အပိုင်း ( ၃၈၂ ) - လင်းမန်ကို သတိထားပါ
"ယောင်ယောင်... နင်နဲ့ သူနာပြုလင်းက ညီမဝမ်းကွဲတွေလား"
သူတို့နှစ်ယောက် ဆွေမျိုးတော်စပ်မှန်း သိလိုက်ရတော့ ဝမ်ချွန်း တော်တော်လေး အံ့သြသွားတယ်။
လင်းမန် သူတို့နောက် လိုက်မလာတာကို မြင်တော့၊ ထုန်ယောင်က လွတ်လွတ်လပ်လပ်ပဲ သူ့အကြောင်း အတင်းပြောတော့တယ်။ "အဘိုးရဲ့ အမွေကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲလို့ တို့မိသားစုတွေ အဆက်အသွယ် ဖြတ်ထားကြတာလေ။ ငယ်ငယ်ကတည်းက သူ့ကို ငါ ကြည့်မရတာ။ သူက အာချန်ကို သဘောကျနေမှန်း သိလိုက်ရတော့ သူ့ကို ပိုပြီးတောင် ကြည့်မရဖြစ်သွားသေးတယ်"
"သူက ဒေါက်တာဆစ်ကို စိတ်ဝင်စားနေတာလား" ဝမ်ချွန်း လန့်သွားတယ်။ အနေအထိုင် ယဉ်ကျေးပုံရတဲ့ လင်းမန်က ဝမ်းကွဲအစ်မရဲ့ ယောက်ျားအပေါ် တိတ်တိတ်လေး စိတ်ဝင်စားနေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
စကားစပ်မိသွားပြီဆိုတော့ ထုန်ယောင်လည်း ဖုံးကွယ်မထားတော့ဘဲ အကြမ်းဖျင်း ရှင်းပြလိုက်တယ်။ "ချင်မြို့မှာ ကယ်ဆယ်ရေး သွားလုပ်တုန်းက အာချန်က သူ့ကို ကယ်ခဲ့ဖူးတယ်။ အဲဒီကတည်းက သူက အာချန်ကို သဘောကျသွားတာ။ အာချန်က ဆွဲဆောင်မှုရှိပြီး ရုပ်ရည်လည်းချောတော့ သူ သဘောကျတာ မမှားပါဘူး။ ဒါပေမဲ့ အာချန်က သူ့ဝမ်းကွဲအစ်မရဲ့ ယောက်ျားမှန်း သိရက်နဲ့ ဒီလိုစိတ်မျိုး ဆက်မွေးထားတာကတော့ မှားတာပေါ့"
စောစောက လင်းမန် ဝယ်လာတဲ့ အဝတ်အစားတွေကို ပြန်တွေးမိပြီး ထုန်ယောင်က သတိပေးလိုက်တယ်။ "အာချွန်း... လင်းမန်က တွက်ရေးကျစ်လစ်တဲ့သူ။ နင် သတိထားပြီး နင့်ယောက်ျားကို သူနဲ့ ဝေးဝေးမှာ ထားတာ ပိုကောင်းမယ်။ ကိုယ့်ဝမ်းကွဲအစ်မရဲ့ ယောက်ျားကိုတောင် ကြံစည်နေတဲ့သူကို ဘယ်လိုလုပ် ယုံလို့ရမှာလဲ"
ထုန်ယောင်က စွပ်စွဲချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လင်းမန်က ရုတ်တရက်ကြီး ဆေးရုံက အလုပ်ထွက်လိုက်ပြီး ပိုက်ဆံတွေကို ရေလိုသုံးနေတာက သိသိသာသာကို ပုံမှန် မဟုတ်ဘူးလေ။
ဝမ်ချွန်း အံ့သြသွားပြီး မေးလိုက်တယ်။ "လင်းမန်က အာခိုင့်ကိုများ ပစ်မှတ်ထားနေတယ်လို့ နင် ဆိုလိုချင်တာလား"
"မဖြစ်ခင်က ကြိုကာကွယ်တာ အကောင်းဆုံးပဲလေ" ခိုင်လုံတဲ့ သက်သေ မရှိတော့ ထုန်ယောင်က အများကြီး လျှောက်မတွေးရဲဘဲ ဝမ်ချွန်းကို သတိထားဖို့လောက်ပဲ သတိပေးနိုင်တယ်။
ဝမ်ချွန်း ခေါင်းညိတ်လိုက်တယ်။ ထုန်ယောင် ပြောတာ တော်တော်လေး ယုတ္တိရှိတယ်လို့ သူ ထင်တယ်။ အရင်က လင်းမန်အကြောင်း သိပ်မသိတော့ လင်းမန်အပေါ် အမြင်ကြည်ခဲ့တာ။ အခု ကိုယ့်ဝမ်းကွဲအစ်မရဲ့ ယောက်ျားကိုတောင် မျက်စိကျနေတယ်ဆိုတာ သိလိုက်ရတော့ လင်းမန်အပေါ် သူ့အထင်တွေ တော်တော်လေး သေးသွားတယ်။
သူ့ဦးလေး အိမ်ပြန်ရောက်သွားတာ ကံကောင်းတာပဲ။ အာခိုင် ဆေးရုံကို ခဏခဏ သွားစရာ မလိုတော့ဘူးဆိုတော့ လင်းမန်နဲ့ သိပ်အဆက်အသွယ် ရှိတော့မှာ မဟုတ်ဘူးလေ။
မဟုတ်ရင် သူ တကယ်ပဲ နည်းနည်း စိတ်ပူနေရမှာ။
ပင်ပန်းလှတဲ့ ဈေးဝယ်ထွက်ခြင်း အပြီးမှာ၊ ထုန်ယောင်က ဝမ်ချွန်းနဲ့အတူ ဆိုင်ခွဲတစ်ခုခုမှာ သောက်စရာ တစ်ခုခု သွားသောက်မလို့ စီစဉ်ထားပေမယ့်၊ ခိုခို နို့လက်ဖက်ရည်ဆိုင်မှာ အရောင်းအဝယ် တအားကောင်းနေတာကို မြင်တော့ အဲဒီဆိုင်ထဲကို ဝင်သွားလိုက်တယ်။ ဝမ်ချွန်းက နည်းနည်း စိတ်လှုပ်ရှားနေပြီး ဆိုင်ဝန်ထမ်းကိုတောင် တည့်မကြည့်ရဲဘူး ဖြစ်နေတယ်။
ထုန်ယောင်ကတော့ ယုံကြည်မှု အပြည့်နဲ့ သူတို့ဆိုင်ရဲ့ နာမည်ကြီး နို့လက်ဖက်ရည် နှစ်ခွက်ကို မှာလိုက်တယ်။ သူမက ဒီဘက်ဆိုင်ခွဲကို လာခဲတော့ ခိုခို ဆိုင်က ဝန်ထမ်းက သူ့ကို ဘေးဆိုင်က သူဌေးမှန်း မသိဘဲ၊ ဆွဲဆောင်မှုရှိတဲ့ သာမန် ဖောက်သည် တစ်ယောက်လိုပဲ ဆက်ဆံတယ်။ ထုန်ယောင်ကို နို့လက်ဖက်ရည် လာပေးရင်း ဝန်ထမ်းက ဘောက်ချာကတ် နှစ်ကတ်ကိုပါ တစ်ပါတည်း ပေးသွားတယ်။
ထုန်ယောင်က ဘောက်ချာကတ်တွေကို စပ်စုချင်စိတ်နဲ့ ကြည့်နေတာကို မြင်တော့ ဝန်ထမ်းက ချက်ချင်း ရှင်းပြတယ်။ "ဒီဘောက်ချာကတ် ဆယ်ကတ် စုမိရင် နို့လက်ဖက်ရည် တစ်ခွက် အလကား လဲလို့ ရပါတယ်"
"ကျေးဇူးပါ" အံ့သြစရာ ကောင်းလောက်အောင် ဒီဆိုင်က ဝန်ဆောင်မှု ပေးတာ တော်တော်ကောင်းပြီး၊ သူတို့ရဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာကလည်း ချီးကျူးစရာပဲ။
နို့လက်ဖက်ရည် ကိုင်ပြီး အပြင်ထွက်လာရင်း ထုန်ယောင်က ပိုက်နဲ့ တစ်ငုံ စုပ်သောက်လိုက်တယ်။ အရသာရှိတယ်ဆိုတာ သိတော့ သူက ဝမ်ချွန်းကို တစ်ခွက် ကမ်းပေးလိုက်တယ်။ "ရော့... မြည်းကြည့်စမ်းပါ။ ဒီဆိုင်က နို့လက်ဖက်ရည်က တော်တော်လေး ကောင်းတယ်၊ ငါ့ဆိုင်ကိုတောင် ယှဉ်နိုင်မယ့် အဆင့်ပဲ"
ဝမ်ချွန်းလည်း နို့လက်ဖက်ရည်ကို မြည်းကြည့်လိုက်တော့ သောက်လို့ ကောင်းတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ချီးကျူးတတ်တဲ့ လူမျိုးကို သူမ တစ်ခါမှ မတွေ့ဖူးဘူးလေ။
နောက်ထပ် နှစ်ငုံလောက် ထပ်သောက်ပြီးနောက်၊ ဝမ်ချွန်းက ရိုးရိုးသားသားပဲ ဝေဖန်လိုက်တယ်။ "အရသာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း အရမ်းချိုနေတယ်။ နည်းနည်းလောက် သောက်ရုံဆိုရင်တော့ အဆင်ပြေပေမယ့်၊ အများကြီး သောက်ရင်တော့ နည်းနည်း အီသွားလိမ့်မယ်။ ပြီးတော့ ပုလဲဖတ်တွေက သိပ်စားမကောင်းဘူး၊ မနေ့က ကျန်တဲ့ အကြွင်းအကျန်တွေများလား မသိဘူး"
အရသာရှိတဲ့ အစားအစာ မျိုးစုံကို စားနေကျဖြစ်တဲ့ ဝမ်ချွန်းက အစားအသောက်နဲ့ ပတ်သက်ရင် တော်တော်လေး ဂျီးများတယ်။ အစကတည်းက သူမက ထုန်ယောင်ရဲ့ ဆိုင်မှာပဲ သောက်ရတာကို ပိုသဘောကျတာ၊ ဘာလို့လဲဆိုတော့ အဲဒီမှာက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရသာကို အပြည့်အဝ ခံစားရလို့လေ။
ဒါပေမဲ့ ဒီက ပုလဲဖတ်တွေက လတ်ဆတ်တဲ့ အရသာ မရှိဘူး ဆိုတာကိုတော့ သူ သေချာပေါက် သတိထားမိလိုက်တယ်။
ဝမ်ချွန်း ထောက်ပြလိုက်တော့မှပဲ ထုန်ယောင်လည်း ဒါကို သတိထားမိသွားတယ်။ ပုလဲဖတ်တွေကို သူ မြည်းကြည့်လိုက်တော့ တကယ်ပဲ ပုံမှန် မဟုတ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒီခေတ်က လူတွေက တော်တော်လေး သည်းခံနိုင်စွမ်း ရှိကြပြီး၊ ဝမ်ချွန်းလိုမျိုး ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို အကဲခတ်နိုင်တဲ့သူ အရမ်း ရှားတယ်လေ။
ထိရောက်တဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတွေ ရှိနေတော့ သူတို့ အရောင်းအဝယ်က သူမထက် ပိုကောင်းနေတာ သေချာတာပေါ့။
ကံကောင်းတာက နို့လက်ဖက်ရည်ဆိုင်တွေ အများကြီး မရှိသေးတာပဲ။ ဒါကြောင့် သူမအတွက် ကိုယ်ပိုင် ဈေးကွက် ရှိနေသေးတာ။ နောက်ထပ် နို့လက်ဖက်ရည်ဆိုင်တွေသာ ထပ်ပေါ်လာရင်၊ သူမဆိုင်လည်း ဈေးကွက်ထဲကနေ အညှစ်ထုတ်ခံရနိုင်တယ်။
တကယ်တော့ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်၊ အပြောင်းအလဲမရှိဘဲ တစ်သမတ်တည်း ဆက်သွားနေရင် လွယ်လွယ်ကူကူပဲ ခေတ်နောက်ကျ ကျန်ခဲ့မှာပဲလေ။
နို့လက်ဖက်ရည် သောက်ပြီးသွားတော့ ထုန်ယောင်က ဝမ်ချွန်းကို နေ့လယ်စာ ကျွေးလိုက်တယ်။ နေ့လယ်ဘက် ဆိုင်ကို ပြန်ရောက်တော့ ကုဟုန်ဝေက သတင်းစကား တစ်ခု ပါးတယ်။ "ယောင်ယောင်... ဘိုရီ ဖုန်းခဏခဏ ဆက်တယ်။ တော်တော်လေး အရေးကြီးနေပုံပဲ"
"သူ ဘာများပြောသွားသေးလဲ" ထုန်ယောင်က မေးရင်းနဲ့ ဆစ်ဘိုရီဆီကို ဖုန်းပြန်ခေါ်လိုက်တယ်။
ကုဟုန်ဝေ ခဏလောက် စဉ်းစားပြီးမှ ပြန်ပြောတယ်။ "ကလေးနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုခု ဖြစ်မယ်ထင်တယ်"
ဖုန်းကိုင်လိုက်ပြီး ထုန်ယောင် မရှိဘူးလို့ သူ ပြောလိုက်တာနဲ့ ဆစ်ဘိုရီက ချက်ချင်း ဖုန်းချသွားတယ်။ ဒါပေမဲ့ ဖုန်းတစ်ဖက်ကနေ ကျန်လီကျွမ်း အော်ဟစ်နေတဲ့ အသံကို သူ သဲ့သဲ့လေး ကြားလိုက်ရတယ်။ 'ကလေး' ဆိုတဲ့ စကားလုံးရယ်၊ တစ်ခုခုသာ ဖြစ်သွားရင် ဆစ်ဘိုရီကို သေတဲ့အထိ အသေအလဲ ရန်ဖြစ်မယ် ဆိုတာမျိုးတွေ အော်နေတာ။
ကလေးတဲ့လား။
ကလေးကိုများ တစ်ခုခု ဖြစ်သွားလို့လား။
ထုန်ယောင် ခဏလောက် လန့်သွားချိန်မှာပဲ ဆစ်ဘိုရီက ဖုန်းကိုင်လိုက်တယ်။ ထုန်ယောင် ဘာမှမပြောရသေးခင်မှာပဲ ဆစ်ဘိုရီက ပြာယာခတ်နေတဲ့ လေသံနဲ့ ပြောတယ်။ "မရီး... အမေက ကလေးကို တိတ်တိတ်လေး ခေါ်သွားပြီ"
ထုန်ယောင် မျက်ခုံးပင့်လိုက်တယ်။ "သူက ကလေးကို ဘာလုပ်မလို့လဲ"
ဆစ်ဘိုရီ မဖြေရသေးခင်မှာပဲ ကျန်လီကျွမ်းက ဖုန်းကို လုယူသွားတယ်။ ပေါက်ကွဲနေတဲ့ ဗျောက်အိုးလို စူးရှကျယ်လောင်တဲ့ အသံနဲ့ သူက ပြောတယ်။ "မမ... ဒီမနက် အမေ လာပြီး ကလေးကို အပြင်ခေါ်သွားမလို့ဆိုပြီး ပြောတယ်။ အဲဒီတုန်းက ကျွန်မ သိပ်မစဉ်းစားမိလိုက်ဘူး။ သူထားခဲ့တဲ့ စာလေးကို တွေ့မှပဲ သူ ကလေးကို ကျိုတို ခေါ်သွားမှန်း သိတော့တာ။ သူက မမနဲ့ အစ်ကိုကြီးက ကလေးကို မမြင်ဖူးသေးလို့ ကလေးကို လာပြတာတဲ့လေ"
ကျန်လီကျွမ်းက စကားပြောရင်းနဲ့ ပိုပိုပြီး စိတ်လှုပ်ရှားလာကာ နောက်ဆုံးတော့ ငိုချလိုက်တော့တယ်။ "ကျွန်မသားလေးက အရမ်း ငယ်သေးတာကို။ အမေက သူ့ကို ရထားပေါ် ခေါ်သွားတာ။ လမ်းမှာ တစ်ခုခု ဖြစ်သွားရင်၊ ဒါမှမဟုတ် ကလေးကို ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ သူက သားသမီး သုံးယောက်တောင် မွေးခဲ့တဲ့ အမေ တစ်ယောက်၊ ဆယ်စုနှစ်ချီပြီး အသက်ရှင်လာတဲ့ မိန်းမ တစ်ယောက်လေ။ ဘယ်လိုလုပ် ဒီလို အဓိပ္ပာယ်မရှိတဲ့ ဆုံးဖြတ်ချက်မျိုးကို ချရက်တာလဲ။ ကျွန်မတို့ကို ဘာမှမပြောဘဲ ကလေးကို ခေါ်သွားတာ။ ဒါက ကလေးသူခိုးနဲ့ ဘာကွာတော့လို့လဲ။ ကျွန်မ ရဲကို တိုင်ချင်ပေမယ့် ဘိုရီက ခွင့်မပြုဘူး။ ကလေးသာ ပျောက်သွားရင် ဘယ်သူ့မှာ တာဝန်ရှိမလဲ"
ခရီးသွားနေတုန်း ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက သူ့ကို ရူးတော့မတတ် စိုးရိမ်ပူပန်စေပြီး၊ လင်းဖန်ရင်းကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်တောင် ပေါက်နေတယ်။
လင်းဖန်ရင်းက မြို့ကို ရုတ်တရက်ကြီး ရောက်လာပြီး ကလေးကို လာကူထိန်းပေးလောက်အောင် သဘောကောင်းတဲ့သူ မဟုတ်ဘူးလို့ သူ အခိုင်အမာ ပြောခဲ့တာလေ။ အခုတော့ တကယ်ပဲ လင်းဖန်ရင်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာပဲ။
ကျန်လီကျွမ်း ပြောတာကို ကြားတော့ ထုန်ယောင် စကားတောင် ဆက်မပြောနိုင်တော့ဘူး။ လင်းဖန်ရင်းများ ရူးသွားပြီလား။
ကျန်လီကျွမ်းရဲ့ ကလေးကို ကျိုတိုအထိ ဘာလို့များ တိတ်တိတ်လေး ခေါ်လာရတာလဲ။
အခုလောလောဆယ် ဒီအကြောင်းတွေကို အများကြီး စဉ်းစားနေဖို့ အချိန်မရှိဘူး။ အရေးကြီးဆုံးက ကလေးကို ရှာတွေ့ဖို့ပဲ။ ကလေးက ငယ်သေးတော့ လမ်းမှာ ဘာမှတော့ မဖြစ်လောက်ပါဘူးလေ။
"နင်တို့ ရထားဘူတာမှာ သွားရှာကြည့်သေးလား"
ကျန်လီကျွမ်းက နှာရှုံ့ရင်း ပြောတယ်။ "တို့တွေ တစ်လှမ်း နောက်ကျသွားတယ်။ ဘူတာရုံကို ရောက်တဲ့အချိန်မှာ ကျိုတိုကို သွားမယ့်ရထားက ထွက်သွားပြီ"
အပိုင်း ( ၃၈၂ ) ပြီးဆုံး
***