိ မိသားစုဝင်များ လိုက်ပါကြသည်။
အမျိုးသမီးများထဲတွင် ခင်ပွန်းဖြစ်သူ၏ ရာထူးအရအားဖြင့်ဆိုလျှင် ယွမ်ရှီးသည် အမြင့်ဆုံးဖြစ်သည်။
ခရိုင်ဝန်မှာ အဆင့် (၇) ရှိပြီး ဝေမင်ထင်မှာ အဆင့် (၆) ရှိသောကြောင့် ဖြစ်သည်။
သို့သော် ဝေမင်ထင်၏ လက်ရှိအခြေအနေကို အားလုံးသိထားကြသည့်အပြင် ရှဲ့မိသားစုမှာလည်း နာမည်ကြီးနေချိန်ဖြစ်သဖြင့် ရှဲ့ကတော်က ရှေ့ဆုံးမှ ဦးဆောင်ခြင်းဖြစ်သည်။
ယနေ့ခရီးစဉ်မှာ ဆုတောင်းပွဲဖြစ်သောကြောင့် စိတ်ရင်းစေတနာသည်သာလျှင် အဓိကဖြစ်သည်ဟု ခရိုင်ဝန်ကတော်မှနေ၍ အကြံပြုထားသဖြင့် အားလုံးသည် တောင်ခြေမှ ဘုရားကျောင်းအထိ လှေကားထစ် ၉၉၉ ထစ်ကို ခြေကျင်တက်ကြရလေသည်။
ဝေရော့သည်လည်း ယွမ်ရှီးနောက်မှ မနှေးမမြန် လိုက်ပါခဲ့ပြီး သူမသည် အထူးတလည် ထင်ပေါ်ခြင်း၊ ပြဿနာရှာခြင်း မရှိစေရန် အတတ်နိုင်ဆုံး သာမန်အတိုင်းသာ နေနေသည်။
အမြန်ဆုံးလျှောက်သူမှာ ရှဲ့ရင်းဖြစ်ပြီး အခြားသူများထက် ခြေလှမ်း ၂၀၊ ၃၀ ခန့် ရှေ့ရောက်နေသဖြင့် ရှဲ့ကတော်ပင် လှမ်းအော်နေရသည်။
မိနစ် ၃၀ ကျော်ခန့် နားလိုက်လျှောက်လိုက်ဖြင့် နောက်ဆုံးတွင် အားလုံးမှာ ဟွာဖဘုရားကျောင်းတံခါးဝသို့ ရောက်ရှိသွားကြသည်။
ကျောင်းထိုင်ဆရာတော်နှင့် တပည့်များသည် တံခါးဝတွင် စောင့်ကြိုနေကြပြီး ယနေ့တွင် မည်သည့်ဘုရားဖူးမှ လက်ခံထားခြင်းမရှိသည့်အတွက် ဘုရားကျောင်းမှာ တိတ်ဆိတ်လွန်းလှသည်။
အဓိကနေရာဖြစ်သည့် သိမ်တော်ထဲတွင် အမွှေးတိုင်ထွန်း ဆုတောင်းပြီးနောက် တရားနာရင်းနှင့်ပင် မွန်းတည့်ချိန်သို့ ရောက်လာသည်။
အားလုံးသည် ဆွမ်းစားဆောင်တွင် ထိုင်နေကြရင်း ဘုရားကျောင်းမှ တည်ခင်းသော လက်ဖက်ရည်ကို သောက်ကြသည်။
လှေကားထစ် ၉၉၉ ထစ် တက်ခဲ့ရသဖြင့် အားလုံးသည်လည်း ပင်ပန်းကာ ဗိုက်ဆာနေကြပြီဖြစ်သည်။
သို့သော် ဘရားကျောင်း၏ စည်းကမ်းအရ မွန်းတည့်ချိန်တွင်သာ ထမင်းစားရသဖြင့် အားလုံးသည်လည်း စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဝေရော့သည် သူမပြင်ဆင်လာသော ကန်စွန်းဥခြောက်များကို ထုတ်ကာ အားလုံးကို မြည်းစမ်းရန် ဝေငှလိုက်သည်။
သူမ ထုတ်လိုက်သော အရာကို မမြင်ဖူးသည့် ကတော်များနှင့် သခင်မလေးများမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။
ယွမ်ရှီးမှာလည်း ဝေရော့ ယူလာသည်မှာ သာမန်မုန့်များဟု ထင်ထားခဲ့သော်လည်း အခုလို လူတိုင်းမသိသော အရာကို ထုတ်ပြလိုက်သဖြင့် စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ် ဖြစ်နေရသည်။
"ဝေမိသားစုက သခင်မလေး... ဒါက ဘာလဲဟင်"ဟု ခရိုင်ဝန်ကတော်က ပထမဆုံး မေးမြန်းသည်။
"ဒါကို ကန်စွန်းဥခြောက် လို့ ခေါ်ပါတယ်..ကန်စွန်းဥဆိုတဲ့ အပင်ကနေ လုပ်ထားတာပါ"
ဝေရော့သည် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
"ဒါက သီးနှံအသစ်ပါ..နန်းယန်ဘက်က လာတဲ့ ကုန်သည်သင်္ဘောတစ်စီးကနေ ရောက်လာတာဖြစ်ပြီး ဟူကျိုးနယ်ဘက်မှာတော့ လယ်သမားတွေ စတင်စိုက်ပျိုးနေကြပါပြီ"
ဝေရော့သည် ပထမဦးစွာ တစ်ခုယူစားပြလိုက်မှ ခရိုင်ဝန်ကတော်လည်း စတင်မြည်းစမ်းကြည့်တော့သည်။
ကန်စွန်းဥခြောက်မှာ ပါးလွှာကာ ပျော့ပျောင်းပြီး ချိုမြိန်လှသည်။
အခြားသူများလည်း စတင်စားကြည့်ကြရာ "အရသာ တကယ်ကောင်းတာပဲ" ဟု ချီးကျူးကြတော့သည်။
"ကန်စွန်းဥနဲ့ လုပ်ထားတဲ့ တခြားမုန့်တစ်ခုလည်း ရှိသေးတယ်..မြည်းကြည့်ကြပါဦး"
ဝေရော့က နောက်ထပ် အိတ်တစ်အိတ်ကို ထပ်မံကာ ထုတ်လိုက်သည်။
၎င်းမှာ ကန်စွန်းဥကြော် ဖြစ်သည်။
ကန်စွန်းဥကို ပေါင်းလိုက်ကာ ထောင်းလိုက်ပြီး နှမ်းများနှင့် ရောကာ ပါးပါးလှီးပြီး အခြောက်လှမ်းထားခြင်းဖြစ်သည်။
ရှေ့ကတစ်ခုမှာ ပျော့ပျောင်းချိုမြိန်သော်လည်း ယခုတစ်ခုမှာမူ ကြွပ်ရွမွှေးကြိုင်လှသည်။
"ဒါကို ပိုကြိုက်တယ်၊ မွှေးပြီး ကြွပ်နေတာပဲ"
အမြဲတမ်း တိတ်တဆိတ် နေတတ်သော ရှဲ့ရင်းထံမှ ရုတ်တရက် စကားဆိုလိုက်ကာ သူမ၏ အကြိုက်ကို ပြောလေသည်။
ရှဲ့ကတော်မှလည်း "ငါ့သမီးက အစားအသောက်ဆို ဇီဇာကြောင်တတ်တာ၊ ဝေရော့ရဲ့ ကန်စွန်းဥကြော်ကတော့ သူ့အကြိုက်နဲ့ တည့်သွားပုံပဲ" ဟု ပြုံးလျက် ဆိုသည်။
အားလုံး၏ ချီးကျူးထောက်ခံမှုမှာ ဝေရော့ လိုချင်သော ရလဒ်ပင် ဖြစ်သည်။
သူမ စိုက်ပျိုးထားသော ကန်စွန်းဥများ ရင့်မှည့်လာချိန်တွင် ဒေသအတွင်းပြန်လည်ကာ ရောင်းချရန် ယခုကဲ့သို့ ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်သည်။
ရှင်းဆန်ခရိုင်ရှိ အထက်တန်းလွှာ ကတော်များမှ ယင်းအသီးအနှံကို အသိအမှတ်ပြုလိုက်ပြီဆိုလျှင် သူမ၏ ကန်စွန်းဥများမှာ ရောင်းမလောက် ဖြစ်တော့မည်မှာ အမှန်ပင်ဖြစ်သည်။
ယွမ်ရှီးမှာလည်း အားလုံး၏ ချီးကျူးသံကြောင့် စိတ်အေးသွားရသည်။
ဝေချင်းဝမ်ကတော့ ရင်ထဲတွင် တစ်ဆို့သကဲ့သို့ ခံစားရကာ အသက်ရှူပင် ကျပ်မတက် ခံစားနေရလေသည်။
ထမင်းစားပြီးနောက်တွင် ကတော်များမှာ ကျောင်းထိုင်ကိုယ်တော်များနှင့် ဆွေးနွေးစရာများ ရှိသည့်အတွက် သခင်မလေးများကို ကျောင်းဝင်းအတွင်း လွတ်လပ်စွာ နေခွင့်ပေးလိုက်သည်။
ဝေရော့သည် နေရာတစ်ခုတွင် တစ်ယောက်တည်း အနားယူရန် ပြင်ဆင်နေချိန်တွင် ဝေချင်းဝမ်မှ နောက်ကလိုက်လာကာ မေးမြန်းလိုက်လေသည်။
"အစ်မ ဘယ်သွားမလို့လဲဟင်"
***